Wednesday, July 16, 2008

မြန်မာ့ဆေးဖက်ဝင်သနပ်ခါးနဲ့ရိုးရိုးလေးလှစေချင်

click to comment
“နှင်း “က သနပ်ခါးကို သိပ်ကြိုက် သိပ်မြတ်နိုးသူတစ်ဦးပါ။ မနက်မိုးလင်းလို့ မျက်နှာမှာသနပ်ခါးမရှိရင် မှန်ထဲမှာကိုယ့်မျက်နှာကိုမြင်ရင်တောင် ကျက်သရေမရှိ ၊ စိတ်မရွှင်မလန်းသလို ခံစာရပါတယ်။ သနပ်ခါးဟာ မြန်မာမိန်းခလေးတစ်ယောက်အတွက် ဘယ်လောက် အရေးပါ ဆေးဖက်ဝင်သလဲဆိုရင် အကယ်လို့ရုပ်မလှတဲ့ သူတစ်ယောက်ဟာ ဘားမှမလိမ်းခြယ်တာထက်စာရင် သူမပါးပေါ်မှာ သနပ်ခါးလေးတင်လိုက်တာနဲ့ အရမ်းအလှကြီး မဟုတ်ရင်တောင် တစ်ဖက်သားမြင်ရသူအဖို့ အင်မတန် ကျက်သရေရှိ လှပါတယ်။ပြောရရင်တော့ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုတောင်းလေးပြည့်အောင် တစ်ဖက်တစ်လမ်းက သိပ်အရေးပါပါတယ်။” နှင်း “သိပ်ကြိုက်တဲ့ ဒီသနပ်ခါးဟာရှေးအစဉ်အဆက်ကတည်းက မိန်းခလေးတွေကျက်သရေရှိရှိနဲ့လှပစွာခြယ်သခဲ့တာဖြစ်လို့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်တဲ့ အလှအပဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် နှင်း အပါအ၀င် မမ ၊ ညီမလေးများကို သနပ်ခါးလိမ်းရခြင်းရဲ့အကျိုးနဲ့ ဆေးဖက်ဝင်ပုံလေးကိုအနည်းငယ် ပြောပြချင်ပါတယ်။
“နှင်း “တို့ မြန်မာတွေဟာ ငယ်ငယ်လေးကတည်းက သနပ်ခါးကို သုံးဖူးကြပါတယ်။ မြန်မာမိခင်များဟာ မိမိတို့ရဲ့သားငယ် ၊ သမီးငယ်များကို နို့စို့အရွယ်ကစပြီး အပူဒဏ်ကို မခံရအောင်ဆိုပြီး ရေချိုးပြီးရင် သနပ်ခါး လိမ်းပေးတတ်ကြပါတယ်။ သနပ်ခါးက လတ်ဆတ်တယ်ဆိုရင် အင်မတန်အေးတဲ့ မွှေးရနံ့ရှိပါတယ်။ အဲသည်သနပ်ခါးကို သေသေချာချာ ဆေးကြောသန့်စင်ထားတဲ့ ကျောက်ပြင်ပေါ်မှာ ရေသန့်သန့်နဲ့သွေးပြီး သနပ်ခါးရည်ကျဲကလေးကို လိမ်းပေးရုံမက ကလေးပါးစပ်ထဲကိုအမေ့လက်ခလယ်နဲ့ တစ်ကော်လောက်ထည့်ပေးပြီး ကျွေးတတ်ကြပါတယ်။ အဲသည်လို ကျွေးလိုက်ရင် ကလေးဟာ တမြုံ့မြုံ့နဲ့ စားတတ်ပါတယ်။ အဲသည်လို သနပ်ခါးခွံ့ပေးတာကလည်း ကလေးကိုယ်မျာ လိုအပ်တဲ့ဝါယောဓာတ်ဆိုတဲ့ အခါးဓာတ်နဲ့ပြည့်စုံအောင် ကျွေးတာဖြစ်ပါတယ်။
ကလေးသာမက လူကြီးများပါ သနပ်ခါးသန့်သန့်ကို နည်းနည်းချင်း နေ့စဉ်စားပေးရင် လိုအပ်တဲ့ဝါယောဓာတ်နဲ့ ပြည့်စုံပါတယ်။ ၀ါယောဓာတ်ဆိုတာကတော့ လေကိုအားပေးတဲ့ဓာတ် ဖြစ်ပါတယ်။ ၀ါယောဓာတ်အားမကောင်းရင် သွေးပျံ့မှု အားနည်းတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ ပျံ့နှံ့သင့်တဲ့အတိုင်းအတာအထိ သွေးပျံနှံ့ခြင်းမရှိရင် လှုပ်ရှားသွားလာရတာ မကောင်းတတ်ပါဘူး။ ပြီးတော့ သတိမေ့တတ်ပါတယ်။ လူငယ်တွေတောင်မှ စကားပြောနေရင်း အို အခုပြောနေတာ ဘယ်ရောက်သွားပလဲဟင်လို့ မေ့မေ့လျော့လျော့ဖြစ်တာဟာ စိတ်ပျံ့လွင့်တာကြောင့် ဖြစ်တတ်တာပဲလို့ လက်ခံထားကြပါတယ်။ အဲသည်လိုစိတ်အားလျော့ပါး ပျံ့လွင့်တာကလည်း ၀ါယောဓာတ်အားနည်းလို့ ဖြစ်တတ်ပါတယ်။
မိမိတို့ရဲ့ ကိုယ်အရေပြားပေါ်ကနေပြီး သနပ်ခါးလိမ်းပေးတဲ့အခါ မွေးညင်းပေါက်များကနေပြီး ၀ါယောဓာတ်က ကိုယ်တွင်းကို ၀င်ပါတယ်။ ယာယံတာ အပူဖုပေါက်တာ အသားနေလောာင်တာ အသားကြမ်းတာ အသားပွတာ ချွေးထွက်လွန်တာစတဲ့ ရောဂါများကို သနပ်ခါးက နိုင်ပါတယ်။ ပတ်ဝန်းကျင်က အပူဒဏ်ကိုခံရတာ ဖုန်မှုန့်စတဲ့အညစ်အကြေးများ အရေပြားပေါ်မှာ ကပ်ငြိတာကို ခံရတာစတဲ့ဒဏ်များကို သနပ်ခါးက ကာကွယ်ပေးပါတယ်။ သိပ်နေပူပြီး ချွေးတွေထွက်နေတဲ့အချိန်များမှာ မျက်နှာသစ်ပြီး သနပ်ခါးလိမ်းလိုက်ရင် သိသိသာသာအေးသွားတဲ့အပြင် လန်းဆန်းသွားတတ်ပါတယ်။ အိုက်နေပေမယ့် ရေမချိုးသင့်တဲ့အချိန်များမှာ ရေပတ်တိုက်ပြီး သနပ်ခါးရေကျဲလိမ်းလိုက်ပါ ၊ သက်သာသွားပါလိမ့်မယ်။ မနက်စောစော သနပ်ခါးလိမ်းထားလိုက်ရင် ရေမချိုးရသေးတဲ့တိုင်အောင် လူက လန်းဆန်းနေတတ်ပါတယ်။ အဲသည်လို သတိတရ သနပ်ခါးမလိမ်းမိရင်တော့ နေရတာငြီးစီစီနဲ့ အပူဒဏ်ကို ပိုပြိးခံစားရတတ်ပါတယ်။ နေပူထဲကို ထွက်မယ်ဆိုရင် သနပ်ခါးကို ထူထူလိမ်းထွက်ရင် နေပူဒဏ်ကို ခံနိုင်ရည်ရှိနိုင်ပါတယ်။
အဲသည်သနပ်ခါးကို ထိုင်းအမျိုးသမီးများကလည်း သိပ်ကြိုက်ပါတယ်။ နှင်းသူငယ်ချင်းတစ်ယောက် ထိုင်းကိုသွားတုန်းက တာဝန်နဲ့သွားတာဆိုတော့ မြန်မာလို မိတ်ဆက်ပေးစရာ မလိုပါဘူး။ သိနေတာပဲလေ။ စကားပြောကြတဲ့အခါမှာလည်း နှင်းတို့မြန်မာမိန်းခလေးများကို မိတ်ဆက်မပေးရင်တောင်မှ သိပါတယ်တဲ့။ ဘာဖြစ်လဲလိုဆိုတော့ သနပ်ခါးကြောင့် အသားအရေသိပ်လှလို့ပါတဲ့။ သူတို့ဟာ အားလပ်ရက်ရတဲ့ အချိန်များမှာ မြန်မာနယ်စပ်ကိုသွားပြီး သနပ်ခါးနဲ့ပတ္တမြား ၀ယ်လေ့ရှိပါသတဲ့။ အဲသည်လိုသနပ်ခါးနဲ့ပတ်သက်ပြီး နှင်းရဲ့သူငယ်ချင်းကို ထိုင်းအမျိုးသမီးတစ်စုက ပြောလိုက်တာကို လောက၀တ်အရပြောတယ်လို့ ဆိုချင်ရင် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာမကလေးတစ်ယောက်က ပြန်ပြောဖူးပါတယ်။ တခြားနိုင်ငံက လေယာဉ်ကွင်းမှာ ထိုင်းအမျိုးသမီး တစ်ယောက်နဲ့ သူနဲ့ကြုံတော့ အဲသည်ထိုင်းအမျိုးသမီးက ရှင်ဟာ မြန်မာအမျိုးသမီးမဟုတ်ပါလားလို့ မေးလိုက်ပါသတဲ့။ ဘာဖြစ်လို့သိသလဲလို့ မြန်မာမလေးက ပြန်မေးတော့ ရှင့်အသားအရေက သနပ်ခါးကြောင့်ညက်နေတာကိုးလို့ ပြောပါသတဲ့။ ကိုင်း လူမျိုးခြားတွေကတော့ သိကုန်ကြပြီနော်။
အဲ့သည်သနပ်ခါးကို ညှော်မမိအောင်လည်း သုံးလို့ရနိုင်ပါတယ်။ တစ်ခါတုန်းက နှင်းနေမကောင်း ဖြစ်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ရာထရင် အားပြည့်နေသင့်ပါလျက် အားကုန်မောပန်းနေသလိုမျိုးခံစာရပါတယ်။နှင်းတို့နဲ့သိတဲ့ဆေးပညာရှင်သမားတော်ကိုမေးကြည့်တော့ အဲသည်အကြောင်းကို ပြောပြတိုင်ပင်ပါတယ်။ ဆရာကြီးကနှင်းတို့အိမ်မှာ သစ်ပင်များတာကို သိထားပြီးသားကို။ အဲသည်တော့ တံခါးဖွင့်ပြီးအိပ်သလား လို့မေးပါတယ်။ ဟုတ်ပါတယ် ၊ ဖွင့်အိပ်မိပါတယ်လို့ပြောတော့ ဆရာကြီးက တိုက်ရိုက်လေရတဲ့တံခါးကို ပိတ်အိပ်ပါ။ ပြီးတော့ အိပ်ခါနီးမှ သနပ်ခါးထူထူကြီး လိမ်းအိပ်ပါလို့ မှာပါတယ်။ အဲသည်လိုမှာရတဲ့ အကြောင်းကိုလည်း ရှင်ပြပါတယ်။ ညတိုင်ကျရင် သစ်ပင်များက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထုတ်တတ်ပါတယ်။ ကိုယ်ထဲကို အဲသည်လို မလိုအပ်တဲ့ဓာတ်တွေ တစ်ဝကြီးရုသွင်းပြီး တစ်ညလုံး အိပ်စက်ထားလို့ မနက်လင်းတာနဲ့ လန်းဆန်းခြင်းမရှိဘဲ မောပန်းနေတာဖြစ်တယ်လို့ ဆရာကြီးက ဆိုပါတယ်။ လေတိုက်ရိုက်ရတဲ့ ပြတင်းပေါက်ကို ပိတ်အိပ်ခြင်းအားဖြင့် အသက်ရူတိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေ ကိုယ်တွင်းကို အများကြီးမ၀င်တော့ဘူးပေါ့။ သနပ်ခါး ထူထူလိမ်းအိပ်ခြင်း အားဖြင့် အသက်ရူတိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေ ကိုယ်တွင်းကို အများကြီးမ၀င်တော့ဘူးပေါ့။ သနပ်ခါး ထူထူလိမ်းအိပ်ခြင်းအားဖြင့်လည်း အဲသည်လို မလိုတဲ့ဓာတ်တွေ မ၀င်အောင် တားထားတာဖြစ်တယ်လို့ ဆိုပါတယ်။
နှင်းဟာအဲသည်လို ဆရာကြီးပြောတဲ့အတိုင်း သနပ်ခါးထူထူလိမ်းအိပ်လိုက်တာ မနက်လင်းတဲ့အချိန်မှာ လန်းလန်းဆန်းဆန်း အိပ်ရာက နိုးလာပါတယ်။ အဲသည်နောက်မှာမှ နှင်းတို့နယ်မှာတုန်းက ညှော်နံရင် နှာခေါင်းဝကို သနပ်ခါးကလေးပွတ်ပြီးထားလိုက်တာကို သတိရမိပါတယ်။ရုပ်လှဖို့ရော စိတ်အေးချမ်းသာရှိဖို့ရောဆိုတာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးနဲ့ပြည့်စုံမှ ဖြစ်ပေါ်လာနိုင်တဲ့အကျိုး ဖြစ်ပါတယ်။ စိတ်ကတော့ သိပ်တက်ကြွပါရဲ့ ၊ လူက မလိုက်နိုင်ဘူးဆိုရင် ဘယ်လိုအကြောင်းကြောင့်လဲ ။ ကိုယ်ထဲမှာ ဘယ်လိုချို့ယွင်းချက်ရှိသလဲ။ စိတ်မှာရော ဘာအနှောင့်အယှက်ရှိသလဲဆိုတာကိုတွေးတောစိစစ်လိုက်ပါ။
ပြီးရင် သင့်တင့်တဲ့ဆေးဝါး အစားအစာကို မှီဝဲပါ။ တိုင်ပင်သင့်တဲ့သမားတော်များနဲ့ တိုင်ပင်ပါ။ တော်တော်တန်တန်ဆိုရင်တော့ မိမိစားနေတဲ့ အစားအစားများထဲက လူနဲ့မတည်တာ ဘာတွေလဲဆိုတာကို စဉ်းစားပြီး ရှောင်သင့်တာ ရှောင်ပါလို့တိုက်တွန်းချင်ပါတယ်။ ကိုယ်မကျန်းမာရင် စိတ်လည်းမရွှင် လူလည်းမလန်းနဲ့ အလှအပများလည်း ခြောက်ခန်းသွားတတ်ပါတယ်။ ကိုယ်မကျန်းမာအောင် အနေအစားဆင်ခြင်လိုက်ရင် ရွှင်လန်းတက်ကြွတဲ့ မြန်မာ့ဆန်ဆန်နဲ့ ရင်အေးစေတဲ့ အလှအပလေးများနဲ့မမ ၊ ညီမလေးများကို ရိုးရိုးလေးနဲ့ ကျက်သရေရှိစွာ လှပစေချင်ပါတယ်။
ကျက်သရေရှိသူဖြစ်အောင်လည်း မိမိသာလျှင် ပြုလုပ်တယ်။ ကျက်သရေမဲ့သူဖြစ်အောင်လည်း မိမိသာလျှင်ပြုလုပ်တယ်။ လူတစ်ယောက်က အခြားတစ်ယောက်ကို ကျက်သရေရှိအောင်လည်း မလုပ်နိုင်။ ကျက်သရေမဲ့အောင်လည်းမလုပ်နိုင်။ လူတိုင်းသည် မိမိဘ၀ကို မိမိဘာသာဖန်တီးနေခြင်း ဖြစ်သည်။ ပြုလုပ်ခြင်း ဖြစ်သည်။ မိမိရဲ့ လူရည်လူသွေးကိုလည်း မိမိဘာသာ တည်ဆောက်နေခြင်း ဖြစ်သည်။ မိမိသည်သာ အားကိုးရာ ဖြစ်ပါသည်။ မိမိရဲ့ ရုပ်ပိုင်း ၊ စိတ်ပိုင်း ၊ အစစအရာရာဟာ မိမိက ဖန်တီးထားသော အရာများသာဖြစ်သည်။ အခြားတစ်ပါးသောသူတို့က ဖန်တီးထားခြင်း မဟုတ်ပါ။ ဤအယူမှန်ကို မြဲမြဲမြံမြံဆုပ်ကိုင်ပြီး မိမိရဲ့ဘ၀ကို ဖြူစင် ၊ အေးမြ ၊ လှပသော ရင်အေးစေသည့် အလှများဖြင့် ထာဝရ လှပအောင် ဖန်တီးခြယ်သ နိုင်ကြပါစေ။

No comments: