Thursday, July 31, 2008

ကျွန်တော်သေဖို့ တဖြည်းဖြည်း နီးလာချေပြီ



glitter-graphics.com
ကျွန်တော့် နာမည် ငနီဖြစ်ပါသည်။ သည်နာမည် ဘယ်သူကပေးခဲ့မျန်း ကျွန်တော်မသိ။ ကျွန်တော် လူလားမြောက်လာတော့ ကျွန်တော် နာမည် ငနီ ဖြစ်နေပါပြီ။ ထားပါ ၊ ငနီပဲဖြစ်ဖြစ် ၊ ငဖြူပဲဖြစ်ဖြစ် နာမည်က အဓိက မဟုတ်ပါ။ ဘ၀က အဓိဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော့်ကို ဘယ်သူက မွေးပြီး ဘယ်သူက ကျွေးသနည်း။ ဒါပဲအဓိက မဟုတ်လား။ မွေးတာရှိမှ သေတာရှိမှာပေါ့။ မမွေးဘဲနှင့် ဘယ်သေတာ ရှိနိုင်ပါ့မလဲ။
လူတွေကတော့ မွေးခြင်း ၊ သေခြင်းကို ဇာတိပိဒုခ်ကောဟု အဆိုရှိကြသည်။ ဒါကတရားသံပါလို့ တရားဆန်နေပါသည်။ ကျွန်တော်တို့ ကြောင်အမျိုးအနွယ် မှာတော့ မွေးတာနှင့် သေတာပဲသိသည်။
တခြား ဘာမျှမသိပါ။ သြော်-မေ့မလို့ ၊ ကျန်ပါသေးသည်။ ကျွန်တော်တို့ ကြောင်တွေမှာ အမေကိုသာတွေ့ရပြီး ကျွန်တော်တို့အတွက် အဖေဘယ်သူ ဘယ်ဝါမှန်း တိတိကျကျ မသိကြပါ။ အမေပဲနို့တိုက် ၊ အမေပဲအစာရှာကျွေး၊ အမေပဲကြွက်လိုက်သင်နှင့် အမေနှင့်နေပြီး အမေနှင့် ဆော့ကာ အမေနှင့်ပဲ ကျွန်တော့် ဘ၀တစ်လျှောက် ကြီးပြင်းလာခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော် အမေ့ကို ချစ်ပါသည်။ အမေမှလွဲပြီး ဘယ်သူမျှ ကျွန်တော်မချစ်ပါ။
သြော်-တစ်ခုကျန်သွားသည်။ ကျွန်တော့် ညီမလေး အငယ်ဆုံး မိပိုကိုလည်း ချစ်ရပါသေးသည်။ အမေ့နာမည် မပြောရသေးဘူး ၊ ကံကောင်းလို့ မေ့သွားမုလို။ ကျွန်တော့် အမေနာမည်ကား ဒေါ်မိဝါပင်ဖြစ်သတည်း။
ကျွန်တော့ကို မွေးတော့ အတော်ခက်ပါသည်။ စနေနေ့ နံနက် ၅-နာရီ လောက်ဟု အမေပြောလို့ သိရပါသည်။ ကျွန်တော်တို့ အိမ်က အဒေါ်ကြီးကလည်း ကျွန်တော့်ကို ပွေ့ကာ ပိုက်ကာဖြင့် " ဒီကောင် မွေးတော့ နေတက်လေ ၊ သားဦးစနေ မီးလိုမွှေတဲ့ ၊ ကဲ-ယတြာ ချေမှဟေ့ ၊ ဓာယူခဲ့ကြစမ်း" ဟု ပြောဖူးကြောင်း အမေက ပြန်ပြောပြပါသည်။ ဓာယူခဲ့ ဆိုတာက ကျွန်တော့် ကိုယ်ပေါ်မှ သူတို့က ဓားထမ်း ကျော်ကြသည်ဆိုပဲ ၊ ထို့နောက် သူတို့ပြောတာရှိသေးသည် ၊ " ဒီကောင်အတော်ထက်မယ့် ကောင်တဲ့။ အရောင်က အဘိုထက် ၀ါနီရောင်ဘက်ပိုများသေး ၊ ဒီကောင်ကြွက်ခုပ် ကောင်းမယ်တဲ့ " ဟုဆိုကာ ကျွန်တော် မွေးစဉ်ကပင် ကျွန်တော့်ကို ချီမွမ်း ထောမနာ ပြုပြီး ထုတိသြဘာ မင်္ဂလာ အခါတော် ပြေးကြပါသည်။
ကျွန်တော် အရွယ်ရောက်လို့ အဲသည် အကြောင်းတွေ အမေ ပြောပြတော့မှ လူတွေ၏ ဇီဇာကြောင်ပုံ ၊ ကလီကမာများပုံနှင့် တောင်ပြော ၊ မြောက်ပြော ပြောပုံများကို စတင်သိခွင့် ရပါလေတော့သတည်း။
" လူတွေကို သတိထားသား ၊ လူ့စိတ်ဆိုတာ မျောက်စိတ်ထက် ဆိုးတယ် ၊ သိလား "
ကျွန်တော့် အမေ ခဏခဏ ဆိုးဆုံးမ တတ်ပါသည်။ ကျွန်တော့်အမေ့ စကားရပ်ထဲက မျောက်ဆိုတာကို နားမလည်ပါ။ ထို့ကြောင့်-
" အမေ ၊ မျောက်ဆိုတာ ဘာလဲဟင် ၊ ကျွန်တော်တို့အိမ်က ဟို-ငမဲရူပ်တွေလို အကောင် တွေလား-ဟင်"
" တယ်-ဒီကောင်လေး ငါ-ပါးပုတ်လိုက်ရ ၊ ဘယ်သိပါ့မလဲ ၊ ငါလဲ လူတွေ ပြောတာကြားဖူးလို့ ပြောရတာ ၊ စဉ်းစားသာ ကြည့်တော့"
အမေ စဉ်းစားကြည့်ခိုင်းမှ ကျွန်တော် အသေအချာ စဉ်းစားကြည့်မိသည်။ ဘာမျှ အဖြေမရ ။ ကျွန်တော် အိမ်ပေါ်က မနက်အစောကြီး ရုံးသွားတတ်ပြီး ညကျမှ အိမ်ပြန်လာသည့် ဟို-အရာရှိ အဘိုးကြီးရော ၊ ကျွန်တော် မွေးကတည်းက ရင်ဘတ်ထဲ ထည့်သိပ်တတ်ပြီး သူ့ရင်ဘတ်ထဲ ကျွန်တော်အီအီးယိုတာတောင် နံလိုက်တာဟယ် ၊ နံလိုက်တာဟယ် ၊ ဒါပေမယ့် ကလေးအီး ဆိုတော့ အင်း-၀နေတာပဲဟုပြောလေ့ ပြောထ ရှိသော အဘိုးကြီး၏ဇနီး ၊ သည်က ငနီနှင့် ပွေ့ဖက် နမ်းရူပ်ကြပါသည်။
သူတို့အိမ်မှာ ကလေးအငယ်အနှောင်း မရှိကြလို့လားမသိ။ ကျွန်တော်မှ ကျွန်တော် ဖြစ်နေပါသည်။ ဒါကို အမေက လူတွေကိုသတိထားဟု ဘာ့ကြောင့် သတိပေးနေရပါသနည်း။ ကျွန်တော်တော့ အမေပြောစကားမှာ
တွေးလေတွေးလေ အာရုံ ရူပ်ဖို့ ကောင်းလာလေ ဖြစ်လာလို့ အမေ့ ရင်ခွင်မှထပြီး ဟိုမှ သည်မှ ခုန်ပေါက်ပြေးလွှား ဆော့ကစား ပစ်လိုက်ပါသတည်း။
အမေမွေးတာ သားသမီး ၅-ဦးဟုဆိုသည်။ ကျွန်တော့် အထက် ၂-ကောင်နှင့် ၊ ကျွန်တော့်အောက် ၁-ကောင် ၊ မီးတွင်းမှာပင် ချောသွားသည်။ ကျွန်တော်နှင့် အငယ်ဆုံး အမလေးမိပိုသာ အသက်ရှင် ကျန်ခဲ့သည်။ ကျွန်တော်ကား မွေးကတည်းက လုံးလုံးကစ်ကစ် ၊ ၀၀တစ်တစ်ကြီးဟု ဆိုကြသည်။ တစ်ခါတလေ အိမ်က ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကျွန်တော်ရပ်ပြီး ကျွန်တော့်ကိုယ် ကျွန်တော် ကြည့်မိသည်။ ဘာမျှမထူးပါ။ ဟိုကောင်တွေလိုပါပဲ။ ဒါပေမယ့် ကျွန်တော့် ကုသိုလ်ကံက အကောင်းကြီး ရှိနေလို့လားမသိပေ။ အိမ်က လူတွေသာမက အိမ်လာသည့် လူတွေပါ ကျွန်တော့်ကို ချစ်ကြသည်။ ငနီ ၊ ငနီနှင့် ပါးစပ်က မချ။
" တော်တော် လျင်တဲ့ ကြောင်လေးဟ ၊ ကြည့်စမ်း ၊ တခြားကောင် တွေကို လက်နဲ့ ကုပ်နှိမ်ပြီး ထမင်းစားနေတယ် ၊ ဟိုကောင်တွေကလဲ သူ့ကြောက်ရတယ်ဟေ့ "
" သူတို့ ကျွန်တော့် အကြောင်း မသိလို့ အထင်ကြီးခြင်း ဖြစ်သည်။ အမှန်က ထမင်းကျွေးလျှင် ကျွန်တော် အရင်စားရမှ ကျွန်တော် ကျေနပ်သည်။ ထမင်းကုန်သွားမှာ ကျွန်တော် အလွန်ကြောက်သည်။ ထို့ကြောင့်လည်း ပဲသီး ၊ ပဲပြုတ် ၊ ပြောင်းဖူး ၊ ကန်စွန်းရွက် ၊ ဘူးရွှက် ၊ ခရမ်းသီး ၊ ဂေါ်ဖီစသော ဟင်းသီးဟင်းရွှက် များကို ကျွန်တော်စားလေသည်။ အဲဒါကိုလည်း အိမ်က ကျွန်တော်စားနေသည်ကို ကြည့်ပြီး တအံတသြ ဖြစ်နေကြသည်။
" ဟာ-ဒီကောင်လေး ဟင်းရွှက်တွေစား နေတယ်ဟ ၊ ဘယ်လိုကောင်လဲ ၊ ဒီကြောင်"

သူတို့က ထူးဆန်းနေသည်။ ကျွန်တော်ကတော့ ကိုယ့်အကြံနှင့်ကိုယ်ဖြစ်သည်။
ကျွန်တော့် အကြံကား တခြား မဟုတ်။ အဲသည် ထမင်း မရှိတော့ဘူးဆိုလျှင် ကျွန်တော်တို့ ငတ်သေသွားနိုင်သည်။ ထို့ကြောင့် အဲသည် ထမင်း မရှိတော့ဘူးဆိုလျှင် ကျွန်တော်တို့ ငတ်သေသွားနိုင်သည်။ ထို့ကြောင့် အဲသည် အရွက်တွေကို အစားကျင့်ထားခြင်းသာတည်း။ ကြိုက်တော့ ဘယ်ကြိုက်ပါ့မလဲ။ ဗိုက်ပြည့်ဖို့ အဓိက မဟုတ်လား။ သူတို့လူတွေမှာ စကားရပ်ရှိသည်။ " လူမှာအကျင့် ၀မ်းမှာအချင့်တဲ့ " ကျွန်တော်တို့ ကြောင်မှာကော ဘာရှိသလဲ ကျွန်တော်မသိ။ သို့သော် အမေက တစ်ခါတစ်ခါ ပြောတာတော့ ကြားရဖူးသည်။
" ကြောင်အိုရင် ကြွက်မလေးတဲ့ ၊ ခုလဲမင်းတို့က ငါပြောရင် နားမထောင်ဘူး ၊ ငနီနင်ကြပ်ကြပ် သတိထာူး ၊ ဟိုငှက်ခုပ်လာ ၊ ဟိုမြွေအိမ်ပေါ် ကိုက်လာခဲ့ ၊ စားတာလဲ မဟုတ်ဘဲနဲ့ ၊ အလကား ကြံဖန်ဆော့တယ် "
အမေက ကြံဖန်ဆော့သည်ဟု ငေါက်သော်လည်း အမှန်က ကျွန်တော့်အနေဖြင့် ထမင်းမရှိလျှင် တခြား စားလို့ရတာတွေကို ကျွန်တော့် အကြောင်းမသိနိုင်ပါ။ ကျွန်တော့် အကြောင်း ကျွန်တော်သာ သိပါလေသတည်း။
တစ်နေ့ ။ ထိုနေ့ကား ကျွန်တော့် ဘ၀မှာ အထူးခြားဆုံးနေ့ ဖြစ်သည်။ အကယ်လို့ ကြောင်လောကမှာ နေ့ထူးနေ့မြတ်တွေ ရှိမည်ဆိုလျှင် ထိုနေ့ကို ကျွန်တော်၏ အထူခြားဆုံး နေ့ဟု သတ်မှတ်ရမည် ဖြစ်ပါသည်။
ထားပါ။ ဒါက အကြောင်းမဟုတ်။ အကြောင်းမှာ ထိုနေ့က ကျွန်တော့်ကို အိမ်သားတွေ ၀ိုင်းကြည့်နေကြသည်။ ကျွန်တော်မှာ အိပ်မှုန် စုံမွှားနှင့်မို့ သူတို့ ဘာကြည့်နေမှန်း မသိ။ ထိုစဉ် အငယ်ဆုံး လူကောင်လေးက ခုနှစ်သံချီနှင့် ထအော်သည်။
" ဟာ-ငနီ လည်ပင်းမှာ ခြူလေးပါလား ၊ အံမယ်-အံမယ်ခြူတယမ်းယမ်းနဲ့ မင်းကတစ်ဟုတ်နေပါလား "
ထိုလူကောင်လေးပြောမှ ကျွန်တော့်လည်ပင်းကို ကျွန်တော် ငုံ့ကြည့်မိသည်။ ဆရာ အီကြာကွေး စကားကိုခဏငှားသုံးရလျှင် ကျွန်တော် ဟိုက်-ရှားဘား(စ်) ဖြစ်သွားသည်။ လည်ပင်းယားကျိကျိနှင့် မနေတတ်လို့ ပါးစပ်နှင့် ကြိုးကို ဖြတ်ကြည့်လည်း မရ။ နိုင်လွန်ကြိုးဆိုတော့ အတော် ခိုင်သည်။ ဘယ်လိုမျှဖြတ်လို့ မရ။ ကျွန်တော် လမ်းထလျှောက်ကြည့်သည်။ ခြူသံက တချွင်ချွင် မြည်နေသည်။
အိမ်က လူတွေကတော့ ကျွန်တော့်ကို မြှောက်လိုက်၊ ချီလိုက်နှင့် ပီတိဖြစ်နေကြသည်။ ကျွန်တော့်မှာ သာ ပြသနာလှလှကြီး တွေ့နေရတော့သည်။ အကုသိုလ်သည် ကျွန်တော့်ထံ မပင်မဖိတ် ကြွလာလေပြီ ဖြစ်သတည်း။
သည်နေ့ ကျွန်တော် အိပ်ရာထ နိုးလာတော့ ဘေးဘီကို မျက်စိပွတ်သပ်ပြီး ကြည့်လိုက်သည်။ ကျွန်တော့် အမေ မိဝါလည်း အနားမှာမရှိ။ လူအမေ ဟိုအဘွားကြီးလည်း ပကတိ တိတ်ဆိတ် ငြိမ်သက်နေသည်။ ထိုစဉ်ကျွန်တော့် နှာဝမှာ ကျွန်တော် ကြိုက်သော အနံ့ရလာသည်။ ထိုအနံ့ ကားတခြားမဟုတ်။ ကျွန်တော်တို့အခေါ် ငမဲရူပ် ၊ လူတွေအပေါ် ကြွက်ပင် ဖြစ်သည်။ သည်အကောင် ဘယ်မှာ ရှိနေသလဲ။ ဘယ်ချောင်ကနေ ငါ့ကိုကြည့်နေသလဲ။ ကျွန်တော့်ဆဋ္ဌမ အာရုံကို အနံ့ရှိရာသို့ ပို့လွှတ်လိုက်သည်။ တွေ့ပါပြီ။ မျက်စိနှင့်တော့မဟုတ်။ အာရုံထဲက သိလာခြင်းဖြစ်သည်။ သည်ငမဲရူပ်ကြွက်စုတ် ၊ မီးဖိုချောင်ထဲက ကျွန်တော့်ကို ချောင်းကြည့်နေခြင်း ဖြစ်သည်။ မိးဖိုချောင်နှင့် ကျွန်တော့် အိပ်ခန်းသည် ၁၀-ပေလောက် ကွာလှမ်းသည်။ သည်အကွာအဝေးက အကြောင်းမဟုတ် ၊ သူ့ကို အမိအရ ဖမ်းမိဖို့သာ အရေးကြီးသည်။ ထို့ကြောင့် ကျွန်တော့်အမြီးကို ကြွက်ရှိရာသို့ ချိန်သာ ကိုက်ကြည့်လိုက်သည်။ တစ်ဘက်ကလည်း သည်ကောင့်နေရာ အပြောင်းအလဲသံကို နားစွင့်ထားလိုက်သည်။ ဘယ်မျှမရွှေ့သေး။ သည်ကောင်ဇက်ပုပြီး ကျွန်တော့် ထမင်းပန်ကန်ကို ၀င်အုပ်ဖို့ချောင်းနေကြောင်း ကျွန်တော်သိသည်။ ထို့ကြောင့် ဒုတိယအဆင့် အနေဖြင့် အသာထပြီး ကျွန်တော် ရှေ့လက်နှစ်ဘက်ကို ဆန့်ထုတ်ပြီး ကျွန်တော့်် ရှေ့လက်နှစ်ဘက်ကိုဆန့်ထုတ်ပြီး အကွာအဝေး အတိုင်းအဆနှင့် လှုပ်လိုက်လျှင် သူထွက်ပြေးမည့်နေရာ အတိအကျကို ကျွန်တော့် ဆဋ္ဌမအာရုံဖြင့် မှန်းဆကြည်လိုက်သည်။ ဟုတ်ပြီ ။ သေချာပြီ။ ဒီကောင် ကျွန်တော့် လက်က ဘယ်နည်းနှင့်မျှ မလွတ်တော့။ ကနေ့ ကျွန်တော် လက်က ဘယ်နည်းနှင့်မျှ မလွတ်တော့။ ကနေ ကျွန်တော်၏ မနက်အစားအစာ (ဘရိတ်ဖတ်စ်) သည် နတ်သုဓာ တစ်မျှ ခံတွင်းတွေ့တော့မည် ဖြစ်၏။
ထို့ကြောင့် အားရပါးရ တစ်ရှိန်ထိုး ၀ုတ်ခနဲ ကျွန်တော် ခုန်အုပ်လိုက်သည်။
" ချွင်း-ချွင်း "
" ဟိုက်-သြကာသ "
" ချွင်" က ကျွန်တော့် လည်ပင်းမှခြူသံ ဖြစ်ပြီး " သြကာသ " က ကျွန်တော် လန့်အော်လိုက်ခြင်းသာ ဖြစ်သည်။ ကြွက်နေရာ ရောက်တော့ ဟိုကောင် ၊ ကျွန်တော့် ခြူသံကြောင့် ဘယ်မပြေးပြီးမသိ။ ကျွန်တော်ငိုချင်စိတ် ပေါက်လာသည်။ စုစည်းထားရသော ကျွန်တော့်အားအင်များ ကုန်ခန်းသွားသည်။ ဒါ- ဘာဖြစ်တာလဲ ။ ကျွန်တော့် လက်သည်း ဘယ်တော့မျှ ကြွက်ကို ချမ်းသာပေးခဲ့သည်မဟုတ် ။ လက်တစ်ချက်လှုပ်လျှင် ကြွက်တစ်ကောင် ၊ သို့မဟုတ် ပုတ်သင်ညို ၊ သို့မဟုတ် စာကလေး ၊ သို့မဟုတ် ဆက်ရက် ၊ သို့မဟုတ် အိမ်မြှောင် တစ်ကောင်ကောင်တော့ ရမြဲဖြစ်သည်။
ယခုကျွန်တော်သွားပြီ။ ကျွန်တော် ငနီ၏ အခုပ် အသတ်စွမ်းရည် ကျဆင်းပြီ။ ကြွက်မရတဲ့ ကြောင်လောက် ရှက်စရာအဖြစ် အဘယ်မှာ ရှိပါတော့အံ့နည်း။ ကျွန်တော် အိမ်အောက်ဆင်းပြီး ဆက်ရက်တစ်ကောင် ဖမ်းကြည့်သည် ၊ မရ။ ခြူသံကြောင့်ထွက်ပြေးသွားသည်။ ကင်းလိပ်ချောတစ်ကောင် ထပ်ဖမ်းသည် ၊ သည်ခြူသံကြောင့်ပဲ လွတ်သွားပြန်သည်။ နောက်ဆုံးအိမ်ပေါ်တက်ပြီး ကျွန်တော်တို့အတွက် အဖမ်းရ ၊ အလွယ်ကူးဆုံး အိမ်မြှောင်ကို စမ်းကြည့်သည်။
ကျွန်တော့် လက်ထဲက အိမ်မြှောင်က အသာလေး လွတ်မြောက်သွားသည်။ အိမ်မြှောင်က ကျွန်တော့်ကိုစောင်းငဲ့၍ ထရံပေါ်မှ လျှာပင်ထုတ်ပြသွားပါသေးသည်။ အဲဒါမှ ဒုက္ခပဲ ၊ ကျွန်တော်ဘာလုပ်ရမလဲ။သည်ကောင်တွေ ဖမ်းမရတာကလည်း ကျွန်တော့် လည်ပင်းက ခြူသံကြောင့်ပင် ဖြစ်သည်။ ဒါဆို-ဒါဆို ကျွန်တော့် လည်ပင်းကခြူကို ဖြုတ်ပေးဖို့ အော်ဟစ်တောင်းဆိုရတော့မည်။ အဲဒါမှ ဒုက္ခပဲ ၊ ကျွန်တော် လူတွေကို ဘယ်လိုပြောရပါ့။ လူစကားကများသလောက် ကျွန်တော်တို့ ဘာသာစကားက တစ်လုံးတည်းရှိသည်။ ထိုစကားတစ်လုံးကိုပင် အသံအပြောင်းအလဲနှင့် ကျွန်တော်တို့ စကားပြောကြခြင်း ဖြစ်သည်။ ဘာလုပ်ရပါ့မလဲ။ ဘာမှမလုပ်နှင့်ငနီ။ မင်း အော်သာအော်ပေတော့။ ကျွန်တော့် ဘာသာ ကျွန်တော် အားပေးကြုံးဝါးပြီး တစ်အား အော်ချလိုက်ပါသည်။
" ညောင်-ညောင် ၊ အောင်-အောင် ၊ အောင်- ညောင်"
" ကျွန်တော့် လည်ပင်းက ခြူကို ချွတ်ပေးကြပါဗျို့ ၊ ကျွန်-ကျွန်တော် သေရပါတော့မယ်။ ကျွန်-ကျွန်တော့်ကို သနားရင် ၊ အစာ စားစေချင်ရင် ကျွန်တော့် ခြူကို ဖြုတ်ပေးကြပါဗျာ တို့ ၊ ညောင်-ညောင် ၊ အောင်-အောင်- အောင် "
ကျွန်တော့် ရင်ထဲက ဖျစ်ညှစ်၍ တအားကုန် အော်လိုက်ပါသည်။ သို့သော် ကျွန်တော့် အသံကိုကြား၍ လူအမေကြီးက ကျွန်တော့်ကို ပွေချီပြီး ပြောလိုက်သော စကားကြေင့် ကျွန်တော် သူ့လက်ထဲမှာ ပျော့ခွေသွားပါလေသတည်း။
" ငါ့သား ငနီလဲ လူပျို ၊ အဲ-ကြောင် ကာလသား ဖြစ်ပြီထင်တယ် ၊ မိတ်လိုက်ချင်လို့ အတင်းအော်နေတယ်ဟေ့ "
ကျွန်တော်နူတ်မှ သူတို့လို ဘုရားကို တမ်းတ မိလိုက်ပါသည်။
" မြတ်စွာဘုရား..." ကယ်တော်မှုကြပါဗျို့။
ကျွန်တော့် အသံကို သူတို့ကြားသော်လည်း ကျွန်တော့် စကားကို သူတို့ နားမလည်သောကြောင့် ကျွန်တော်သေဖို့ တဖြည်းဖြည်း နီးလာချေပြီတကား။

No comments: