Monday, July 14, 2008

နှလုံးသားအမှားနဲ့ မျှားမိတဲ့ စကားလုံးအနွမ်းများ-

glitter-graphics.com

၁။ အစိမ်းရင့်ရင့် ရင်ခွင်

၂။ ငါလာခဲ့ရတဲ့ ခရီးကဝေးတယ်

ကျေးဇူးပြုပြီး......

နှင်မထုတ်ပါနဲ့ကွယ် ။

၃။ ခါး.......ရင့်.......ဆူး........နစ်

၎။ ငါ့ဘက်ကိုမှ တည့်တည့်လှည့်ထိုင်တဲ့ နဂါး

၅။ မေလ (၄) ရက်နေ့

၆။ မနက်ဖြန်ကို ကြိုမြင်နေရတဲ့မျက်လုံး

၇၊ မင်းကျင်းပမယ့် ငါ့ဈာပနကို

မင်းကိုယ်တိုင် တက်ရောက်ပါ။

၈။................................

၉။ တအိအိ......ကန့်လန့်ကာကျလာပုံ

မင်းတန်ဖိုးထားတဲ့ မိန်းမက
မင်း အနုပညာကို တန်ဖိုးထားသလို
မင်းအပေါ် မသင်းပျံ့ဘူး ။

သူ့မေးစေ့အလယ်က မှဲ့နက်ကလေးပေါ်
မင်းဆီက တစိမ့်စိမ့်စီးနေတဲ့ "အိုက်စိုဒိုဇင်း" တွေ
သူ့နှလုံးသားထဲ မထိရှဘူး ။

သူ့ဆန္ဒအလျှောက် စီရင်ခဲ့တဲ့
အစပြု အဆုံးသတ် မိုးသီးမိုးပေါက်တိုင်းက
မင်းခန္တာထဲ တဆုံးထိုးခွဲတယ် ။

အခုလောက်ဆို
မင်းစိတ်လိုလက်ရ ရေးပေးခဲ့တဲ့ ကဗျာတွေ
သူ့ဒိုင်ယာရီထဲ သိမ်းမထားလောက်တော့ဘူး ။

အခုလောက်ဆို
မင်း တခုတ်တရခေါက်ပေးခဲ့တဲ့ စက္ကူငှက်ရုပ်လေးတွေ
သူ့မှင်တင်ခုံပေါ် တင်မထားလောက်တော့ဘူး ။
ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့ လမ်းလေးထဲမှာ ချစ်သူရဲ့အိမ်လေး ရှိတယ်။ အဲဒီ လမ်းလေး တစ်ဖက်တစ်ချက်မှာတော့ ၀ါးရုံပင်တန်းလေးတွေ။ ညနေစောင်းပြီဆိုရင် ချစ်သူနေတဲ့ လမ်းလေးထိပ်က
ပုဇွန်ကွက်ကျော်သုတ်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ကြံရည်ဆိုင်လေးတွေမှာ လူစည်ကားတတ်တယ် ။
မီးရောင်လဲ့လဲ့ စာအုပ်အငှားဆိုင်လေးတွေ၊ ဆိုက်ကားသံတွေနဲ့လဲ အသက်ဝင်နေတယ်။ ဒါပေမယ့် ချစ်သူနေတဲ့ လမ်းလေးထဲမှာကတော့ လူခြေတိတ်ဆိတ်နေတတ်တယ်။

ချစ်သူရဲ့ အိမ်ပတ်ပတ်လည်မှာ သရက်ပင်တွေ၊ မန်ကျည်းပင်တွေ တန်းစီနေတယ် ။ တစ်ခါတစ်ရံ သရက်ကင်းလေးတွေက လမ်းလေးပေါ်ကို ကျနေတတ်တယ်၊ ပြူတင်းပေါက် ဖြူဖြူလေးတွေမှာ ကန့်လန့်ကာ အပြာလေးက လေမှာ လွင့်နေတတ်တယ်။ ခြံဝင်းလေးကတော့ သစ်ရွက်တွေ ကင်းစင်လို့ အမြဲတမ်း ပြောင်စင်နေတတ်တယ်။ ခြံလေးရဲ့ထောင့်မှာ အရိပ်ကောင်းတဲ့ ရေတွင်းလေးနဲ့  တွဲရရွဲကျနေတဲ့ သစ်ခွပန်းတွေရှိတယ်၊

ညနေစောင်းတွေမှာ ခြံဝင်းလေးထဲမှာ တစ်ခါတစ်ရံ ချစ်သူ တံမြက်စည်းလှဲနေတာကို ပုဏ္ဍရိတ်ပင်တွေကြားက မြင်ရတတ်တယ်။ ချစ်သူကို ချစ်မိသွားတဲ့ အကြောင်းတွေထဲမှာ အဲဒါတစ်ခုလဲပါတယ်။ တစ်ခါတစ်ရံ တံမြက်စည်း လှဲပြီးသား သစ်ရွက်ခြောက် လေးတွေကို မီးရှို့နေလို့  မီးခိုးငွေ့တွေ ဟိုးဝါးရုံပင်ထိပ်ဖျားကို လွင့်တက် သွားတယ်။ တစ်ခါတစ်ရံတော့လဲ ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ရောက်နေလို့ ချစ်သူမရှိတဲ့ အိမ်လေးကို အဲဒီတော့မှ ရဲရဲဝင့်ဝင့် ကြည့်မိတယ်။ ယောင်္ကျားလေးတွေ အများကြီးရှိတဲ့ လ္ဘက်ရည်ဆိုင် ဆိုတော့ ချစ်သူရှိနေမလားလို့ လှမ်းမကြည့်ရဲလို့ သူငယ်ချင်းတွေကို အကူအညီတောင်းတော့လဲ အားမကိုးရတဲ့ သူငယ်ချင်းတွေက နင်ကြည့်ပေးလိုက်၊ ငါလဲမကြည့်ရဲဘူး။ နင်ကြည့်ပါလား ဆိုပြီး သူကြည့်ငါကြည့်နဲ့ သူတို့ အချင်းချင်း ငြင်းခုံနေခဲ့ကြသေးတယ်။

မိုးအုံ့နေတဲ့ ညနေလေး တစ်ခုမှာတော့ ချစ်သူခြံဝမှာထွက်ရပ်နေတယ်။ သူငယ်ချင်းမတွေရဲ့ လှပနက်မှောင်တဲ့ ဆံကေသာတွေနောက်မှာ ပုန်းကွယ်ရင်း နောက်ပြန်လှည့်ကြရင်ကောင်းမလားလို့ ချီတုံခြတုံ ဖြစ်နေခဲ့တယ်။ ကချင် ပုဆိုးကွက်နဲ့ ချစ်သူက ခေါင်းငုံ့ပြီး မြေပေါ်ကတစ်စုံတစ်ရာကို(ဒါမှမဟုတ်) ဘာမှမရှိတာကို ဖိနပ်ဦးနဲ့ တို့ကစားနေတယ်။ ကိုယ်ချစ်တဲ့လူ တစ်ယောက်ရှေ့က ဖြတ်လျှောက်ရတာ တော်တော်ခက်တဲ့ အလုပ်တစ်ခုဆိုတာ အဲဒီနေ့က သိခဲ့ရတယ်။ ချစ်သူရဲ့မျက်လုံးက အားလုံးထဲမှာမှ ကိုယ့်ဆီရောက်လာတယ်။ ရိုလ်းနံပါတ် နှစ်မဟုတ်လားတဲ့၊ ကျွန်တော် “ . . . ” ပါတဲ့၊ တစ်အုပ်လုံးကြီးက ခေါင်းငြိမ့်ကြတယ်။ ဒါ ကျွန်တော့အိမ်ပါတဲ့၊ တစ်အုပ်လုံးက တစ်ခါ ခေါင်းထပ်ငြိမ့်ကြ ပြန်တယ်။ အားတဲ့အခါ လဲလာလည်နိုင်ပါတယ်တဲ့။ အားလုံး ခေါင်းတွေ ငြိမ့်ကြပြန်ရော။ အဲဒီညနေက ခေါင်းငြိမ့်တဲ့ အလုပ်နဲ့ပဲ ပြီးသွားကြတယ်။

ချစ်သူအတွက် ကဗျာလေးတွေကို စွယ်တော်ရွက်လေးတွေပေါ်မှာ စပ်ဖူးတယ်။ ချစ်သူနဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့နောက် သူ့အတွက် စပ်ထားတဲ့ကဗျာတစ်ပုဒ်ကို ချစ်သူကို လက်ဆောင်အဖြစ် ပေးလိုက်ရတယ်။ ချစ်သူ စိတ်ဝင်စားနေတဲ့ အရပ်ပုပု ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို ပေးဖို့အတွက်ပေါ့။ သူငယ်ချင်းမတွေကတော့ နှစ်မျောတသနဲ့ မြည်တွန်တောက်တီး နေခဲ့ကြတယ်။

နှစ်တွေအကြာကြီးမှာ ချစ်သူရဲ့အိမ်လေးရှေ့ကို တစ်ခါပြန်ရောက်တယ်။ အရင်လိုပဲ သစ်ရွက်တွေ ရှင်းလင်းပြီးစ ခြံဝင်းလေးက သန့်ရှုင်းနေတယ်။ ချစ်သူကို တံမြက်စည်းလေးကိုင်လို့ တွေ့လိုက်ရတယ်။ ချစ်သူဘေးမှာ ဂါဝန်အ၀ါလေးနဲ့ ပါးဖောင်းဖောင်း ကလေးလေးတစ်ယောက်က သရက်သီးလေး ကိုင်လို့ ရပ်ကြည့်နေတယ်။ သစ်ရွက်ပုံလေး နားမှာတော့ အရပ်ပုပု ဆံပင်ကိုတပတ်လျှိုတွဲချထားတဲ့ မိန်းကလေးတစ်ယောက်။ ချစ်သူတို့  မိသားစု လုပ်လက်စ အလုပ်တွေကို ထားပြီး အိမ်ပေါ်မှာ သစ်သီးမျိုးစုံနဲ့ ဧည့်ခံကြတယ်။

ညမီးလေးတွေ လက်လာတော့ ခြံဝအထိ ချစ်သူက လိုက်ပို့တယ်။ နင့်ရဲ့ ကဗျာတစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ်လို့ ချစ်သူကပြောတယ်။ ညလေအတိုးမှာ ၀ါးရုံပင်တွေတရှဲရှဲမြည်သွားတယ်။
ချစ်သူအိမ်ကို ကျောခိုင်းလျှောက်နေပေမယ့် ချစ်သူကိုယ့်ကို ခြံဝက ရပ်ကြည့်နေဆဲပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လေ...ချစ်သူရှေ့မှာ လမ်းလျှောက်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်တော့ပါ။

1 comment:

Anonymous said...

ညီမရေ..ဒီပိုစ်မှာ "ကျောက်စရစ်ခဲလေးတွေ ခင်းတဲ့လမ်း" .. က စပြီး အဆုံးထိက အမရေးထားတဲ့ "ချစ်သူအိမ်" ဆိုတဲ့ ၀တ္ထုလေး ဖြစ်ပါတယ်။ ဖူးငုံ (teen magazine) မှာလဲ မနှစ်က ပါပြီးသား ဖြစ်ပါတယ်။ စာရေးသူ "အိမ့်ချမ်းမြေ့" လို့ ဖြည့်စွက်ပေးပါလို့ မေတ္တာရပ်ခံပါသည်ရှင်။ စာဖတ်သူများေ၀၀ါးကုန်မှာ စိုးလို့ပါ။