Monday, February 23, 2009

"အင်တာနက်ကို မုန်းတယ်"



glitter-graphics.com

>> "အင်တာနက်ကို မုန်းတယ်.... လူညာတွေကို မုန်းတယ်...
>> ကိုယ့်ကိုယ်ကိုအမုန်းဆုံးပဲ"
>>
>>
>> သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
>> ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
>> ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
>> မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
>> (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
>> ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
>> ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
>> ထိုစာကြောင်းလေးဖြစ်သည်။
>>
>> "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
>> အမုန်းဆုံးပဲ"

>> ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
>> ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
>> ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
>>
>> "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
>> သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
>> "ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
>> "ဟား....သရဲဖြစ်ရတာပျော်လား"
>> "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
>> "ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
>>
>> ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
>> ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
>> ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင်
>> တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို
>> အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား...
>> ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။
>> သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏
>> ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး
>> ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
>>
>> "ကျွန်မ အခုဘာလုပ်နေလဲ"
>> တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
>> နေတတ်ပြီး...
>> "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
>> "ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
>> "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
>> တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
>> အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
>> ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
>> စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
>>
>> ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
>> ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
>> မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
>> သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
>> chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
>> မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
>> အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
>> သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
>> သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
>> သူစကားမပြောပေ။
>>
>> "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
>> "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
>> "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
>> "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
>> "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
>> "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
>> "ကောင်းပြီလေ"
>>
>> မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
>> ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
>> ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
>> လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
>> တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
>> များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
>> ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
>> မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
>> မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
>>
>> ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့
>> ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ
>> သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော
>> ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု
>> ဖြစ်လာခဲ့သည်။
>>
>> "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
>> "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
>> "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
>>
>> ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
>> သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
>> သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
>> ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
>> ကြောက်မနေခြင်းပင်ဖြစ်သည်။
>>
>> "ခင်ဗျားက ထူးခြားတယ်"
>> "ဘာဖြစ်လို့လဲ"
>> "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
>> "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
>> သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
>> မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
>> ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
>> လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
>> ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
>>
>> အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
>> ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
>> ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
>> အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
>> မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ
>> ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
>> ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
>> ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
>> ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
>> အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
>> အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
>> ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
>> ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
>>
>> "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
>> ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
>> တစ်ထပ်တည်းပါလား...
>> စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော
>> သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့
>> ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။
>> သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
>>
>> "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
>> ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
>> "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
>> ထိန့်လန့်စွာ မေးလိုက်သည်။
>> "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
>> "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
>> "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
>> အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
>> စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
>> ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
>> ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"
>>
>> ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
>> ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
>> ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
>> ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
>> တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
>> သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
>> သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
>> စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
>> ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
>> မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
>> မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
>> ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
>> အိပ်ပျော်သွားတော့သည်။
>>
>> မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
>> ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
>> ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
>> တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
>> အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
>> ပြန်သတိရမိသည်။
>>
>> "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
>> ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
>> ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
>> ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
>> သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
>> တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
>> အပြုအမှုလဲနော်...
>>
>> သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
>> ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
>> လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
>> ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
>> ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
>> ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
>>
>> ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
>> သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
>> ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
>> အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
>> ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
>> လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
>>
>> ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏
>> တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည
>> သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
>>
>> "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
>> သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
>> အများကြီးရှိသေးသည် မဟုတ်ပါလား..။
>>
>> "နည်းနည်းတော့ ကြောက်မိပါတယ်"
>> ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
>> ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
>> ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
>> မျှော်လင့်ချင်သေးသည်။
>>
>> "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
>> "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
>> တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
>> "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
>> "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို
>> ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
>> "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
>>
>> "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
>> မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
>> ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
>> အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
>> လှည့်စားခဲ့တယ်"
>>
>> "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
>>
>> "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း
>> တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
>> ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
>> ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
>> တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
>> လှတယ်"
>>
>> ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း
>> ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။
>>
>> "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
>>
>> "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ
>> ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
>>
>> "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
>> မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို
>> ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက
>> ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
>>
>> "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
>> မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"
>>
>> စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
>> ကျွန်မခံစားမိသည်။
>>
>> "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
>> ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
>> "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
>>
>> "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
>> ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
>>
>> တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
>> မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
>> ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
>>
>> "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
>> အောက်တန်း မကျပါဘူးဗျာ"
>>
>> ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
>> "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ
>> ရှင်မသိဘူးလား"
>>
>> "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
>> လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
>> အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
>>
>> "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
>>
>> "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
>> ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"
>>
>> ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
>> လေးထောင့်အခန်း......... ခန္ဓာကိုယ်....
>>
>> "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
>> လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
>>
>> သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
>> ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
>>
>> "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
>> တော်တော်စိတ်ကုန်သွားပြီလား"
>>
>> "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
>> မေ့သွားမှာ စိုးတယ်"
>>
>> သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
>> ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
>> ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
>> ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
>> မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
>>
>> "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
>> (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
>>
>> ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
>> ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
>> သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
>>
>> "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
>> လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
>>
>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
>> "ဟုတ်တယ်"
>>
>> "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
>> မကြောက်ဘူးလား"
>> "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
>> ပြောလိုက်မိသည်။
>>
>> "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
>> ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
>>
>> ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။
>> ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
>>
>> "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
>> လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
>> မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
>>
>> မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
>>
>> "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
>> ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
>>
>> "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို
>> မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
>>
>> ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
>> သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
>> ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
>>
>> "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
>> ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"
>>
>> နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ
>> ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း
>> အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန်
>> ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင်
>> ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ
>> ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ
>> online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။
>> ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
>>
>> ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
>>
>> ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။
>> လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင်
>> ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
>> ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
>> မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
>> စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
>> ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
>> လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
>> အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
>> ခြေအစံကို ရပ်လိုက်သည်။
>>
>> "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"
>>
>> ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
>> ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
>> စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
>>
>> သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
>> ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
>> အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
>> ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။
>>
>> "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
>> နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
>>
>> ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
>> မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
>> ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
>>
>> "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
>> "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
>>
>> သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
>> တူနေသည်။
>>
>> "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
>> "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"
>>
>> ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
>> "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
>> ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
>>
>> နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
>> ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
>> တွေ့ဆုံကြသည်။
>>
>> ပြီးပါပြီ

အင်္ဂလိပ်သီချင်းများ

Britney Spears - Lucky (Dance Remix)


BON JOVI- I'll BE THERE FOR YOU WITH LYRICS


BON JOVI- IWILL ALEAYS LOVE YOU


NEVER SAY GOOD BYE


AKON - LONELY


WEBLIFE - MY LOVE


BLUE - ALLRIGHT


M2M - PRETTY BOY


RAIN - I LOVE YOU
Rain - I Love You

M2M - THE DAY YOU WENT AWAY


M2M - EVERYTHING YOU DO


Sleeping Child (Lyrics and Chords)


Dancing with the stars

နားဆင်ကြည့်ပါ



မျှော်လင့်ခြင်းလေး သို့ လမင်းလေး



မိုး



သွားစို့အဝေး



ချစ်သူ့လမင်း



မင်းတစ်ယောက်တည်း



အသင်္ချေလမ်းများ



နှလုံးသားမပေးနဲ့




အေးအတူ ပူအမျှ









ပန်းတစ်ပွင့်





သူမသိနိုင်





ဆံပင်ရှည်လေး





ထားခဲ့ရက်သူ





တစ်ခါတစ်လေတော့လည်း





အချစ်မရှိနေ့ရက်များ





အချစ်ကဘာလဲ





တစ်နေ့တော့ချစ်လာမှာပါ





မင်းနဲ့ဝေးတော့





ဖုတ်လိုက်ဖုတ်လိုက်





တယ်လီဖုန်း




တစ်ကယ်ချစ်ရင်





မချစ်တတ်သူ





အသေင်္ချလမ်းများ






လွဲချော်ခြင်း





ဖေဖော်ဝါရီ-၁၄



Type rest of the post here


အိမ်ပြန်ချိန်

MP3 သီချင်းလေးများ


MusicPlaylist

Thursday, February 12, 2009

မေမေ........

click to comment
ကိုးလလွယ် ဆယ်လဖွား
အသက်ကိုရင်း မွေးပေးခဲ့သည်
ဖဝါး လက်နှစ်လုံး
ပခုံးလက်နှစ်သစ်
ခြင်မှက် ဖြုတ်ယင်သောဝ် မသန်းစေခဲ့...

သွေးမှ ဖြစ်တည် နို့ချိုရည်ကို
မပျက်တိုက်ကျွေး ကြီးပြင်းစေခဲ့...

ငယ်စဉ်တောင်ကျေး ပြုစုယုယလို့
သားတို့ နှလုံး ရွှင်ပြုံးစေရယ်
ပင်ပန်း သောဝ်မှ အပြုံးမပျက်
ကျေနပ်ခဲ့သည် အိုအမေ...

အချိန်တန်လို့ ကြီးပြင်းပြန်သော်
ပညာကိုပေး အမွေဖြစ်ခဲ့
လူများအလယ် ဂုဏ်တင့်စေသည်
ကျေးဇူးကြီးလှပါသည် အိုအမေ...

ပညာစုံလို့ အချိန်တန်ပြန်
သင့်တော်သူကို ရှာဖွေကာရယ်
သားသမီးတို့ အတွက်
စီမံရွက်ဆောင်ခဲ့ပြန်သည်..
ဘဝတသက်အေးဖို့ရယ်...

သားတို့ ဘဝ အခြေစုံလို့
ချမ်းသာ တည်ငြိမ်လေသောဝ်
ကျေနပ်အပြုံး ပီတိမျက်နှာ
အေးချမ်းစွာနှင့် ဆန်ရေကို မရှိစေခဲ့....

ထိုရ် ထိုရ် ကျေးဇူး
မဟာပထဝီ မြေကြီးထုမက
ကြီးမားလှသော အိုအမေ...
အဝေးရောက်သားမောင်
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
ရှိခိုး ကန်တော့လိုက်ပါသည်......

Tuesday, February 10, 2009

" အမေပေးတဲ့လက်ဆောင်"

click to comment

သျှောင်နောက် ဆံထုံးပါ ဆိုတဲ့စကားအရ ခင်ပွန်းနောက်(ခင်ပွန်းအိမ်)လိုက်နေရလို့ ရက်မှလ၊ လမှ နှစ်တွေ ပြောင်းလာတော အမေကို လွမ်းလာတယ်။ အမေ့ဆီ ပြန်ချင်လာတယ်။ ဒါ့ကြောင့် ခင်ပွန်းထံ ခွင့်ပန်လို့ အမေရှိရာကို ခေတ္တခဏ ပြန်ခဲ့ပါတယ်။ သူပြန်ချင်တာလည်း တရားပါတယ်။ အမေ့မေတ္တာ၊ အမေ့အရိပ်လောက် အေးမြတဲ့နေရာ ဒီကမ္ဘာမှာ ရှာလို့မှ မတွေ့ နိုင်သေးတာပဲ။
မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ အမေ့အိလေးကို မြင်ရတော့ အမေ့ကိုလွမ်းတဲ့စိတ်တွေကို ထိန်းမထားနိုင်တော့ဘဲ တစ်ခေါ်လောက်ဝေးတဲ့ နေရာကနေ ဒုန်းစိုင်းပြေးခဲ့တာ။ အမေ…အ မေ…ဟောဟဲ…။ အမေ့မျက်နှာ မြင်ရမှပဲ အမောတွေ ပျောက်သွားရပါတယ်။ အမလေး…အ မေရယ်…ခေါ်လိုက်ရတာ၊ အမေ့ကို တွေ့မှ တွေ့ပါ့မလားလို့ စိုးရိမ်လိုက်ရတာ။ အခုမှပဲ စိတ်အေးသွားတော့တယ် ဟုပြောရင်း အမေ့ရင်ခွင်ကြား ခေါင်းထားလို့ ကလေးငယ်တစ်ဦး အသွင်တီတီတာတာ ဆိုနေမိပါတယ်။
“ သမီးရယ် ဘာလို့ပြန်လာတာတုံး။ သမီးခင်ပွန်းရော ပါမလာဘူးလား “
“ အမေရယ်…မေးခွန်းတွေက များလှချည်လား။ သမီးပြန်လာတာက အမေ့ကိုလွမ်းလို့ပေါ့“
ဟုဆိုရင်း အမေ့မျက်နှာလေးကို လက်ညှိုးလေးနဲ့ မထိတထိကျီစယ်ရင်း သူဖြေလိုက်တယ်။ ပြီးတော့…အမေ့သမက် ကျွန်မခင်ပွန်းက ပါမလာဘူးရှင့်။ သူနေကောင်းပါတယ်၊ ဒေါင်ဒေါင် မြည်လို့ဟု ဟန်နှင့်ပန်နှင့် အမေ့ရဲ့ အမေးကို ဖြေလိုက်တယ်။ ကလေးတစ်ဦးသဖွယ် ဟန်နှင့် ပန်နှင့် သူ့အမေးကို ဖြေနေတဲ့ သမီးရဲ့ပုံကို မြင်ရတဲ့ မိခင်ကတော့ အပြုံးများနဲ့ သမီးကို ရင်ခွင်ထဲဆွဲသွင်းရင်း အေးပါကွယ်၊ သိပါပြီ…သိပါပြီ။ သမီး ရေသွားချိုးလိုက်နော်၊ ပင်ပန်းလာ တာ အမောပြေလန်းဆန်းသွားအောင်လို့၊ ကဲ…သွား…သွား။
အမေ့စကားအဆုံး အမေ့ရင်ခွင်ထဲက ထွက်လို့ ရေမိုးချိုး အလှပြင်ကာ အမေကျွေးတဲ့ ထမင်း ကိုစားရင်း စကားတွေပြောဖြစ်ခဲ့တယ်။ စကားပြောတွေကလည်း တခြားမဟုတ်ပါဘူး၊ စီးပွား ရေး၊ လူမှုရေးတွေပါ။ အထူးသဖြင့် သမက်တော်ရဲ့လား၊ သမီးကိုဂရုစိုက်ရဲ့လား စတာတွေပါ ပဲ။ အမေ့သမက်ကိုလူချော တော်ကြောင်း၊ ကောင်းကြောင်း၊ ဂရုစိုက်ကြောင်းတွေကို ဖြေရင်း ပြောရတာအမော ခင်ပွန်းဆီလွမ်းတဲ့စိတ်က ၀င်လာပါတယ်။ ဒါ့ကြောင့် အမေ့ဆီမှာ (၂)ရက်၊ (၃)ရက်ပဲ နေမယ်ဟု စိတ်ထဲက တိတ်တခိုး ဆုံးဖြတ်လိုက်ပါတယ်။
(၂)ရက်၊ (၃)ရက်ကြာတော့ ခင်ပွန်းဆီပြန်ဖို့ ပြင်ဆင်တာပေါ့။ ဘာရမလဲ၊ ကိန္နရီ ကိန္နရာ တစ်ညတာလေး ဝေးနေရတာ ခုနှစ်နှစ်လောက် ကြာတယ်ထင်တယ်လို့ ဆိုစကား ရှိသား မဟုတ်လား။ အခုလည်း ငါက ငါ့ခင်ပွန်းကို သတိရလို့ ပြန်ဖို့ ပြင်တာ တရားပါတယ်လေဟု သူ့ကိုယ်သူ အားပေးနေလေရဲ့။ အပြစ်မရှိကြောင်းထောက်ခံနေလေရဲ့။ ဒီမြင်ကွင်းကို မြင်သွား တဲ့ မိခင်က “ ဟဲ့…ဟဲ့သမီး ဒါက ဘယ်လိုဖြစ်တာလဲ။ ဆိုင်းမဆင့် ဗုံမဆင့် ပြန်တော့မလို့လား “ “ဟုတ်တယ်အမေ၊ သမီးသူ့ကို လွမ်းနေပြီ၊ ပြန်ခွင့်ပြုပါနော် “ ဟု အမေ့ထဲ မျက်နှာငယ်နှင့် ခွင့်ပန်တော့ " သြော်…သမီးရယ် ပြန်တော့ ပြန်ပါအေ။ အမေ ကြည်ဖြူပါတယ်။ ဒါပေမဲ့ ခင်ပွန်းဆီပြန်တာ လက်ချည်းပြန်လို့ မတော်ဘူး သိလား။ အမေ မုန့်ကြော်ပေးလိုက်မယ်၊ ဒီတစ်နေ့တော့ နေပါဦးကွယ်" ဟုတားသည်။ အေးလေ…တစ်နေ့နဲ့တော့ မထူးပါဘူး နေလိုက် ပါမယ်။ " အင်းပါ အမေရယ်၊ ဒါဆိုလည်း အမေ မုန့်ကြော်ပေးနော်"ဟု တောင်းဆိုလိုက်တယ်။
ဖြစ်ချင်တော့ မုန့်ကြော်ပြီးတဲ့အချိန်မှာ သူတို့အိမ်တံခါးဝမှာ ရဟန်းတော်လေးပါး ဆွမ်းရပ်တော် မှုလာတယ်။ သူ့အမေက မုန့်ကြော်အားလုံး ရဟန်းတော်တို့ကို မျှဝေလှူလိုက်ပါတယ်။ ဒါ့ကြောင့် သူနောက်တစ်နေ့ အမေ့အိမ်လေးမှာ ဆက်နေရတာပေါ့။ နော်ကနေ့ဆက်ပြီး မုန့်ကြော်၊ ရဟန်းများကြွလာလို့ လှူလိုက်ရပြန်တယ်။ ဒီလိုနဲ့ လေးရက်မြောက်နေ့မှာ သူ့ခင်ပွန်းက သူပြန်မရောက်လို့ နောက်အိမ်ထောင်ပြုသွားပြီလို့ သတင်းစကားကြားရပါပြီ။ အဲဒီသတင်းစကား သူ့နားထဲ သံချွန်နဲ့ထိုးဆွသလိုပါပဲ။
သူ့ခင်ပွန်း နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့ သတင်းစကား ကြားတဲ့အခါယူကျုံးမရဖြစ်ကာ သူလေ အရူးတစ်ပိုင်း မိန်းမရိုင်းကြီး ဖြစ်သွားပြီး။ သူအချိန်မီ ရောက်မသွားလို့သာ ခင်ပွန်း နောက်အိမ်ထောင်ပြုသွားတာ၊ အချိန်မီ မရောက်ရခြင်းဟာ ရဟန်းတော်လေးပါး နေ့တိုင်း မုန့် အလှူခံကြွလာလို့သာပဲဟု တရာခံ၇ှာပါတယ်။ တရားခံဟာ ရဟန်းတော်လေးပါးပဲဟု တစ်ထစ် ချ သူယုံမှတ်လိုက်ပြီ။ ဒါကြောင့် သူလေ ရဟန်းမြင်သမျှကို ဆဲရေးပြစ်တင် ပါတော့တယ်။ ရဟန်းတော်တွေလည်း သူ့ကိုကြောက်လို့ သူတို့အိမ်ကို မဆိုထားနဲ့ သူတို့လမ်းထဲတောင် မကြွ ရဲကြတော့ပါဘူး။
ဒီအကြောင်းကို ကြားသိတော်မှုတဲ့ မြတ်စွာဘုရားဟာ သူတို့အိမ်ကို ကြွတော်မှုပါတယ်။ သူ့အမေက ထိုမြတ်စွာဘုရားကို မြတ်မြတ်နိုးနိုး ခရီးဦးကြိုဆိုလို့ မြတ်မြတ်နိုးနိုး နေရာထိုင်ခင်းပေးပြိး ရှိခိုးပါတယ်။ မြတ်စွာဘုရားက သူ့ကိုမတွေ့လို့ မေးပါတယ်။ ဒီအခါ သူ့အမေက အကြောင်းစုံ လျှောက်ထားပါတယ်။ အကြောင်းအကျိုးကိုသိတဲ့ မြတ်စွာဘုရားဟာ သူ့ကို ခေါ်စေပါတယ်။ ပြီးတော့ " ချစ်သမီး..ငါဘုရားရဲ့သားတော် ရဟန်းတွေဟာ သူတစ်ပါး ပေးတာကိုသာ ယူတာလော၊ မပေးတာကို ယူတာလော"ဟု မေးပါတယ်။
ဒီတော့ သူက ဘာပြန်လျှောက်ထားသလဲသိလား။ "ရဟန်းတော်များဟာ ပေးလှူတာကိုပဲ ယူပြီး မပေးတာကို မယူပါဘူးဘုရား"…တဲ့လေ။ "ဆွမ်းခံကြွတဲ့အခါ သင်တို့ရဲ့ တံခါးဝမှာ ရပ်ပြီး ပေးလှူတာကိုသာ ယူတာဆိုရင် ငါ့သားတပည့် ရဟန်းတို့မှာ အပြစ်ရှိသလား"ဟု မေးမြန်းပါတယ်။ ဒီအခါမှာလည်း သူကလေ"အရှင်ဘုရားရဲ့သား တပည့်ရဟန်းတွေမှာ အပြစ်မရှိပါဘူးဘုရား " …လို့ ဖြေပြီး တပည့်တော်မကို အပြစ်မှ ချမ်းသာပေးပါလို့ လျှောက် ထားတယ်လေ။
ဒီလိုတောင်းပန် ကန်တော့မှသာ အပြစ်ကပြေပျောက်မှာကိုး။ ဘာကြောင့်လဲဆိုရင် သူဟာ ရဟန်းသားတော်တွေကို စော်ထားတာကြောင့်ပါ။ ရဟန်းအပေါင်းကို စော်ကားခြင်းဟာ သံဃာကို ပြစ်မှားတာ ဖြစ်လို့ပါပဲ။ ဘုရားရှင်က တောင်းပန်လျှောက်ထားတဲ့သူကို တရားစကား ပြောကြားပါတယ်။
" ချစ်သမီး…ဒါနဟာ ပေးသူ၊ ယူသူ နှစ်ဦးစလုံးရဲ့စိတ်ကို နူးညံသိမ်မွေ့စေပါတယ်။
- ဒါနဆိုတဲ့ ပေးကမ်းခြင်းဟာ ခရီးသွားတဲ့အခါ ရိက္ခာယုပ်ခြင်းနဲ့တူပါတယ်။
- သံသရာခရီးလမ်းမှာ လိုအပ်သလို ထုတ်ယူသုံးစွဲဖို့ လက်မှတ်တစ်စောင်နဲ့လည်း တူပါတယ်။
- ဒါနဟာ ဘ၀ဆက်တိုင်းမှာ အူမတောင့်ဖို့ မျိုးစေ့တစ်ခုပါ။
ဒါကြောင့် သင်ပေးလှူခဲ့တဲ့ မုန့်အလှူအတါက် ၀မ်းသာပါ ချစ်သမီး "လို့ ဒါနအကြောင်း မိန့်မြွက်ဟောကြားပါတယ်။
" ချစ်သမီး…ဒါနဟာ ကောင်းကျိုးအဖြာဖြာကို ပေးနိုင်သလို သီလဟာလည်း ကောင်းခြင်း တရားများစွာကို ပေးနိုင်ပါတယ်။ သီလနဲ့ ပြည့်စုံသူဟာ
- ဖြစ်လေရာ ဘ၀တိုင်းမှာ အသက်ရှည်မယ်။
- သီလဆောက်တည်ရခြင်းကြောင့် မိမိရဲ့စိတ်ကို ဖြူစင်စေပါတယ်။
- မိမိအနီးအနား ဆက်နွယ်သူမှန်သမျှကို ငြိမ်းချမ်းစေနိုင်ပါ။
ဒါနမှု၊ သီလမှုတွေကြောင့် လူ့ပြည် နတ်ပြည်မှာ အခါခါ ကျင်လည်ကျက်စားနိုင်ပါတယ်။ နတ်ပြည်မှာ ၀တ်စရာ၊ စားစရာ၊ နေစရာ အားလုံးဟာ အဆင်သင့်ပါပဲ။ ပူစရာမလိုဘူး ချစ်သမီး။ ဒါပေမဲ့ လူ့ပြည်ရောက်ရင် လူ့ခန္ဓာ၊ နတ်ပြည်ရောက်ရင်နတ်ခန္ဓာကို ရမှာပါ။ ရုပ်၊ နာမ်ဆိုတဲ့ သင့်ရဲ့ခန္ဓာငါးပါးတရားစုဟာ ဒုက္ခချည်းသက်သက်ပါ။ ရုပ်၊ နာမ်တရားတွေဟာ အမြဲမပြတ် ဖြစ်ပျက်နေလို့ မမြဲတဲ့သဘော အနိစ္စပါပဲ။ ဤခန္ဓာငါးပါး အနိစ္စတရားကို ချမ်းသာအောင် လုပ်ဆောင်ပေမဲ့ ဒုက္ခဆင်းရဲ သက်သက်ပါပဲ။ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ဟာ ငါ့အကြိုက်မလိုက် ဖြစ်ပြီး ပျက်နေလို့ အနတ္တဟုဆင်ခြင်ပါ။ သံသရာမှ ထွက်မြောက် ကြောင်းဖြစ်တဲ့ ဖြစ်ပျက်ကို မြင်အောင်ရူပါ။ လူ့ခန္ဓာလည်း သေရမှာ၊ နတ်ခန္ဓာလည်း သေရမှာပဲ"လို့ ဆုံးမပါတယ်။
ဘုရားရှင်ရဲ့ တရားအဆုံးအမတွေကို သူလေနားက တရားနာပြီးဥာဏ်က ခန္ဓာဘက်လှည့်ပြီး စောင့်ကြည့်ပါတယ်။ ပူတာကရုပ်၊ ပူတယ်လို့သိတာက နာမ်လို့ သိပါတယ်။ သဘောခန္ဓာ တွေကို ဥာဏ်နဲ့ရူပါတယ်။ ပစ္စုပ္ပန်ခန္ဓာကို သူတွေ့ပါတယ်။ ပစ္စုပ္ပန်ခန္ဓာဆိုတာ သဘောခန္ဓာ ပေါ့။ ဘုရားရှင်ရဲ့ အသံတော်က သူ့ရဲ့နားမှာ တွေ့ပါတယ်။ အဲဒီမှာ ကြားစိတ်၊ ကြားခန္ဓာလို့ သိပါတယ်။နားမှာပဲ အသံတွေဟာ ခုပေါ်(ခုဖြစ်) ခုပျက်နေကြောင်း ထိုးထွင်းသိပါတယ်။ ကြားခန္ဓာရဲ့ ဖြစ်ပျက်တွေ မဂ်ဂင်ငါးပါး ၀ိပဿနာဥာဏ်နဲ့ မြင်ပါတယ်။ ရုပ်၊ နာမ်တွေဖြစ်ပြီးပျက်နေတာ၊ ခန္ဓာတွေ ဖြစ်ပြီး ပျက်နေတာ မြင်လိုပါတယ်။
- ဖြစ်ပျက်တွေ မြင်ဖန်များတော့ သူမုန်းလာပါတယ်။
- မုန်းဖန်များတော့ ဖြစ်ပျက်တွေ အဆုံးကို တွေ့ပါတယ်။
- တစ်ကြိမ်မုန်း တစ်ကြိမ်ဆုံးတော့ သူလေ သောတာပန်တည်သွားပါတယ်။
- သူ သောတာပန်တည်တော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါတွင် ကြည်ညိုစေပြီး သောတာပန်တည်အောင် တရားဟောကာ လောကုတ္တရာ အမွေတွေ ပေးခဲ့ကြောင်း မိန့်ကြားတာပေါ့။
ဘုရားရှင်မိန့်ကြားသံကိုကြားရတဲ့ ကောသလမင်းကြီးလည်း သာသနာတော်ကို ကြည်ညိုတဲ့ မင်းဖြစ်တာကြောင့် သူ့ကို သမီးအဖြစ် မွေးစားပြီး လောကီစည်းစိမ်အမွေတို့ကို ပေးပါတယ်။ ပြီးတော့သူ့ကို အမတ်တစ်ဦးနဲ့ အိမ်ထောင်ချပေးပါတယ်။ ဒါဆိုရင် သူဟာ အရူံးထဲမှာ အမြတ် ရှာနိုင်ခဲ့တာပေါ့။
သူဟာ..
ပထမ မုန့်ကြော်များ ဆုံးရူံးရခြင်း၊
ဒုတိယ လင်ယောက်ျား ဆုံးရူံးရခြင်း၊
တတိယ သူနှင့်သံဃာများကို ပြစ်မှားမိခြင်းကြောင့် ကိုယ်ကျင့်တရားများ ဆုံးရူံးရခြင်း ဒါပေမဲ့ ဘုရားရှင်က တရားဟော ဆုံးမလို့
- ကာသလမင်းကြီးရဲ့ သမီးတော် အဖြစ်တည်၍ စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း၊
- အရာရှိအမတ် လင်ယောက်ျားကို ရရှိခြင်း၊
- ဒါနမှု၊ သီလမှုများ မငြိုမငြင်ပြုရခြင်း။
- ဘုရားရှင်ရဲ့သမီးအစစ် သောတာပန်အဖြစ်တည်ရခြင်း စတဲ့ အမြတ်တရားများ ထုတ်ယူနိုင်ခဲ့ပါတယ်။
တကယ်တော့ သူဆိုတာ ကာဏာဆိုတဲ့ အမျိုးသမီးလေးပါ။ သူ့အမေကတော့ ကာဏမာတာ လို့ခေါ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မြတ်စွာဘုရားသာဝတ္တိပြည်၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးပြီးသတ္တ၀ါတွေရဲ့ အကျိုးကို မျှော်ကိုး သာသနာပြုနေတဲ့ အချိန်က အဖြစ်အပျက် ကလေးပါ။
လောက်မှာ အမေကို သားသမီးတို့ရဲ့ ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုး မျှော်ကိုးဆောင်ရွက် ပေးတတ်တဲ့ အတုမရှိလို့ တင်စားကြပါတယ်။ ဒီဇာတ်လမ်းလေးထဲက ကာဏမာတာဟာ သမီး ကာဏာကို ပစ္စုပ္ပန်ဘ၀အတွက် ခင်ပွန်းကောင်းနဲ့ စည်းစိမ်တို့ကို ပေးခဲ့ပြီး။ သံသရာဘ၀ အတွက် သောတာပန်တွင် တည်စေခဲ့ပြီး။ ဒါတွေဟာ အမေကပေးတဲ့လက်ဆောင် (အမြတ်တရား) များပဲ မဟုတ်ပါလား။
(ဓမ္မပဒ-ပဏ္ဍိတ၀ဂ်၊ ကာဏမာတာဝတ္ထု)

Monday, February 9, 2009

ချစ်ဦးသစ္စာ...

click to comment
တစ်နယ်စီခြား
ဝေးကွာငြားလည်း
တမ်းတသူကို
မှန်းဆမိနေ
လေရှုးနှောက်မွှေ
သစ်ရွက်ကြွေစဉ်
မှန်းဆရော်ရည် မောင့်အချစ်တွေသည်
ဆူးတောပန်းပွင့်
မှတ်ယူတင့်၍
ခြောက်သွေ့ ကန္တာ
ဆင့်ဆင့်ကျော်ကာ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
နွေဦး ရောက်ခဲ့ပြန်လေပြီ....၊

အာကာခံပြင်း
ဒေါမာန်တင်း၍
မုန်တိုင်းတေးသံ
သောသောညံစဉ်
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
လှမ်းလင့်နွံအိုင်
တောကိုချိုင်၍
သားရဲ ရင်ဆိုင်
မရွံ့ ကြောက်နိုင်ပဲ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
မိုးသို့ရောက်ခဲ့ပြန်လေပြီ.....၊

ခြုံလွှာယှက် သိုင်း
မြူတွေဆိုင်း၍
ဝေ့ဝေ့သီမှုန်
ချမ်းသိမ့်တုန်စဉ်
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
ထီမထင်အား
နှင်းတောင်လွှား၍
ရေခဲမြစ်ပြင်
လက်ပစ်နှင်ကာ
မေ့ဆီအရောက်
မောင်လှမ်းလျှောက်မည်
ဆောင်းသို့တစ်ခေါက်
ရောက်လေပြီ.........၊

ရာသီစက်ဝန်း
အလီလီယွန်း၍
အိုမင်းရင့်ရော်
ခြောက်သွေ့သော်လည်း
မှန်းဆရော်ရည်
မောင့်အချစ်တွေသည်
နှောင်ထုံး ဖွဲ့ တည်
မေ့အတွက်ကိုသာရည်.....။

( အချစ်ကို ကဗျာသီ......
သူ့ကိုရည် ၍ ရော်ရည်တမ်းတ..
အိပ်ပျက်ညတွေ
များခဲ့ပါပြီ...........)

အချစ်=အချစ်..

click to comment
အချစ်အချစ်..
ချစ်တိုင်းချစ်၍
ချစ်လေချစ်လေ
ချစ်မပြေတည်း...
ဆားငန်ရေနောက်
ငတ်တိုင်းသောက်က
သောက်လေသောက်လေ
ငတ်မပြေသို့...
ပေမအရာ၊တဏှာဖွဲ့ရစ်
ထိုအချစ်လည်း
၊အပြစ်မမြင်
မဆင်ခြင်ဘဲ
ချစ်လျှင်ပျော်နိုး
ချစ်စပျိုးသည်
ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း။

"တိတ်တိတ်နေသူ"

click to comment

မောင်စံသည်နံနက်စောစော အိပ်ရာမှ ထလေ့ရှိသည်။ အိပ်ရာမှထပြီးနော်က တင်းတိမ်ကိုခြုံ ကာ မီးဖိုချောင်၌ ဆေးပေါ့လိပ်ကိုဖွာရင်း စိတ်ကူးဥာဏ်ထုတ်၍သာ နေလေ့ရှိ၏။
ယေက္ခမယောကျာ်းကြီးနှင့် မိန်းမကြိးသည်ကား ရခါစဖြစ်သောသားမက်ကို နံနက်တိုင်းအကဲ ခတ်လျက် အားတက်၍နေကြလေ၏။ “တော်လိမ့်မယ်ရှင်မရဲ့၊ စကားတော့ အင်မတန်ကြီးမ ပြောဘူး၊ ကြိတ်ကြံနေတဲ့ပုံပဲ” ဟု ယောက္ခမယောကျာ်းကြီးက ပြောလေ၏။
ယောကျာ်းကြီးက “အေး...ကုသိုလ်ပဲ၊ “လူပြောမသန်၊ လူသန်မပြော”တဲ့၊ တစ်ယောက်တည်း ကြိတ်ပြိးကြံတဲ့လူများဟာ မညံ့ဘူးနော်၊ ဒါနဲ့အလျင်ကတော့ မင်းကဘာလေးညာလေး ပြောသေးတယ်၊ ငါကလူကဲကြည့်ပြီး စီမံလိုက်တာ၊ မင်းကတော့ မီးပုံအလှော်ကောင်းလို့ ငါပါတယ်ထင်တာပေါ့။ အခုဘယ့်နှယ်ရှိစ ဒါမျိုးမှအဖိုးတန်ရုပ်ကတော့ နောက်ပိတ်နဲ့ ခေါင်း ပေါင်းနဲ့ဆိုရင် ပွဲစားရုပ်ပဲ၊ ဟင် မဟုတ်ဘူးလား”
“ပွဲစားဆိုတာ စကားများ ရတယ်တော့၊ တော့သားက စကားနည်းတာ”
“စကားများတိုင်း အသားပါတာမဟုတ်ဘူးကွယ်၊ တစ်လုံးပြောရင် ပြောသာလောက် အရာ ရောက်မှ စကားပြောကျိုးနပ်တာ၊ မင်းသားက ဒီလိုအစားမျိုးထဲက”
“ဟုတ်တယ်၊ ကျုပ်လဲအကဲခတ်ရက်ပဲ၊ မနက်တိုင်းစောစောထတယ်၊ စောစောထတာဟာ ၀ီရိယပဲ”
“၀ီိရိယလဲ ၀ီရိယပဲကွယ့်၊ လူဟာကြံပြီဆိုရင် အိပ်မနေနိုင်ဘူး၊ နိုးရတာမျိုး၊ သည်တော့အကြံ တွေ စိတ်ကူးတွေ များအားကြီးလို့ အိပ်ရာထဲမှာ မနေနိုင်ဘဲထပြီး၊ လူကြီးမိဘကို ကြောက်ရွံ့ရိုသေတဲ့စိတ်ကလဲ တစ်ဖက်မို့ မီးဖိုနားမှာချောင်ခိုပြီး စဉ်းစားတာပဲ”
“အင်း...အခုအိမ်ပေါ်ရောက်တာ တစ်လနီးပြီ၊ ကြံရက်ချည်းနေတာပဲ၊ ဘာများကြံသလဲ မသိ ဘူး”
“ဟုတ်တယ်၊ အကြံဘယ်လောက်ကောင်းစေကာမှု လက္ခဏာ မရှိတော့လဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေရတာပဲ၊ မိဘဆီမှာ ငွေကြေးတောင်းဖို့ဆိုလဲ ခက်နေတယ် ထင်ပါရဲ့”
“အကြံကောင်းရင် ငွေဘာအရေးကြီးသလဲကွယ့်၊ ငွေဆိုတာ ကြံဖို့စ်ဖို့ဟာပဲ၊ ငွေကိုစုထားလို့ ဘာလုပ်မှာတုန်း၊ ကိုယ့်သားသမက်ကို ကူလီစာရင် ငှားအလုပ်သမားလိုလဲမခိုင်းနိုင်ဘူးကွယ့်၊ သည်တော့ အကြံကောင်း အစည်ကောင်းရှိ၇င် ခန့်ခန့်ညားညား နောက်လိုက်နောက်ပါနဲ့ သွားလာကြံဖတ်နိုင်အောင်ငွေထုတ်ဖို့ရှိတာပဲ”
“မေးကြည့်ပါဦး၊ ဘယ်လိုအကြံများ ရှိသလဲဆိုတာ သိရအောင်”
“မေးမှဖြစ်မယ်၊ မင်းသားက ဗဟိုစည်လို တီးမှမြည်မယ့်လူစား၊ မတီးမမြည်ထဲက၊ ငါက ဒါမျိုးမှ သဘောကျတာ၊ သွက်ဟန်၊ ချက်ဟန်၊ တက်ဟန်နဲ့ ဟိုညံ့ညံ့ ဒီညံ့ညံ့ အကောင်မျိုးကို မကြိုက်ဘူး”
“အခုတော့ တော့အကြိုက်တွေ့ပါပြီ၊ သားသမက်ကောင်းရရင် လွှဲပြိးဥပုသ်သီတင်းစောင့် ပုတီးစိပ်နေတာပေါ့၊ လှေနဲ့တက်နဲ့အသင့်ပဲ”
နောက်တစ်နေ့နံနက် အဘိုးကြီးနှင့်အမယ်ကြီးသည်စောစောထလျက် သမက်ကို စောင့်၍နေ ကြလေ၏။
ထိုအခါ မိုးတစိမ့်စိမ့်ရွာသဖြင့် အတော်အေးသော နံနက်ဖြစ်လေ၏။
သမက်တော်မောင်လည်း အခါတိုင်းနည်းတူ ဆေးပေါ့လိပ်ကို ကိုက်ကာ တင်းတိမ်ကိုခြုံလျက် အိမ်ပေါ်မှဆင်း၍လာလေ၏။
အဘိုးကြီးနှင့်အမယ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် လက်တို့ကာ အရိပ်ကြည့်၍နေကြ လေ၏။ သို့ကြည့်နေခိုက်တွင် မီးဖိုထဲသို့ဆေးလိပ်ဖွာရင်း ၀င်၍သွားလေ၏။
မိုးဖိုမှာ နံနက်အာရုဏ်ဆွမ်းချက်ပြီးစမို့ နွေး၍နေလေ၏။ မောင်စံသည် အခါတိုင်းနည်းတူ မီးဖို မှာထိုင်လျက် မီးလှုံရင်း ဆေးလိပ်ကိုသာခဲ၍သောက်လျက် မီးဖိုကပြာတွေကို ၀ါးခြမ်းစနှင့် လိုးဆွနေလေ၏။
“ကိုင်း...ခေါ်လေ ရှင့်သားကို၊ ရှင်ပဲခေါ်ပါ”
“မင်းခေါ်ပါ၊ ငါကအင်မတန်ကြီး အရောဝင်လို့မကိုက်ဘူး”
“အမယ်လေးတော် ယောက္ခမနို့ သမက်မစို့ဝံ့သလို လုပ်မနေပါနဲ့၊ ခေါ်သာခေါ်ပါ”
အဘိုးကြီးသည် သက်မကြီးချပြီး“အဟမ်း” ဟုချောင်းဟန့်ပြီး “ဟေ့..မောင်စံလာပါဦးလား ကွယ်၊ မင်းအမေက ဟောဒီမှာ...”ဟု စကားတစ်ပိုင်းပြတ် ပြောလိုက်လေ၏။
အဘိုးကြိးသည် က္ကုနြေ္ဒကြီးသူဖြစ်သဖြင့် သမက်အား“ စတင်ရန်ခက်ပါဘိ” ဆိုသည့်စကားလို ဖြစ်၍နေလေရာ ထိုခေါ်ခြင်းသည် ပထမအရဲစွန့်၍ ခေါ်လိုက်ခြင်းဖြစ်လေ၏။
“ခင်ဗျာ”ဟု အသံသေးကလေးနှင့် မောင်စံကပြန်၍ထူးပြီး မီးဖိုမှ ထ၍လာလေ၏။
အဘိုးကြီးနှင့် အမယ်ကြီးရှေ့၌ ကျုံ့ကျုံ့ကလေးလာ၍ ထိုင်လေ၏။
အဘိုးကြီးက အမယ်ကြီးအား လက်ကုတ်ကာ“ဘယ့်နှယ်လဲ၊ ယောက္ခမမိဘမို့ ရိုသေရမှန်း၊ ကိုင်းညွတ်ရမှန်း သိလိုက်တာ၊ အခုကာလသားကလေးတွေနဲ့ မခြားဘူးလား”ဟု ပြောလေ၏။
“အေး...လောကမှာ အကြံနဲ့လူ၊ ဥာဏ်နဲ့လူမှ ဖေဖေတို့က သဘောကျတာ၊ အကြံကောင်းတစ် ချက်တဲ့၊ ငွေကြေးဆိုတာကြံဖို့ စည်ဖို့ထားတာ။ လုပ်ချင်ကိုင်ချင် ကြံစည်ချင်ရင် အားမနာနဲ့၊ ဘားမှရှက်ကြောက်နေဖို့ မရှိဘူး။ ဖေဖေတို့ကလဲ အသက်အရွယ်ကြီးကြပြီ ကြံသမဆစည်သ မျှလဲ မင်းတို့ဖို့ပဲ၊ ပြောသာပြော၊ မင်းမနက်တိုင်း စိတ်အိုက်နေတာကို မြင်ရတာ ငါတို့မသက် သာဘူး”
မောင်စံသည် ပြောရမျာ ခက်သည့်အမှုအရာနှင့် မျက်နှာအောက်ချလျက် “မပြောပါရစေနဲ့ဦး ဖေဖေရယ်၊ ကြံတော့ ကြံတာပဲ၊ စဉ်းစားပါရစေဦး”ဟု ပြန်၍ပြောလေ၏။
အမေကြီးက “ဘာများခက်စရာရှိနေလို့လဲကွဲ့၊ တယ်လဲအားနာတတ်တာကိုးကွဲ့။ ပြောသာ ပြောပါ၊ အကြံရှိလို့ မင်းစဉ်းစားမရရင် အမေတို့လဲကူပြီး စဉ်းစားရတာပေါ့။ ပြောသာပြောပါ”
“သည်းခံပါ အမေရယ် တဖြည်းဖြည်းတော့ သိရမှာပါ။ အခုတော့ စောလဲစောပါသေးတယ်”
ဤကဲ့သို့ သုံးလေးရက်ကြာ၍ သွားသောအခါ အမယ်ကြီးက“မင်းတို့အကြံကောင်းရှိလို့ လုပ်ကိုင်ဖြစ်ထွန်းရင် ငါတို့ကိုပေးရမှာစိုးလို့ မပြောတာလား၊ စိုးရင်မင်းတို့ဘာသာ လုပ်တာပေါ့၊ ငွေဘယ်လောက်လိုတယ်ဆိုတာသာပြော”ဟု အမယ်ကြီးက ပြောလေ၏။
အဘိုးကြီးက“မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့ ကရင်စကားလို ထင်ပါရဲ့ကွယ်၊ လောကမှာ အဲဒီလိုလျှို့ဝှက်တာလဲ ကောင်းတာပဲကွဲ့၊ ဒီလူမျိုးမှ ကြီးပွားတာ၊ အကြံကိုလူတွေ့တိုင်းပြော သူတွေဟာ အပြောနဲ့ပြိးတာပဲ”
ထိုကဲ့သို့ သုံးလေးရက် ဆက်လက်၍ အဘိုးကြီးနှင့် အမယ်ကြီးက ပြောသောအခါ မောင်စံမှာ ဆက်လက်၍လျှို့ဝှက်စွာ မထားနိုင်တော့သည်ဖြစ်ရကား အကြံကို ထုတ်ဖွင့်ကာ...
“ဖေဖေတို့ ဒီလောက်တောင် သိချင်သလား၊ ကျွန်တော်အကြံက ငွေကြေးမကုန်ကျပါဘူး”
“မကုန်ကျဘဲနဲ့ဖြစ်နိုင်ရင် အတိုင်းထက် အလွန်ပေါ့ကွယ်၊ ပြောစမ်းပါဦး ဘယ်လိုအကြံမျိုးများ လဲ၊ ဖေဖေတို့ကရှေးကျကုန်ပြီ၊ မင်းတို့က ကာလဥာဏ်မီတယ်၊ ငွေရင်းမစိုက်ဘဲဖြစ်ထွန်းနိုင် တာဆို၇င် လူစွမ်းလူစလိုတာပေါ့၊ ပြောပါဦးလကွဲ့” ဟု အဘိုးကြီးက ပြော၏။
အမယ်ကြီးက “အေးကွယ်...ပြောစမ်းပါဦး၊ လူစွမ်းရင် ငွေထက်အဖိုးတန်တာပေါ့၊ ခိုးဝှက်လု ယက်တာမျိုးတော့ မဟုတ်ပါဘူး ထင်ပါရဲ့”
“မတော်တာအမေရယ်...ကျွန်တော်ဒါမျိုးမဟုတ်ပါဘူး၊ သူတစ်ပါးပစ္စည်းဆိုရင် စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး”
“အေး..ဒါမျိုးမှ ငါတို့က သဘောကျတယ်ကွဲ့၊ ငါတို့က ရိုးရိုးလုပ်ကိုင်ရှာဖွေ ဖြစ်သင့်သလောက် ဖြစ်ထွန်းလာခဲ့ကြပြီ။ သူတစ်ပါးပစ္စည်း ဘာလုပ်ဖို့လဲ၊ ကိုင်း...ငါ့သားအကြံပြောစမ်းပါဦး”
“ဖေဖေတို့ကလဲ တယ်သိချင်တာကိုး၊ သိချင်လို့မေး၊ ပြောရတော့မှာပဲ”
“အေးကွယ်...ပြောလိုက်စမ်းပါ“ဟု အမယ်ကြီးက အားတက်စွာပြောပြီး သမက်၏မျက်နှာကို ကြည့်လျက် နေလေ၏။
မောင်စံ... “အဟမ်း...ကျွန်တော် ကြံတာက တခြားတော့ မဟုတ်ပါဘူး အမေ”
အဘိုးကြီး... “ဘယ်လိုဆိုတာ သိရအောင်”
မောင်စံ...“အခုလို အရမ်းအေးလှတဲ့ မိုးတွင်းအခါများမှာ”
“အေးအေး..ဆိုစမ်းပါဦး”
“အခုလို မနက်စောစော မိုးရွာခိုက်မှာ”
“အေး...ဆိုစမ်းပါဦး”
မောင်စံ...“ကျွန်တော့် စိတ်ကူးကို ပြောတာနော်”
“အေးအေး...ပြောပါလကွဲ့”
မောင်စံ...“ကျွန်တော့်စိတ်ကူးတာတော့ အခုလိုမနက်စောစော မိုးရွာခိုက်မှာ စောင့်ခြုံပြီး ထမင်းရည်ပူပူကလေးကို ဆားခပ်သောက်ရရင် အင်မတန် ကောင်းမှာပဲလို့ စိတ်ကူးနေတာပါ ဖေဖေရဲ့”ဟု ပြန်၍ပြောလေ၏။
ထိုအခါကျမှ ယောက္ခမကြီးနှစ်ယောက်မှာ ငိုလည်းငိုချင် ရယ်လည်းရယ်ချင်ဖြစ်လျက် ငြိမ်သက်စွာ မထိုင်နိုင်ဘဲ အိမနောက်ဖေးသို့ ဆင်း၍ပြေးကြလေ၏။
အမယ်ကြီး...“ကိုင်း..ဘယ့်နှယ်ရှိစ၊ ကျုပ်အစကမေပြောလား”
“မပြောတတ်ပါဘူးကွယ်၊ ဟိုကောင်မ အလှော်ကောင်းတာနဲ့ ငါလဲ...”
“လူကဲခတ်တတ် တယ်ဆို...လူကဲ ခတ်ကောင်းကြီး၊ အခုဘုရား အလောင်းနဲ့ တွေ့ပြီးပွဲစားရုပ်၊ တယ်တော်တယ်...တော့ အတတ်”ဟုပြောပြီး မီးဖို သို့ဝင်ကာဈေးခြင်း ကိုဆွဲပြီး ခြေကိုဆောင့်၍ နင်းကာ ဈေးသို့သွား၍ ဆန်ဝယ်ရရှာလေ တော့သည်။

စိတ်နှလုံးယဉ်ကျေးခြင်း
ကိုယ်အမှုအရာ နှုတ်အမှုအရာ ရိုင်းစိုင်းခြင်း တိုတောင်းခြင်းသည် မရှိစေရ။ သို့သော်လည်း အောကျို့ခယ၊ ၀ပ်တွားခြင်းထက် တိုတောင်းခြင်းက တော်သေး၏။
တစ်ဖက်သားကု လွန်စွာအရိုအသေပေးခြင်းသည်မြှောက်ပင့်ခြင်း ဖြစ်လေရာ ရှုတ်ချဖွယ်ရာ ကောင်းသော အမှုအရာ ဖြစ်လေသည်။
“မှန်ပါပေးမယ်။ ဟုတ်ပါပေတယ်။ အမိန့်တော်အတိုင်းခင်ဗျာ” စသည့်စကားမျိုးနှင့် ကုန်းခြင်း၊ ကွခြင်း၊ ရှစ်ခိုးဦးညွှတ်တော့ မလိုရပ်ခြင်းသည် ရှေးခေတ်နှင့် ရှေးလူကြီးများ၏စိတ်၌ “လူလိမ္မာသား ယဉ်ပါသည်” ဟုပြောကာ ချီးမွမ်းကြသော်လည်း ယခု ကျွန်ုပ်တို့ခေတ်မှာကား ယောက်ျားမပီ၊ လူမလီလူညာ၊ တကယ့်နေရာ၌ လူရာမ၀င်လူမျိုးဖြစ်လေသည်။
ယခုခေတ်လူများသည် လွန်စွာယဉ်ကျေး၍ စိတ်သဘောကြီးကြ၏။ ပရိသတ်အလယ်တွင် တစ်စုံတစ်ယောက်၌ အပြစ်ပင်ရှိစေကာမှု ရူတ်ချခြင်း၊ ကဲ့ရဲ့ခြင်း လျောင်ရယ် ပြောင်ရယ် ပြုခြင်းများကို မလိုလား မနှစ်သက်ကြပေ။
ရှေးအခါက ပရိသတ်ဗိုလ်ပုံအလယ်၌ တစ်စုံတစ်ယောက်သည် မယဉ်ကျေးသော အမှုကိုပြုမိ သည်ဖြစ်စေ၊ စကားအသုံးအနှုန်းရိုင်းသည့်အခါဖြစ်စေ၊ လူကြီးလူကောင်း ထေရ်ကြီး ၀ါကြီးများ ဟုပင် အကြင်နာပြုံး၊ အခွင့်လွှတ်ပြုံး၊ ၄င်းနည်းမျိုးဖြင့် ပြုံးရယ်ကာ မှားသူကို သေးသိပ်အောင် ပြုတတ်ကြလေသည်။
“မသိရှာလို့ဘဲ နားမလည်လို့ပါ”ဟူသောစကားမျိုးဖြင့် ရယ်မောတတ်ကြ၏။ ယခုအခါ၌ကား ထိုကဲ့သို့ မပြောဘဲ အမှားကိုပင် မထင်ပေါ်စေရအောင် လိုက်လျောတတ်ကြလေသည်။
အချို့သောသူများသည် ရှေးနည်းအတိုင်း ပြောဆိုသုံးနှုန်းကြရာ ယခုခေတ်လူများသည် မနှစ်သက်စေကာမှု အပြစ်ဆိုလေ့မရှိကြပေ။ သို့အတွက် မိမိတို့နည်းလမ်းကို ကောင်းသည်မှတ်ထင်၍ နေကြလေသည်။
လူတစ်ဖက်သား၏စိတ်နှလုံးကို မသက်သာအောင် မပြုရ။ အောက်ကျို့လွန်းခြင်းသည် မကောင်းပေ။ လူပလီမျိုး၏ အကျင့်ယုတ်မျိုးနှင့် တူလေသည်။
နားထောင်သင့်သူတို့ကား ရိုးမှန်သောစိတ်နှင့် ပေါ့ပါးလျင်မြန်စွာ အမိန့်ကိုနာယူဆောင်ရွက်ရ မည်။ အမိန့်ကို ကောင်းစွာနာခံတတ်မှ အမိန့်ပေးသူ၏အဖြစ်သို့ ရောက်နိုင်၏။ တပည့်ကောင်း ဖြစ်မှ ဆရာကောင်း ဖြစ်နိုင်လေသည်။ အမိန့်ကိုသုန်မှုန်စွာ နားထောင်သူသည် ကျွန်နှင့်တူ၏။ ရွှင်လန်းကြည်ဖြူစွာနားထောင်တတ်သူသည်ကား သားသမိးကောင်းတပည့်ကောင်းနှင့်တူ၏။
တစ်ရံသောအခါ မြို့လှမင်းဓမ္မာရုံတစ်ခု၍ လူကြီးလူကောင်းများစကားပြောနေကြစဉ် ယော က်ျားပျိုတစ်ယောက် လက်တစ်ဖက်၌ ကျောက်နီလက်စွပ်နှစ်ကွင်းကို ဆင့်၍၀တ်၏ ထိုအခါ၌ ထင်ရှားသော မင်းလှမြို့သူဌေးဦးမှိုသည် လူကြီးများအထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်၏။ ဦးမှိုက ၄င်းယောကျာ်းပျိုကို သေချာစွာကြည့်ပြိး “မင်းဘာဖြစ်လို့ လက်စွပ်နှစ်ကွင်းဆင့် ၀တ်ရသလဲ၊ ဘာအကြောင်းရှိလို့လဲ၊ အခုချွတ်ပစ်လိုက်” ဟုပြောရာ ၄င်းယောကျာ်းပျိုက “ကျွန်တော်မသိလို့ မှားမိတယ် ဘကြီးရယ်” ဟုပြောကာ လက်စွပ်များကို ကပျာကယာချွတ် ပြီး အိတ်ထဲသို့ထည့်၍ထားလိုက်၏။
ဦးမှိုအား“ဤသူငယ်နှင့် ဘာတော်သလဲ”ဟုအခြားလူကြီးတစ်ယောက်က မေးကြည့်ရာ “ဘားမှမတော်ပါ”ဟု ဦးမှိုကပြန်၍ ပြောလေသည်။ ထိုယောကျာ်းပျိုကျေးတောသားကလေးမှာ လျင်မြန်ကြည်ဖြူစွာနာခံသည့်အတွက်ကြောင့် အခြားလူကြီးလူကောင်းများ၏ ချီးမွမ်းခြင်းကို ခံရလေသည်။ မလိမ္မသူ ဖြစ်ချေက“ခင်ဗျားနှင့်ဘာဆိုင်သလဲဗျာ၊ ကျွန်တော့်မှာ ရှိလို့ဝတ်တာ” ဟု ပြန်၍ပြောကောင်းပြောပေလိမ့်မည်။ လိမ္မာသောယောကျာ်းပျိုသည်ကားဤသို့မပြော။ ကျေးဇူးတင်သော အမှုအရာနှင့်လျင်မြန်စွာ နားထောင်လိုက်လေသည်။

" စိတ်နှလုံးယဉ်ကျေးခြင်း "

click to comment

ကိုယ်အမှုအရာ နှုတ်အမှုအရာ ရိုင်းစိုင်းခြင်း တိုတောင်းခြင်းသည် မရှိစေရ။ သို့သော်လည်း အောကျို့ခယ၊ ၀ပ်တွားခြင်းထက် တိုတောင်းခြင်းက တော်သေး၏။
တစ်ဖက်သားကု လွန်စွာအရိုအသေပေးခြင်းသည်မြှောက်ပင့်ခြင်း ဖြစ်လေရာ ရှုတ်ချဖွယ်ရာ ကောင်းသော အမှုအရာ ဖြစ်လေသည်။
“မှန်ပါပေးမယ်။ ဟုတ်ပါပေတယ်။ အမိန့်တော်အတိုင်းခင်ဗျာ” စသည့်စကားမျိုးနှင့် ကုန်းခြင်း၊ ကွခြင်း၊ ရှစ်ခိုးဦးညွှတ်တော့ မလိုရပ်ခြင်းသည် ရှေးခေတ်နှင့် ရှေးလူကြီးများ၏စိတ်၌ “လူလိမ္မာသား ယဉ်ပါသည်” ဟုပြောကာ ချီးမွမ်းကြသော်လည်း ယခု ကျွန်ုပ်တို့ခေတ်မှာကား ယောက်ျားမပီ၊ လူမလီလူညာ၊ တကယ့်နေရာ၌ လူရာမ၀င်လူမျိုးဖြစ်လေသည်။
ယခုခေတ်လူများသည် လွန်စွာယဉ်ကျေး၍ စိတ်သဘောကြီးကြ၏။ ပရိသတ်အလယ်တွင် တစ်စုံတစ်ယောက်၌ အပြစ်ပင်ရှိစေကာမှု ရူတ်ချခြင်း၊ ကဲ့ရဲ့ခြင်း လျောင်ရယ် ပြောင်ရယ် ပြုခြင်းများကို မလိုလား မနှစ်သက်ကြပေ။
ရှေးအခါက ပရိသတ်ဗိုလ်ပုံအလယ်၌ တစ်စုံတစ်ယောက်သည် မယဉ်ကျေးသော အမှုကိုပြုမိ သည်ဖြစ်စေ၊ စကားအသုံးအနှုန်းရိုင်းသည့်အခါဖြစ်စေ၊ လူကြီးလူကောင်း ထေရ်ကြီး ၀ါကြီးများ ဟုပင် အကြင်နာပြုံး၊ အခွင့်လွှတ်ပြုံး၊ ၄င်းနည်းမျိုးဖြင့် ပြုံးရယ်ကာ မှားသူကို သေးသိပ်အောင် ပြုတတ်ကြလေသည်။
“မသိရှာလို့ဘဲ နားမလည်လို့ပါ”ဟူသောစကားမျိုးဖြင့် ရယ်မောတတ်ကြ၏။ ယခုအခါ၌ကား ထိုကဲ့သို့ မပြောဘဲ အမှားကိုပင် မထင်ပေါ်စေရအောင် လိုက်လျောတတ်ကြလေသည်။
အချို့သောသူများသည် ရှေးနည်းအတိုင်း ပြောဆိုသုံးနှုန်းကြရာ ယခုခေတ်လူများသည် မနှစ်သက်စေကာမှု အပြစ်ဆိုလေ့မရှိကြပေ။ သို့အတွက် မိမိတို့နည်းလမ်းကို ကောင်းသည်မှတ်ထင်၍ နေကြလေသည်။
လူတစ်ဖက်သား၏စိတ်နှလုံးကို မသက်သာအောင် မပြုရ။ အောက်ကျို့လွန်းခြင်းသည် မကောင်းပေ။ လူပလီမျိုး၏ အကျင့်ယုတ်မျိုးနှင့် တူလေသည်။
နားထောင်သင့်သူတို့ကား ရိုးမှန်သောစိတ်နှင့် ပေါ့ပါးလျင်မြန်စွာ အမိန့်ကိုနာယူဆောင်ရွက်ရ မည်။ အမိန့်ကို ကောင်းစွာနာခံတတ်မှ အမိန့်ပေးသူ၏အဖြစ်သို့ ရောက်နိုင်၏။ တပည့်ကောင်း ဖြစ်မှ ဆရာကောင်း ဖြစ်နိုင်လေသည်။ အမိန့်ကိုသုန်မှုန်စွာ နားထောင်သူသည် ကျွန်နှင့်တူ၏။ ရွှင်လန်းကြည်ဖြူစွာနားထောင်တတ်သူသည်ကား သားသမိးကောင်းတပည့်ကောင်းနှင့်တူ၏။
တစ်ရံသောအခါ မြို့လှမင်းဓမ္မာရုံတစ်ခု၍ လူကြီးလူကောင်းများစကားပြောနေကြစဉ် ယော က်ျားပျိုတစ်ယောက် လက်တစ်ဖက်၌ ကျောက်နီလက်စွပ်နှစ်ကွင်းကို ဆင့်၍၀တ်၏ ထိုအခါ၌ ထင်ရှားသော မင်းလှမြို့သူဌေးဦးမှိုသည် လူကြီးများအထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်၏။ ဦးမှိုက ၄င်းယောကျာ်းပျိုကို သေချာစွာကြည့်ပြိး “မင်းဘာဖြစ်လို့ လက်စွပ်နှစ်ကွင်းဆင့် ၀တ်ရသလဲ၊ ဘာအကြောင်းရှိလို့လဲ၊ အခုချွတ်ပစ်လိုက်” ဟုပြောရာ ၄င်းယောကျာ်းပျိုက “ကျွန်တော်မသိလို့ မှားမိတယ် ဘကြီးရယ်” ဟုပြောကာ လက်စွပ်များကို ကပျာကယာချွတ် ပြီး အိတ်ထဲသို့ထည့်၍ထားလိုက်၏။
ဦးမှိုအား“ဤသူငယ်နှင့် ဘာတော်သလဲ”ဟုအခြားလူကြီးတစ်ယောက်က မေးကြည့်ရာ “ဘားမှမတော်ပါ”ဟု ဦးမှိုကပြန်၍ ပြောလေသည်။ ထိုယောကျာ်းပျိုကျေးတောသားကလေးမှာ လျင်မြန်ကြည်ဖြူစွာနာခံသည့်အတွက်ကြောင့် အခြားလူကြီးလူကောင်းများ၏ ချီးမွမ်းခြင်းကို ခံရလေသည်။ မလိမ္မသူ ဖြစ်ချေက“ခင်ဗျားနှင့်ဘာဆိုင်သလဲဗျာ၊ ကျွန်တော့်မှာ ရှိလို့ဝတ်တာ” ဟု ပြန်၍ပြောကောင်းပြောပေလိမ့်မည်။ လိမ္မာသောယောကျာ်းပျိုသည်ကားဤသို့မပြော။ ကျေးဇူးတင်သော အမှုအရာနှင့်လျင်မြန်စွာ နားထောင်လိုက်လေသည်။

" မြန်မာအမျိုးသမီးများ၏ ပင်ကိုယ်သဘာဝ "

click to comment

မြန်မာအမျိုးသမီးများ၏ အလှစံချိန်ကို လောကနီတိကျမ်းက အချက်ရှစ်ချက်ဖြင့် စံအဖြစ် သတ်မှတ်ထားရာ သဘာဝအလှရှစ်ပါးတွင် အသားအရေကောင်းခြင်း၊ သမင်မျက်စိကဲ့သို့ ကြည်လင်သော မျက်လုံးရှိခြင်း၊ သေးငယ်သောခါး၊ သွယ်လျသောပေါင်တံ၊ ကောင်းသောဆံ ပင်၊ ညီညာသောသွား၊ တွင်းနက်သောချက်၊ မြင့်မြတ်သော ကိုယ်ကျင့်တရားတို့ ပါဝင်လေ သည်။ သို့ရာတွင် ဤစံချိန်အတိုင်းပြည့်စုံမှ အလှဟုခေါ်ရမည်ဆိုလျှင် တရားမျှတရာမရောက် နိုင်ပေ။ မျက်စိအားနည်းသူ ပါဒရက်သမားများ မလှတော့ပြီလော။ သွားခေါသူများ အလှစံချိန် မမီတော့ပြီလော။ စောဒကတက်စရာများ ပေါ်လာမည်ဖြစ်ပါသည်။ အမျိုးသမီး၏ သေးငယ် သောခါးကို အပြင်မှအကဲခတ်နိုင်သော်လည်း ၀မ်းဗိုက်ရှိချက်၏ အတိမ်အနက်ကိုမှု မည်သို့ မြင်နိုင်ပါနည်း။ လောကနီတိဆရာကြီးအား ယနေ့လူငယ်ထုက အမေးအဖြေလုပ်လိုကြမည်မှာ မလွဲပါ။ အများသဘောတူထောက်ခံကြမည့် အချက်တစ်ခုကား ၇ှိသည်။ ၄င်းမှာ မြန်မာအမျိုး သမီးများ၏ ဆံပင်ပင်ဖြစ်ပါသည်။
မြန်မာလူမျိုးများသည် ဆံပင်ကို အမြတ်တနိုးထားသူများဖြစ်၏။“ က္ကုတ္ထိယမှု ရူပါကောင်းလျက် ဆံထုံးဖျက်”ဆိုသည့်အတိုင်း ဆံပင်ကို အမျိုးမျိုးထုံးနှောင်ရစ်ဖွဲ့လာခဲ့ကြသည်။ ဆံပင်နှင့် မျက်နှာပုံပန်း အချိုးအစားအဆင်ပြေမှုမရှိလျှင် အလှပျက်တက်သည်ဖြစ်ရာ လိုအပ်သော ပစ္စည်းကိရိယာ နံ့သာဆီမွှေးများနှင့်တွဲဖက်၍ သုံးလာခဲ့ကြသည်။ အထွတ်အထိပ် ဦးခေါင်း တွင်ပေါက်သည့်အတွက်တည်း“ဦးသျှောင်ဆံကျင်”ဟု တင်စားထားကြခြင်းဖြစ်သည်။ ဘုရား ရှင်၏ဆံတော်ကိုကိုးကွယ်ကြသော အစဉ်အလာမှာ မြင့်မြတ်ခြင်းကြောင့်ဖြစ်သည်။
“စံပယ်တဲ့လေးရုံ၊ ပျိုတို့မောင် မပန်ထိုက်တယ်၊ ပန်းပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် အငုံဖြင့်ကျန် သေး၊ ပန်ချင်သူ ပျိုမောင်ထွေးရယ်၊ ခေါင်းဖြီးခဲ့လေး” ဟူသော လေးဆစ်၌ ဘုရားလေးဆူအား မဖူးမြော်ထိုက်၍ ဘုရားမပွင့်သော ပန်းပြတ်ခိုက်ကာလနှင့် ကြုံနေရသော်လည်း အရိမေတ္တယျ တည်းဟူသော အငုံတစ်ငုံကျန်သေးသည့်အတွက် ပန်လို၊ ခူးးလိုသူများသည် ခေါင်းဖြီး၍ အဆင်သင့်စောင့်နေရမည်ဟူသော ဆံပင်နှင့်ပတ်သက်သည့် တင်စားချက်လည်းရှိခဲ့ပါသည်။
ဆံပင်ကောင်းခြင်းသည် အလှတစ်ပါးဖြစ်၍ ဆံပင်ကောင်းစေရန် အချို့က တံမြက်စည်းများ လှူကြသည်။ ဆံပင်ကောင်းသူကို ကေသာဝတီ၊ မြကေသာ စသည်ဖြင့်ဂုဏ်ယူကာ မှည့်ခေါ် ကြသည်။ သုံးတောင်ထွာကြော့၊ ကော့ကေခိုင်ကို ပိတုံးရောင်နှင့် နှိုင်းကြသည်။ ဆံကေသာ ရှည်စေရန် အတွက်လည်း တရော်ကင်ပွန်းဖြင့်လျှော်၍ ပဲနံ့သာစေ့ကို လျှော်ပြီးထည့်သော ဆီမွှေးကို လိမ်းကြသည်။
ဦးရေအေး၍ ရှင်းသန့်စေရန် ဆန်ဆေးရေးနှင့် ဆွတ်ကြသည်။ ဆံပင်မကျွတ်စေရန် အမဲဆီပါ သော ဆပ်ပြာများကို သုံးစွဲခြင်းမပြုကြ။ စံပယ်ဆီ၊ ဒေါနဆီ၊ လေးတရာဆီများကို နန်းတွင်းသူ တို့က သုံးကြသည်။ ပန်းပေါင်းထုပ်၊ ပန်းဝတ်ဆံခဲများကိုသွေး၍ လူးကြသည်။ ခဲနှင့် ငရဲမီးပါ သော မျက်နှာချေးများကို ရှေးအမျိုးသမီးများက အသားအရေပျက်မည်စိုး၍ မလိမ်းကျံကြပါ။ ဤမျှစည်းကမ်းရှိခဲ့ကြပါသည်။
ယခုခေတ်ကဲ့သို့ အလှပြင်နည်း အသုံးအဆောင် တန်ဆာပလာများ မပါစေကာမှု လှပလိမ်း ခြယ်မှု၌ အလွန်စည်းကမ်းကြီးခဲ့ကြပါသည်။ အလှပြင်ခြင်းသည် အမျိုးသမီးတိုင်း၏ တာဝန်ဖြစ် ၍ အလှခြယ်သနည်း၊ အလှပြင်နည်းအပြင် အလှကို ထိန်းသိမ်းနည်းပါ နားလည်ရမည်ဖြစ်ပါ သည်။ ရှေးခေတ်မြန်မာအမျိုးသမီးများသည် အလှပြုပြင်ရာ၌ ယခုထက်ပို၍ စေ့စပ်သေချာ စိတ်ရှည်ကြသူများလေသည်။
ညက်ညောသော ကျောက်ပြင်ချောလေးနှင့် သနပ်ခါးတုံးကို အဖော်ပြုကာ ငယ်စဉ်မှစ၍ အလှ ပြင်လာကြသည်။ ရေကောင်းရေသန့်နှင့် ဖော့ဖောလေးသွေးပြီး နုထွားသောပါးပြင်ပေါ်ဝယ် လက်ညှိုးလေးဖြင့် ညင်ညင်သာသာ လိမ်းခြယ်မှုံသလေ့ရှိကြသည်။
ဆံကေသာကိုလည်း တစ်ပင်တလေမျှ လွင့်ထောင်မနေစေရန် ပိပိရိရိဖြီး၍ ပြောင်လက်စေကြ သည်။ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဆံပင်ကို ကျော့နေအောင်ရစ်ပတ်ထုံးပြီးသား မြင်တွေ့ရ သည်။ ထဘီကိုလည်း ခါးတစ်ဖက်အရိုးဖုံးသည်အထိ ချပ်ချပ်ရပ်ရပ် ရစ်ပတ်ဝတ်တဆင်လေ့ရှိ သည်။ လူသူလေးပါးရှေ့၌ ထဘီတဖြန့်ဖြန့်သတ်ခြင်းကား အကျည်းတန်ဆုံးဟု ယူဆကြ သည်။
အိမ်ထောင်အလုပ်ဖြင့် ချက်ပြုတ်၊ ဖွတ်လျှော်၊ လှည်းကျင်း၊ ချုပ်လုပ်တာဝန်များ ရှုပ်လင့်ကစား မပျင်းရိဘဲ မိမိတို့ကိုယ်ကို သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြုပြင်ထားလေ့ရှိကြသည်။ အိမ် ထောင်တာဝန်ကို ထမ်းဆောင်ရင်းနှင့်ပင် ဧည့်ဝတ်စောင်ဝတ်၊ ရတနာသုံးပါးဝတ်၊ သားသမီး။ မိဘ၀တ္တရားများကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကြသည်။ အလုပ်များသည်၊ ပင်ပန်းသည် ဟု ဆင်ခြေပေးလေ့မရှိကြ။ ကိုယ်ကိုလည်း အလှမပျက်စေဘဲ အိမ်ကိုလည်းသပ်ရပ်အောင် ပြုပြင်ထားကြသည်။
ကိုယ်ဟန်အမှုအရာ၊ နှုတ်အမှုအရာနှင့်ပတ်သက်၍လည်း သိမ်မွေ့မှုကို ဦးစားပေးလေ့ရှိကြ သည်။ အော်ကြီးဟစ်ကျယ်ပြောဆိုခြင်း၊ နှုတ်ကြမ်းခြင်းများကို လူကြီးများက ခွင့်မပြုပေ။ ခြေနင်းကြမ်းသည်ကိုပင် မကြိုက်ကြ။ သိမ်သိမ်မွေ့မွေ့ လူကြီးသူမများအား ဂုဏ၀ယ ၀ုဒ္ဓိ အလိုက် ရိုသေကိုင်းရိုင်းတက်အောင် ငယ်စဉ်ကစ၍ ဆုံးမသွန်သင် ပဲ့ပြင်ခြင်းခံခဲ့ကြရလေ သည်။
“ယောက်ျားပျင်း ကျောခင်း၊ မိန်းမပျင်း ခြေဆင်း” စကားဖြင့်လည်း အမျိုးသမီးလေးများအား ဆုံးမလာခဲ့ကြသည်။ သပ်ရပ်စွာ ၀တ်စားဆင်ယင်နည်း၊ စနစ်တကျ အိမ်ထောင်ထိန်းသိမ်း နည်းတွင် စည်းကမ်းလိုက်နာမှသာ မိန်းမကောင်းပီသမည်ဟု ယူဆခဲ့ကြလေသည်။ အလုပ်နှင့် လက်မပြတ်အောင် လှုပ်ရှားသွားလာနေခဲ့ကြ၍လည်း ရှေးခေတ်အမျိုးသမီးများမှာ အရပ်အ မောင်း လွန်စွာ မမြင့်မားစေကာမှု ခန္ဓာကိုယ်အချိုးအဆင်ပြေပြစ်၍ ကျော့ရှင်းကြသည်ကို တွေ့ရပေသည်။ ရှေးခေတ်က ထိုင်မသိမ်း လက်ပျက်အင်္ကျီနှင့် နံကွဲထဘီများမှာ သူတို့၏ လုံးကျစ်သောငါးရံ့ကိုကလေးများနှင့် လွန်စွာအဆင်ပြေနေလေသည်။
တစ်သက်နှင့်တစ်ကိုယ် မျက်နှာချေ မလိမ်းဖူးသောသူများလည်း ရှိသေးသည်။ မိန်းမအသက် ကရမက်ဟူသောစကားအရ ဆေးအဖြစ်လည်း လိမ်းကြသည်။ သနပ်ခါးအစ်မှုန့်နှင့် တောင်တန်းကတိုး၊ နံ့သာဖြူ၊ ကရမက်လောက်သာ သူတို့သုံးကြသည်။ နန်းတွင်းသူများမှာ ရွှေမှုန့်ကို သနပ်ခါးနှင့်လူးကြသည်ဟု အဆိုရှိပါသည်။ အလောင်းစည်သူမင်းကြီး၏ သမီးတော် များမှာ တစ်နေ့လျှင် ရွှေမှုန့်တစ်ဇွန်းစီ၊ ရွှေမှုန့်တစ်ကြက်ဥစိ အသနားတော်မြတ်ခံရသည်ဟု သိရသည်။ နန်းတွင်း၌ ဆံတော်ရှင်းရသော အပျိုတော်များမှာ လွန်စွာအရှိန်အ၀ါကြီးသည်ဟု ဆိုပါသည်။
ထဘီဝတ်ရာ၌လည်း အလွန်စည်းကမ်းကြီးသည်ဖြစ်ရာ တရွဲ့တစောင်းဦးစိုက်။ နောက်တက် တစ်ခြမ်းလွတ် ဆင်ယင်ခြင်းမျိုး မရှိခဲ့ပါ။ ရှေ့နှင့်နောက် ထညီစချင်းညီ-မညီ လမ်းမထွက်မီက ပင် မိခင်က စစ်ဆေးကြည့်သည်။ သည်လမ်းသည်ပန်းနှင်တော်သည်။ သည်ခရီးသည် ထီးနှင့် တော်သည်ကို လူကြီးမိဘက စီမံလမ်းညွှန်ပြသည့်အတိုင်း လူငယ်များကလည်း လိုက်နာလေ့ ရှိကြသည်။ ရှေးမြန်မာအမျိုးသမီးများသည် လှရေးပရေး၌ ဤမျှစည်းကမ်းစနစ်ထား၍ မိမိတို့ကိုယ်ကို တင့်တယ်စေရန် ၀တ်စားဆင်ယင်လာခဲ့ကြသူများဖြစ်၍ ခေတ်အဆက်ဆက်၍ တင့်တယ်ခဲ့ကြသည်ကို ယနေ့ အမျိုးသမီးလေးများက စံနမှုနာယူကာ ဂုဏ်ဝင့်ကြွားကြရမည် ဖြစ်ပါသည်။
မမနှင့်ညီမလေးတို့ အားလုံးပဲ အေးမြသောအပြုံး၊ ဖြူစင်သည့်အလှတို့ဖြင့် ယဉ်ကျေးသိမ်မွေ့ သောအလှကို မည်သူမဆို ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Thursday, February 5, 2009

"ငါ အိုသွားတဲ့အခါ..."

click to comment

လေလွင့်သူတယောက်၏ လွမ်းဆွတ်မှု
ခြေတလုံးအိမ်တိုင်ဘ၀နှင့်ကမ္ဘာအရှေ့မှအနောက်တောင်မှမြောက်သို့ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့အိုစာသွားခဲ့သည်။
လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှဝါရှင်တန်၊တောင်အမေရိကားမှတောင်အာဖရိကထိ၊ထိုမှတဆင့်လန်ဒန်မှဆစဒ်နီသို့အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀)
ကျော် ခဲ့သည်။
နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်
ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော်စိတ်ထဲတွင်အမေ့ကိုလွမ်းဆွတ်မှုကဘယ်တော့မှမပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင်အမေ၏အေးချမ်းသောအသံသည်ဘ၀၏စိန်ခေါ်မှုများကိုရင်ဆိုင်ဖို့ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။
အမေ့၏အသံမှာတစ်နှစ်ထက်တစ်နှစ်ပိုအိုစာသွားခဲ့သည်။အမေ့နှင့်ဖုန်းပြောတိုင်းကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင်ငွေကုန်ကြေးကျများပြီးအလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်းထပ်သလဲလဲပြောသည်။ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီတွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲကအစီအစဉ်တွေ ကိုဖျက်ပြီးအမေ့ဆီတစ်လပြန်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်။ထိုတစ်လအတွင်းဘာမှမလုပ်ဘာမှမတွေးဘဲအမေ့အနားတွင်နေမည်။ကျွန်တော်ပြန်လာခဲ့မည့်အကြောင်းအမေကိုဖုန်းဆက်အကြောင်းကြားပြီးနောက်အမေစတင်အစီအစဉ်ဆွဲတော့သည်။မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစားများမှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်းအမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက်(၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ
ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်းကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟုစိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည်သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော်
အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကိုအမေ စတင် ချက်ပြုတ်တော့သည်။သို့သော်ထိုဟင်းများကိုကျွန်တော်မကြိုက်တော့ကြောင်းအမေကိုမပြော ဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့်ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့်မတူတော့။ကျွန်တော်အတွက်ပြင်ဆင်ထားသောအိပ်ရာခင်းမှာလည်းဂွမ်းစစ်စစ်စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ဂွမ်းစောင်အ စားသိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့တွေ့ချင်လို့ ပဲလေ။
အိမ်ပြန်ရောက်စနှစ်ရက်တွင်အလုပ်များရှုပ်နေသောကြောင့်အမေနှင့်စကားကောင်းကောင်းမခဲ။ပြောဖြစ်ပြန်တော့လည်းလူဖြစ်အင်များ၊လူ့ဘ၀အကြောင်းများကိုထပ်သလဲလဲပြောနေတေည်။ ထိုအကြောင်းများသည်လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ထိုအကြောင်းအရာနှင့်ကျွန်တော့်၏ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်း အရာများသည်ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင်အမေသည်တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင်သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။
အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်းပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည်ယခင်ကနှင့်မတူတော့။အိမ်တွင်မချက်စားဘဲဆိုင်တွင်မှာစားရန်ပြောသောအခါအပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။
ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ
လှုပ်ရှားနိုင်သေးတယ်။ငါမအိုသေး"ဟုကျွန်တော့်ကိုစိတ်ဆိုးလေသည်။ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင်အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။အကြောင်းအရာတစ်ခုခုဆွေးနွေးမိပြန်လျှင်လည်းကျွန်တော်အယူအဆများသည်မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်းအမေနှင့်ပြောဖြစ်သောစကားတိုင်းတွင်ကျွန်တော်သည်စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကိုလုပ်လာမိသည်။ကျွန်တော်စိတ်မရှည်သောအချိန်တွင်စကားသံကို အကျယ်ကြီး ပြောမိခြင်း၊စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါအမေသည်ပြောလက်စ စကားကိုရပ်ပြီးတွေတွေလေးနှင့်နှုတ်ဆိတ်နေတတ်သည်။ခွင့်တစ်လပြည့်၍ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်ကသေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသောသတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ
ဖြတ်ပိုင်းများမှာကျွန်တော်ပြည်ပရောက်စဉ်ကျွန်တော်ရောက်ခဲ့ဖူးသမျှနိုင်ငံတွင်ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန်ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ကျွန်တော်လက်ထဲသို့အပ်ပြီးကျွန်တော်နှင့်အတူယူဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီးထိုဖြတ်ပိုင်းကိုမည်မျှခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုသည်ကိုကျွန်တော်အသိ။သို့သော် အသုံးမ၀င်တော့သောထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော်
တွေဝေနေသည့်အခိုက်တွင်အမေ့လက်ထဲမှဖြတ်ပိုင်းလေးတစ်ခုလွှင့်ကျသွားသည်။ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလေးလဲမေမေကျွန်တော့်ကိုပြပါလား"အမေတွေတွေလေးနှင့်ကမ်းပေးပြီးထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆
ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ"ငါ အိုသွားတဲ့အခါ"ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီပေါ်လောင်းမိတဲ့အခါ၊ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲကျေးဇူးပြုပြီးနားထောင်ပေးပါ၊ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တစ်ထောင့်တညပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်ခြောက်တစ်ခါရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။ခေတ်သစ်၊နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊လမ်းလျောက်သင်စအရွယ်တုန်းကတစ်လှမ်းချင်းလှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီးသတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ
မေ့သွားတဲ့အခါအချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ၊စကားအကြောင်းအရာတွေကငါ့အတွက်အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊နားလည်ပေးပါ အားပေးပါ၊အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလိုအခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက်အဖော်ပြုပေးပါ။အချစ်နဲ့အေးမျှမှုတွေကိုငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာမဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲကအကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီးထိုဖြတ်ပိုင်းများကိုထည့်လိုက်သည်။ကျန်သောဖြတ်ပိုင်းများကကျွန်တော်အတွက်အသုံးမ၀င်သော်လည်းထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။
ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်
စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး
အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ
ဖုန်းမဆက်နိုင်သော်လည်းအခါကြီးရက်ကြီးများတွင်အမေ့ကိုဖုန်းဆက်ပြီးသတိရကြောင်း၊ကျန်းမာကြောင်း၊အမေချက်သောဟင်းများကိုစားချင်ကြောင်း...............ရာသီအလီလီပြောင်းခဲ့ည်းမနေ့တစ်နေ့ကလိုပဲ အမေအမေ ထွက်သွားတဲ့ရက်အိပ်မက်တစ်ခုလို ထင်မှားအမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။မြို့ပြတစ်ခုရဲ့ရင်ခွင်သမီးဝင်ကာနားခိုအမေ့ရွာလောက်မပျော်ဘူး။မိုးမျှော်တိက်တွေက ခိုင်ခံ့အမေ့တဲအိုလောက် မလုံခြုံဘူး။ပီဇာတွေ၊ ဘာဂါတွေစားအမေ့ ထမင်းကြမ်းလောက်မမြိန်ဘူး။မြို့ပြတွေရဲ့နေရောင်ခြည်အမေ့ရင်ခွင်လောက်မနွေးထွေးဘူး။နီယွန်မီးတွေထိန်လင်းလမ်းပြကြယ်တွေဘယ်နှစှ်စင်းလင်းလဲအမေ့ရဲ့ လမ်းညွှန်မှုမရှိလို့အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။
"ဘယ်တော့မှမငိုနဲ့".....တဲ့အမေ့ရဲ့နောက်ဆုံးစကားတစ်ခွန်းသမီးအတွက်ခွန်အားဖြစ်လို့ကျလုလုမျက်ရည်တွေ မျိုသိပ်လောကဓံရဲ့ မုန်တိုင်းကြားအခါးအသီးတွေ ခါးစည်းခံရင်းဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။ဘ၀မှာ အမေသာ စံပြအမေ့ကို နမူနာယူလို့အမေတူသမီး ပီသစွာနဲ့ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာအံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။

" လူတိုင်းတမ်းတတဲ့ လမင်းအမေ"

click to comment
* သားသမီးဆိုတဲ့ သီတာရေစင်တွေကို
မေတ္တာရေတံခွန်မှ
သွင်သွင်စီးကျနေသမျှ
လောကမှာ
အမေဆိုတာ မဆိတ်သုဉ်းဘူး။

* သားမျှော်နေကျ ပြတင်းဝမှာ
အဝေးကိုမျှော်ငေး တွေးမိတာက
လောကကို အကျိုးပြုတဲ့နေမင်းဟာ
အဖေဆိုလျှင်
လူတိုင်းတမ်းတတဲ့ လမင်းကြီးဟာ
အမေပဲပေါ့...အမေ။

* သားသမီးအတွက်ဆို
အမေလျှောက်မယ့်ခရီး
အရိပ်မလို လက်နက်မယူ
ဗလာကြီးဖြစ်စေတော့
အရိပ်အေးအေး၊ အားမွေးထားတယ်
အဲဒါ သားနဲ့သမီးပါပဲ...တဲ့။

* အနေဆင်းရဲ၊ မွဲတေပါစေ
ရင်မှာလွယ်မွေး၊ သူ့ရင်သွေးကို
ပစ်ထားမသွား၊ လက်စွဲထား၍
လမ်းမလယ်မှာ၊ သံစာစာနဲ့
ထမင်းနဲ့ရေ
အချိန်တန် အစဉ်သင့်
သားသမီးအတွက်၊ အားခဲလို့ရှာ
ယိုင်လဲမသွားဘူး။
မှုးမိုက်မသွားဘူး။
သားသမီးဆိုတဲ့အသိ
အမြဲရှိနေတဲ့ အမေ။

* ပုခက်လွှဲတဲ့၊ အမေ့လက်က
ကမ္ဘာကြီးကို၊ ပွေ့ပိုက်ဖို့ကြိုးစား
အမေ့နှလုံးခုန်ချက်တိုင်းဟာ
ရဲရင့်တဲ့တွန်းအား စွမ်းပကားတွေနဲ့
အဏုမြူစွမ်းအားကိုမကြောက်
အံ့လောက်ပါတယ်အမေ။
လူသားတိုင်းရဲ့အမေ။
သတ္တ၀ါတိုင်းရဲ့ အမေ။

* အမေ့မေတ္တာ အတိမ်အနက်ကို
မြတ်နိုးချိန်စက်ဖို့
ရင်ဟက်တက်ကွဲပါစေ
တသသဖြစ်သူတွေထဲမှာ
စာသမား၊ ကဗျာသမားတွေက
ထိပ်ဆုံးကပါ
အပြာရောင်စာလုံးတွေနဲ့
ရောင်စုံလှလှအတွေးတွေကို
အမေ့မေတ္တာ လည်တိုင်ကြော့ကြော့မှာ
အလှဆင်သူတို့ကိုလည်း
နှလုံးသားကို
အမေပေးထားတယ်လေ။

* သားသမီးအတွက်ဆို
အမေဟာလေ
ကိုယ့်ကိုယ်ကို အကျွမ်းခံ
ဖယောင်းတိုင်လို အလင်းပေး...အနစ်နာခံ
တုမရတဲ့နည်းနာတွေနဲ့
လောကအလယ်မှာ တင့်တယ်ရအောင်
လမ်းပြပေးရှာတယ်
မေတ္တာအလင်းတွေနဲ့။

* တစ်ခါက...ကားစီး၍သွား
လိုတဲ့ခရီးရောက်တော့...ကားပေါ်ကဆင်း
ကားလမ်းကိုဖြတ်တော့
ဆလွန်းကား အဖြူရောင်က
သားကို
အပြေးလေးလာ ရန်ထောင်တယ်အမေ
အမေ့သား ကျွန်တော်လေ
တုံ့ပြန်လို့ ရန်မထောင်
အမေ့မေတ္တာလွှမ်းခြုံ
ရန်ကိုအောင်နိုင်ခဲ့တယ်
အမေတိုင်းရဲ့မေတ္တာကြောင့်ပါ
အဲဒါ...သားအမြင်
မှားသလားအမေ။

*
ပြန်ပြောင်းတသ၊ သတိရမိတယ်အမေ
သားကိုသခင်၊ လင်ကိုဘုရား
ဒီစကားကို အမေကိုးကွယ်
လင်မရှိတဲ့နောက်
သခင်ခြောက်ယောက် လူလားမြောက်အောင်
တောင်လေ၊ မြောက်လေ ဘယ်လေတိုက်တိုက်
အမေကာပေး ဘယာဝေးအောင်
တုမရတဲ့အား၊ စွမ်းပကားတွေနဲ့ပေါ့။
ကျေနပ်ပါတယ်...အမေ။

* “ပုဗ္ဗစရိယ မိနှင့်ဖ”
“မာတာပိတုဂုဏော အနန္တော”
“မာတာပိတု ဥပဋ္ဌာနံ”
“မာတာယထာ နီယံပုတ္တ မာယုသာ
ဧကပုတ္တ မနုရက္ခေ...တဲ့ အမေ
အမေ့ဂုဏ်ပုဒ်၊ အမေ့သရုပ်ကို
ဖော်ထုတ်သလား မမေးပါနဲ့
ဗုဒ္ဓဟောဖော် ဒေသနာတော်မှာ
အမေ့ကိုရှေ့ထား တင်စားသမုတ်
ထင်ရှားထုတ်ခဲ့၊ ဖော်ကျူးခဲ့
အမေတိုင်းဟာ ဂုဏ်နဲ့ဒြပ်နဲ့။

* ကာလလရေကြည် တည်နေသည်မှ
လူဖြစ်အောင်မွေးဖွား
ဒီကြားထဲ
တစ်မိပေါက်၊ တစ်ယောက်ထွန်း
မိုက်လွန်းတဲ့သားသမီးကီုရ
ဘ၀မလှပေမဲ့
တောင်းဆိုးပလုံးဆိုးလို
ပစ်ရိုးထုံးစံမရှိ
သားဆိုးအမေ တပေပေ
သားဆိုတဲ့အသိ၊ သမီးဆိုတဲ့အသိကြောင့်
အမေထားတဲ့မေတ္တာဟာ
အနှစ်နဲ့အကာ အတူတူ၊ အဖြူသက်သက်
အလှကင်းတဲ့စာရင်းမှာ အမေတွေမပါဘူး။

* ဟော...ဒီနေ့၊ ဒီအချိန်အထိ
တစ်နယ်တစ်ကျေး၊ အမေနဲ့ဝေးရာမှာ...နေတော့
ဝါလကင်းလွတ်၊ သီတင်းကျွန်ပြီ
ရွှေလည်ကြော့ကြော့၊ ခေါင်းမော့မော့နဲ့
အမေမျှော်တယ်
ရင်ခွင်ပိုက်အရွယ်မှတ်ထင်တုန်း
ဖုန်းဆက်တာလည်း၊ နေ့ညမဆုံး
စိတ်မချတာ၊ အမေ့စေတနာ။
နုပျိုဆဲပါ၊ အမေ့မေတ္တာ။

* ဒီသတင်းမေး၊ ဟိုဗေဒင်ကြည့်
သားအရေး၊ စုံပေးထောက်လှမ်း
ဟို...ယတြာချေ၊ ဒီအလှူကိုပြု
စိတ်အစုစုနဲ့ပြုတာ အခါခါ။

* အမေ
အမေကတစ်ရွာမှာ၊ တစ်ပြည်မှာကသား
ခွဲနေငြားလည်း
သားလေ
အမေ့ကိုလွမ်းဆွတ်ပိုမိ
ပျိုမြစ်မေတ္တာ၊ စေတနာနှင့်
အမေ့ကျေးဇူး ဂုဏ်အထူးကို
နေ့စဉ်ရိုကျိုး၊ ဆတက်တိုးလို့
မလပ်ပွားများလျက်ပါအမေ။

* အထောက်အထားမလို
သားအတွေးကို အကိုးပြို ဆိုချင်ပါတယ်
အမေရှိတဲ့အိမ်ဟာ
အောက်ထစ်ဆုံး တဲအိမ်တစ်အိမ်ဖြစ်ပါစေ
အလုံခြုံဆုံး
အမေ့မေတ္တာဖွဲ့တေးကဗျာသာ
အသာယာဆုံး
အမေပေးတဲ့ အလင်းရောင်ဟာ
လောကမှာ အလင်းလက်ဆုံး
သားအတွက် အောင်မြင်မှုဆိုတာ
အမေ့မေတ္တာကြောင့်ရခဲ့တာပါ
ဒါ့ကြောင့်
အမေဆိုတဲ့ စကားတွေက
ပျားရည်လိုချို
မြစ်တစ်စင်းလို စီးဆင်းနေတယ်...အမေ။

* အမေ့ဂုဏ် အမေ့ဒြပ်
ထင်ဟပ်အောင်ဖော်ညွှန်း
ကဗျာတွေ စာတွေ တစ်စွန်းတစ်စနဲ့
တကယ်တော့ အမေ
ဖော်ညွှန်းဆိုသမျှ
ပမာ၊ ပမေယျတွေဟာ
အမေ့မေတ္တာအောက်မှာ
ဝပ်ဆင်းခတွား၊ ရိုကျိုးသွားတယ်...အမေ။

* ရှင်တော်ဗုဒ္ဓ၊ စောအဖက
မာတုပေါသထကသုတ်တော်မှာ
အမေ့မေတ္တာ၊ ဂုဏ်မဟာကို
နှိုင်းပြရာ၊ ပမာကား
စကြ၀ဌာကြီးက အပ်နဖားသာ
နှစ်သိန်းလေးသောင်း အထုပေါင်းတဲ့
မဟာပထ၀ီက ၀ါးရွက်ပမာ
ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့
မြင်းမိုရ်ရွှေတောင်က နွားဦးချို
သမုဒ္ဒရာကြီးက မိုးရေတစ်ပေါက်လောက်သာ
ခရီးရောက်တယ်လို့
ဟောကြားထားတယ်...အမေ။

* ဒါကြောင့်လည်း...အမေ
သားမျှော်နေကျ ပြတင်းဝမှာ
အဝေးကိုမျှော်ငေး တွေးမိတာက
လောကကို အကျိုးပြုတဲ့နေမင်းဟာ
အဖေဆိုလျှင်
လူတိုင်းတမ်းတတဲ့ လမင်းကြီးဟာ
အမေပဲပေါ့...အမေ။

*လမင်းအမေ အသက်တစ်ရာ့နှစ်ဆယ်တိုင် လင်းလက်နိုင်ပါစေ။
* ဓမ္မအလင်းတန်း အစဉ်ဖျန်း ငြိမ်းချမ်းသာယာ ရှိပါစေ။

" အမေ့မေတ္တာအတိမ်အနက်ကို ချိန်စက်ခြင်း"

click to comment
မောင်ရင်အေး.....
အရှင်ဘုရား အရှင်ဘုရားက အမေဆိုသည်မှာ စာအုပ်ကိုရေးပြီး စာပေ လောကထဲကို ၀င်ခဲ့ တယ်နော်ဘုရား။
စာရေးသူ.....
ဆိုပါတော့ မောင်ရင်အေး။

မောင်ရင်အေး.......
အရှင်ဘုရားက အမေကို တော်တော်ချစ်ပုံရတယ်နော်။
စာရေးသူ......
အမေကို ချစ်တယ်ဆိုတာထက် အမေ့ကျေးဇူးကို သိတတ်တာဆိုရင် ပိုသေချာ ပါတယ်။

မောင်ရင်အေး.......
ဘာကြောင့် အမေ့ကျေးဇူးကို သိတတ်တယ်လို့ ဆိုတာပါလဲဘုရား။
စာရေးသူ.......
အမေဟာ သားသမိးတို့ရဲ့ ပစ္စုပ္ပန်သံသရာနှစ်ဖြာကောင်းကျိုးကို ပေးစွမ်းနိုင်သောပုဂ္ဂိုလ် ဖြစ်လို့ပါ။

မောင်ရင်အေး......
ပစ္စုပ္ပန် သံသရာဆိုတာ ဘာကိုခေါ်ပါသလဲ ရှင်းပြပါဦးဘုရား။
စာရေးသူ......
ပစ္စုပ္ပန်ဆိုတာ မောင်ရင်အေးတို့ ဦးဇင်းတို့ ယခုလက်ရှိအချိန်၊ လက်ရှိဘ၀ကို ပြောတာပါ။
သံသရာဆိုတာ ယခုလက်ရှိဘ၀မှ စုတေ(သေ)ပြီး နောက်နောက်လားရောက်ရမယ့်ဘ၀တွေ ရဲ့ခရီးလမ်းပါပဲ။

မောင်ရင်အေး......
အမေက သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် လူဖြစ်မှ စောင့်ရှောက်တာလား ဘုရား။
စာရေးသူ.......
ဖ၀ါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ် လူဖြစ်မှစောင့်ရှောက်ကြတာ မဟုတ်ပါဘူး။ ပဋိသန္ဓေခပြီး လို့ သိကတည်းက စောင့်ရှောက်ကြတာပါ။

မောင်ရင်အေး......
ပဋိသန္ဓေ နေကတည်းက ဘယ်လိုစောင့်ရှောက်တာလဲဘုရား၊ ရှင်းပြပါဦး။
စာရေးသူ......
ပဋိသန္ဓေ နေကတည်းက ဘယ်လိုစောင့်ရှောက်တာလဲ ဆိုတာကို သိချင်ရင် ပဋိသန္ဓေနေပုံ အဆင့်ဆင့်ကို သိထားမှ ပိုပြီးနားလည်မယ်လို့ ဦးဇင်းထင်တယ်။ ဒါကြောင့် ပဋိသန္ဓေနေပုံ အဆင့်ဆင့်ကို ဦးဇင်း ပြောပြပါမယ်။ ဦးဇင်း ပြောပြမယ်ဆိုလို့ မောင်ရင်အေးက ဦးဇင်း ထွင်ပြီး ပြောတယ်လို့ ထင်ချင်ထင်မယ်။ ဒါမှမဟုတ် ဆေးပညာအရ ပြောတာလို့ ထင်ချင်ထင်မယ်။ အဒီလိုတော့ မထင်မှတ်ပါနဲ့၊ ဦးဇင်း ထွင်ပြောတာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ ဟောကြားထားခဲ့ တာပါ။ မြတ်ဗုဒ္ဓက ဂိဇ္ဈဂုတ်တောင်စွယ် က္ကုန္ဒကဘီလူးကို ရုပ်နှင့်ပတ်သတ်ပြီး
ပဌမံ ကလလံ ဟောတိ၊ ကလလာဟောတိ အဗ္ဗုဓံ၊ အဗ္ဗုဓာဇာယတေပေသိ၊ ပေသိ နိဗ္ဗတ္ထဂတေ ဂဏှော၊ ဂဏာပသာခါဇာယန္တိ၊ ကေသာလော မာနခါပိစ ဟုဟောတော်မှုပါတယ် မောင်ရင်အေး။

မောင်ရင်အေး.......
ဒီပါဠိဟောရုံနဲ့ က္ကုန္ဒကဘီလူးက ပဋိသန္ဓေနေရပုံ အဆင့်ဆင့်ကို သိရောလားဘုရား။
စာရေးသူ......
က္ကုန္ဒဘီလူးရဲ့ ရင့်ကျက်တဲ့ဥာဏ်အပေါ်မှာ မှုတည်ပြီး မြတ်ဗုဒ္ဓက ဟောကြားတာဖြစ်လို့ သိတာ ပေါ့ကွာ။

မောင်ရင်အေး.......
အဲဒီပါဠိတော်ကို မြန်မာ ပြန်ပြောဆိုပါဦးဘုရား။
စာရေးသူ.......
ပါဠိတော်ကို မြန်မာပြန်ဆိုရမယ်ဆိုရင် ပဋိသန္ဓေ နေနိုင်ဖို့ ရှေးဦးစွာ စင်ကြယ်သန့်ရှင်းတဲ့ မိခင်ရဲ့ သားအိမ်အတွင်းမှာ သန္ဓေသားပမာဏဟာ မွေးကာစ(ပေါက်ကာစ) သိုးငယ်ရဲ့ တစ်ပင်တည်းသော အမွေးကို ဆီိကြည်အတွင်းထဲ နှစ်လိုက်စမ်း မောင်ရင်အေး။ နှစ်ပြီးပြီလား။

မောင်ရင်အေး.......
သိုးမွေးမှမရှိတာ ဘယ်လိုလုပ်နှစ်မလဲဘုရား။
စာရေးသူ.......
စိတ်ကူးနဲ့ပေါ့ မောင်ရင်အေးရာ။ ကဲ...နှစ်ပြီးပြီလား။

မောင်ရင်အေး......
နှစ်ပြီးပါပြီဘုရား။
စာရေးသူ......
နှစ်ပြီးရင် အပေါ်ကိုယူပြီး ကြည့်လိုက်စမ်းပါဦးကွာ၊ ဘယ်လောက်များသလဲ မောင်ရင်အေး။

မောင်ရင်အေး........
နည်နည်းလေးပါဘုရား။
စာရေးသူ......
အေး....အဲဒီဆီပေါက်ပမာဏလေးနဲ့ ပဋိသန္ဓေမှု အစပြုတာပဲကွ။
မောင်ရင်အေး.....
အဲဒီဆီပေါက်သေးသေးလေးက တဖြည်းဖြည်း ကြီးလာတာပေါ့နော် အရှင်ဘုရား။
စာရေးသူ.......
ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မဟုတ်သေးဘူး မောင်ရင်အေးရ။

မောင်ရင်အေး.......
အရှင်ဘုရားစကားက ဘယ်လိုလဲ၊ တစ်မျိုးကြီးပါလား။ တပည့်တော် ဘယ်လိုမှတ်ယူရမှာလဲ ဘုရား။
စာရေးသူ.......
တဖြည်းဖြည်း ကြီးတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ဆက်တည်း တန်းကြီးတာ မဟုတ် ဘူးကွ။

မောင်ရင်အေး.......
ဒါဆို ဘယ်လိုကြီးထွားလာတာလဲ ဘုရား။
စာရေးသူ........
အင်မတန်နုနယ်သေးငယ်တဲ့ ကလလရေကြည်ကြည်ကနေ အမြှုပ်ဘ၀သို့ ကူးပြောင်းသွားပြီး ခုနှစ်ရက်ကြာအောင် ရှင်သန်တယ်။ (၀ါ) ကြီးထွားတယ်ပေါ့ကွာ၊ အမြှုပ်(၇)ရက် နေပြီး အမြှုပ် ရင့်(၀ါ) အခဲဖြစ်သွားပြီး (၇)ရက် ကြီးထွားရှင်သန်တယ်။ အမြှုပ်ရင့် အခဲဘ၀ကနေ အသားတစ်အမြှုပ်ဘ၀နဲ့ (၇)ရက် ရှင်သန်ပြန်တယ်ကွာ။ အသားတစ်ဘ၀(၇)ရက်နေပြိး ခက်မငါးဖြာလို့ခေါ်တဲ့ ဦးခေါင်း၊ ခြေ၊ လက်ပုံစံဖြစ်ပေါ်ဖန်တီးတယ်။ ခက်မငါးဖြာ ဖြစ်ဆဲအတိုင်း ဆက်လက်ရှင်သန် ကြီးထွားနေတဲ့ ရက်ပေါင်းက (၃၅)ရက် ကြာတယ်ကွ။ အဲဒီနောက်မှာ တော့ မျက်စိ၊ နှာခေါင်း၊ လျှာစသော ပသာဒရုပ်တို့ ဖြစ်ပေါ်မှုက (၇)ရက်ပါပဲ။
ပသာဒရုပ်တွေ ဖြစ်ပြီးနောက် ရှိပြီးဖြစ်ခဲ့တဲ့ ရုပ်အတိုင်း ဆက်လက်ရှင်သန်ကြီးထွားနေတဲ့ ရက်ပေါင်းက (၂၁၀)ကြာတယ်လို့ဆိုတယ် မောင်ရင်အေး။ နောက်ဆုံးခြေသည်း။ လက်သည်း၊ ဆံပင်မွေးညင်း စတဲ့ ရုပ်တွေဖြစ်တာကိ (၇)ရက်ပဲကြာတယ်။

မောင်ရင်အေး......
ဒါဆို ပဋိသန္ဓေနေရတာ (၀ါ) အမေလွယ်ထားရတဲ့ ကာလဟာ ရက်ပေါင်းအားဖြင့် (၂၉၄)ရက်၊ လပေါင်းအားဖြင့် ကိုးလနဲ့ (၂၄)ရက်ပေါ့ ဘုရား။
စာရေးသူ.......
ဒါပေါ့မောင်ရင်အေးရ။ အဲဒါကိုပဲ ကိုးလလွယ် ဆယ်လဖွားလို့ ဆိုကြတာပေါ့ကွာ။

မောင်ရင်အေး........
တပည့်တော်ကတော့ ဒီအကြောင်းလေးကို သိရကတည်းက အမေ့ကျေးဇူး၊ အမေ့မေတ္တာတွေ အတိုင်းအဆမရှိ ကြီးမားကြောင်း နားလည်ပါပြီဘုရား။
စာရေးသူ.......
ဒီလိုပဲဖြစ်ရမှာပေါ့။ ဒါ့ကြောင့် ရှင်မဟာရဌသာရက -
ရှစ်သောင်းလေးထောင် အမြင့်ဆောင်သား မြင်းမိုရ်တောင်ရှိ၊ ဂုဏ်ကြီးဘိသည် မွေးမိဖခင်၊ ကျေးဇူးရှင်လို့ စာရေး စပ်ဆိုခဲ့တာပေါ့ကွာ။

မောင်ရင်အေး.....
လက်ဦးဆရာ မည်ထိုက်စိ
ပုဗ္ဗာစရိယ၊ မိနှင့်ဖ ဆိုတဲ့ အဓိပ္ပာယ်ကို ပြည့်စုံအောင် ရှင်းပြပါဦးဘုရား။
စာရေးသူ.......
အမေဟာ ငါတို့ မင်းတို့ရဲ့ ပထမဦးဆုံး ဆရာလို့ ဆိုတာပါ။ အမေက ငါတို့ မင်းတို့ ပြုံးတတ်၊ ရယ်တတ်တဲ့အရွယ် ချိုမိုင်မိုင်တေးသွားနဲ့ ဆီဆမ်းထမင်းတောင်းတတ်တဲ့ အရွယ်ကတည်းက သင်ပေးခဲ့တာလေ။ ပြောတတ် ဆိုတတ် ဆက်ဆံတတ်အောင် အသက်မွေးဝမ်းကျောင်း ပညာ တွေ သင်ပေးခဲ့တယ်။ ပေါင်းသင်းဆက်ဆံရေးတွေ၊ လမ်းကြောင်းမမှားလမ်းမှန်ပေါ်မှာ သာယာငြိမ့်ညောင်းစွာ လျှောက်လှမ်းနိုင်ဖို့ လမ်းပြ သွန်သင်ခဲ့ တယ်၊ ဒါတွေဟာ ပစ္စုပ္ပန်လို့ ခေါ်တဲ့ ယခုဘ၀အတါက် လက်ဦးဆရာတစ်ဆူဖြစ်အမေက ရပ်တည်ပြတာပါ။
နောက်အမေဟာ ဒါက ကုသိုလ် ဒါက အကုသိုလ်လို့ သင်ပြပေးတယ်။ ချမ်းသာကို ရမယ်။ အကုသိုလ်ပြုရင်တော့ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်ဘုံ၊ အပါယ်ဘ၀ကို ရမယ်လို့ သင်ကြားပေးတယ်။ ဒါကြောင့် အမေဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာကောင်းကျိုးကို ပေးသော ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုတာပေါ့။

မောင်ရင်အေး......
ယုံကြည်အားကိုးထိုက်တဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဆိုတာ ရှင်းပြဦးဘုရား။
စာရေးသူ.......
အချိန်တန် အရွယ်ရောက်လိုပီ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုီရင် သားသမီး တွေဟာ အသီးအသီး ကြင်ရာကြင်ဖက် ရှာကြကာ အမေ့အပါးက ခွဲဖို့ ပြင်ဆင်ကြတယ် မဟုတ်လား။

မောင်ရင်အေး.......
ဟုတ်ပါတယ်ဘုရား။
စာရေးသူ.......
အဲဒီလို ပြင်ဆင်ကြတာဟာ သားသမိးတို့ရဲ့ သဘာဝတရားလို ဖြစ်နေပါပြီကွာ။ အဲဒီလို အခါမျိုးမှာလည်း အမေဟာ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြှားခြင်းလျှင်၊ ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဆိုတဲ့ မိဘ၀တ္တရားငါးပါးနဲ့ အညီ ဆောင်ရွက်ပေးတယ်လေကွာ။

မောင်ရင်အေး........
အဲဒီလင်္ကာေးလရဲ့ အဓိပ္ပာယ်ပေါ်အောင် ရှင်းပြပေးပါဦးဘုရား။
စာရေးသူ......
အဲဒီလင်္ကာေးလရဲ့ အဓိပ္ပာယ်ကတော့ ဥပမာ - မောင်ရင်အေးရဲ့ အမေဟာ မောင်ရင်အေး အရက်သောက်လာတာတွေ့ရင် ခွင့်ပြုနိုင်ပါ့မလား။

မောင်ရင်အေး.......
မပြုပါဘူး ဘုရား။
စာရေးသူ......
အေးကွ...ဒါပေမဲ့ အမေဟာ မင်းအရက်သောက်တာ ငါခွင့်မပြုဘူးလို့ပဲဆိုရုံနဲ့ မပြီးသေးဘူး လေ။ အဲဒီအရက်ကို မသောက်နဲ့၊ အရက်သောက်တာ မကောင်းဘူး။ ဘုရားကလည်း မကြိုက်ဘူး။ အရက်သောက်တဲ့လူဟာ ကိုယ်လုပ်ရမယ့်အလုပ်၊ မလုပ်ရမယ့်အလုပ်ကို မခွဲခြားတတ်ဘူး။ နောက်ကို မသောက်နဲ့ စသည်အားဖြင့် သင်ကြား တာမြစ်တာကိုပဲ မကောင်းမြင်တာလို့ ဆိုတာပါ။
ကောင်ရာညွှန်လတ် ဆိုတာကတော့ ဒီလမ်းကိုသွား ဒါက ကုသိုလ်၊ ဒါက အကုသိုလ် ကုသိုလ် ရမယ့်အလုပ်ကို လုပ်ပါစတဲ့ လမ်းညွှန်ပြမှုကို ဆိုတာပါ။
အတတ်သင်စေ ဆိုတာကတော့ ဒီဘ၀ ဒီခန္ဓာဝန်ကို အခက်အခဲမရှိ ထမ်းရွက်နိုင်ဖို့ ရှေ့ရေးကို မျှွော်ရူပြီး အမေကသား ကျောင်းသွား စာသင်လိုပ ပညာကို သင်စေတယ်။ လက်မှုပညာ၊ စက်မှုပညာ မင်းဝါသနာပါရာကို သင်ကြားမခိုင်းဘူးလား မောင်ရင်အေး။

မောင်ရင်အေး.....
သင်ခိုင်းပါတယ်ဘုရား၊ အမေက သားမင်း ၀ါသနာပါတဲ့ သင်တန်းတစ်ခုခုကိုသင်၊ ကျောင်းပညာ သင်ကြားထာရုံနဲ့ မပြီးသေးဘူးလို့ အမြဲတမ်း တိုက်တွန်းတယ် ဘုရား။
စာရေးသူ.......
အဲဒါကိုပဲ အတတ်သင်စေတယ်လို့ ဆိုတာပေါ့။

မောင်ရင်အေး......
ပေးဝေနှီးရင်းဆိုတဲ့ အဓိပ္ပာယ်ကကော ဘုရား။
စာရေးသူ.......
အဲဒီအဓိပ္ပာယ်က ရှင်းရှင်းလေးပါမောင်ရင်အေး။ ဥပမာ - မင်းဟာ စီးပွားရေး အလုပ်လုပ်တဲ့အခါ အရင်းနှီးထုတ်ပေးတာကို ဆိုတာပေါ့။
ထမ်းမြားခြင်းလျှင် ဆိုတာကတော့ အချိန်တန် အရွယ်ရောက်လို့ ကြင်ရာရှာတဲ့အခါ အမေက ငါ့သား၊ ငါ့သမိးနဲ့ သင့်မသင့်၊ သူကတော့ သားနဲပသမီးနဲ့ လိုက်ဖက်ပါတယ်စသည်ဖြင့် ရွေးချယ်ပြိး တောင်းရမ်းထိမ်းမြားပေးတယ်လေကွာ။ မောင်ရင်အေးကော သတ်မှတ်ထားတဲ့သူ ရှိနေပြီလား။

မောင်ရင်အေး.......
မရှိသေးပါဘူးဘုရား။
စာရေးသူ.......
တွေ့ထားရင်တော့ အမေကို အရင်ပြကြည့်ဦး။ တကယ်လို့ မောင်ရင်အေးတွေ့ထားတဲ့ ကောင်မလေးကို မင်းအမေက မနှစ်သက်ဘူးဆိုရင် မောင်ရင်အေး ဘယ်လိုလုပ်မလဲ။

မောင်ရင်အေး......
တပည့်တော်မျာ မရှိသေး၊ မတွေ့သေးတော့ မပြောတတ်ဘူးဘုရား။ ရှိတဲ့အခါကျမှာ ပြောတတ်မှာပါ။
စာရေးသူ......
အဲဒီအခါကျရင် အမေ့စကား နားထောင်ဖို့ မမေ့နဲ့လို့ ဦးဇင်းမှာချင်ပါတယ် မောင်ရင်အေး။

မောင်ရင်အေး......
မှန်ပါ့၊ နားထောင်မှာပါ ဘုရား။
စာရေးသူ.......
သာဓုဗျာ၊ သာဓုသာဓု။

မောင်ရင်အေး.......
သာဓုမခေါ်ပါနဲ့ဦးဘုရား၊ တပည့်တော် အမေနဲ့ပတ်သက်ပြီး မေးစရာ ရှိသေးလို့ပါဘုရား။
စာရေးသူ......
မေးလေကွာ၊ ဘာမေးစရာရှိသေးလို့လဲ။

မောင်ရင်အေး........
“သားတို့ရုပ်ရည် သီတာမည်သား”ဆိုတဲ့ စကားကို သိချင်လို့ပါဘုရား။
စာရေးသူ.......
အမေဟာ သူ့ဝမ်းထဲမှာ သားလား၊ သမီးလားလို့ မသိရသေးတဲ့ ပဋိသန္ဓေနေမှုကို သိရတဲ့အခါမှ စပြီး ပူ၊ ဖန်၊ ချဉ်၊ စပ်၊ ခါးစတဲ့ အစားအသောက်များကို ရှောင်ကြဉ်တယ် မောင်ရင်အေး။ အနေအထိုင်၊ အကုန်းအကွ၊ အလေးအပင် မတာကစလို့ ဆင်ခြင်ရတယ်။ အဲဒီလို ရှောင်ကြဉ် ဆင်ခြင်ကြတာဟာ ရင်သွေား လူ့လောက်ထဲကို ရောက်လာတဲ့အခါ ခြေ လက်အင်္ဂါပြည့်စုံတာကို လိုချင်လို့ပဲ။ အဲဒီလို လိုချင်တာကြောင့် မြတ်ဗုဒ္ဓထံ ပန်း၊ ရေချမ်း၊ ဆီမီးကပ်ကာ ဆုတောင်းကြတယ်လေကွာ။ ဒါပေမဲ့ ကံမကောင်း၊ အကြောင်းမလှလို့ ခြေလက်အင်္ဂါ မစုံလင်တဲ့ သားသမီးကို ရလာတယ်။ မျက်နှမလှမပတဲ့ သားသမီးကို ရလာ တယ်။ ရောဂါသည် သားသမီးကို ရလာတယ်။ အဲဒီလိုရလာတဲ့အခါ မလှမပတဲ့ သားသမိးပဲလို့ စွန့်မပစ်ရက်ဘူးကွ။ ပိုလို့တောင် ချစ်သေးဆိုပဲ။
ဥပမာ နဲ့ မင်းကို ဦးဇင်း ပြောပြမယ်။ တစ်ခါက် ဆေးရုံတစ်ရုံကို လူနာမေးဖို့ ရောက်ခဲ့တယ်။ ဆေးရုံ ၀ရန်တာမှာ ကလေးကိုချီပြီး လမ်းလျှောက်နေတဲ့ အမေတစ်ဦးကို တွေ့ရတယ် မောင်ရင်အေး။ အဲဒီကလေးဟာ နှာခေါင်းပေါ်မှာ မွေးရာပါ ဘုသီးကြီးပါလာလို့ ခွဲစိတ်ကုသ တာဆိုပဲ။ ကလေးဟာ မွေးရာပါ ဘုသီး ပါရုံတင်မဟုတ်ဘူးကွ၊ သူ့မျက်လုံးတွေကလည်း ပုံမှန်မဟုတ်ဘူး။ ဒါကြောင့် ၇ုပ်သွင်က မလှမပဖြစ်နေတာပေါ့။ ဒါပေမဲ့ အမေက သားသမီးအား လုံးထဲမှာ အဲဒီကလေးကို ပိုချစ်ဆိုပဲကွ။ ကလေးရဲ့ မလှမပဖြစ်နေတဲ့ မျက်နှာကို နမ်းရတာ လည်း အခါခါ မရေမတွက်နိုင်အောင်ပါပဲ။ အဲဒါကိုပဲ သားတို့ရုပ်ရည် သီတာမည်သားလို့ ဆိုတာပေါ့။
အမေဟာ ဘယ်လိုပူပင်သောကတွေ ခံစားရ ခံစားရ အားလုံး ငြိမ်းအေးကုန်တတ်လို့ ဆိုလိုတာပါကွာ။ ဒါကြောင့် ဦးဇင်းတို့ောမင်ရင်အေးတို့မှာ ခြေလာက်အင်္ဂါတွေ ပြည့်စုံတယ်။ ရုပ်သွင်ပြင်တွေဟာ ဘာမှမချို့ယွင်းဘူး။ ငါတို့အမေအတွက် သိတာရေစက်ပမာ ၇ှိနေဖို့ ကြိုးစားနေထိုင်သွားရမှာပေါ့။ နေနိုင်မယ်မဟုတ်လား မောင်ရင်အေး။

မောင်ရင်အေး......
နေရမှာပေါ့၊ နေလည်းနေနိုင်ပါတယ် ဘုရား။
စာရေးသူ.....
သာဓု၊ သာဓု၊ သာဓု ပါ မောင်ရင်အေး။

Sunday, February 1, 2009

မေမေတစ်ယောက်တည်းပဲ…

click to comment
၁)
မှုကြို…
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ် ”

အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃၀ထဲမှာ သားက အညံ့ဆုံး။ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး…ဒါပေမဲ့ သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။

“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင် တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေ့မေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”

အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်ကန် ကုန်အောင်စားလိုက်တယ်။

၂)
မှုလတန်း…
ဆရာမိဘအစည်းအဝေးမှာ ဆရာမက “ကျောင်းသား ၅၀မှာ အစ်မရဲ့သားက အဆင့်၄၀၊ သူအသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့် ပါဦး”

အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို “ဆရာ မက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့် စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကို တောင်ကျော်နိုင်တယ်တဲ့” လို့ပြောလိုက်တယ်။

သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။

နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့ တယ်။

၃)
အလယ်တန်း…
ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ သားနာမည်ဟာ မပါမဖြစ်ဖြစ် ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို သူမေးလိုက်တယ်။

“အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး”

စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ၀မ်းသာအားရတဲ့ အသံနဲ့ “သား…သားရဲ့အတန်းပိုင် ဆရာမက ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ၀င်နိုင်တယ်တဲ့”

၎)
အထက်တန်း…
သားအထက်တန်းအောင်ခဲ့ပါပြီ။
တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။

သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့ သားကို သူပြောခဲ့လို့ ဖြစ်တယ်။

အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြား စာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။

“မေမေ…သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ”

သားစကားကြောင့် ၁၀နှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ ပူဆွေးသော ကတွေက သူ့ပါးပြင်ပေါ်ဝမ်းသာကြည်နှုးတဲ့ မျက်ရည်အသွင်ဖြင့် စီးကျလာခဲ့တယ်။

ဝက်ဆိုဒ်ကောင်းကောင်းလေးတွေကြည့်ချင်ရင်

(Andy Warhol နှင့် Whitney ပြတိုက်အကြောင်း)
http://www.artmuseum.net
(တေးသီချင်းပေါင်း ရှစ်သိန်းကျော် ရရှိနိုင်)
http://www.avdiogalaxy.com
( ကမ္ဘာကျော်ပုံပြင်များ)
http://www.storiestogrowby.com
(ကလေးများအတွက် စကားထာ နှင့် ပဟေဋိများ)
http://www.road.dahl.org.ok
( အိပ်ရာဝင်ပုံပြင်များ)
http://www.Familyplay.com/stories
(ကွန်ပျူတာတွင် anitvirus အဖြစ်အခမဲ့စစ်ဆေးပေးရန်)
http://www.symatec.com/secoritycheck
(နည်းပညာဆောင်းပါးများ)
http://www.enet.com
(မက်ဆာချူဆက်နည်းပညာတက္ကသိုလ် လစဉ်ထုတ်မဂ္ဂဇင်း)
http://www.technologre view.com
(FM သီချင်း ၂၄နာရီ နားထောင်နိုင်)
http://www.Yangoncity.com
(ဗီဒီယိုနှင့် ဇာတ်လမ်းများ)
http://www.atomfilms.com

(ကွန်ပျူတာသမိုင်း)
http://www.V/MP.Mosephile.com/compoting
(စွယ်စုံကျမ်းများ)
http://www.eb.com
http://www.worldbook.com
http://www.encartamsn.com
(fontဖောင့်များအခမဲ့ရနိုင်)
http://www.printerideas.com/font fairy
(PC Advisor မဂ္ဂဇင်း)
http://www.pacdvisor.co.ok
(မြန်မာဓာတ်ပုံများ)
http://www.ayeyarwady.com
(မြန်မာနိုင်ငံအနှံရှိဓာတ်ပုံများ)
http://www.myanmar photogallary.com
(မြန်မာ e-book,e-paining, e-movie များနှင့် မြန်မာ font များရနိုင်)
http://www.foreverspace.com.mm
(ကမ္ဘာမြေပုံအသီးသီး၏ မြေပုံနှင့် အကြောင်းအရာစုံ)
http://www. atlapedia.com
(အွန်လိုင်းသတင်းစာ)
http://www.onlinenewspapers.com
(နိုင်ငံပေါင်းစုံရှိ တက္ကသိုလ် ကောလိပ်များအကြောင်းရှာဖွေနိုင်)
http://www.searchedu.com
(တက္ကသိုလ်၊ကောလိပ်ပေါင်းစုံမှ သုတေသနစာတမ်းများ၊ သတင်းစာများ လေ့လာနိုင်)
http://www.cheathouse.com

ဟာသလေးများ

http://www.vn247.net/flash/you-broke-my-heart.swf
http://www.vn247.net/flash/rose.swf
http://www.hypercom.ca/love/
http://www.vn247.net/flash/The-most-romantic-kiss.swf
http://www.counterfeitmini.com/main.swf
http://vnrelax.com/foryou/loveyou.html
http://www.petalia.org/Songs/cryonmyshoulder.htm
http://www.vn247.net/flash/Music/M2M--Pretty-boy-b.swf

SPORT

http://www.vega.com
http://www.socernet.com
http://www.sport.com
http://www.fa.premiership.com
http://www.sportinglife.com
http://www.livescore.com
http://www.asianbookie.com
http://www.linso.net
http://www.espnstar.com
http://www.goals365.com
http://www.goonersguide.com
http://www.scccerstand.com
http://www.livescore.cz
http://www.livescore.cc
http://www.uefa.com
http://www.soccerwinners.com
http://www.sportingnews.com
http://www.solfweb.com
http://www.manutd.com
http://www.cheiseafc.com
http://www.realmadna.com
http://www.fifa.com
http://www.footballasia.com
http://www.livegoal.net

EDUCATION

http://www.searchedu.com
http://www.cheathouse.com
http://www.ox.ac.uk
http://www.cam.ac.uk
http://www.ait.ac.th
http://www.nus.edu.sg
http://www.ntu.edu.sg
http://www.toefl.org
http://www.ets.org
http://www.ielts.org
http://www.unesco.com
http://www.discovery.com
http://www.intisar.edu.my
http://www.webster.ac.th
http://www.kumon.co.jp
http://www.eastwestcenter.org
http://www.tp.edu.sg
http://www.nyp.edu.sg
http://www.tourismacademy.edu.sg
http://www.studying-singapore.com