Thursday, July 24, 2008

သိုက်မြုံမှာလေ အစာခွံကျွေး


glitter-graphics.com
click to comment
လေပြင်းရိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့် အိမ်ရှေ့ရှိ ဗာဒံပင်ကလေး ယိမ်းကနေရှာသည်။
ကိုစာဖိုသည် ဗာဒံပင်ကိုင်းကို ကုတ်ထားသော ခြေချောင်းကလေးများသို့အတွင်းအားကိုယူပြီး ပိုဖိကုတ်ထား လိုက်သည်။ လေပြင်းရိုင်းရဲ့ဝှေ့ယမ်းမှုဒဏ်ကြောင့် ရပ်ကွက်တွင်းရှိ သစ်ပင်အားလုံးတို့ယိုင်ထိုးနေကြသည်။ တချို့ အိမ်ခေါင်မိုးများ လေလန်ကုန်သည်။ လေလန်ကုန်သော သက်ငယ်ပျစ်များနှင့် အမှိုက်များ မြင်မကောင်းအောင် လေတွင် ၀ဲပျံနေကြသည်။ ထူထဲခိုင်ခံ့သော တိုက်အချို့ကားတည်တည်ခံ့ခံ့ မဆိုင်သလိုကြီးများနှင့်ပင်။
" ကိုစာဖို ဒီကိုမြန်မြန်ပျံခဲ့လေ ၊ ဘာလုပ်နေတာလဲ ၊ တော်ကြာဒီထက် လေကြမ်းလာရင် အမလေးတော် မပြောကောင်း ၊ မဆိုကောင်း သူ့ကိုယ့်သများ သူရဲကောင်ချည်းကျလို့ "
ဟိုတမြန်နှစ်စီ ဒီလို ဗာဒံကိုင်းကလေးပေါ် ကိုစာဖို နှားနေတုန်း မိစာဥရဲ့ ခုနှစ်ဆယ့် ငါး ဒီဂရီ ကြင်နာမှု ထောင်ဖြတ် မျက်စောင်းကလေများနှင့် သံယောဇဉ် စကားလေးများကို ကိုစာဖို မှတ်မိသေးတော့သည်။
သြော်-ခုတော့လည်း ဟိုတုန်းက ကြင်နာ မြတ်နိုးလှပါသည် ဆိုသော မိစာဥတစ်ကောင် ပျောက်ချက်သားကောင်း၍ ဘယ်ကမ္ဘာသို့ ရောက်လေဘိသနည်း။

ကမ္ဘာကြီးတစ်ခုလုံးပင် လူနှင့်တိရစ္ဆာန်များ ပို၍ပို ၍ များပြားလာမှုကြောင့် သီးနှံရိက္ခာ ရှားပါးခြင်းနှင့် သစ်တော ၊ ၀ါးတောများ ပြုန်းတီးခဲ့ခြင်း မှန်ပါသည်။ သို့သော် ကိုစာဖိုတစ်ကောင် မိစာဥနှင့် ကလေး နှစ်ယောက်အတွက်ကိုတော့ မှန်မှန်ရှာဖွေ ကျွေးမွေးခဲ့သည်သာ။
နေ့ဖို့ညစာများပင်မက မိုးရာသီစားသုံးရန်အတွက်ပင် ယခုကတည်းက နေ့စဉ်နှင့်အမျှ ၀ီရိယဖြင့် ပုံမှန်စုဆောင်ခဲ့သည်။
သည်သို့နှယ် ကိုစာဖိုတစ်ကောင် ရိက္ခာဘက်ကို အားပြု လုံးပန်ဗျာများသဖြင့် သိုက်မြုံ ဆောက်လုပ်မှုဘက်တွင် တာဝန်မပျက်သော်လည်း ဟာကွက် ၊ လစ်ကွက်တော့ ရှိခဲ့သည်။ ဒါကိုတော့ ကိုစာဖိုမငြင်း။
ခက်သည်က ခုတလော နိုင်ငံခြားနှင့် ဖက်စပ်များမှ ကုန်ပစ္စည်းများ သယ်ယူလာရာတွင် ခုခံယုပ်ပိုး ရစ်သိုင်း၍ အသုံးပြုခဲ့သော ရော်ဘာစ ၊ ပလတ်စတစ် ၊ နိုင်လွန်ချည်စ ၊ ရေမြှပ်စ စသည့် ပစ္စည်းကလေးများဖြင့် ကာလာဗန်းပြပြီး ဆောက်ထားသော သိုက်မြုံကလေးများမှာ ကိုစာဖိုတို့စာကလေးများ လောကတွင် တစ်စခန်းထလာတော့သည်။
နောက်ဆုံးပေါ် ဒီဇိုင်းနှင့် အလှအပပြယုဂ် ကောင်းလွန်းသဖြင့် ငှက်တိုင်းပင်ငေးမောအံ့သြ သဘောကျကြသည်။ အထူးသဖြင့်ငှက်မကလေးတို့ပို၍ စိတ်ဝင်စားကြသည်။ သည်ထဲမှာ အကဲဆုံးသူကတော့ စာဥမပင်တည်း။
မှန်သည်။ စာဥမတို့နှင့် မျက်စောင်းထိုး နေရာတွင် သိုက်မြုံလာ၍ ဆောက်လုပ်ပေးသော ဗိသုကာကလေးကိုဘာမဆိုင် ၊ ညာမဆိုင်နှင့် စာဥမက ရင်းနှီးအောင် ကြိုးစားသည်။ အခွင့်ကြုံသည်နှင့် လွတ်တမ်း ဧည့်ခံစကားပြောသည်။သားသမီး နှစ်ဦးပင် ရှိလာခဲ့သော စာဥက တစ်ပတ်ပြန်လည်၍ စာဥမရဲ့ တောင်းဆိုချက်ကို ဂရုမပြုမိသည်မှာ ကိုစာဖိုအား အပြစ်တော့ မဆိုသာရှာပေ။
မည်သို့ပင်ဖြစ်စေ ပတ်ဝန်ကျင်က " လှသည် ၊ လှသည် " ဆိုတိုင်း နားထင်သွေးကြွ ဘ၀မေ့၍ လင်နှင့်သားနှင့် ဖြစ်ပါလျက် အပျိုစိတ်ဝင်လာပြန်သော စာဥမအဖို့ ခက်ချေပြီ။
သစ်ရွက်လေးတိုက် မြေသို့ခိုက်၏။
ခိုင်မာသစ်ငုတ် တိုက်ပါများတော့လှုပ်ပြီ။ ကိုစာဖိုတို့ကို လိုလားသော ပတ်ဝန်းကျင်မှ မိတ်ရင်း ၊ ဆွေရင်းတချို့နှင့် ဆွေမျိုးသားချင်းများ၏ မှန်သောစကားတို့မှာ ကိုစာဖို၏ ခေါင်းထဲသို့ မ၀င်နိုင်ရှာ။
ကိုစာဖို၏ရင်ခွင်သို့ မိစာဥ ခေါင်းတစ်ချက်ဝှေ့ လိုက်လျှင် ထိုစကားတွေ အားလုံးပင် ကောလဟာလဖြစ်၍ ထိုစကားပြောသူအားလုံးကိုလည်း ကိုစာဖို မုန်းတော့သည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်နှယ် ဆိုမည့် ၊ ဆုံးမမည့်သူတွေ မလာလေလေ မိစာဥတို့ဘ၀က လွတ်လပ်လေလေ မဟုတ်ပါလား။
မကောင်းမှု၏ ဆိတ်ကွယ်ရာမရှိခြင်းကြောင့် အမှန်တရားက မကြာခင်ပေါ်လာတော့သည်။
အခြားသူက ပြောလျှင် မနာလို ၀န်တို၍ တွန်းသည် ၊ တိုက်သည်ဟု ပြောစရာ ရှိသည်။
သို့သော် ကိုစာဖိုဇနီး၏ မတ်တော်သူ မယားညီအစ်ကို အရင်းကြီးက ပြော၍ ကိုစာဖို ယုံခဲ့ရတော့သည်။ ကိုစာဖိုမျက်နှာကို ဓားဖြင့်လှီးပစ်ချင်သွားသည်။ မယားညီအစ်ကိုချင်း ပေမယ့် ရှက်လိုက်သည့်ဖြစ်ခြင်း။
ခုရူပ်မှနောင်ရှင်း ၊ လာမယ့် ဘေးပြေးတွေ့ဆိုတာလို သည်ပြဿနာကို ကိုစာဖို ခေါင်းအေးအေးဖြင့် သူ့ဘက်ကိုယ့်ဘက် အလေးပေး၍ ဖြေရှင်းခဲ့သည်။ သို့သော် မုန်လာဥလုပ်၍ စာဥမက ကိုယ့်အပြစ်တွေကိုတောင် ပြန်ထောက်သည်။
" နင်ပြောတဲ့ သိုက်မြုံကိုငါ ဆောက်ပေး ချင်ပါတယ် စာဥမရယ် ၊ ဒါပေမယ့် ရေမြှပ်တွေ ၊ ပလတ်စတစ်တွေ ၊ နိုင်လွန်စတွေ ၊ ရော်ဘာတွေဟာ ဒီရေ ၊ ဒီမြေရဲ့ သဘာဝနဲ့ ကိုက်ညီပါ့ မလားလို့ဘဲ ၊ အေးလေ နင်ငါ့ရဲ့ စေတနာတွေကို တစ်နေ့တော့ နားလည်လာမှာပါ ၊ ဒီမှာစာဥမ ၊ ငါနင့်ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ မှာလိုက်ချင်ပါတယ် ၊ အခြေခံ သွေလှန်ရင် သေကံတောင် မကောင်းတတ်ဘူး ဆိုတာ နင်မြဲမြဲမှတ်ထားပါ "
သည်တုန်းက တစ်ဘက်စွန်း ရောက်နေတဲ့ စာဥမက ကိုစာဖို၏ စကားတို့ကို မကြားလို၍ နားပိတ်ထားခဲ့သည်။ ပြီးတော့ ကောက်ရိုးတွေ ၊ မြက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သည်သိုက်မြုံကို အဆင့်နိမ့်တယ် ဆို၍ မိုးစွန် ကမ္ဘာ တစ်ဘက်ဆီသို့ ပြေးထွက်သွားခဲ့သည်။
ရှိစေတော့ ၊ ရှိပါစေတော့။
ကိုစာဖိုတစ်ယောက် ပြင်းရုံ ၊ နာကြည်းရုံက လွဲပြီး ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
သောကတွေရယ် ၊ အလွမ်းရယ် ၊ ညဉ့်သံသရာရယ် ၊ ရွက်ဝါရယ် ၊ မိုးစက်ရယ် ၊ နှင်းပွင့်လေးတွေရယ်ဟာ ဘာလိုလိုနဲ့ သုံးရာသီ စက်ဝန်းကို တောင် ကျော်ခဲ့ပြီပေါ့ စာဥမရယ်။
" ခံစားမှုဆိုတဲ့ အရာဟာ "
ဟိုအဝေးကို စွန့်ပြေးကြသူတွေအဖို့ မေ့မေ့ပျောက်ပျောက် ရှိတက်ကြပေမယ့် ကျန်ခဲ့သူအဖို့ တကယ်ပဲ ရင်တွေသိမ့်သိမ့် ခါလောက်အောင်ကို ခံစားခဲ့ရပြီကောလား စာဥမရယ်။
နင်ပြန်လာမယ်လို့များ စိတ်ကူးသေးလား စာဥမရယ်။ နင် လာချင်တဲ့အချိန်မှာသာ ပြန်လာခဲ့ပါ။ ငါ့ရင်ထဲက အမြဲတမ်း ခွင့်လွှတ်တဲ့ မေတ္တာတွေနဲ့ နင်ကိုကြိုဆိုလို့ နေပါတယ်။
" ဖလပ်-ဖလပ်-ဖလပ်... "
တောင်ပံ ရိုက်ခတ်သံနှင့်အတူ သိုက်မြုံလေး ငြိမ့်ခနဲ ဖြစ်သွားသည်။ အစာထွက်မရှာမီ သိုက်မြုံတွင် သိမ်းစရာ ရှိသည်တို့ကို သိမ်းနေပါသော ကိုစာဖိုတစ်ကောင် အသိုက်ဝသို့ ကမန်းကတန်းပြေးထွက်လာသည်။
" ဟယ်-စာဥမ ၊ နင်ပြန်လာတယ် ၊ ငါဝမ်းသာတာ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး စာဥမရယ် ၊ နင်ဘယ်လိုက ဘယ်လို ပြန်လာခဲ့တာတုန်း ၊ ပြောစမ်းပါအုံးစာ ၊ သားနဲ့သမီးခုလေးတင် အစာရှာ သွားကြပြီ ၊ သူတို့ အတောင်တွေစုံကုန်ပြီလေ ၊ သမီးကဆို နင်နဲ့ သိပ်တူတာပဲဟာ၊ လှမှလှ "
သိုက်မြုံတင်၍ ဆောက်ထားသော ယက်မပုံစံရှိသည့် သစ်ကိုင်းပေါ်မှာ ခိုနားရင်း ကိုစာဖို ပြောသမျှကို စာဥမခမျာ နားထောင်နေရှာသည်။
" သိုက်မြုံ အသစ်ကလေးကို ကြည်ပါအုံး စာဥမရဲ့ ၊ မလှဘူးလား ၊ ဒီနှစ်မိုးဦး စောစော ကျမယ်လေ ၊ ဒါကြောင့် သားကြီးနဲ့ ငါတို့ရဲ့ ကြိုတင်ပြင်ဆင်မှုကလေးပေါ့ဟာ ၊ ဘယ်လောက် သပ်သပ်ရပ်ရပ်ရှိလဲ ၊ ကြည့်ပါအုံးဟ "
ကိုစာဖို အာသွက် ခယနိုင်လွန်း သလောက် စာဥမ၏ နူတ်တို့က ဆိတ်နေသည်။ မဲ့သလိုလို ၊ ပြုံးသလိုပြုမိသည် သူမ၏ အမှားကို ၀န်ချသလို ၀န်မချသလိုလိုနှင့် ၊ ဟန်ကိုယ့်ဖို့ ဆန်လွန်းလှတော့သည်။ သို့သော် ကိုစာဖို အခြေအနေကို သိသော စာဥမက သိုက်မြုံတွင်းသို့ လှမ်းဝင်လိုက်သည်။
ခုမှပင် စာဥမကို ကိုစာဖို သေသေချာချာ ကြည့်လိုက်သည်။ ဘ၀သည်သာ ပြောင်းလဲခဲ့ပေမယ့် အလှတို့က မပြောင်လဲပါချေ။ စာဥမ၏ အလှဂုဏ်ကို ကိုစာဖို ဖော်ညွှန်းရပါလျှင် မဖျက်လျှင် ပြည်ပျက်ဆိုသော စကားအတိုင်း သူမ၏ အလှများကြောင့် သူတို့ စာကလေး လောကတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း ကောင်းသူပါတည်း။
" ငါတစ်ကယ် အံ့သြမိပါရဲ့ စာဥမရယ် ၊ ငါ့ရဲ့တစ်သက်မှာ နင်ဘယ်တော့မှ ငါ့ဆီ ပြန်မလာတော့ဘူးလို့ ထင်နေမိတာ ၊ ခုလိုကျတော့လဲ စာဥမက ပြန်လာသေးတာကိုး ၊ ဘာလဲ သိုက်မြုံလေးကို ချစ်တတ် သံယောဇဉ်ရှိတတ်ပြီပေါ့ ဟုတ်လား "
ခေါင်းကလေးကို မသိမသာညိတ်၍ စာဥမက ကိုစာဖို၏ မျက်နှာကို အကဲခတ်လိုက်သည်။ မှားသည်ကတစ်ယောက် ၊ တောင်းပန်သည်ကတစ်ဦးမို့ စာဥမ ကိုစာဖိုကို သနားသွားသည်။ သို့သော် စာဥမက တမင်သက်သက်မသိကျိုးကျွန်ဟန်ဖြင့် မှင်သတ်ထားသည်။ မာယာတစ်သိန်းမက ဗျူဟာများလှသည့် စာဥမပါပေ။
ကိုစာဖိုသည် စာဥမ၏ ရီဝေစွာ လုပ်နေမှုကို နားလည်ပါသည်။ ခွင့်လွှတ်၍သက်သာ ခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။
သို့သော် မ ဆိုသည့် သဘာဝက ခက်ထန်၍ မရ ၊ စိတ်ရှည်ရသည်။ ကြေလည်ရသည်။ အောင့်အည်းသည်းခံနိုင်စွမ်း ရှိရသည် မဟုတ်ပါလား။
ကိုစာဖို၏ စိတ်တို့ လူပ်ရှားတိုင်း အကြင်နာ စကားလှိုင်းကလေးတို့က ရင်မှခုန်ထွက်နေတတ်သလို နှောင်ဖွဲ့ရစ်သိုင်းလိုသည့် ချစ်ခြင်းမည်သော စိတ်တို့က ကိုစာဖို၏ မျက်နှာတွင် ပေါ်ထင်နေသည်။
တစ်စက္ကန့်မှ-မိနစ်။
အချိန်ကလေးများ ရွေ့လျားခြင်းနှင့် အတူ မာန်ရုပ်ကို ဟန်လုပ်ထားသော စာဥမသည်ပင် ကိုစာဖို၏ ရဲတင်းသော အကြည်တို့ကို ကြောက်လာသည်။ စာဥမ၏ မာန်ရုပ်တွင် ဟန်ပြုတ်သွားသည်။
စာဥမ မျက်လွှာချပစ်လိုက်ရပြီ။ ပြီးစာဥမ၏ ရင်ခုန်နူန်တို့ကလည်း ဘာကြောင့်ရယ် မသိ တိးု၍ တိုး၍ မြန်လာသည်။
" စာဥမ "
" ရှင်"
" ပလတ်စတစ်တွေ ၊ ရော်ဘာစတွေ ၊ နိုင်လွန်ချည်မျှင်တွေ ၊ ရေမြှုပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ သိုက်မြုံတွေဟာ ၀န်းကျင်ရဲ့ အလယ်မှာ ဆေးအလှသာပေမယ့်လို့ ၊ အေးမြတဲ့သဘာဝကို ကောက်ရိုးနွယ် ကလေးတွေ ၊ မြက်ပင် ကလေးတွေ ၊ အုန်းဆံဖတ်ကလေးတွေကို ဘယ်မှာလာပြီး ပေးနိုင်မှာတဲ့လဲ စာဥမရယ် ၊ ဒါတွေ ဒါတွေဟာ ဟိုးရှေး တို့ဘိုးခေတ် ၊ ဘွားခေတ် ကတည်းက ဆောက်လာခဲ့ကြတဲ့ မိရိုးဖလာရိုးရာဓလေ့ လေးတွေပဲ မဟုတ်လား "
" ဘာတဲ့ ၊ အခြေခံကို သွေလှန်ရင် သေကံတောင် မကောင်းတတ်ဘူးတဲ့လေ "
" ဘာတွေပြန်ပြီး တွေးနေတာလဲ စာဥမ ၊ ပြီးတာတွေလဲ ပြီးခဲ့ပါပြီ ၊ အားလုံးသင်ပုန်း ချေပြီးတော့ ငါနင့်ရဲ့ အပေါ်ကို အမြဲတမ်း ခွင့်လွှတ်တဲ့အချစ်နဲ့ ချစ်သွားမှာပါဟာ ၊ နော်စာဥမ "
ကိုစာဖိုက ပြောပြောဆိုဆို ဆန်စေ့ ကလေးများကို သူ့နူတ်သီးကလေးဖြင့် ခွာ၍ စာဥမ၏ နူတ်သီးကလေးသို့ ထည့်ပေးသည်။ ငိုင်နေသော စာဥမက ယောင်ယမ်းပြီး သူ့နူတ်သီးကလေးကို ဟပေးသည်။
လှမ်း၍ လှမ်၍ ခွံ့သည်မှာ ဝေး၍ ဝေး၍ နေသဖြင့်ကိုစာဖိုက စာဥမနားသို့ တိုးကပ်လိုက်သည်။ စာဥမ ရုန်းကြည့်သည်။ လုံးဝရုန်းမရတော့။
" ဟင်းနော်-သူကဲလာပြီ "
သိုက်မြုံကလေး တစ်ချက် လှုပ်ယမ်းသိမ့်ခါ၍ သွားသည်။ စာဥမ၏ နူတ်တို့မှ တိုးညင်းညင်း လေသံကလေးများဖြင့် ကိုစာဖိုသို့ ပြန်ကြ်ားဆက်သွယ်၍ နသည်။
သည်တစ်ခါ စာဥမ ရုန်းဘာတွေ ဘယ်လိုပင် ပြောပြော မသိကျိုးကျွန် ပြုနေမည့်သူက " ကိုစာဖို "

Delete It
Cancel

No comments: