Thursday, February 5, 2009
" အမေ့မေတ္တာအတိမ်အနက်ကို ချိန်စက်ခြင်း"
မောင်ရင်အေး.....
အရှင်ဘုရား အရှင်ဘုရားက အမေဆိုသည်မှာ စာအုပ်ကိုရေးပြီး စာပေ လောကထဲကို ၀င်ခဲ့ တယ်နော်ဘုရား။
စာရေးသူ.....
ဆိုပါတော့ မောင်ရင်အေး။
မောင်ရင်အေး.......
အရှင်ဘုရားက အမေကို တော်တော်ချစ်ပုံရတယ်နော်။
စာရေးသူ......
အမေကို ချစ်တယ်ဆိုတာထက် အမေ့ကျေးဇူးကို သိတတ်တာဆိုရင် ပိုသေချာ ပါတယ်။
မောင်ရင်အေး.......
ဘာကြောင့် အမေ့ကျေးဇူးကို သိတတ်တယ်လို့ ဆိုတာပါလဲဘုရား။
စာရေးသူ.......
အမေဟာ သားသမိးတို့ရဲ့ ပစ္စုပ္ပန်သံသရာနှစ်ဖြာကောင်းကျိုးကို ပေးစွမ်းနိုင်သောပုဂ္ဂိုလ် ဖြစ်လို့ပါ။
မောင်ရင်အေး......
ပစ္စုပ္ပန် သံသရာဆိုတာ ဘာကိုခေါ်ပါသလဲ ရှင်းပြပါဦးဘုရား။
စာရေးသူ......
ပစ္စုပ္ပန်ဆိုတာ မောင်ရင်အေးတို့ ဦးဇင်းတို့ ယခုလက်ရှိအချိန်၊ လက်ရှိဘ၀ကို ပြောတာပါ။
သံသရာဆိုတာ ယခုလက်ရှိဘ၀မှ စုတေ(သေ)ပြီး နောက်နောက်လားရောက်ရမယ့်ဘ၀တွေ ရဲ့ခရီးလမ်းပါပဲ။
မောင်ရင်အေး......
အမေက သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် လူဖြစ်မှ စောင့်ရှောက်တာလား ဘုရား။
စာရေးသူ.......
ဖ၀ါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ် လူဖြစ်မှစောင့်ရှောက်ကြတာ မဟုတ်ပါဘူး။ ပဋိသန္ဓေခပြီး လို့ သိကတည်းက စောင့်ရှောက်ကြတာပါ။
မောင်ရင်အေး......
ပဋိသန္ဓေ နေကတည်းက ဘယ်လိုစောင့်ရှောက်တာလဲဘုရား၊ ရှင်းပြပါဦး။
စာရေးသူ......
ပဋိသန္ဓေ နေကတည်းက ဘယ်လိုစောင့်ရှောက်တာလဲ ဆိုတာကို သိချင်ရင် ပဋိသန္ဓေနေပုံ အဆင့်ဆင့်ကို သိထားမှ ပိုပြီးနားလည်မယ်လို့ ဦးဇင်းထင်တယ်။ ဒါကြောင့် ပဋိသန္ဓေနေပုံ အဆင့်ဆင့်ကို ဦးဇင်း ပြောပြပါမယ်။ ဦးဇင်း ပြောပြမယ်ဆိုလို့ မောင်ရင်အေးက ဦးဇင်း ထွင်ပြီး ပြောတယ်လို့ ထင်ချင်ထင်မယ်။ ဒါမှမဟုတ် ဆေးပညာအရ ပြောတာလို့ ထင်ချင်ထင်မယ်။ အဒီလိုတော့ မထင်မှတ်ပါနဲ့၊ ဦးဇင်း ထွင်ပြောတာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ ဟောကြားထားခဲ့ တာပါ။ မြတ်ဗုဒ္ဓက ဂိဇ္ဈဂုတ်တောင်စွယ် က္ကုန္ဒကဘီလူးကို ရုပ်နှင့်ပတ်သတ်ပြီး
ပဌမံ ကလလံ ဟောတိ၊ ကလလာဟောတိ အဗ္ဗုဓံ၊ အဗ္ဗုဓာဇာယတေပေသိ၊ ပေသိ နိဗ္ဗတ္ထဂတေ ဂဏှော၊ ဂဏာပသာခါဇာယန္တိ၊ ကေသာလော မာနခါပိစ ဟုဟောတော်မှုပါတယ် မောင်ရင်အေး။
မောင်ရင်အေး.......
ဒီပါဠိဟောရုံနဲ့ က္ကုန္ဒကဘီလူးက ပဋိသန္ဓေနေရပုံ အဆင့်ဆင့်ကို သိရောလားဘုရား။
စာရေးသူ......
က္ကုန္ဒဘီလူးရဲ့ ရင့်ကျက်တဲ့ဥာဏ်အပေါ်မှာ မှုတည်ပြီး မြတ်ဗုဒ္ဓက ဟောကြားတာဖြစ်လို့ သိတာ ပေါ့ကွာ။
မောင်ရင်အေး.......
အဲဒီပါဠိတော်ကို မြန်မာ ပြန်ပြောဆိုပါဦးဘုရား။
စာရေးသူ.......
ပါဠိတော်ကို မြန်မာပြန်ဆိုရမယ်ဆိုရင် ပဋိသန္ဓေ နေနိုင်ဖို့ ရှေးဦးစွာ စင်ကြယ်သန့်ရှင်းတဲ့ မိခင်ရဲ့ သားအိမ်အတွင်းမှာ သန္ဓေသားပမာဏဟာ မွေးကာစ(ပေါက်ကာစ) သိုးငယ်ရဲ့ တစ်ပင်တည်းသော အမွေးကို ဆီိကြည်အတွင်းထဲ နှစ်လိုက်စမ်း မောင်ရင်အေး။ နှစ်ပြီးပြီလား။
မောင်ရင်အေး.......
သိုးမွေးမှမရှိတာ ဘယ်လိုလုပ်နှစ်မလဲဘုရား။
စာရေးသူ.......
စိတ်ကူးနဲ့ပေါ့ မောင်ရင်အေးရာ။ ကဲ...နှစ်ပြီးပြီလား။
မောင်ရင်အေး......
နှစ်ပြီးပါပြီဘုရား။
စာရေးသူ......
နှစ်ပြီးရင် အပေါ်ကိုယူပြီး ကြည့်လိုက်စမ်းပါဦးကွာ၊ ဘယ်လောက်များသလဲ မောင်ရင်အေး။
မောင်ရင်အေး........
နည်နည်းလေးပါဘုရား။
စာရေးသူ......
အေး....အဲဒီဆီပေါက်ပမာဏလေးနဲ့ ပဋိသန္ဓေမှု အစပြုတာပဲကွ။
မောင်ရင်အေး.....
အဲဒီဆီပေါက်သေးသေးလေးက တဖြည်းဖြည်း ကြီးလာတာပေါ့နော် အရှင်ဘုရား။
စာရေးသူ.......
ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မဟုတ်သေးဘူး မောင်ရင်အေးရ။
မောင်ရင်အေး.......
အရှင်ဘုရားစကားက ဘယ်လိုလဲ၊ တစ်မျိုးကြီးပါလား။ တပည့်တော် ဘယ်လိုမှတ်ယူရမှာလဲ ဘုရား။
စာရေးသူ.......
တဖြည်းဖြည်း ကြီးတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ဆက်တည်း တန်းကြီးတာ မဟုတ် ဘူးကွ။
မောင်ရင်အေး.......
ဒါဆို ဘယ်လိုကြီးထွားလာတာလဲ ဘုရား။
စာရေးသူ........
အင်မတန်နုနယ်သေးငယ်တဲ့ ကလလရေကြည်ကြည်ကနေ အမြှုပ်ဘ၀သို့ ကူးပြောင်းသွားပြီး ခုနှစ်ရက်ကြာအောင် ရှင်သန်တယ်။ (၀ါ) ကြီးထွားတယ်ပေါ့ကွာ၊ အမြှုပ်(၇)ရက် နေပြီး အမြှုပ် ရင့်(၀ါ) အခဲဖြစ်သွားပြီး (၇)ရက် ကြီးထွားရှင်သန်တယ်။ အမြှုပ်ရင့် အခဲဘ၀ကနေ အသားတစ်အမြှုပ်ဘ၀နဲ့ (၇)ရက် ရှင်သန်ပြန်တယ်ကွာ။ အသားတစ်ဘ၀(၇)ရက်နေပြိး ခက်မငါးဖြာလို့ခေါ်တဲ့ ဦးခေါင်း၊ ခြေ၊ လက်ပုံစံဖြစ်ပေါ်ဖန်တီးတယ်။ ခက်မငါးဖြာ ဖြစ်ဆဲအတိုင်း ဆက်လက်ရှင်သန် ကြီးထွားနေတဲ့ ရက်ပေါင်းက (၃၅)ရက် ကြာတယ်ကွ။ အဲဒီနောက်မှာ တော့ မျက်စိ၊ နှာခေါင်း၊ လျှာစသော ပသာဒရုပ်တို့ ဖြစ်ပေါ်မှုက (၇)ရက်ပါပဲ။
ပသာဒရုပ်တွေ ဖြစ်ပြီးနောက် ရှိပြီးဖြစ်ခဲ့တဲ့ ရုပ်အတိုင်း ဆက်လက်ရှင်သန်ကြီးထွားနေတဲ့ ရက်ပေါင်းက (၂၁၀)ကြာတယ်လို့ဆိုတယ် မောင်ရင်အေး။ နောက်ဆုံးခြေသည်း။ လက်သည်း၊ ဆံပင်မွေးညင်း စတဲ့ ရုပ်တွေဖြစ်တာကိ (၇)ရက်ပဲကြာတယ်။
မောင်ရင်အေး......
ဒါဆို ပဋိသန္ဓေနေရတာ (၀ါ) အမေလွယ်ထားရတဲ့ ကာလဟာ ရက်ပေါင်းအားဖြင့် (၂၉၄)ရက်၊ လပေါင်းအားဖြင့် ကိုးလနဲ့ (၂၄)ရက်ပေါ့ ဘုရား။
စာရေးသူ.......
ဒါပေါ့မောင်ရင်အေးရ။ အဲဒါကိုပဲ ကိုးလလွယ် ဆယ်လဖွားလို့ ဆိုကြတာပေါ့ကွာ။
မောင်ရင်အေး........
တပည့်တော်ကတော့ ဒီအကြောင်းလေးကို သိရကတည်းက အမေ့ကျေးဇူး၊ အမေ့မေတ္တာတွေ အတိုင်းအဆမရှိ ကြီးမားကြောင်း နားလည်ပါပြီဘုရား။
စာရေးသူ.......
ဒီလိုပဲဖြစ်ရမှာပေါ့။ ဒါ့ကြောင့် ရှင်မဟာရဌသာရက -
ရှစ်သောင်းလေးထောင် အမြင့်ဆောင်သား မြင်းမိုရ်တောင်ရှိ၊ ဂုဏ်ကြီးဘိသည် မွေးမိဖခင်၊ ကျေးဇူးရှင်လို့ စာရေး စပ်ဆိုခဲ့တာပေါ့ကွာ။
မောင်ရင်အေး.....
လက်ဦးဆရာ မည်ထိုက်စိ
ပုဗ္ဗာစရိယ၊ မိနှင့်ဖ ဆိုတဲ့ အဓိပ္ပာယ်ကို ပြည့်စုံအောင် ရှင်းပြပါဦးဘုရား။
စာရေးသူ.......
အမေဟာ ငါတို့ မင်းတို့ရဲ့ ပထမဦးဆုံး ဆရာလို့ ဆိုတာပါ။ အမေက ငါတို့ မင်းတို့ ပြုံးတတ်၊ ရယ်တတ်တဲ့အရွယ် ချိုမိုင်မိုင်တေးသွားနဲ့ ဆီဆမ်းထမင်းတောင်းတတ်တဲ့ အရွယ်ကတည်းက သင်ပေးခဲ့တာလေ။ ပြောတတ် ဆိုတတ် ဆက်ဆံတတ်အောင် အသက်မွေးဝမ်းကျောင်း ပညာ တွေ သင်ပေးခဲ့တယ်။ ပေါင်းသင်းဆက်ဆံရေးတွေ၊ လမ်းကြောင်းမမှားလမ်းမှန်ပေါ်မှာ သာယာငြိမ့်ညောင်းစွာ လျှောက်လှမ်းနိုင်ဖို့ လမ်းပြ သွန်သင်ခဲ့ တယ်၊ ဒါတွေဟာ ပစ္စုပ္ပန်လို့ ခေါ်တဲ့ ယခုဘ၀အတါက် လက်ဦးဆရာတစ်ဆူဖြစ်အမေက ရပ်တည်ပြတာပါ။
နောက်အမေဟာ ဒါက ကုသိုလ် ဒါက အကုသိုလ်လို့ သင်ပြပေးတယ်။ ချမ်းသာကို ရမယ်။ အကုသိုလ်ပြုရင်တော့ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်ဘုံ၊ အပါယ်ဘ၀ကို ရမယ်လို့ သင်ကြားပေးတယ်။ ဒါကြောင့် အမေဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာကောင်းကျိုးကို ပေးသော ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုတာပေါ့။
မောင်ရင်အေး......
ယုံကြည်အားကိုးထိုက်တဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဆိုတာ ရှင်းပြဦးဘုရား။
စာရေးသူ.......
အချိန်တန် အရွယ်ရောက်လိုပီ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုီရင် သားသမီး တွေဟာ အသီးအသီး ကြင်ရာကြင်ဖက် ရှာကြကာ အမေ့အပါးက ခွဲဖို့ ပြင်ဆင်ကြတယ် မဟုတ်လား။
မောင်ရင်အေး.......
ဟုတ်ပါတယ်ဘုရား။
စာရေးသူ.......
အဲဒီလို ပြင်ဆင်ကြတာဟာ သားသမိးတို့ရဲ့ သဘာဝတရားလို ဖြစ်နေပါပြီကွာ။ အဲဒီလို အခါမျိုးမှာလည်း အမေဟာ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြှားခြင်းလျှင်၊ ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဆိုတဲ့ မိဘ၀တ္တရားငါးပါးနဲ့ အညီ ဆောင်ရွက်ပေးတယ်လေကွာ။
မောင်ရင်အေး........
အဲဒီလင်္ကာေးလရဲ့ အဓိပ္ပာယ်ပေါ်အောင် ရှင်းပြပေးပါဦးဘုရား။
စာရေးသူ......
အဲဒီလင်္ကာေးလရဲ့ အဓိပ္ပာယ်ကတော့ ဥပမာ - မောင်ရင်အေးရဲ့ အမေဟာ မောင်ရင်အေး အရက်သောက်လာတာတွေ့ရင် ခွင့်ပြုနိုင်ပါ့မလား။
မောင်ရင်အေး.......
မပြုပါဘူး ဘုရား။
စာရေးသူ......
အေးကွ...ဒါပေမဲ့ အမေဟာ မင်းအရက်သောက်တာ ငါခွင့်မပြုဘူးလို့ပဲဆိုရုံနဲ့ မပြီးသေးဘူး လေ။ အဲဒီအရက်ကို မသောက်နဲ့၊ အရက်သောက်တာ မကောင်းဘူး။ ဘုရားကလည်း မကြိုက်ဘူး။ အရက်သောက်တဲ့လူဟာ ကိုယ်လုပ်ရမယ့်အလုပ်၊ မလုပ်ရမယ့်အလုပ်ကို မခွဲခြားတတ်ဘူး။ နောက်ကို မသောက်နဲ့ စသည်အားဖြင့် သင်ကြား တာမြစ်တာကိုပဲ မကောင်းမြင်တာလို့ ဆိုတာပါ။
ကောင်ရာညွှန်လတ် ဆိုတာကတော့ ဒီလမ်းကိုသွား ဒါက ကုသိုလ်၊ ဒါက အကုသိုလ် ကုသိုလ် ရမယ့်အလုပ်ကို လုပ်ပါစတဲ့ လမ်းညွှန်ပြမှုကို ဆိုတာပါ။
အတတ်သင်စေ ဆိုတာကတော့ ဒီဘ၀ ဒီခန္ဓာဝန်ကို အခက်အခဲမရှိ ထမ်းရွက်နိုင်ဖို့ ရှေ့ရေးကို မျှွော်ရူပြီး အမေကသား ကျောင်းသွား စာသင်လိုပ ပညာကို သင်စေတယ်။ လက်မှုပညာ၊ စက်မှုပညာ မင်းဝါသနာပါရာကို သင်ကြားမခိုင်းဘူးလား မောင်ရင်အေး။
မောင်ရင်အေး.....
သင်ခိုင်းပါတယ်ဘုရား၊ အမေက သားမင်း ၀ါသနာပါတဲ့ သင်တန်းတစ်ခုခုကိုသင်၊ ကျောင်းပညာ သင်ကြားထာရုံနဲ့ မပြီးသေးဘူးလို့ အမြဲတမ်း တိုက်တွန်းတယ် ဘုရား။
စာရေးသူ.......
အဲဒါကိုပဲ အတတ်သင်စေတယ်လို့ ဆိုတာပေါ့။
မောင်ရင်အေး......
ပေးဝေနှီးရင်းဆိုတဲ့ အဓိပ္ပာယ်ကကော ဘုရား။
စာရေးသူ.......
အဲဒီအဓိပ္ပာယ်က ရှင်းရှင်းလေးပါမောင်ရင်အေး။ ဥပမာ - မင်းဟာ စီးပွားရေး အလုပ်လုပ်တဲ့အခါ အရင်းနှီးထုတ်ပေးတာကို ဆိုတာပေါ့။
ထမ်းမြားခြင်းလျှင် ဆိုတာကတော့ အချိန်တန် အရွယ်ရောက်လို့ ကြင်ရာရှာတဲ့အခါ အမေက ငါ့သား၊ ငါ့သမိးနဲ့ သင့်မသင့်၊ သူကတော့ သားနဲပသမီးနဲ့ လိုက်ဖက်ပါတယ်စသည်ဖြင့် ရွေးချယ်ပြိး တောင်းရမ်းထိမ်းမြားပေးတယ်လေကွာ။ မောင်ရင်အေးကော သတ်မှတ်ထားတဲ့သူ ရှိနေပြီလား။
မောင်ရင်အေး.......
မရှိသေးပါဘူးဘုရား။
စာရေးသူ.......
တွေ့ထားရင်တော့ အမေကို အရင်ပြကြည့်ဦး။ တကယ်လို့ မောင်ရင်အေးတွေ့ထားတဲ့ ကောင်မလေးကို မင်းအမေက မနှစ်သက်ဘူးဆိုရင် မောင်ရင်အေး ဘယ်လိုလုပ်မလဲ။
မောင်ရင်အေး......
တပည့်တော်မျာ မရှိသေး၊ မတွေ့သေးတော့ မပြောတတ်ဘူးဘုရား။ ရှိတဲ့အခါကျမှာ ပြောတတ်မှာပါ။
စာရေးသူ......
အဲဒီအခါကျရင် အမေ့စကား နားထောင်ဖို့ မမေ့နဲ့လို့ ဦးဇင်းမှာချင်ပါတယ် မောင်ရင်အေး။
မောင်ရင်အေး......
မှန်ပါ့၊ နားထောင်မှာပါ ဘုရား။
စာရေးသူ.......
သာဓုဗျာ၊ သာဓုသာဓု။
မောင်ရင်အေး.......
သာဓုမခေါ်ပါနဲ့ဦးဘုရား၊ တပည့်တော် အမေနဲ့ပတ်သက်ပြီး မေးစရာ ရှိသေးလို့ပါဘုရား။
စာရေးသူ......
မေးလေကွာ၊ ဘာမေးစရာရှိသေးလို့လဲ။
မောင်ရင်အေး........
“သားတို့ရုပ်ရည် သီတာမည်သား”ဆိုတဲ့ စကားကို သိချင်လို့ပါဘုရား။
စာရေးသူ.......
အမေဟာ သူ့ဝမ်းထဲမှာ သားလား၊ သမီးလားလို့ မသိရသေးတဲ့ ပဋိသန္ဓေနေမှုကို သိရတဲ့အခါမှ စပြီး ပူ၊ ဖန်၊ ချဉ်၊ စပ်၊ ခါးစတဲ့ အစားအသောက်များကို ရှောင်ကြဉ်တယ် မောင်ရင်အေး။ အနေအထိုင်၊ အကုန်းအကွ၊ အလေးအပင် မတာကစလို့ ဆင်ခြင်ရတယ်။ အဲဒီလို ရှောင်ကြဉ် ဆင်ခြင်ကြတာဟာ ရင်သွေား လူ့လောက်ထဲကို ရောက်လာတဲ့အခါ ခြေ လက်အင်္ဂါပြည့်စုံတာကို လိုချင်လို့ပဲ။ အဲဒီလို လိုချင်တာကြောင့် မြတ်ဗုဒ္ဓထံ ပန်း၊ ရေချမ်း၊ ဆီမီးကပ်ကာ ဆုတောင်းကြတယ်လေကွာ။ ဒါပေမဲ့ ကံမကောင်း၊ အကြောင်းမလှလို့ ခြေလက်အင်္ဂါ မစုံလင်တဲ့ သားသမီးကို ရလာတယ်။ မျက်နှမလှမပတဲ့ သားသမီးကို ရလာ တယ်။ ရောဂါသည် သားသမီးကို ရလာတယ်။ အဲဒီလိုရလာတဲ့အခါ မလှမပတဲ့ သားသမိးပဲလို့ စွန့်မပစ်ရက်ဘူးကွ။ ပိုလို့တောင် ချစ်သေးဆိုပဲ။
ဥပမာ နဲ့ မင်းကို ဦးဇင်း ပြောပြမယ်။ တစ်ခါက် ဆေးရုံတစ်ရုံကို လူနာမေးဖို့ ရောက်ခဲ့တယ်။ ဆေးရုံ ၀ရန်တာမှာ ကလေးကိုချီပြီး လမ်းလျှောက်နေတဲ့ အမေတစ်ဦးကို တွေ့ရတယ် မောင်ရင်အေး။ အဲဒီကလေးဟာ နှာခေါင်းပေါ်မှာ မွေးရာပါ ဘုသီးကြီးပါလာလို့ ခွဲစိတ်ကုသ တာဆိုပဲ။ ကလေးဟာ မွေးရာပါ ဘုသီး ပါရုံတင်မဟုတ်ဘူးကွ၊ သူ့မျက်လုံးတွေကလည်း ပုံမှန်မဟုတ်ဘူး။ ဒါကြောင့် ၇ုပ်သွင်က မလှမပဖြစ်နေတာပေါ့။ ဒါပေမဲ့ အမေက သားသမီးအား လုံးထဲမှာ အဲဒီကလေးကို ပိုချစ်ဆိုပဲကွ။ ကလေးရဲ့ မလှမပဖြစ်နေတဲ့ မျက်နှာကို နမ်းရတာ လည်း အခါခါ မရေမတွက်နိုင်အောင်ပါပဲ။ အဲဒါကိုပဲ သားတို့ရုပ်ရည် သီတာမည်သားလို့ ဆိုတာပေါ့။
အမေဟာ ဘယ်လိုပူပင်သောကတွေ ခံစားရ ခံစားရ အားလုံး ငြိမ်းအေးကုန်တတ်လို့ ဆိုလိုတာပါကွာ။ ဒါကြောင့် ဦးဇင်းတို့ောမင်ရင်အေးတို့မှာ ခြေလာက်အင်္ဂါတွေ ပြည့်စုံတယ်။ ရုပ်သွင်ပြင်တွေဟာ ဘာမှမချို့ယွင်းဘူး။ ငါတို့အမေအတွက် သိတာရေစက်ပမာ ၇ှိနေဖို့ ကြိုးစားနေထိုင်သွားရမှာပေါ့။ နေနိုင်မယ်မဟုတ်လား မောင်ရင်အေး။
မောင်ရင်အေး......
နေရမှာပေါ့၊ နေလည်းနေနိုင်ပါတယ် ဘုရား။
စာရေးသူ.....
သာဓု၊ သာဓု၊ သာဓု ပါ မောင်ရင်အေး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment