Monday, February 9, 2009
"တိတ်တိတ်နေသူ"
မောင်စံသည်နံနက်စောစော အိပ်ရာမှ ထလေ့ရှိသည်။ အိပ်ရာမှထပြီးနော်က တင်းတိမ်ကိုခြုံ ကာ မီးဖိုချောင်၌ ဆေးပေါ့လိပ်ကိုဖွာရင်း စိတ်ကူးဥာဏ်ထုတ်၍သာ နေလေ့ရှိ၏။
ယေက္ခမယောကျာ်းကြီးနှင့် မိန်းမကြိးသည်ကား ရခါစဖြစ်သောသားမက်ကို နံနက်တိုင်းအကဲ ခတ်လျက် အားတက်၍နေကြလေ၏။ “တော်လိမ့်မယ်ရှင်မရဲ့၊ စကားတော့ အင်မတန်ကြီးမ ပြောဘူး၊ ကြိတ်ကြံနေတဲ့ပုံပဲ” ဟု ယောက္ခမယောကျာ်းကြီးက ပြောလေ၏။
ယောကျာ်းကြီးက “အေး...ကုသိုလ်ပဲ၊ “လူပြောမသန်၊ လူသန်မပြော”တဲ့၊ တစ်ယောက်တည်း ကြိတ်ပြိးကြံတဲ့လူများဟာ မညံ့ဘူးနော်၊ ဒါနဲ့အလျင်ကတော့ မင်းကဘာလေးညာလေး ပြောသေးတယ်၊ ငါကလူကဲကြည့်ပြီး စီမံလိုက်တာ၊ မင်းကတော့ မီးပုံအလှော်ကောင်းလို့ ငါပါတယ်ထင်တာပေါ့။ အခုဘယ့်နှယ်ရှိစ ဒါမျိုးမှအဖိုးတန်ရုပ်ကတော့ နောက်ပိတ်နဲ့ ခေါင်း ပေါင်းနဲ့ဆိုရင် ပွဲစားရုပ်ပဲ၊ ဟင် မဟုတ်ဘူးလား”
“ပွဲစားဆိုတာ စကားများ ရတယ်တော့၊ တော့သားက စကားနည်းတာ”
“စကားများတိုင်း အသားပါတာမဟုတ်ဘူးကွယ်၊ တစ်လုံးပြောရင် ပြောသာလောက် အရာ ရောက်မှ စကားပြောကျိုးနပ်တာ၊ မင်းသားက ဒီလိုအစားမျိုးထဲက”
“ဟုတ်တယ်၊ ကျုပ်လဲအကဲခတ်ရက်ပဲ၊ မနက်တိုင်းစောစောထတယ်၊ စောစောထတာဟာ ၀ီရိယပဲ”
“၀ီိရိယလဲ ၀ီရိယပဲကွယ့်၊ လူဟာကြံပြီဆိုရင် အိပ်မနေနိုင်ဘူး၊ နိုးရတာမျိုး၊ သည်တော့အကြံ တွေ စိတ်ကူးတွေ များအားကြီးလို့ အိပ်ရာထဲမှာ မနေနိုင်ဘဲထပြီး၊ လူကြီးမိဘကို ကြောက်ရွံ့ရိုသေတဲ့စိတ်ကလဲ တစ်ဖက်မို့ မီးဖိုနားမှာချောင်ခိုပြီး စဉ်းစားတာပဲ”
“အင်း...အခုအိမ်ပေါ်ရောက်တာ တစ်လနီးပြီ၊ ကြံရက်ချည်းနေတာပဲ၊ ဘာများကြံသလဲ မသိ ဘူး”
“ဟုတ်တယ်၊ အကြံဘယ်လောက်ကောင်းစေကာမှု လက္ခဏာ မရှိတော့လဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေရတာပဲ၊ မိဘဆီမှာ ငွေကြေးတောင်းဖို့ဆိုလဲ ခက်နေတယ် ထင်ပါရဲ့”
“အကြံကောင်းရင် ငွေဘာအရေးကြီးသလဲကွယ့်၊ ငွေဆိုတာ ကြံဖို့စ်ဖို့ဟာပဲ၊ ငွေကိုစုထားလို့ ဘာလုပ်မှာတုန်း၊ ကိုယ့်သားသမက်ကို ကူလီစာရင် ငှားအလုပ်သမားလိုလဲမခိုင်းနိုင်ဘူးကွယ့်၊ သည်တော့ အကြံကောင်း အစည်ကောင်းရှိ၇င် ခန့်ခန့်ညားညား နောက်လိုက်နောက်ပါနဲ့ သွားလာကြံဖတ်နိုင်အောင်ငွေထုတ်ဖို့ရှိတာပဲ”
“မေးကြည့်ပါဦး၊ ဘယ်လိုအကြံများ ရှိသလဲဆိုတာ သိရအောင်”
“မေးမှဖြစ်မယ်၊ မင်းသားက ဗဟိုစည်လို တီးမှမြည်မယ့်လူစား၊ မတီးမမြည်ထဲက၊ ငါက ဒါမျိုးမှ သဘောကျတာ၊ သွက်ဟန်၊ ချက်ဟန်၊ တက်ဟန်နဲ့ ဟိုညံ့ညံ့ ဒီညံ့ညံ့ အကောင်မျိုးကို မကြိုက်ဘူး”
“အခုတော့ တော့အကြိုက်တွေ့ပါပြီ၊ သားသမက်ကောင်းရရင် လွှဲပြိးဥပုသ်သီတင်းစောင့် ပုတီးစိပ်နေတာပေါ့၊ လှေနဲ့တက်နဲ့အသင့်ပဲ”
နောက်တစ်နေ့နံနက် အဘိုးကြီးနှင့်အမယ်ကြီးသည်စောစောထလျက် သမက်ကို စောင့်၍နေ ကြလေ၏။
ထိုအခါ မိုးတစိမ့်စိမ့်ရွာသဖြင့် အတော်အေးသော နံနက်ဖြစ်လေ၏။
သမက်တော်မောင်လည်း အခါတိုင်းနည်းတူ ဆေးပေါ့လိပ်ကို ကိုက်ကာ တင်းတိမ်ကိုခြုံလျက် အိမ်ပေါ်မှဆင်း၍လာလေ၏။
အဘိုးကြီးနှင့်အမယ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် လက်တို့ကာ အရိပ်ကြည့်၍နေကြ လေ၏။ သို့ကြည့်နေခိုက်တွင် မီးဖိုထဲသို့ဆေးလိပ်ဖွာရင်း ၀င်၍သွားလေ၏။
မိုးဖိုမှာ နံနက်အာရုဏ်ဆွမ်းချက်ပြီးစမို့ နွေး၍နေလေ၏။ မောင်စံသည် အခါတိုင်းနည်းတူ မီးဖို မှာထိုင်လျက် မီးလှုံရင်း ဆေးလိပ်ကိုသာခဲ၍သောက်လျက် မီးဖိုကပြာတွေကို ၀ါးခြမ်းစနှင့် လိုးဆွနေလေ၏။
“ကိုင်း...ခေါ်လေ ရှင့်သားကို၊ ရှင်ပဲခေါ်ပါ”
“မင်းခေါ်ပါ၊ ငါကအင်မတန်ကြီး အရောဝင်လို့မကိုက်ဘူး”
“အမယ်လေးတော် ယောက္ခမနို့ သမက်မစို့ဝံ့သလို လုပ်မနေပါနဲ့၊ ခေါ်သာခေါ်ပါ”
အဘိုးကြီးသည် သက်မကြီးချပြီး“အဟမ်း” ဟုချောင်းဟန့်ပြီး “ဟေ့..မောင်စံလာပါဦးလား ကွယ်၊ မင်းအမေက ဟောဒီမှာ...”ဟု စကားတစ်ပိုင်းပြတ် ပြောလိုက်လေ၏။
အဘိုးကြိးသည် က္ကုနြေ္ဒကြီးသူဖြစ်သဖြင့် သမက်အား“ စတင်ရန်ခက်ပါဘိ” ဆိုသည့်စကားလို ဖြစ်၍နေလေရာ ထိုခေါ်ခြင်းသည် ပထမအရဲစွန့်၍ ခေါ်လိုက်ခြင်းဖြစ်လေ၏။
“ခင်ဗျာ”ဟု အသံသေးကလေးနှင့် မောင်စံကပြန်၍ထူးပြီး မီးဖိုမှ ထ၍လာလေ၏။
အဘိုးကြီးနှင့် အမယ်ကြီးရှေ့၌ ကျုံ့ကျုံ့ကလေးလာ၍ ထိုင်လေ၏။
အဘိုးကြီးက အမယ်ကြီးအား လက်ကုတ်ကာ“ဘယ့်နှယ်လဲ၊ ယောက္ခမမိဘမို့ ရိုသေရမှန်း၊ ကိုင်းညွတ်ရမှန်း သိလိုက်တာ၊ အခုကာလသားကလေးတွေနဲ့ မခြားဘူးလား”ဟု ပြောလေ၏။
“အေး...လောကမှာ အကြံနဲ့လူ၊ ဥာဏ်နဲ့လူမှ ဖေဖေတို့က သဘောကျတာ၊ အကြံကောင်းတစ် ချက်တဲ့၊ ငွေကြေးဆိုတာကြံဖို့ စည်ဖို့ထားတာ။ လုပ်ချင်ကိုင်ချင် ကြံစည်ချင်ရင် အားမနာနဲ့၊ ဘားမှရှက်ကြောက်နေဖို့ မရှိဘူး။ ဖေဖေတို့ကလဲ အသက်အရွယ်ကြီးကြပြီ ကြံသမဆစည်သ မျှလဲ မင်းတို့ဖို့ပဲ၊ ပြောသာပြော၊ မင်းမနက်တိုင်း စိတ်အိုက်နေတာကို မြင်ရတာ ငါတို့မသက် သာဘူး”
မောင်စံသည် ပြောရမျာ ခက်သည့်အမှုအရာနှင့် မျက်နှာအောက်ချလျက် “မပြောပါရစေနဲ့ဦး ဖေဖေရယ်၊ ကြံတော့ ကြံတာပဲ၊ စဉ်းစားပါရစေဦး”ဟု ပြန်၍ပြောလေ၏။
အမေကြီးက “ဘာများခက်စရာရှိနေလို့လဲကွဲ့၊ တယ်လဲအားနာတတ်တာကိုးကွဲ့။ ပြောသာ ပြောပါ၊ အကြံရှိလို့ မင်းစဉ်းစားမရရင် အမေတို့လဲကူပြီး စဉ်းစားရတာပေါ့။ ပြောသာပြောပါ”
“သည်းခံပါ အမေရယ် တဖြည်းဖြည်းတော့ သိရမှာပါ။ အခုတော့ စောလဲစောပါသေးတယ်”
ဤကဲ့သို့ သုံးလေးရက်ကြာ၍ သွားသောအခါ အမယ်ကြီးက“မင်းတို့အကြံကောင်းရှိလို့ လုပ်ကိုင်ဖြစ်ထွန်းရင် ငါတို့ကိုပေးရမှာစိုးလို့ မပြောတာလား၊ စိုးရင်မင်းတို့ဘာသာ လုပ်တာပေါ့၊ ငွေဘယ်လောက်လိုတယ်ဆိုတာသာပြော”ဟု အမယ်ကြီးက ပြောလေ၏။
အဘိုးကြီးက“မပြီးခင် ဗမာမမြင်စေနဲ့ဆိုတဲ့ ကရင်စကားလို ထင်ပါရဲ့ကွယ်၊ လောကမှာ အဲဒီလိုလျှို့ဝှက်တာလဲ ကောင်းတာပဲကွဲ့၊ ဒီလူမျိုးမှ ကြီးပွားတာ၊ အကြံကိုလူတွေ့တိုင်းပြော သူတွေဟာ အပြောနဲ့ပြိးတာပဲ”
ထိုကဲ့သို့ သုံးလေးရက် ဆက်လက်၍ အဘိုးကြီးနှင့် အမယ်ကြီးက ပြောသောအခါ မောင်စံမှာ ဆက်လက်၍လျှို့ဝှက်စွာ မထားနိုင်တော့သည်ဖြစ်ရကား အကြံကို ထုတ်ဖွင့်ကာ...
“ဖေဖေတို့ ဒီလောက်တောင် သိချင်သလား၊ ကျွန်တော်အကြံက ငွေကြေးမကုန်ကျပါဘူး”
“မကုန်ကျဘဲနဲ့ဖြစ်နိုင်ရင် အတိုင်းထက် အလွန်ပေါ့ကွယ်၊ ပြောစမ်းပါဦး ဘယ်လိုအကြံမျိုးများ လဲ၊ ဖေဖေတို့ကရှေးကျကုန်ပြီ၊ မင်းတို့က ကာလဥာဏ်မီတယ်၊ ငွေရင်းမစိုက်ဘဲဖြစ်ထွန်းနိုင် တာဆို၇င် လူစွမ်းလူစလိုတာပေါ့၊ ပြောပါဦးလကွဲ့” ဟု အဘိုးကြီးက ပြော၏။
အမယ်ကြီးက “အေးကွယ်...ပြောစမ်းပါဦး၊ လူစွမ်းရင် ငွေထက်အဖိုးတန်တာပေါ့၊ ခိုးဝှက်လု ယက်တာမျိုးတော့ မဟုတ်ပါဘူး ထင်ပါရဲ့”
“မတော်တာအမေရယ်...ကျွန်တော်ဒါမျိုးမဟုတ်ပါဘူး၊ သူတစ်ပါးပစ္စည်းဆိုရင် စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး”
“အေး..ဒါမျိုးမှ ငါတို့က သဘောကျတယ်ကွဲ့၊ ငါတို့က ရိုးရိုးလုပ်ကိုင်ရှာဖွေ ဖြစ်သင့်သလောက် ဖြစ်ထွန်းလာခဲ့ကြပြီ။ သူတစ်ပါးပစ္စည်း ဘာလုပ်ဖို့လဲ၊ ကိုင်း...ငါ့သားအကြံပြောစမ်းပါဦး”
“ဖေဖေတို့ကလဲ တယ်သိချင်တာကိုး၊ သိချင်လို့မေး၊ ပြောရတော့မှာပဲ”
“အေးကွယ်...ပြောလိုက်စမ်းပါ“ဟု အမယ်ကြီးက အားတက်စွာပြောပြီး သမက်၏မျက်နှာကို ကြည့်လျက် နေလေ၏။
မောင်စံ... “အဟမ်း...ကျွန်တော် ကြံတာက တခြားတော့ မဟုတ်ပါဘူး အမေ”
အဘိုးကြီး... “ဘယ်လိုဆိုတာ သိရအောင်”
မောင်စံ...“အခုလို အရမ်းအေးလှတဲ့ မိုးတွင်းအခါများမှာ”
“အေးအေး..ဆိုစမ်းပါဦး”
“အခုလို မနက်စောစော မိုးရွာခိုက်မှာ”
“အေး...ဆိုစမ်းပါဦး”
မောင်စံ...“ကျွန်တော့် စိတ်ကူးကို ပြောတာနော်”
“အေးအေး...ပြောပါလကွဲ့”
မောင်စံ...“ကျွန်တော့်စိတ်ကူးတာတော့ အခုလိုမနက်စောစော မိုးရွာခိုက်မှာ စောင့်ခြုံပြီး ထမင်းရည်ပူပူကလေးကို ဆားခပ်သောက်ရရင် အင်မတန် ကောင်းမှာပဲလို့ စိတ်ကူးနေတာပါ ဖေဖေရဲ့”ဟု ပြန်၍ပြောလေ၏။
ထိုအခါကျမှ ယောက္ခမကြီးနှစ်ယောက်မှာ ငိုလည်းငိုချင် ရယ်လည်းရယ်ချင်ဖြစ်လျက် ငြိမ်သက်စွာ မထိုင်နိုင်ဘဲ အိမနောက်ဖေးသို့ ဆင်း၍ပြေးကြလေ၏။
အမယ်ကြီး...“ကိုင်း..ဘယ့်နှယ်ရှိစ၊ ကျုပ်အစကမေပြောလား”
“မပြောတတ်ပါဘူးကွယ်၊ ဟိုကောင်မ အလှော်ကောင်းတာနဲ့ ငါလဲ...”
“လူကဲခတ်တတ် တယ်ဆို...လူကဲ ခတ်ကောင်းကြီး၊ အခုဘုရား အလောင်းနဲ့ တွေ့ပြီးပွဲစားရုပ်၊ တယ်တော်တယ်...တော့ အတတ်”ဟုပြောပြီး မီးဖို သို့ဝင်ကာဈေးခြင်း ကိုဆွဲပြီး ခြေကိုဆောင့်၍ နင်းကာ ဈေးသို့သွား၍ ဆန်ဝယ်ရရှာလေ တော့သည်။
စိတ်နှလုံးယဉ်ကျေးခြင်း
ကိုယ်အမှုအရာ နှုတ်အမှုအရာ ရိုင်းစိုင်းခြင်း တိုတောင်းခြင်းသည် မရှိစေရ။ သို့သော်လည်း အောကျို့ခယ၊ ၀ပ်တွားခြင်းထက် တိုတောင်းခြင်းက တော်သေး၏။
တစ်ဖက်သားကု လွန်စွာအရိုအသေပေးခြင်းသည်မြှောက်ပင့်ခြင်း ဖြစ်လေရာ ရှုတ်ချဖွယ်ရာ ကောင်းသော အမှုအရာ ဖြစ်လေသည်။
“မှန်ပါပေးမယ်။ ဟုတ်ပါပေတယ်။ အမိန့်တော်အတိုင်းခင်ဗျာ” စသည့်စကားမျိုးနှင့် ကုန်းခြင်း၊ ကွခြင်း၊ ရှစ်ခိုးဦးညွှတ်တော့ မလိုရပ်ခြင်းသည် ရှေးခေတ်နှင့် ရှေးလူကြီးများ၏စိတ်၌ “လူလိမ္မာသား ယဉ်ပါသည်” ဟုပြောကာ ချီးမွမ်းကြသော်လည်း ယခု ကျွန်ုပ်တို့ခေတ်မှာကား ယောက်ျားမပီ၊ လူမလီလူညာ၊ တကယ့်နေရာ၌ လူရာမ၀င်လူမျိုးဖြစ်လေသည်။
ယခုခေတ်လူများသည် လွန်စွာယဉ်ကျေး၍ စိတ်သဘောကြီးကြ၏။ ပရိသတ်အလယ်တွင် တစ်စုံတစ်ယောက်၌ အပြစ်ပင်ရှိစေကာမှု ရူတ်ချခြင်း၊ ကဲ့ရဲ့ခြင်း လျောင်ရယ် ပြောင်ရယ် ပြုခြင်းများကို မလိုလား မနှစ်သက်ကြပေ။
ရှေးအခါက ပရိသတ်ဗိုလ်ပုံအလယ်၌ တစ်စုံတစ်ယောက်သည် မယဉ်ကျေးသော အမှုကိုပြုမိ သည်ဖြစ်စေ၊ စကားအသုံးအနှုန်းရိုင်းသည့်အခါဖြစ်စေ၊ လူကြီးလူကောင်း ထေရ်ကြီး ၀ါကြီးများ ဟုပင် အကြင်နာပြုံး၊ အခွင့်လွှတ်ပြုံး၊ ၄င်းနည်းမျိုးဖြင့် ပြုံးရယ်ကာ မှားသူကို သေးသိပ်အောင် ပြုတတ်ကြလေသည်။
“မသိရှာလို့ဘဲ နားမလည်လို့ပါ”ဟူသောစကားမျိုးဖြင့် ရယ်မောတတ်ကြ၏။ ယခုအခါ၌ကား ထိုကဲ့သို့ မပြောဘဲ အမှားကိုပင် မထင်ပေါ်စေရအောင် လိုက်လျောတတ်ကြလေသည်။
အချို့သောသူများသည် ရှေးနည်းအတိုင်း ပြောဆိုသုံးနှုန်းကြရာ ယခုခေတ်လူများသည် မနှစ်သက်စေကာမှု အပြစ်ဆိုလေ့မရှိကြပေ။ သို့အတွက် မိမိတို့နည်းလမ်းကို ကောင်းသည်မှတ်ထင်၍ နေကြလေသည်။
လူတစ်ဖက်သား၏စိတ်နှလုံးကို မသက်သာအောင် မပြုရ။ အောက်ကျို့လွန်းခြင်းသည် မကောင်းပေ။ လူပလီမျိုး၏ အကျင့်ယုတ်မျိုးနှင့် တူလေသည်။
နားထောင်သင့်သူတို့ကား ရိုးမှန်သောစိတ်နှင့် ပေါ့ပါးလျင်မြန်စွာ အမိန့်ကိုနာယူဆောင်ရွက်ရ မည်။ အမိန့်ကို ကောင်းစွာနာခံတတ်မှ အမိန့်ပေးသူ၏အဖြစ်သို့ ရောက်နိုင်၏။ တပည့်ကောင်း ဖြစ်မှ ဆရာကောင်း ဖြစ်နိုင်လေသည်။ အမိန့်ကိုသုန်မှုန်စွာ နားထောင်သူသည် ကျွန်နှင့်တူ၏။ ရွှင်လန်းကြည်ဖြူစွာနားထောင်တတ်သူသည်ကား သားသမိးကောင်းတပည့်ကောင်းနှင့်တူ၏။
တစ်ရံသောအခါ မြို့လှမင်းဓမ္မာရုံတစ်ခု၍ လူကြီးလူကောင်းများစကားပြောနေကြစဉ် ယော က်ျားပျိုတစ်ယောက် လက်တစ်ဖက်၌ ကျောက်နီလက်စွပ်နှစ်ကွင်းကို ဆင့်၍၀တ်၏ ထိုအခါ၌ ထင်ရှားသော မင်းလှမြို့သူဌေးဦးမှိုသည် လူကြီးများအထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်၏။ ဦးမှိုက ၄င်းယောကျာ်းပျိုကို သေချာစွာကြည့်ပြိး “မင်းဘာဖြစ်လို့ လက်စွပ်နှစ်ကွင်းဆင့် ၀တ်ရသလဲ၊ ဘာအကြောင်းရှိလို့လဲ၊ အခုချွတ်ပစ်လိုက်” ဟုပြောရာ ၄င်းယောကျာ်းပျိုက “ကျွန်တော်မသိလို့ မှားမိတယ် ဘကြီးရယ်” ဟုပြောကာ လက်စွပ်များကို ကပျာကယာချွတ် ပြီး အိတ်ထဲသို့ထည့်၍ထားလိုက်၏။
ဦးမှိုအား“ဤသူငယ်နှင့် ဘာတော်သလဲ”ဟုအခြားလူကြီးတစ်ယောက်က မေးကြည့်ရာ “ဘားမှမတော်ပါ”ဟု ဦးမှိုကပြန်၍ ပြောလေသည်။ ထိုယောကျာ်းပျိုကျေးတောသားကလေးမှာ လျင်မြန်ကြည်ဖြူစွာနာခံသည့်အတွက်ကြောင့် အခြားလူကြီးလူကောင်းများ၏ ချီးမွမ်းခြင်းကို ခံရလေသည်။ မလိမ္မသူ ဖြစ်ချေက“ခင်ဗျားနှင့်ဘာဆိုင်သလဲဗျာ၊ ကျွန်တော့်မှာ ရှိလို့ဝတ်တာ” ဟု ပြန်၍ပြောကောင်းပြောပေလိမ့်မည်။ လိမ္မာသောယောကျာ်းပျိုသည်ကားဤသို့မပြော။ ကျေးဇူးတင်သော အမှုအရာနှင့်လျင်မြန်စွာ နားထောင်လိုက်လေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment