Tuesday, July 29, 2008

ဟိုအရင်အတိတ်ဆီက ဆောင်းမနက်ခင်းလေး



glitter-graphics.com
တစ်ခုတုန်းမှာပေါ့။ နေခြည်ပြောက်ကလေးတွေ တစ်ပြောက်နှစ်ပြောက် ထိုးကျနေတဲ့ မနက်ခင်းကလေး လတ်ဆတ်တဲ့ လေပြည်လေညှင်းတွေဆီမှာ အဝေးက သယ်ယူလာတဲ့ ခရေပန်းရနံ့လေးတွေ ပါဝင်နေသလိုမျိုး သင်းသင်းသွဲ့သွဲ့ကလေး သစ်ရွက်တွေကြွေမယ်။ နှင်းစက်ဥလေးတွေ တွဲလဲခိုဆော့ကစားနေသည်ဟု ထင်ရတယ်။ သန့်စင်တဲ့ ကြွေခွက်ထဲကို ကော်ဖီမစ်ထုပ်ကို ဖောက်ထည့်လိုက်သည့် တိုင်အောင် အကြည်လင်ဆုံး မနက်ခင်းကို မျက်နှာမလွဲမိသေး။ ကော်ဖီကို စတီးဇွန်းငယ်နဲ့ မွှေပြီး တစ်ငုံသောက်လိုက်ရာ အိမ်ရှေ့မှ ဖြတ်သွားသော ကြောင်ကလေးကို မြင်လိုက်တော့ အတွေးတစ်ချို့ဟာ ငယ်စဉ်အတိတ်ဆီ ပြန်လည်ရောက်ရှိသွားခဲ့တယ်။
ပြန်ပြောပြရရင် ထိုနှစ်က နှင်း (၈)တန်းနှစ်မှာပါ။ ထိုနေ့က နှင်းလေးတွေကလည်း လမ်းကိုတောင်မမြင်အောင် တဖွဲဖွဲဆိုသလို သဲသဲမဲမဲ ကျနေပါတယ်။ ကျောင်းသို့အသွားလမ်းတွင် အလွန်သေးငယ်လှသော ကြောင်ပေါက်စလေးတစ်ကောင် အမှတ်တမဲ့ တွေ့လိုက်ရသည်။ မြင်လိုက်ရသော မြင်ကွင်းဟာ အက်ရှင်ဇာတ်ကားကြည့်နေရသလိုပါဘဲ။ အဆိုပါကြောင် ပေါက်စလေးသည် လမ်းပေါ်ရှိကား ၊ ဆိုင်ကယ် တို့ရဲ့ တရကြမ်းမောင်းနှင်မှုကြားတွင် ရှောင်တိမ်းခြင်းမရှိဘဲ ထိုင်အော်နေသည်။ ထိုကြောင်ပေါက်စလည်ပင်းတွင်လည်း ကြီးတစ်ချောင်းချည်ထား၍ အိမ်တစ်အိမ်မှ ထွက်ပြေးလာသော အကျဉ်းသားဖြစ်ဟန်တူသည်။" နှင်း "ကြည့်နေစဉ်မှာပင် ရုတ်တရက် အလွန်ကြီးမားသော ကုန်တင်ကားကြီး တရကြမ်းမောင်းနှင်လာတော့ အော်နေသောထိုကြောင်ပေါက်စကို အမြန်အပြေးသွားဖမ်းလိုက်မိသည်။ ပြန်စဉ်းစားမိတော့ အင်မတန်ပင် လန့်သွားမိတယ်။ ကြောင်ကလေးအသက်ကို အင်မတန်စိုးရိမ်မိသောစိတ်နှင့်သာ အရဲစွန့်လိုက်မိတာ ကိုယ့်အသက်ကိုတော့ အဲ့လောက်မစဉ်းစားမိခဲ့ပါ။ အတွေးအခေါ်မရင့်ကျက်သေးတဲ့ အရွယ်ဆိုတော့လေ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးတတ်တဲ့အရွယ်မလား။ ကိုယ့်အသက်တော့ကိုယ်မသိဘူး ကားကျိတ်မိလို့ မချိမဆန့်ခံရမဲ့သူ့အဖြစ်ကိုတော့ မတွေးဝံ့ခဲ့ပါ။ ဒီလိုနဲ့အလွန်သနားစဖွယ်ကောင်းသော ကြောင်လေးအသက်ကို ကယ်တင်နိုင်ခဲ့တယ်။
ပိုင်ရှင်ထံပြန်ပေးချင်သော်လည်း အိမ်တွေများလွန်းသဖြင့် ဘယ်အိမ်ကထွက်လာတယ်ဆိုတာ နှင်းမသိနိုင်။ ဒီကြောင်ပေါက်လေးကို ဥပေက္ခာပြု၍လည်း ငါ့ခြေထောက်များကိ ထွက်မသွားနိုင်သေး။ ကျောင်းချိန်ကလည်း အတော်နီးနေ၍ အိမ်သို့ပြန်ရန် မဖြစ်နိုင်သောကြောင့် အမေ့အသိအန်တီ တစ်ယောက်ကို အကူအညီတောင်းပြီး အိမ်သို့ပို့ခိုင်းလိုက်သည်။ ထိုနေ့တစ်နေ့လုံး ငါ့မျက်နှာတည်မရအောင် ပြုံးနေခဲ့သည်။ အိမ်ပြန်ရောက်လျှင် ကြောင်ကလေးနှင့်တွေ့ရမည်ကို ပီတိဖြစ်နေမိသည်။ အိမ်ကိုရောက်တော့ ကြောင်လေးကို တွေ့လိုက်ရတော့ တစ်လမ်းလုံးအပြေးလွှား မောလာသမျှ အမောများလွင့်ပျောက်သွားသည်။ ဒါနဲ့ကြောင်လေးကို နာမည်ပေးဖို့စဉ်းစားလိုက်တော့ " ကံကောင်းလို့ အသက်ဘေးကလွတ်ခဲ့ရတဲ့" ကြောင်ကလေးဖြစ်လို့ "နှင်း"သူ့ကို" ကံကောင်း " လေးလို့နာမည်ပေးလိုက်တယ်။
ဒီကြောင်" ကံကောင်း" လေးမှာထူးခြားတာတစ်ခုက မနက်တိုင်း နှင်းနဲ့အတူ ကော်ဖီသောက်တတ်တယ်။" နှင်း "ကမနက်ခင်းဆိုရင် ကျောင်းသွားတယ် ၊ ကျောင်းပြန်လာတော့ အမြဲလိုလိုမုန့်ဝယ်လာခဲ့တယ်။ " ကံကောင်း " ရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုက "နှင်း" ညဖက်စာလုပ်နေရင် မအိပ်မချင်း အနားကနေစောင့်နေတတ်တာလေးက ပိုချစ်ဖို့ကောင်းပါတယ်။" နှင်း" ဆိုတဲ့ကျွန်မဟာ ခံစားမှုသိပ်လွယ်တယ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆိုလိုတာက sensitive ဖြစ်တယ်ပေါ့။ ၀မ်းသာစရာရှိရင် ၀မ်းသာလွယ်တယ်။ ၀မ်းနည်းစရာရှိရင်လည်း မျက်ရည်ကျလွယ်တယ်။ လူတွေပြောကြပါတယ်။ မျက်ရည်ဟာ အရူံးပေးခြင်း ၊ ကျရူံးခြင်းဆိုပေမဲ့ ၀မ်းနည်းစရာတွေ့ကြုံလာရင်တော့ လုံးဝမဟန့်တား နိုင်ပါဘူး။ "နှင်း" ဘ၀မှာ အသက်စွန့်ကယ်ခဲ့ဖူးတဲ့ ကြောင်လေးတစ်ကောင်ပါ။ စကားမဆပ်ပြောလိုက်မိတာကလည်း ကြောင်လေးဟာ ကော်ဖီသိပ်ကြိုက်လို့ပါ။ အတိုချုံးပြောရရင်တော့ ဒီလိုနဲ့ဘဲ" နှင်း"ကြောင်ကလေး "ကံကောင်း " အပေါ်မှာ အပေါ်မှာ သံယောဇဉ်တွေ ထားခဲ့မိပါတယ်။ ဒီ"ကံကောင်း " လေး ရှိခဲ့တဲ့ နေ့ရက်တွေဟာ အင်မတန်ပျော်စရာ ကောင်းနေသလို " ကံကောင်း " လေးမရှိတဲ့နေ့တွေဟာလည်း အင်မတန်မှခြောက်ကပ်လှတဲ့ နေတွေပါဘဲ။ ဒီလိုနဲ့ဘဲအတော်ကြာတော့ ကြောင်မလေးဖြစ်တာကြောင့်"ကံကောင်း " လေးဟာ ကိုယ်ဝန်ရှိလာပြီး ကြောင်သေးလေး (၅)ကောင်ပေါက်လာပါတယ်။ "ကံကောင်းမ " နဲ့တူလို့ထင်ပါရဲ့ ကြောင်လေးတွေက သိပ်ချစ်စရာကောင်းပါတယ်။ သံယောဇဉ်ထားစရာတွေ ပိုးတိုးလာတယ်ပေါ့နော်။ ဒီလိုနဲ့တစ်နေ့မှာတော့သိပ်ကံကောင်းခဲ့တဲ့ "ကံကောင်းမ " ကံဆိုးတဲ့နေ့ရောက်လာတယ် လို့ဆိုရမယ်ထင်တယ်။ ညသန်ခေါင်အချိန်မှာ" ကံကောင်းမ" ရဲ့ စူးစူးရှရှ အော်သံကိုကြားလိုက်ရလို့ အိပ်ရာကနေလန့်နိုး ကမန်းကတမ်း အပြေးဆိုသလို ထလာခဲ့မိပါတယ်။" နှင်း" တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့်အင်မတန်အလန့်တကြားအော်လိုက်တော့ တစ်အိမ်လုံးနိုးကုန်ကြတဲ့အပြင် ဘယ်ကမှန်းမသိတဲ့ ကြောင်စုံးကြီးတစ်ကောင်ဟာ အင်မတန်သေးငယ်လှသော ကြောင်ပေါက်စလေးကို ပစ်ချကာ ထွက်ပြေးသွားခဲ့ပါတယ်။
ကြောင်မကြီးဟာကြောင်လေးတွေ မွေးပြီးခါစဆိုတော့ သိပ်အားမရှိပေမဲ့ မိခင်စိတ်အပြည့်နဲ့ သားသမီးတွေကို ကာကွယ်တိုက်ခိုက်နေရှာတာဖြစ်လို့ တစ်ခါတည်းခွေခနဲ့လဲကျသွားပါတယ်။ ကြောင်ပေါက်စလေးတွေဟာလည်း ရုပ်ရုပ်သဲသဲ အော်နေကျပါတယ်။ ဒီလိုနဲ့ " နှင်း" လည်းကြောင်မကြီးအနီးသွားကြည့်လိုက်တော့ ကြောင်သေးလေးတစ်ကောင်ကတော့ ကြောင်စုံးကြီး အကိုက်ခံရတဲ့ဒဏ်ကြောင့် သေဆုံးသွားခဲ့ပါပြီ။ ကြောင်မကြီးကို ကမန်းကတန်းကောက်ခါ အိမ်နားကတိရိစ္ဆာန်ဆေးခန်းကို သွားပြခဲ့ပေမယ့် ဆရာဝန်ကပြောတယ် ဒဏ်ရာကအတွင်းထဲထိပေါက်သွားတာဖြစ်လို့ အသက်ကတော့မသေချာဘူးတဲ့ ၊ ဆေးထိုး ဆေးထည့်ပေးလိုက်တယ်။ အိမ်ရောက်တော့ဘယ်ရမလဲ အားရပါးရကို ထိုင်ငိုပစ်လိုက်မိတယ်။ ရင်ထဲမှာ သံယောဇဉ်ဆိုတဲ့အရသာကို ပထမဆုံး စူးစူးရှရှ ခံလိုက်ရဖူးတာ။ ကြောင်မကြီးဟာ နာကျင်တဲ့ဝေးဒနာတွေကို ခံစားနေရပေမဲ့ မသေသေးသ၍ သူ့သားသမီးတွေကို ဗိုက်ပေါက်လို့နာကျင်နေတဲ့ ဝေဒနာကြီးကိုခံစားရင်း နို့တိုက်နေရှာတယ်။ နောက် (၂)ရက်လောက်ကြာတော့ ဗိုက်ကအတွင်းဒဏ်ကြောင့်သေဆုံးသွားခဲ့တယ်။" ကံကောင်းမ" နင်ကံဆိုးတဲ့နေ့ပါလားလို့ဘဲ ပါးစပ်က ရေရွတ်ရင်း အမျှဝေပေးလိုက်ပါတော့တယ်။
"နှင်း " အခုရေးထားတာဟာ တစ်မျိုးကြီးလို့ စာဖတ်တဲ့သူတွေထင်ကောင်းထင်မယ်။ တစ်ကယ့် ငယ်စဉ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုမို့ပါ။စာကိုဖတ်ကောင်းအောင်သိပ်မရေးတတ်ပေမဲ့ သိပ်ခံစားတတ်ပါတယ်။ ဘာမှမဟုတ်တဲ့ ကြောင်လေးတစ်ကောင် အကြောင်းဆိုပေမဲ့လို့ မိဘမေတ္တာကြီးမားတာကိုပြောပြချင်တာပါ သူငယ်ချင်းတို့ရေ။ တိရိစ္ဆာန်တောင်မှ ဒီလောက်မိခင်စိတ်အပြည့်ရှိနေတာ ၊ ကျွန်တော် ၊ ကျွန်မတို့ မိခင်တွေဆိုရင် ပြောမပြတတ်အောင် စာမဖွဲ့နိုင်အောင်ပါဘဲ။ ဒါကြောင့်လည်း.."မိဘတွေဟာ ၊ သားသမီးတွေအတွက်ဆိုရင်လေ ၊ မိခင်ဟာလေ ၊ ကိုယ့်ကိုကို အကျွမ်းခံ ၊ ဖယောင်းတိုင်လိုအလင်းပေး ၊ အနစ်နာခံ ၊ တုမရတဲ့နည်းနာတွေနဲ့" လို့ဆိုထားတာ ထင်ပါရဲ့နော်..

No comments: