Monday, July 14, 2008

တစ်လုပ်စားဖူး သူ့ကျေးဇူး


ကျွန်တော့်ကို ကြောင်အချင်းချင်းကတောင် ၀ိုင်းပယ်ထားတယ်။ သူတို့တစ်တွေက ၀ိုင်းပယ်ထားတာကို အပြစ် မပြောပါဘူး။ ကျုပ် အဖေနဲ့ အမေကတောင် ၀ိုင်းပယ်ထားသေးတာ။ သူတို့က တစိမ်းတစ်ရံတွေပဲ ၊ သူတို့ ၀ိုင်းပယ်တာကို စိတ်ဆိုးစရာ ဘာလိုလဲ။ ကျုပ်ဆိုတဲ့ ကြောင်က ပေါက်လွှတ်ပဲစား ဖြစ်နေပြီ။ အဖေ မရှိ ၊ အမေ မရှိတဲ့ ကျုပ် ဘ၀ ၀မ်းရေးအတွက် ဖြစ်သလို ဖန်တီးနေရတာ။ အဖေနဲ့ အမေကလဲ အစာ ရှာတတ်ဖို့ကို လက်ပူးလက်ကြပ် သင်မပေးကြဘူး။ သည်တော့် ကောင်းရောင်း ကောင်းဝယ်
ရှာဖွေ မစားတတ်တော့ဘူးပေါ့။ ဒါကြောင့် လူတွေရဲ့ အစာကို လစ်ရင် လစ်သလို အချောင် ရှာစား နေရတာပါ။ ဒါပေမယ့် မချောင်ဘူး။ အချောင်နှိုက်တုန်း မိလို့ကတော့ သေလုမျေားပါး ဖြစ်အောင် အရိုက် ခံရတော့တာပဲ။ အချောင် ရှာစားရတာ ဆိုတော့ ဘယ်လိုလုပ် နပ်မှန်အောင် စားရပါ့မလဲ။ နပ်မှန်အောင် မစားရတော့ အဟာရ မပြည့်တော့ဘူး။ ပိန်ညှက်ညက်ကလေး ဖြစ်နေရပြီ။ အရိုးပေါ်အရေတင် နေတာ အရိုးပြိုင်းပြိုင်းကို ပေါ်လို့ပဲ။ ဒါကြောင့် လူတချို့က ကျုပ်ကို ပြောကြတာ။“ကြောင်ပိန်နာလေးတဲ့လေ “ အော်-လူတွေကိုယ်ချင်းမစာတာ ရက်စက်လိုက်ကျတာလို့ ထင်မိတယ်။ ပြောမယ်ဆိုလဲ ပြောစရာပဲ။ ပိန်ညှောင်ညှောင် ဖြစ်နေတဲ့ ကျုပ်က အော်လိုက်တိုင်း တခြား ကြောင် တွေလို ညောင်…ညောင်…ညောင်…လို့ အသံ ထွက်မလာတော့ဘူး။ တညဲ့ညဲ့အသံ ထွက်လာရော။ “ညောင်ညဲ့ညောင်ညဲ့ အသံနဲ့ မပြောစမ်းပါနဲ့ကွာ “ လို့ လူတွေရဲ့ ပြောသံကြားဖူးတယ်။ ကျုပ် အသံမျိုးကို ပြောတာဖြစ်မှာပေါ့။
သည်အတိုင်း နေလို့ကတော့ အသက်တိုမှာ အမှန်။ အိမ်ကြို အိမ်ကြား ၊ လမ်းကြို လမ်းကြား သွားရ တာလဲ ဖတ်ဖတ်မောနေပြီ။ မောနေလို့လဲ မဖြစ်ဘူး။ ငါ့ဝမ်းပူဆာ မနေသာတော့လဲ တစ်လမ်းဝင် တစ်လမ်းထွက် အစာရှာ ထွက်နေရတော့တာပဲ။ အစာကလဲ ရှားပါးလိုက်တာ။ ရှာလို့ကို မတွေ့ဘူး။ ဗိုက်ကလဲ ဆာလွန်းနေပြီ။ ဆာလွန်းလို့ ဖြေထောက်တွေက မသွက်တော့ဘူး။ လေးလံနေတာပဲ။ မျက်လုံး တွေကလဲ အရောင်မပီ ၊ ရီဝေေ၀ ဖြစ်နေပြီ။ ခြေနဲ့ လက်တွေက ကိုယ်ကို မထောက်ကန်ချင်ကြတော့ဘူး။ ယိုင်နဲ့နဲ့ ဖြစ်နေတာပဲ။ ငတ်လို့မသေ။ အသက်ရှင်နေသမျှ ၀မ်းစာရှာနေရမှာပဲလို့ မာန်တင်းလိုက်မှ အားတွေတက်လာတယ်။ သည်လိုနဲ့ပဲ အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်အောက် ရောက်ခဲ့ပြန်ပြီ။ အိမ်ရှင်မကြီးက မီးဖို ချောင်ထဲမှာ ထမင်းဟင်းချက်နေတဲ့ အချိန်ပဲ။
တရှဲရှဲ အသံတွေကြားနေပြီ။ မကြာခင်မှာ ညှော်နံ သင်းလာတယ်။ ညှော်နံကြောင့် ဗိုက်ကပိုစာလာတယ် ၊ မဆာဘဲ နေပါ့မလား။ အဲဒီ ညှော်နံက ကျုပ် အင်မတန် ကြိုက်လှတဲ့ ငါးကြော်နံပဲ။ ဒီငါးကြော်ကို အချောင်နှိုက်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တာပေါ့။ လူလစ်အောင်တော့ စောင့်ရအုံးမယ်။ ခြေသံ မကြားအောင် အသာလေး လှမ်းတက်ပြီး ချောင်တစ်ချောင်မှာ ပုန်းဝင်နေလိုက်တယ်။ သိပ်မပုန်း ရပါဘူး။ ငါးကြော်နေတဲ့ အိမ်ရှင်မကြီး မီးဖိုချောင်ထဲက ထွက်သွားပြီ။ ခဏနေရင် ကျုပ်အတွက် အဆင်ပြေပြီ။
ခဏ စောင့်နေတုန်းမှာပဲ ကျုပ်နဲ့ ဘယ်တုန်းကမှ မတည့်ဘဲ ရန်သူတွေ အသံ ကြားနေရပြန်ပါပြီ။ အော်နေလိုက် ကြတာ။ တကျွိကျွိ။ ပြေးကြ ၊ လွှားကြတာကလဲ တရုန်းရုန်း ၊ တ၀ုန်းဝုန်းပဲ။ “ မိရင်တော မင်းတို့က ငါ့အစာပေါ့ကွာ့ “ လို့ ကျုပ်စိတ်ထဲ ကြုံးဝါးလိုက်တာပေါ့။
ကျုပ်က သူတို့ကို ဖမ်းစားနိုင်မယ့် အင်အားမရှိလိုီ့ သူတို့က ကျုပ်ကိုလှောင်ပြောင်ရယ်မောကြေတာလား။ “ ကြောင်အိုရင် ကြွက်မလေး “ ဆိုတဲ့ စကားတော့ ကြားဖူးတယ် ၊ ကျုပ်က ကြောင်အိုတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကြွက်တွေက မလေးစားတဲ့ ဘ၀ကိုတော့ ရောက်နေပြီ။ ဒီကြွက်ဆိုတဲ့ အကောင်တွေက လူတွေကို အကျိုး မပြုနိုင်ပါဘူး။ အကျိုးပျက်အောင်သာ ဖျက်ဆီးနေကြတာ။ စာအုပ်စာတမ်း ၊ လုံချည် ၊ အ၀တ်အစား ၊ အဖိုးတန်တာရော ၊ မတန်တာရော ၊ တွေ့ကရာတွေကို ကိုက်ဖြတ် ဖျက်ဆီးနေတဲ့ အကောင်တွေ။ ထားပါတော့လေ။ အရေးကြီးတာက ငါးကြော်စားရဖို့ပဲ။ သည်တော့ မီးဖိုချောင်ထဲ ၀င်ရတော့မှာပေါ့။ မိးဖိုချောင်ထဲရောက်မှ စားချင်တဲ့ အာသီသက ပိုပြင်းလာတယ် ၊ သွားရည်တောင် ကျလာပြီ။ ကျုပ်စားချင်လှတဲ့ ငါးကြော်ကလဲ ရှာရ ခက်လိုက်တာ။ တွေ့ကို မတွေ့နိုင်ဘူး။ တော်တော် လုံခြုံအောင် သိမ်းနိုင်တဲ့ အိမ်ရှင်မကြီးပဲ။ ငါးကြော် ရှာနေရင်း ငါးကြော်တော့ မတွေ့ဘူး။ စားပွဲပေါ်က အုပ်ဆောင်းကို ကိုက်ဖြတ်နေတဲ့ ကျုပ်ရန်သူ ကြွက်တစ်ကောင်ကိုပဲ တွေ့ရပြီ။
ကြွက်ဆိုတဲ့ အကောင်ကတော့ ခပ်တည်တည်ပဲ။ အုပ်ဆောင်းကို ကိုက်ဖြတ်နေတာ။ အပေါက်ဖြစ်သွားရင် အထဲဝင်သွားမှာပေါ့။ အထဲရောက်သွားရင် တွေ့သမျှ အပြောင်စားမယ့် အကောင်ပဲ။ ဒီကောင်ကိုကြည့်ရင် ကျုပ်ဒေါသတွေ ထိန်းမရတော့ဘူး။ ကျုပ် ကိုယ်အတွင်းမှာ ရှိနေသေးတဲ့ အားတိုမာန်စလေးတွေက အလိုလိုစုစည်းနေကြပြီ။ သည်တော့ အုပ်ဆောင်းကို မဲပြီး ကိုက်ဖြတ်နေတဲ့ ကြွက်ပေါ်ကို ဖျတ်ခနဲ ခုန်အုပ်လိုက်တာပေါ့။ ဒီကောင် ကျုပ်လက်ထဲ ရောက်ရပြီ။ ဒီကောင်ကလဲ မခေလှဘူး။ ကျုပ်ကိုအားစမ်း နေပြန်ပြီ။ သူနဲ့ကျုပ်ဘတစ်ပြန် ကျားတစ်ပြန်လို ဖြစ်နေတော့ စားပွဲပေါ်မှာ ၀ရုန်းသုန်း ကားနဲ့ ဆူဆူညံညံ အသံတွေ ပေါ်လာရော။
ဂလွမ်လွမ် အသံတွေကြားတော့ အိမ်ရှင်မကြီးက မီးဖိုချောင်ထဲပြေးဝင်လာပြီ။ မီးဖိုချောင်ထဲမှာတော့ ကျုပ်က ကြွက်ကို ဆော်တီး နေတာလေ။ ကြွက်ဆိုတဲ့အကောင် ကျုပ်လက်ထဲမှာ အသက်ပျောက်နေပြီ။
“ ကျုပ်အတွက်တော့ တစ်နပ်စာပါပဲ“
ကြွက်စုတ်ကို ဆော်တီးလိုက်ရတာ နုံးချည့်သွားတာပဲ။ ကြွက်ကို ဖမ်းကိုင်ထားတဲ့ ကျုပ်ကို အိမ်ရှင်မမြင်သွားပြီ။ အိမ်ရှင်မကြီးကလဲ ၀မ်းသာအားရဖြစ်လို့။
“ သည်လောက် သောင်းကျန်းလွန်းတဲ့ ကြွက်စုတ်တွေ ၊ ခုမှပဲ ငြိမ်တော့မယ် ၊ ဒီကြောင်လေးကို မွေးထားရမယ် “ လို့ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတော့တာပဲ။
“ မိန်…မိန်…လာ…လာ… “လို့ ကျုပ်ကိုလည်းခေါ်နေပြီမသွားသင့်ဘူးလို့ တွေဝေနေစရာမလိုပါဘူး။ ကျုပ်ကို ကယ်တင်မယ့်လူပဲ။ သည်တော့ ကျုပ်လည်း အိမ်ရှင်မကြီးဆီ ပြေးသွားလိုက်တာပေါ့။
ကျုပ် သူ့နားရောက်သါားတော့ “ပူစီ…ပူစီ ၊ မင်း-တို့ဆီမှာ နေရမယ်နော် “ ဆိုပြီး အစာကျွေးတော့တာပဲ။ အစာထဲမှာ ကျုပ် အင်မတန်ကြိုက်တဲ့ ငါးကြော်လဲ ပါလို့ပါလား။ ၀မ်းသာလိုက်တာ အရမ်းပဲ။ အားပါးတရကို စားပစ်လိုက်တယ်။ ဘာကြောင့် ကျုပ်ကို သည်လို ကျွေးတာလဲဆိုတာ ကျုပ် စဉ်းစားမိပြီ။
“ ဟုတ်ပြီ ၊ ကျုပ်က ကြွက်ကို နှိမ်နှင်းနိုင်လို့ သည်လိုကျွေးတာပဲ ဖြစ်ရမယ် ၊ သည်လိုဆို ကျုပ်က ကြွက်ကို မုန်းသလို လူတွေကလဲ ကြွက်ကို မုန်းကြတာပါလား “ ဆိုတာကို ထင်းခနဲ ပေါ်လာတာပဲ။
ကျုပ်ကို ကျွေးမွေး ပြုစုနေတဲ့ အစာရှင်ရဲ့ ကျေးဇူးတွေကို ကျုပ်ဘယ်လို ဆပ်ရမလဲ။ “ တစ်လုပ်စားဖူး သူ့ကျေးဇူး “ ဆိုတာရှိတယ် မဟုတ်လား။ သူ့ကျေးဇူးကို ဆပ်ရမှာပေါ့။
ဟုတ်ပြီ။ သည်အိမ်မှာ သောင်းကျန်းနေတဲ့ ကြွက်တွေ အားလုံး တစ်ကောင်မကျန် မျိုးပြတ်အောင် နှိမ်နှင်းပေးရမယ် ၊ ဒါမှလဲ ကျုပ်ကို မွေးရကျိုး ၊ ကျွေးရကျိုး နပ်မှာ မဟုတ်ပါလား။

No comments: