Monday, July 14, 2008

နွားစာခွက်လား ၊ သီဟာသနပလ္လင်လား


glitter-graphics.com

ကျွန်းတုံးကြီး တစ်တုံးကို အခေါင်းထွင်းပြီး နွားစာခွက်လုပ်လို့လည်းရသည်။
အချို့လူများလုပ်လည်းလုပ်သည်။
ထိုကျွန်းတုံးကိုပင် ခုတ်ထစ်ဖြတ်ပိုင်းပြီး ထင်းအဖြစ် အသုံးပြုလျှင် လည်းရသည်။
အချို့လည်း တစ်ကယ် သုံးကြသည်။
သို့သော် ထိုကျွန်းတုံးကိုပင် ခုတင် ၊ ဗီဒို ပြုလုပ်နိုင်သည်။ သလွန်ညောင်စောင်း ပြုလုပ်နိုင်သည်။
ထို့ပြင် ရာဇပလ္လင် တည်ဆောက်လို့လည်း ရပေသည်။
သင်ဘယ်လို သုံးမည်လဲ။
ကျွန်းသစ်ဟု ဆိုလိုက်သည်နှင့် တန်ဖိုးက ရှိပြီးသားဖြစ်သည်။
သူ့ကို ရာဇပလ္ဃင်အဆင့်ထိရောက်အောင် မြှင့်တင်ပေးမည်လား။
လောင်စာ ပစ္စည်းအဆင့်ထိကျရောက်အောင် နှိမ့်ချပစ်မည်လား။
သင့်အပေါ်မှုတည် ပါသည်။
ထိုနည်းတူ-
လူ။
အင်ကညင်ကြားထဲမှာ ကျွန်းပင်တစ်ပင် တန်ဖိုးရှိသလို သတ္တ၀ါလောကထဲမှာ လူဟူပြီး မွေးဖွားလာကတည်းက အဖိုးတန်ပြီးသားဖြစ်သည်။
သို့သော် ကျွန်းတုံးခြင်း အတူတူ နွားစာခွက် ဖြစ်သူဖြစ် ၊ ရာဇပလ္လင်ဖြစ်သူဖြစ်ရသကဲ့သို့ မှုလဇာတိသဘောအရ အဖိုးတန်လှပါသည်ဆိုသော လူသတ္တ၀ါချင်းအတူတူ ...နိမ့်ကျသူများရှိသလို အထွက်အထိပ်ရောက်ရှိသွားသူတွေလည်း ရှိကြသည်။
သင်ကော ဘာဖြစ်ချင်သလဲ ၊ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ ။
သင့်ပေါ်မှာ မှုတည်သည်။
ကျွန်းတုံးကတော့ သက်မဲ့ ဖြစ်သဖြင့် သူ့ဘ၀ကို သူမဖန်တီးနိုင်။
သူ့အနာဂတ်ကို သူမမျှော်မှန်းနိုင်။
သင်ကောသက်ရှိဖြစ်သည်။ ထိုပြင်လူဖြစ်သည်။ သင့်မှာ သင့်အနာဂတ်ကို မျှော်မှန်းနိုင်သော ဥာဏ်ရည်ရှိသည်။
သင့်ဘ၀ကို ဖန်တီးနိုင်သော စွမ်းအားတွေပါလာသည် ။
သင့်အရည်အချင်းစွမ်းအားတွေကို အသုံးချက သင့်ဘ၀ကို စိတ်တိုင်းကျတည်ဆောက်ခွင့် သင့်မှာရှိနေသည်။
စိန်မှန်ကင်း ဘ၀လား။
ထင်း ဘ၀လား။
နွားစာခွက် ဘ၀လား။
သီဟာသနပလ္လင်လား။
သင်စိတ်ကြိုက် ဆုံးဖြတ်လုပ်ဆောင်ပါ။

No comments: