Saturday, July 12, 2008
ဘာလဲချမ်းသာ
glitter-graphics.com
ချမ်းသာခြင်းဟာ ဘာလဲ။ ငွေချမ်းသာတာဟာ ချမ်းသာတာလား။ ရာထူးကြီးတာဟာ ချမ်းသာတာလား။ ဘွဲ့ဂုဏ်ကြီးတာဟာ ချမ်းသာတာလား။ ဆွေဂုဏ်မျိုးဂုဏ်ကြီးတာာချမ်းသာတာလား။
လောကီလူ့ဘ၀မှာတော့ အဲသည်ချမ်းသာမှုကလေးတွေကို ရှေ့တန်းတင်ထားတာပဲ။ အဲဒါတွေပြည့်စုံရင် ချမ်းသာတယ်လို့ ယူဆကြပြီး။ ဒါပေ
မယ့် ငွေချမ်းသာတိုင်းလည်း အဘက်ဘက်မှာ ပြည့်စုံချမ်းသာတာ မဟုတ်ပါဘူး။ ပညာတတ်တိုင်း ၊ ရာထူးကြီးတိုင်းလည်း အဘက်ဘက်က ပြည့်စုံချမ်းသာတာ မဟုတ်ပါဘူး။ လိုနေတာတွေ ရှိတတ်ပါတယ်။
ချမ်းသာခြင်းဟာ တစ်ခုတည်းနဲ့ မပြီးပါဘူး။ ဒါကြောင့်လည်း ချမ်းသာမှုအပြည့်ကို လူတွေမရကြဘူး။
အစားအ၀တ်၊ နေအိမ် ၊ ရာထူး ၊ ဂုဏ်ထူး စတဲ့စည်းစိမ်တွေဟာ ချမ်းသာမှုကိုပေးတော့ပေးကြတာပဲ။ ဒါတွေဟာ လောကီအရ မြင်ရရင် ချမ်းသာလေးတွေပါ။
လောကုတ်တရာအရကတော့ ချမ်းသာတွေမဟုတ်ပေဘူး။ ချမ်းသာတုလေးတွေသာ ဖြစ်တယ်။
ဆန်းစစ်ကြည့်ကြရင် စားရခြင်းဟာ ချမ်းသာမှုလား ၊ ၀တ်ရခြင်းဟာ ချမ်းသာမှုလား ၊ အိမ်ရခြင်းဟာ ချမ်းသာမှုလား။ ထိုင်နေရခြင်းဟာ ချမ်းသာမှုလား ၊ သွားနေရခြင်းဟာ ချမ်းသာမှုလား ၊ ရပ်နေရခြင်းဟာ ချမ်းသာမှုလား ၊ စကားပြောနေရခြင်းဟာ ချမ်းသာမှုလား ၊ အလုပ်လုပ်နေရခြင်းကရော ချမ်းသာမှုလား။
ကဲ-အဲဒါတွေကို စိတ်နဲ့ပဲနိုင်းချိန် စိစစ်ကြည့်ကြစို့။ တစ်ခုစီတစ်ခုစီဟာ ချမ်းသာမှုဖြစ်နိုင်ရင် အားလုံးကြိုးစား ရှာယူနေဖို့ မလိုဘူး။ အကုန်လုံးကိုးလိုက်ပြီး ရှာမှီသုံးစွဲနေဖို့ မလိုဘူး။ အိမ်မှုက ချမ်းသာခြင်းဆိုရင် စားခြင်းတစ်ခုသာ ကြိုးပမ်းရမယ်။ အိမ်မှုက ချမ်းသာခြင်းဆိုရင် အိမ်မှုလောကကိုပဲ ဖန်တီယူရမှာပဲ။ အဲသည်လိုဝတ်မှု၊ နေမှု ၊ ထိုင်မှု ၊ လုပ်ကိုင်မှု စတာတွေဟာချမ်းသာကြောင်းဖြစ်ခဲ့ရင် တစ်ခုစီအပြင် အခြားဘာမှာရှာနေဖို့ ကြိုးစားနေဖို့ မလိုပါဘူး။ တစ်ခုတည်းနဲ့ပဲ အာရုံခံစား ချမ်းသာနေမှာပေါ့။
တကယ်တော့ ချမ်းသာတာဟာ တစ်ခုတည်းနဲ့ မပြီးပါဘူး။ တစ်ခုကျစီနဲ့ ချမ်းသာမှု မရဘူး။ မလုံလောက်ဘူး။ များစွာကို ရှာနေကြရတယ်။
တစ်မျိုးတည်း တစ်ခုတည်း အကြာကြီး ခံစားနေရင် ချမ်းသာမရဘဲ ပင်ပန်းဆင်းရဲခြင်းကိုးသာ တွေ့မှာမဟုတ်လား။
လောကီအရ ချမ်းသာတယ်လို့ထင်ရပြီး ချမ်းသာ မဟုတ်ပြန်ဘူးလေ။
အကယ်လို့သာစားမှု၊ အိမ်မှု ၊ ဆိုတာတွေဟာ ချမ်းသာမှုစစ်ခဲ့ရင် ကြာရှည်ခံစားလေလေ ၊ ချမ်းသာမှုအရသာ တွေ့လေလေပဲ ။
အိမ်မှုက ချမ်းသာခြင်းဖြစ်ရင် ကြာရှည်အိပ်လေ ချမ်းသာမှုတွေ့လေပေါ့။
စားမှုက ချမ်းသာခြင်းဖြစ်ရင် ကြာရှည်စားလေး ချမ်းသာမှု တွေ့လေလေပေါ့။
အခုတော့ သည်လိုမဟုတ်ပါဘူး။ တာရှည်အိပ်ရင် ကျောပူလာလိမ့်မယ်။ ခါးတွေ တောင့်လာမယ်။ မကျန်းမာလို့အိမ်ရာထဲ ဆယ်ရက်လောက် အိပ်နေရရင် ဘယ်လောက်ငြီးငွေ့စရာ ကောင်းသလဲ။
ကဲ-ဆက်ပြောရဦးမယ်။ အစားပြီးပြန်တော့ အ၀တ်ဘက်ကျပြန်တော့ရော။
ဝတ်မှုဟာ ချမ်းသာမှုမှန်ခဲ့ရင် ဘယ်အ၀တ်မဆို ကြာရှည်ဝတ်ရလေ ချမ်းသာလေလေ ဖြစ်မှာပေါ့။ အခုတော့ သည်လိုမဟုတ်ပါဘူး။ အ၀တ်တစ်ခုကို ကြာကြာကြီး နှစ်ရှည်အောင်မ၀တ်ချင်းဘူး။ များများဝတ်ရလေ ချမ်းသာမှု အရသာတွေ့လေလေ ဖြစ်မလား။များများဝတ်ဖို့ရှာရ ၀ယ်ရတဲ့ပြသနာက မသေးဘူး။ ပြီးတော့ လူ့အကျင့်က များများဝတ်ရပေမယ့် အသစ်ပေါ်ရင် အသစ်ကိုသာ ထပ်ဝယ်ဝတ်ချင်ကြတယ်။ အဲသည်တော့ ချမ်းသာတွေမရဘဲ ဆင်းရဲတွေသာ ရရနေကြရတာပေါ့။
အဲသည်လိုစားမှု ၊ ၀တ်မှု ၊ အိမ်မှုတွေအတွက် ပင်ပင်ပန်းပန်း ရှာမှီးနေကြတဲ့ ပြသနာတွေဟာ နေ့စဉ်နဲ့အမျှ တွေ့ကြုံ နေကြရတာပဲ။သေသေချာချာ တွေးကြည့်ရင် ချမ်းသာမဟုတ်ဘဲ အဲသည်အရာအားလုံးဟာ ဆင်းရဲတွေပါပဲ။
ချမ်းသာတယ်လို့ ထင်ရပြီး ဆင်းရဲတွေသာ ဖြစ်နေတော့ အသည်ပြသနာတွေ အားလုံးမှာသိပ်အလိုမလိုက်လေနဲ့နော်။
မှန်မှန်သင့်သင့် စားဖို့။
တော်ရုံတန်ရုံသာ ၀တ်ဖို့။
အိပ်သင့်သလောက်သာ အိပ်ဖို့။
နောက်ဆုံး အလုပ်ကိုတောင် လုပ်သင့်သလောက်ပဲလုပ်ဖို့ လိုတယ်ဗျာ။
ဒါဟာ ပျော့ညံ့တဲ့ အတွေးမဟုတ်ပါဘူး ။ လူ့ဘ၀ရတုန်းမှာ ချမ်းသာခြင်းကို ရတန်သလောက် ရစေချင်တဲ့အတွေးပါ။ ဘ၀ရဲ့ ၀န်ထုပ်ဝန်ပိုးတွေ သိပ်မလေးလံမှာ ချမ်းသာမှုရမယ်ဆိုတာကိုတော့ ယုံပါ။
မယုံရင်တော့ စမ်းကြည့်ပါ။ မောကြီးပန်းကြီး လောဘဇော တိုက်ပြီး ကိုယ့်ရဲ့စားမှု ၊ ၀တ်မှု ၊ နေမှု ၊ ထိုင်မှုတွေအတွက် ကြိုးစားရုန်းကန် မနေပါနဲ့။ မောကြီးပန်းကြီး လောဘဇောတိုက်ရင် မရတာ ၊ မဖြစ်တာပဲ များတယ်။
ဒါကြောင့် အလယ်အလတ် လမ်းစဉ်ဖြတ်တဲ့ တော်ရုံလုပ်သင့်သလောက်သာလုပ်ဖို့ အကြံဥာဏ်ပြုရတာပါ။
ယုန်နဲ့လိပ် အပြေးပြိုင်သလိုပေါ့။
လိပ်က ဖြည်းဖြည်းနဲ့ မှန်မှန်ဆိုတော့ လမ်းစဉ်မှန်ပန်းတိုင်ကို ရောက်တယ်လေ။
လူတွေ စိတ်ဆင်းရဲရတာဟာ ရှင်းရှင်းလေးပါ။ တစ်နေ့ထက်တစ်နေ့ လူတွေဟာ ကြီးလာတာနဲ့အမျှ လောကီစည်းစိမ်တွေကို နားလည်လာတယ် ။ ကိုယ်တိုင် ခံစားချင်လာတယ်။ ဒါကြောင့်ခံစားရအောင် ကြိုးစားကြတယ်။ မောကြီးပန်းကြီး ကြိုးစားကြပေမယ့်လို့ မရသူကများတယ်။ မရတော့စိတ်မချမ်းသာကြ ၊ စိတ်ဆင်းရဲကြရတယ်။ ဘ၀အမောတွေ ပေါ့ဗျာ။
ဒါကြောင့် လောကီစည်းစိမ်တွေကို သိလာမြင်လာပြီဆိုရင် မကောင်းတော့ဘူး။ စိတ်ဆင်းရဲဖို့သာ များလာတော့တယ်။
အဲသည်မှာ အဆိုးတကာ့အဆိုးဆုံးကတော့ မိမိမရနိုင် မမီနိုင်သေးတဲ့ လောကီစည်းစိမ်တွေကို ခဲစားချင်တဲ့ စိတ်ပါပဲ။
အဲသည်စိတ်ဟာ အလွန်ဆိုးဝါးလှပါတယ်။
လူ့ဘ၀ရဲ့ လိုအပ်တဲ့ ပြသနာအရပ်ရပ်ကို လူတွေပဲပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။
ဒါကြောင့်လူမှာ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်အာရုံပေါ်မှာ အကြောင့်ခဲပြီးဝေဖန်ပိုင်းခြားရမယ်။ဆင်ခြင်တုံတရားထားရမယ်။ဒါမှပြီးစီးအောင်မြင်နိုင်မယ်လေ။ တည်ငြိမ်ရင့်ကျက်တဲ့စိတ် ၊ ပညာစိတ်တွေရှိမှ သမာဓိအားကို အခြေခံပြီး အောင်မြင်စွာ ဖြေရှင်းနိုင်မယ်။
စိတ်ဟာ မျက်စိတစ်မှိတ်၊ လက်ဖျစ်တစ်တွတ် ၊ လျှပ်တစ်ပြက်ကာလအတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သိန်း ရှေ့နောက် ဆက်ဖြစ်နိုင်တဲ့သဘောရှိတယ်။
အဲသည်လို ဖြစ်ပျက်တာဟာ တစ်မိနစ်လောက်ပဲ ရှိချင်ရှိနိုင်တယ်။ စိတ်ဟာဘယ်လောက်မြန်သလဲ။ စိတ်ကမြန်တတ်လွန်းလို့ ထိန်းသိမ်းရခက်သပေါ့။
စိတ်ဟာ နိုင်းယှဉ်မရအောင် စွမ်းအားကြီးမားတယ်။ ကောင်းမှုနဲ့ ဆိုးမှုဟူသမျှတို့ကို အစွမ်းကုန်ပြုနိုင်တာပဲ ။
ဒါကြောင့်လျှပ်စစ်တစ်ပြက် ၊ လက်တစ်တွတ်နိုက် ၊ ဖြစ်ပျက်အနေ နာမ်ရုပ်သေတို့၊ ကုဋေတစ်သိန်း ၊ ရေကိန်းတစ်မျှ ၊ စုပုံရသော် ၊ ကော်သလထုံး ၊ တိုင်းသုံးမှတ်ခြင်း ၊ တင်းရစ်ဆယ်ဝင် ၊ အကြင်ခေါ်ဝေါ်၊ ရာကျော်လှည်းပေါင်း ၊ တင်လောက်တောင်းသား ၊ တစ်လောင်းပုံပြု ၊ စပါးစုထက် ၊ အတူများစွာ ၊ မကရာဟု ၊ ကျမ်းလာ မဆိတ် ၊ ၀ိပရိတ်တည့် လို့ဆိုတယ် ။
ဘ၀ဆိုတာ အသက်နဲ့ကိုယ် အိုးစားမကွဲသမျှ ရှိနေတာပဲ။ အဲသည်လို အိုးစားမကွဲသေးသမျှ စိတ်ကလည်း ဖြစ်နေတော့တာပဲ။ သည်လိုဖြစ်နေတဲ့စိတ်တွေကို တစ်နေ့သတိထား ၊ တစ်လ သတိထားရမှာ မဟုတ်ဘဲ တစ်သက်လုံး သတိထားနေမှသာ ဘ၀ချမ်းသာကိုရမှာ ဖြစ်တယ်။ တစ်သက်လုံးမှာ တစ်ဖြစ်တည်း ဖြစ်နေတဲ့စိတ်ကို အမြဲသတိထားနေရမယ်။
သည်တော့ စားတာလည်း သတိထား ၊ ၀တ်တာလည်း သတိထား ၊ အိမ်တာလည်းသတိထား ၊ ပြောဆိုလုပ်ကိုင်တာလည်း သတိထား။ ပြီးတော့ အမြဲဖြစ်နေတဲ့ စိတ်ကိုလည်း သတိထား ပေတော့ဗျာ။
........................................ ။ ....................................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment