Tuesday, February 10, 2009

" အမေပေးတဲ့လက်ဆောင်"

click to comment

သျှောင်နောက် ဆံထုံးပါ ဆိုတဲ့စကားအရ ခင်ပွန်းနောက်(ခင်ပွန်းအိမ်)လိုက်နေရလို့ ရက်မှလ၊ လမှ နှစ်တွေ ပြောင်းလာတော အမေကို လွမ်းလာတယ်။ အမေ့ဆီ ပြန်ချင်လာတယ်။ ဒါ့ကြောင့် ခင်ပွန်းထံ ခွင့်ပန်လို့ အမေရှိရာကို ခေတ္တခဏ ပြန်ခဲ့ပါတယ်။ သူပြန်ချင်တာလည်း တရားပါတယ်။ အမေ့မေတ္တာ၊ အမေ့အရိပ်လောက် အေးမြတဲ့နေရာ ဒီကမ္ဘာမှာ ရှာလို့မှ မတွေ့ နိုင်သေးတာပဲ။
မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ အမေ့အိလေးကို မြင်ရတော့ အမေ့ကိုလွမ်းတဲ့စိတ်တွေကို ထိန်းမထားနိုင်တော့ဘဲ တစ်ခေါ်လောက်ဝေးတဲ့ နေရာကနေ ဒုန်းစိုင်းပြေးခဲ့တာ။ အမေ…အ မေ…ဟောဟဲ…။ အမေ့မျက်နှာ မြင်ရမှပဲ အမောတွေ ပျောက်သွားရပါတယ်။ အမလေး…အ မေရယ်…ခေါ်လိုက်ရတာ၊ အမေ့ကို တွေ့မှ တွေ့ပါ့မလားလို့ စိုးရိမ်လိုက်ရတာ။ အခုမှပဲ စိတ်အေးသွားတော့တယ် ဟုပြောရင်း အမေ့ရင်ခွင်ကြား ခေါင်းထားလို့ ကလေးငယ်တစ်ဦး အသွင်တီတီတာတာ ဆိုနေမိပါတယ်။
“ သမီးရယ် ဘာလို့ပြန်လာတာတုံး။ သမီးခင်ပွန်းရော ပါမလာဘူးလား “
“ အမေရယ်…မေးခွန်းတွေက များလှချည်လား။ သမီးပြန်လာတာက အမေ့ကိုလွမ်းလို့ပေါ့“
ဟုဆိုရင်း အမေ့မျက်နှာလေးကို လက်ညှိုးလေးနဲ့ မထိတထိကျီစယ်ရင်း သူဖြေလိုက်တယ်။ ပြီးတော့…အမေ့သမက် ကျွန်မခင်ပွန်းက ပါမလာဘူးရှင့်။ သူနေကောင်းပါတယ်၊ ဒေါင်ဒေါင် မြည်လို့ဟု ဟန်နှင့်ပန်နှင့် အမေ့ရဲ့ အမေးကို ဖြေလိုက်တယ်။ ကလေးတစ်ဦးသဖွယ် ဟန်နှင့် ပန်နှင့် သူ့အမေးကို ဖြေနေတဲ့ သမီးရဲ့ပုံကို မြင်ရတဲ့ မိခင်ကတော့ အပြုံးများနဲ့ သမီးကို ရင်ခွင်ထဲဆွဲသွင်းရင်း အေးပါကွယ်၊ သိပါပြီ…သိပါပြီ။ သမီး ရေသွားချိုးလိုက်နော်၊ ပင်ပန်းလာ တာ အမောပြေလန်းဆန်းသွားအောင်လို့၊ ကဲ…သွား…သွား။
အမေ့စကားအဆုံး အမေ့ရင်ခွင်ထဲက ထွက်လို့ ရေမိုးချိုး အလှပြင်ကာ အမေကျွေးတဲ့ ထမင်း ကိုစားရင်း စကားတွေပြောဖြစ်ခဲ့တယ်။ စကားပြောတွေကလည်း တခြားမဟုတ်ပါဘူး၊ စီးပွား ရေး၊ လူမှုရေးတွေပါ။ အထူးသဖြင့် သမက်တော်ရဲ့လား၊ သမီးကိုဂရုစိုက်ရဲ့လား စတာတွေပါ ပဲ။ အမေ့သမက်ကိုလူချော တော်ကြောင်း၊ ကောင်းကြောင်း၊ ဂရုစိုက်ကြောင်းတွေကို ဖြေရင်း ပြောရတာအမော ခင်ပွန်းဆီလွမ်းတဲ့စိတ်က ၀င်လာပါတယ်။ ဒါ့ကြောင့် အမေ့ဆီမှာ (၂)ရက်၊ (၃)ရက်ပဲ နေမယ်ဟု စိတ်ထဲက တိတ်တခိုး ဆုံးဖြတ်လိုက်ပါတယ်။
(၂)ရက်၊ (၃)ရက်ကြာတော့ ခင်ပွန်းဆီပြန်ဖို့ ပြင်ဆင်တာပေါ့။ ဘာရမလဲ၊ ကိန္နရီ ကိန္နရာ တစ်ညတာလေး ဝေးနေရတာ ခုနှစ်နှစ်လောက် ကြာတယ်ထင်တယ်လို့ ဆိုစကား ရှိသား မဟုတ်လား။ အခုလည်း ငါက ငါ့ခင်ပွန်းကို သတိရလို့ ပြန်ဖို့ ပြင်တာ တရားပါတယ်လေဟု သူ့ကိုယ်သူ အားပေးနေလေရဲ့။ အပြစ်မရှိကြောင်းထောက်ခံနေလေရဲ့။ ဒီမြင်ကွင်းကို မြင်သွား တဲ့ မိခင်က “ ဟဲ့…ဟဲ့သမီး ဒါက ဘယ်လိုဖြစ်တာလဲ။ ဆိုင်းမဆင့် ဗုံမဆင့် ပြန်တော့မလို့လား “ “ဟုတ်တယ်အမေ၊ သမီးသူ့ကို လွမ်းနေပြီ၊ ပြန်ခွင့်ပြုပါနော် “ ဟု အမေ့ထဲ မျက်နှာငယ်နှင့် ခွင့်ပန်တော့ " သြော်…သမီးရယ် ပြန်တော့ ပြန်ပါအေ။ အမေ ကြည်ဖြူပါတယ်။ ဒါပေမဲ့ ခင်ပွန်းဆီပြန်တာ လက်ချည်းပြန်လို့ မတော်ဘူး သိလား။ အမေ မုန့်ကြော်ပေးလိုက်မယ်၊ ဒီတစ်နေ့တော့ နေပါဦးကွယ်" ဟုတားသည်။ အေးလေ…တစ်နေ့နဲ့တော့ မထူးပါဘူး နေလိုက် ပါမယ်။ " အင်းပါ အမေရယ်၊ ဒါဆိုလည်း အမေ မုန့်ကြော်ပေးနော်"ဟု တောင်းဆိုလိုက်တယ်။
ဖြစ်ချင်တော့ မုန့်ကြော်ပြီးတဲ့အချိန်မှာ သူတို့အိမ်တံခါးဝမှာ ရဟန်းတော်လေးပါး ဆွမ်းရပ်တော် မှုလာတယ်။ သူ့အမေက မုန့်ကြော်အားလုံး ရဟန်းတော်တို့ကို မျှဝေလှူလိုက်ပါတယ်။ ဒါ့ကြောင့် သူနောက်တစ်နေ့ အမေ့အိမ်လေးမှာ ဆက်နေရတာပေါ့။ နော်ကနေ့ဆက်ပြီး မုန့်ကြော်၊ ရဟန်းများကြွလာလို့ လှူလိုက်ရပြန်တယ်။ ဒီလိုနဲ့ လေးရက်မြောက်နေ့မှာ သူ့ခင်ပွန်းက သူပြန်မရောက်လို့ နောက်အိမ်ထောင်ပြုသွားပြီလို့ သတင်းစကားကြားရပါပြီ။ အဲဒီသတင်းစကား သူ့နားထဲ သံချွန်နဲ့ထိုးဆွသလိုပါပဲ။
သူ့ခင်ပွန်း နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့ သတင်းစကား ကြားတဲ့အခါယူကျုံးမရဖြစ်ကာ သူလေ အရူးတစ်ပိုင်း မိန်းမရိုင်းကြီး ဖြစ်သွားပြီး။ သူအချိန်မီ ရောက်မသွားလို့သာ ခင်ပွန်း နောက်အိမ်ထောင်ပြုသွားတာ၊ အချိန်မီ မရောက်ရခြင်းဟာ ရဟန်းတော်လေးပါး နေ့တိုင်း မုန့် အလှူခံကြွလာလို့သာပဲဟု တရာခံ၇ှာပါတယ်။ တရားခံဟာ ရဟန်းတော်လေးပါးပဲဟု တစ်ထစ် ချ သူယုံမှတ်လိုက်ပြီ။ ဒါကြောင့် သူလေ ရဟန်းမြင်သမျှကို ဆဲရေးပြစ်တင် ပါတော့တယ်။ ရဟန်းတော်တွေလည်း သူ့ကိုကြောက်လို့ သူတို့အိမ်ကို မဆိုထားနဲ့ သူတို့လမ်းထဲတောင် မကြွ ရဲကြတော့ပါဘူး။
ဒီအကြောင်းကို ကြားသိတော်မှုတဲ့ မြတ်စွာဘုရားဟာ သူတို့အိမ်ကို ကြွတော်မှုပါတယ်။ သူ့အမေက ထိုမြတ်စွာဘုရားကို မြတ်မြတ်နိုးနိုး ခရီးဦးကြိုဆိုလို့ မြတ်မြတ်နိုးနိုး နေရာထိုင်ခင်းပေးပြိး ရှိခိုးပါတယ်။ မြတ်စွာဘုရားက သူ့ကိုမတွေ့လို့ မေးပါတယ်။ ဒီအခါ သူ့အမေက အကြောင်းစုံ လျှောက်ထားပါတယ်။ အကြောင်းအကျိုးကိုသိတဲ့ မြတ်စွာဘုရားဟာ သူ့ကို ခေါ်စေပါတယ်။ ပြီးတော့ " ချစ်သမီး..ငါဘုရားရဲ့သားတော် ရဟန်းတွေဟာ သူတစ်ပါး ပေးတာကိုသာ ယူတာလော၊ မပေးတာကို ယူတာလော"ဟု မေးပါတယ်။
ဒီတော့ သူက ဘာပြန်လျှောက်ထားသလဲသိလား။ "ရဟန်းတော်များဟာ ပေးလှူတာကိုပဲ ယူပြီး မပေးတာကို မယူပါဘူးဘုရား"…တဲ့လေ။ "ဆွမ်းခံကြွတဲ့အခါ သင်တို့ရဲ့ တံခါးဝမှာ ရပ်ပြီး ပေးလှူတာကိုသာ ယူတာဆိုရင် ငါ့သားတပည့် ရဟန်းတို့မှာ အပြစ်ရှိသလား"ဟု မေးမြန်းပါတယ်။ ဒီအခါမှာလည်း သူကလေ"အရှင်ဘုရားရဲ့သား တပည့်ရဟန်းတွေမှာ အပြစ်မရှိပါဘူးဘုရား " …လို့ ဖြေပြီး တပည့်တော်မကို အပြစ်မှ ချမ်းသာပေးပါလို့ လျှောက် ထားတယ်လေ။
ဒီလိုတောင်းပန် ကန်တော့မှသာ အပြစ်ကပြေပျောက်မှာကိုး။ ဘာကြောင့်လဲဆိုရင် သူဟာ ရဟန်းသားတော်တွေကို စော်ထားတာကြောင့်ပါ။ ရဟန်းအပေါင်းကို စော်ကားခြင်းဟာ သံဃာကို ပြစ်မှားတာ ဖြစ်လို့ပါပဲ။ ဘုရားရှင်က တောင်းပန်လျှောက်ထားတဲ့သူကို တရားစကား ပြောကြားပါတယ်။
" ချစ်သမီး…ဒါနဟာ ပေးသူ၊ ယူသူ နှစ်ဦးစလုံးရဲ့စိတ်ကို နူးညံသိမ်မွေ့စေပါတယ်။
- ဒါနဆိုတဲ့ ပေးကမ်းခြင်းဟာ ခရီးသွားတဲ့အခါ ရိက္ခာယုပ်ခြင်းနဲ့တူပါတယ်။
- သံသရာခရီးလမ်းမှာ လိုအပ်သလို ထုတ်ယူသုံးစွဲဖို့ လက်မှတ်တစ်စောင်နဲ့လည်း တူပါတယ်။
- ဒါနဟာ ဘ၀ဆက်တိုင်းမှာ အူမတောင့်ဖို့ မျိုးစေ့တစ်ခုပါ။
ဒါကြောင့် သင်ပေးလှူခဲ့တဲ့ မုန့်အလှူအတါက် ၀မ်းသာပါ ချစ်သမီး "လို့ ဒါနအကြောင်း မိန့်မြွက်ဟောကြားပါတယ်။
" ချစ်သမီး…ဒါနဟာ ကောင်းကျိုးအဖြာဖြာကို ပေးနိုင်သလို သီလဟာလည်း ကောင်းခြင်း တရားများစွာကို ပေးနိုင်ပါတယ်။ သီလနဲ့ ပြည့်စုံသူဟာ
- ဖြစ်လေရာ ဘ၀တိုင်းမှာ အသက်ရှည်မယ်။
- သီလဆောက်တည်ရခြင်းကြောင့် မိမိရဲ့စိတ်ကို ဖြူစင်စေပါတယ်။
- မိမိအနီးအနား ဆက်နွယ်သူမှန်သမျှကို ငြိမ်းချမ်းစေနိုင်ပါ။
ဒါနမှု၊ သီလမှုတွေကြောင့် လူ့ပြည် နတ်ပြည်မှာ အခါခါ ကျင်လည်ကျက်စားနိုင်ပါတယ်။ နတ်ပြည်မှာ ၀တ်စရာ၊ စားစရာ၊ နေစရာ အားလုံးဟာ အဆင်သင့်ပါပဲ။ ပူစရာမလိုဘူး ချစ်သမီး။ ဒါပေမဲ့ လူ့ပြည်ရောက်ရင် လူ့ခန္ဓာ၊ နတ်ပြည်ရောက်ရင်နတ်ခန္ဓာကို ရမှာပါ။ ရုပ်၊ နာမ်ဆိုတဲ့ သင့်ရဲ့ခန္ဓာငါးပါးတရားစုဟာ ဒုက္ခချည်းသက်သက်ပါ။ ရုပ်၊ နာမ်တရားတွေဟာ အမြဲမပြတ် ဖြစ်ပျက်နေလို့ မမြဲတဲ့သဘော အနိစ္စပါပဲ။ ဤခန္ဓာငါးပါး အနိစ္စတရားကို ချမ်းသာအောင် လုပ်ဆောင်ပေမဲ့ ဒုက္ခဆင်းရဲ သက်သက်ပါပဲ။ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ဟာ ငါ့အကြိုက်မလိုက် ဖြစ်ပြီး ပျက်နေလို့ အနတ္တဟုဆင်ခြင်ပါ။ သံသရာမှ ထွက်မြောက် ကြောင်းဖြစ်တဲ့ ဖြစ်ပျက်ကို မြင်အောင်ရူပါ။ လူ့ခန္ဓာလည်း သေရမှာ၊ နတ်ခန္ဓာလည်း သေရမှာပဲ"လို့ ဆုံးမပါတယ်။
ဘုရားရှင်ရဲ့ တရားအဆုံးအမတွေကို သူလေနားက တရားနာပြီးဥာဏ်က ခန္ဓာဘက်လှည့်ပြီး စောင့်ကြည့်ပါတယ်။ ပူတာကရုပ်၊ ပူတယ်လို့သိတာက နာမ်လို့ သိပါတယ်။ သဘောခန္ဓာ တွေကို ဥာဏ်နဲ့ရူပါတယ်။ ပစ္စုပ္ပန်ခန္ဓာကို သူတွေ့ပါတယ်။ ပစ္စုပ္ပန်ခန္ဓာဆိုတာ သဘောခန္ဓာ ပေါ့။ ဘုရားရှင်ရဲ့ အသံတော်က သူ့ရဲ့နားမှာ တွေ့ပါတယ်။ အဲဒီမှာ ကြားစိတ်၊ ကြားခန္ဓာလို့ သိပါတယ်။နားမှာပဲ အသံတွေဟာ ခုပေါ်(ခုဖြစ်) ခုပျက်နေကြောင်း ထိုးထွင်းသိပါတယ်။ ကြားခန္ဓာရဲ့ ဖြစ်ပျက်တွေ မဂ်ဂင်ငါးပါး ၀ိပဿနာဥာဏ်နဲ့ မြင်ပါတယ်။ ရုပ်၊ နာမ်တွေဖြစ်ပြီးပျက်နေတာ၊ ခန္ဓာတွေ ဖြစ်ပြီး ပျက်နေတာ မြင်လိုပါတယ်။
- ဖြစ်ပျက်တွေ မြင်ဖန်များတော့ သူမုန်းလာပါတယ်။
- မုန်းဖန်များတော့ ဖြစ်ပျက်တွေ အဆုံးကို တွေ့ပါတယ်။
- တစ်ကြိမ်မုန်း တစ်ကြိမ်ဆုံးတော့ သူလေ သောတာပန်တည်သွားပါတယ်။
- သူ သောတာပန်တည်တော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါတွင် ကြည်ညိုစေပြီး သောတာပန်တည်အောင် တရားဟောကာ လောကုတ္တရာ အမွေတွေ ပေးခဲ့ကြောင်း မိန့်ကြားတာပေါ့။
ဘုရားရှင်မိန့်ကြားသံကိုကြားရတဲ့ ကောသလမင်းကြီးလည်း သာသနာတော်ကို ကြည်ညိုတဲ့ မင်းဖြစ်တာကြောင့် သူ့ကို သမီးအဖြစ် မွေးစားပြီး လောကီစည်းစိမ်အမွေတို့ကို ပေးပါတယ်။ ပြီးတော့သူ့ကို အမတ်တစ်ဦးနဲ့ အိမ်ထောင်ချပေးပါတယ်။ ဒါဆိုရင် သူဟာ အရူံးထဲမှာ အမြတ် ရှာနိုင်ခဲ့တာပေါ့။
သူဟာ..
ပထမ မုန့်ကြော်များ ဆုံးရူံးရခြင်း၊
ဒုတိယ လင်ယောက်ျား ဆုံးရူံးရခြင်း၊
တတိယ သူနှင့်သံဃာများကို ပြစ်မှားမိခြင်းကြောင့် ကိုယ်ကျင့်တရားများ ဆုံးရူံးရခြင်း ဒါပေမဲ့ ဘုရားရှင်က တရားဟော ဆုံးမလို့
- ကာသလမင်းကြီးရဲ့ သမီးတော် အဖြစ်တည်၍ စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း၊
- အရာရှိအမတ် လင်ယောက်ျားကို ရရှိခြင်း၊
- ဒါနမှု၊ သီလမှုများ မငြိုမငြင်ပြုရခြင်း။
- ဘုရားရှင်ရဲ့သမီးအစစ် သောတာပန်အဖြစ်တည်ရခြင်း စတဲ့ အမြတ်တရားများ ထုတ်ယူနိုင်ခဲ့ပါတယ်။
တကယ်တော့ သူဆိုတာ ကာဏာဆိုတဲ့ အမျိုးသမီးလေးပါ။ သူ့အမေကတော့ ကာဏမာတာ လို့ခေါ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မြတ်စွာဘုရားသာဝတ္တိပြည်၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးပြီးသတ္တ၀ါတွေရဲ့ အကျိုးကို မျှော်ကိုး သာသနာပြုနေတဲ့ အချိန်က အဖြစ်အပျက် ကလေးပါ။
လောက်မှာ အမေကို သားသမီးတို့ရဲ့ ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုး မျှော်ကိုးဆောင်ရွက် ပေးတတ်တဲ့ အတုမရှိလို့ တင်စားကြပါတယ်။ ဒီဇာတ်လမ်းလေးထဲက ကာဏမာတာဟာ သမီး ကာဏာကို ပစ္စုပ္ပန်ဘ၀အတွက် ခင်ပွန်းကောင်းနဲ့ စည်းစိမ်တို့ကို ပေးခဲ့ပြီး။ သံသရာဘ၀ အတွက် သောတာပန်တွင် တည်စေခဲ့ပြီး။ ဒါတွေဟာ အမေကပေးတဲ့လက်ဆောင် (အမြတ်တရား) များပဲ မဟုတ်ပါလား။
(ဓမ္မပဒ-ပဏ္ဍိတ၀ဂ်၊ ကာဏမာတာဝတ္ထု)

No comments: