Friday, July 11, 2008

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်


glitter-graphics.com

မင်္ဂလာပါရှင်.. ကျွန်မ်အနေဖြင့် အချစ်ကံခေသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ် ခင်ဗျာ။ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသော “အကောင်းကံချစ်မှအချစ်ကံကောင်းမယ်” မည်သော စာအုပ်မှ တိုက်ရိုက် ကူးယူဖော်ပြပေးခြင်းဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော် အကြိုက်ဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

အရှင်ဘုရား . . .
နားနဲ့မနာ ဖ၀ါးနဲ့ နာတော်မူပါဘုရား၊ တပည့်တော်မဟာသစ္စာမဲ့တဲ့ လင်ယောက်ျားကြောင့် အကြီးအကျယ် စိတ်သောကရောက်နေရပါတယ်ဘုရား၊ စိတ်ချမ်းသာအောင် တရားဓမ္မနဲ့ ဘယ်လို နှလုံးသွင်းပြီး ဘယ်လို ဖြေသိမ့်ရမယ်ဆိုတာ သနားကရုဏာ ရှေ့ထားပြီး မိန့်ကြားပေးတော်မူပါဘုရား။
မမိုးသက်လှိုင်၊ ရန်ကင်းမြို့နယ်။

မမိုးသက်လှိုင်ရေ ....
မမိုးသက်လှိုင်ရဲ့ မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ အခုတလော နာမည်ကြီးနေတဲ့ နိုင်ငံကျော်မင်းသမီးတစ်ဦးရဲ့ အိမ်ထောင်လမ်းခွဲသတင်းကို ချက်ချင်း သတိရလိုက်မိပါတယ်။ “တစ်ဦးတစ်ယောက်ရဲ့ သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ။ ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်။ ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်။ ချစ်စရာအများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။ သောကငြိမ်းချင်ရင်ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ချစ်ရမယ့်လူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။ အချစ်ကို ရယူဖို့ မကြိုးစားတော့ဘဲ ပရိသတ်ရဲ့ အချစ်ကို ထာဝရ ရယူနိုင်ဖို့ပဲ ကြိုးစားသွားပါတော့လို့ မယ်လို” လည်း အင်တာဗျူးတစ်ခုမှာ သူမကရင်ဖွင့်ထားသေးတယ်လေ။ ဟုတ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့အချစ်ဆိုတာက တဏှာဓာတ်တွေ လွှမ်းခြုံနေပြီး ပရိသတ်ရဲ့ အချစ်ကတော့ မေတ္တာဓာတ်တွေ မွှမ်းထုံနေပါတယ်။ တဏှာချစ်ကို တောင့်တရင် တောင့်တနေချိန်မှာလည်း တဏှာစိတ်နဲ့ ပူလောင်ရသလို ရရှိလာချိန်မှာလည်း သံယောဇဉ် မီးတွေနဲ့ ကျွမ်းမြိုက်ရပါတယ်။ မေတ္တာချစ်ကို မျှော်လင့်ရင်တော့ မျှော်လင့်နေချိန်မှာလည်း မေတ္တာစိတ်နဲ့ အေးမြရသလို ရရှိလာချိန်မှာလည်းမေတ္တာ ရောင်ပြန်တွေနဲ့ ချမ်းမြေ့ရပါတယ်။ (တဏှာချစ်နဲ့တော့ စိတ်နှလုံး အပူလောင် မခံချင်ပါနဲ့တော့ ရွှေမင်းသမီးရေ ....။)



ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအကျဆုံး ယုံကြည်ချက်ကတော့ ကံနဲ့ကံရဲ့ အကျိုးတရားပါပဲ။ “ကောင်းတာ လုပ်ခဲ့ရင် ကောင်းကျိုးရမယ်၊ မကောင်းတာ လုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင် ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်တဲ့မျိုးစေ့နဲ့ ထိုက်တန်တဲ့အပင် ပေါက်ပြီး အဲဒီအပင်နဲ့ လိုက်ဖက်တဲ့ အသီးကိုပဲ ကိုယ်စားရမယ်၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့အကျိုးတရားကို ကိုယ်ပဲ ခံစားရမယ်၊ အလုပ်ဆိုတာ ကံ၊ ကံဆိုတာ အလုပ်၊ ကိုယ့်ကံက ကိုယ့်ဘ၀ကို စီမံတယ်၊ ကိုယ့်ဘ၀ရဲ့ ဖန်ဆင်းရှင်ဟာ ကိုယ်လုပ်ခဲ့တဲ့ ကံတရား”အဲဒီလို နားလည် လက်ခံ ယုံကြည်ထားကြပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကျိုးပေး မကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။ သမီးရည်းစားချစ်၊ လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကံမကောင်းတာ မဟုတ်ပါဘူး။ မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူ မည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လုပ်ရင် ဖြစ်လေရာဘ၀တိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုင်ခွင့်” မှေးမှိန်ပျောက်ကွယ်ပြီး “လွမ်းဆွတ်ခွင့်” “တမ်းတခွင့်” တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။အောက်ထစ်ဆုံး ငှက်ကလေး၊ ငါးကလေးတွေ၊ ကြောင်ကလေး၊ ခွေးကလေးတွေကို သူတို့မိသားစု၊ သူတို့အသိုက်အမြုံကနေခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပိုက် ထားခဲ့ရင်တောင် အဲဒီအကုသိုလ်ကံက သူအကျိုးပေးတဲ့ဘ၀မှာ ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင် စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန်စေတဲ့ ကြောက်စရာအကောင်းဆုံးကံကတော့“ကာမေသုမိစ္ဆာစာရကံ” ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ” လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်ရဲ့ ကာမပိုင် မဟုတ်သူတွေနဲ့ ကာမကိစ္စ ဖောက်ပြန်ရင် “ကာမေသုမိစ္ဆာစာရကံ” ထိုက်ပါတယ်။ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန်ရင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း ခေါ်ပါတယ်။ အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့သူဟာကာမကိစ္စတစ်စိတ် တစ်ပိုင်းပါဝင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကိုယ့်အပေါ် သစ္စာကင်းမဲ့တာဟာ ကိုယ့်ရဲ့ အတိတ်က “သစ္စာမဲ့ကံ” က ကိုယ့်ကို အကျိုးပေးတာပါပဲ။ ကိုယ့်ရဲ့နှလုံးလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင် ဖွဲ့စည်းတည်ဆောက်ထားခဲ့တဲ့ ကျွန်းပါ။ ဘယ်သူမပြု မိမိမှုပေါ့နော်။ “နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်” လို့ ဟစ်အော်ကြွေးကြော်နေတာဟာ “အတိတ်ဘ၀တွေက အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ သစ္စာယွင်းပျက်ခဲ့ပါတယ်၊ ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်” လို့ ထုတ်ဖော်ဝန်ခံနေတာပါပဲ။ ကံတရားရဲ့ သဘာဝကို အကြောင်းအကျိုး ဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင် မယ်ဆိုရင်တော့ ကိုယ့်ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ် မမိုးသက်လှိုင်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်ဖြေသိမ့်နိုင်မယ်ထင်ပါရဲ့။ ဒါပေမဲ့ ခွင့်လွှတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး မမိုးသက်လှိုင်ရေ ....။ ကိုယ်ကြုံတွေ့နေရတဲ့ အဆိုးလောကဓံထဲကနေ အနှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ်ထွက်အောင် လုပ်ရပါဦးမယ်။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အတိတ်ကံ အကြောင်း တရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကို လုံးဝမချစ်ပါဘူး။ တခြားအမျိုးသမီး တစ်ယောက်နဲ့ မျက်နှာပြောင်တိုက်ပြီး လူမှုရေးဖောက်ပြန် နေပါတယ်။ ကိုယ့်ကို မချစ်လို့၊ ကိုယ့်အပေါ် သစ္စာမဲ့လို့ဆိုပြီး သူမက စိတ်လည်း မညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။ “လင်က မချစ်တော့ လင်နဲ့ အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့” လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။ အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကို အိမ်မှာနေ့စဉ်ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲ သောတာပန် အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။ “လင်က မပေါင်းချင်မှတော့ အိမ်မှာ နေလည်း အပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာအရှင်မလေး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ သူမရဲ့ခင်ပွန်းက သူမကို သိပ်ချစ်၊ သိပ်ကြင် နာနေမယ်ဆိုရင် အခုလို တရားအရသာ ခံစားခွင့်ရမှာမဟုတ်ပါဘူး။ယောက်ျားအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။ နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရနေမှတော့ ယောက်ျားအရသာဆုံးရှုံးခဲ့တာကို နှမြောတမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ် မကြင်နာတဲ့ ခင်ပွန်းသည်ကိုကျေးဇူးတင်စရာတောင် ကောင်းပါသေးတယ်။ သူတို့နှစ်ယောက်ပဲ ဘ၀တစ်ခုမှာ ဗြဟ္မဒတ်မင်းသားနဲ့ အသိတာဘူမင်းသမီးဆိုပြီး တော်ဝင်ဇနီးမောင်နှံဖြစ်ခဲ့ဖူးပါတယ်။ ဖခင်ဘုရင်ကြီးက အာဏာလုမှာစိုးရိမ်ပြီး တိုင်းပြည်က နှင်ထုတ်လိုက်လို့ သူတို့နှစ်ဦး ဘုရားအလောင်းတော်ရသေ့ သီတင်းသုံးရာ ဟိမ၀န္တာတောထဲမှာနေထိုင်ခဲ့ကြရပါတယ်။ တစ်နေ့တော့ သိပ်ချောသိပ်လှတဲ့ ကိန္နရီမလေးတစ်ဦးကို သစ်ခက်တဲနန်းအနီးမှာ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရပါတယ်။ ကိန္နရီမလေးကို မြင်မြင်ချင်း ချစ်မိသွားတဲ့ မင်းသားဟာ “မိဖုရားမြှောက်မယ်”ဆိုတဲ့ အကြံအစည်နဲ့ ကိန္နရီမလေးနောက် တကောက်ကောက် ပြေးလိုက်ပါတော့တယ်။မင်းသားရဲ့သစ္စာဖောက်မှုကို မြင်ရတဲ့ မင်းသမီးလည်း မင်းသားအပေါ် သံယောဇဉ်ပြတ်ပြီး ဘုရားလောင်းရသေ့ထံမှာ ကမ္မဋ္ဌာန်း သင်ယူအားထုတ် လိုက်တဲ့အတွက် တစ်ခဏချင်းအတွင်းမှာပဲ ဈာန်အဘိညာဉ်တွေ ရရှိသွားပါတယ်။တောကျွမ်းတဲ့ ကိန္နရီမလေးနဲ့ ခြေရာပြတ်ပြီး လက်လျှော့ပြန်လာတဲ့ မင်းသားကို ကောင်းကင်ပေါ်ကနေ နှုတ်ဆက်စကားပြောကြားပြီး ဝေးရာကို ပြေးခွာထွက်သွားပါတော့တယ်။ မင်းသမီးရဲ့ နှုတ်ဆက်စကားက ....

“တစ်ချိန်က “မောင်” လို့ အမြတ်တနိုးခေါ်ခဲ့ရတဲ့ မင်းသားရေ၊ရှင့်ရဲ့ သစ္စာမဲ့မှုကြောင့် ကျွန်မ ဈာန်ချမ်းသာ ရခဲ့ပါပြီ၊ တကယ်တော့ကျွန်မရဲ့ ဈာန်ချမ်းသာဟာ ရှင်ပေးတဲ့ချမ်းသာပါ၊ ဒီ့အတွက် ရှင့်ကိုကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်” “ဒါပေမယ့် တစ်ချိန်က ရှင့်အပေါ်ထားရှိခဲ့တဲ့ ကျွန်မရဲ့ အချစ်တွေ၊ ကျွန်မရဲ့သံယောဇဉ်တွေကတော့ ကျွန်မရဲ့ နှလုံးသားကနေ ပြုတ်ကျသွားခဲ့ပါပြီ၊ ကျွန်မရင်ထဲမှာ ရှင်မရှိတော့ပါဘူး။ လွှနဲ့အဖြတ်ခံရတဲ့ဆင်စွယ် ပြန်မဆက်နိုင်တော့သလို ရှင်နဲ့ကျွန်မ ကြားမှာရှိတဲ့ နှောင်ကြိုးတွေကိုလည်း ပြန်ဆက်လို့ မရနိုင်တော့ပါဘူး။ တစ်စစီ ကျိုးပဲ့ကြေမွခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျွန်မ နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်”အသိတာဘူမင်းသမီးရဲ့ နှုတ်ဆက်စကားကို ကြည့်ရင် သူမရဲ့ရင်ထဲမှာ သောကဆူးငြောင့် မကျန်ရစ်ခဲ့ဘူး၊ သူမရဲ့ စိတ်အစဉ်ဟာ ပူလောင်ခြင်းမရှိ၊ ပကတိအေးချမ်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ သာသနာပကာလမို့သာ ဈာန်ချမ်းသာနဲ့ပဲ ငြိမ်းအေးမှုရယူခဲ့ရတာပါ။ဒီလောက်ဆိုရင် မမိုးသက်လှိုင် အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ သိလောက်ပါပြီနော်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို “နောက်ဆုံးထွက်သက်အထိ ရူးသွပ်စွာ ချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့၊ သီချင်းတွေထဲကလို “ရက်စက်တတ်တဲ့မင်းရဲ့အနားမှာ ရက်စက်မှုတွေခံယူချင်တယ်” လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘ၀မှာ စိတ်ချမ်းသာဖို့နဲ့ ဖြစ်နိုင်ရင် ဘ၀လွတ်မြောက်မှု ရဖို့အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရှေးသူတော်ကောင်းတွေထုံး နှလုံးမူပြီး တရားနဲ့ မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပေါ့။ နှာသီးဝ လေထိရာအရပ် သတိကပ်ပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” လို့ ရှုမှတ်ရတဲ့အလုပ်ကတော့ သီးခြားထိုင်ရင်းနဲ့ရော၊ သွားရင်းလာရင်းရော လုပ်လို့ လွယ်ကူပါတယ်။ စွဲစွဲမြဲမြဲလုပ်ကြည့်ရင် စိတ်တွေအထူးအေးချမ်းလာမှာပါ။ သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ၊ ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊ ချစ်စရာ ဆယ်ခုရှိရင် သောက ဆယ်ခုရှိမယ်၊ ချစ်စရာ အများကြီးရှိရင်တော့ သောက အများကြီးရှိမယ်ပေါ့။ သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။ ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာ နည်းပါးသွားလေ၊ သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ။ ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။ အသုံးချတတ်သူတစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ .... လို့ ....။

No comments: