Saturday, July 12, 2008
သူများလက်ကိုမြဲမြဲဆုပ်ကိုင်ပါ ( မိတ်ဆွေစိတ်)
glitter-graphics.com
လူသည် တစ်ဦးတည်းနေလို့ရသော သူမျိုး မဟုတ်ချေ ။ မိတ်ဆွေ အပေါင်းအသင်း ပတ်ဝန်းကျင် လိုအပ်လှပေသည် ။
လူ၏ သဘာဝစိတ်တွင်လည်း အပေါင်းအသင်းခင်သောစိတ်ရှိ၏ ။ ခင်လွန်းသောကြောင့် ပျက်သည်ရှိသလို ၊ မင်လွန်းသောကြောင့် တက်သည်လည်း ရှိပါသည် ။
အပေါင်းအသင်းထားမှသာ အကြောင်းအခြင်းများ ဖြေရှင်းရ လွယ်ကူမည် ။ အကျိုးတူရာ ပေါင်းဖွဲ့ ဆက်ဆံသောအလေံအထ ရှိရမည် ။
အသိဥာဏ်ယှဉ်သော ပူးပေါင်းဆောင်ရွက်မှုမျိုးမှာ အလွန်တိုးတက်ထွန်းကားခြင်း အခြေခံတရားပင်။
လူမှာ တစ်ယောက်တည်း ပျော်မွေ့လို့ မရချေ ။
သူတော်စင်များသာ တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်တွင် ပျော်မွေ့နိုင်သော်လည်း လောကီသားတို့မှာ မပျော်မွေ့နိုင် ။ ဖိုနှင့်မ ရှိမှ ၊ သူငယ်ချင်းမိတ်ဆွေရှိမှ ၊ ၀ါသနာတူသူရှိမှ ပျော်မွေ့နိုင်လေ
သည် ။
ကန်တော်မင်ကျောင်းဆရာတော်က...
" ပညာကိုပေါင်း ၊ သမားကောင်းကိုဖက် ၊ သူပျက်ကိုခွာ ၊ ဆရာကိုကပ် ၊ အရပ်ကိုမျှ ၊ လုံ့လအပင် ၊ ဆင်ခြင်အမျက် ၊ ရန်ဘက်ကိုမျှော် ၊ သူတော်ကိုချစ် ၊ ခင်ပွန်းညစ်ကိုရှောင် ၊ သူလှောင်ကိုရှေ့ ၊ ဆင်ဝှေ့ကိုချီ ၊ ကြံစည်မပြတ် ၊ အတတ်ရန်ခွာ ၊ ပညာကိုရှေ့ ၊ စီးပွားကိုနောက် ၊ မပေါ့မလေး ၊ နှေးမလျင် ၊ ရွှေချိန်ခွင်သို့ ၊
မတင်းမလျော့ ၊ လှေဖောင်ပေါ့သို့ ၊ မလျော့မညာ ၊ တံငါလုလင် ၊ မြားကြိုးငင်သို့ ၊ မညာရှိမှ ၊ ခွင့်သိသည် "
ဟု အပေါင်းအသင်းနှင့် ပတ်သက်ပြီး ဆုံးမခဲ့ဖူးလေသည် ။
တစ်ကိုယ်ကောင်းစိတ်နှင့် အပေါင်းအသင်းစိတ်သည် အားပြိုင်နေတတ်၏ ။
တစ်ဦးတည်းနေလျှင် မပျော်မွေ့ ၊ လုပ်ငန်းအကြံအစည် မဖြစ် ၊ ပညာမရ ။ ထို့ကြောင့် မိတ်ဆွေရှာရ
မည် ။ အပေါင်းအသင်းနှင့်နေရမည်ဟု အသိကြောင့် ဆက်သွယ်ပေါင်းသင်းသော်လည်း တစ်ကိုယ်ကောင်းစိတ်သည် ရှိတတ်၏ ။
ထိုအချက်ကိုသတိထားရသည် ။
မိမိသာ အရေးပါလိုစိတ် ၊ အနိုင်ရ အသာယူလိုစိတ် ၊ အရာရာ လွှမ်းမိုးချုပ်ကိုင်လိုစိတ် ၀င်ခာခဲ့သောအခါ ရှိပြီးမိတ်ဆွေ အပေါင်းအသင်းတို့ ပျက်သွားတတ်၏ ။
အရွယ်အိုသည်ပျိုသည် မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းမှာ ရှာဖွေယူကြရလေသည် ။
သို့မှာသာ လူမှုတာဝန်မျိုးစုံကို ဖလှယ်ခွဲဝေ လုပ်ကိုင်နိုင်ကြမည် ။ သို့မှသာ အကျိုးများမည်မဟုတ်လော ။
လူသည် တစ်ယူသန်စိတ်နှင့် ပရစိတ်က လူတွင် ပြိုင်နေတော့၏ ။ သူ့အလုပ်ကို ကိုယ်ကမလုပ်ဘဲ၊
ကိုယ့်အလုပ်ကို သူကမလုပ်ဟု သိနားလည်ထားပြီး မိမိအလုပ်တစ်ခုနှင့်သာ အားလုံး မဖြစ်နိုင်ကြောင်းသိသဖြင့် လောဘ ၊ မောဟ နယ်ကိုကျော်ကာ အားလုံးနှင့် ဆက်ဆံရေးစိတ်ကို လုပ်လာကြရသည် ။
လူသာမဟုတ် ၊ နိုင်ငံလည်း ထိုအတိုင်းပင် ။
ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသည် ပြည်ပနှင့် ဆက်ဆံရေးများ တံခါးပိတ်ရာမှ ဖွင့်လိုက်သောအခါ ပြိုင်ဆိုင်မှု တိုးတက်မှုများ ရရှိလာခဲ့ပေသည် ။
အပေါင်းအသင်း မိတ်ဆွေ ရွေးပုံရွေးနည်းမှာ အရေးကြီးလှတော့၏ ။အသေ၀နာစဗာလာနံကိုတော့ လူတိုင်းသိမည် ။ လူမိုက် လူယုတ်မာနှင့်တော့ မည်သူမှ ပေါင်းချင်မည် မဟုတ်ချေ ။ သို့သော် ခက်သည်မှာ ဘီလူးများက မင်းသားယောင်ဆောင်ထားတတ်ကြသောကြောင့် ခက်နေ၏ ။
ပေါင်းပြီးမှသိရလျှင် ကိုယ့်အတွက် နစ်နာသည် ။
ပထမရွှေကျင် ဆရာတော်ဘုရားကြီးက...
* သူတော်ကောင်းနှင့် ပေါင်းသင်းမှာ ယခု နာင်သံသရာ မြင့်မြတ်သည် ။
* ပေါက်ဖတ်သော်လည်း မြလေးပန်းမှီပြီး လူဦးခေါင်းထက်ရောက်သည် ။
* သူတော်ကောင်းခြေမှုန့်ကိုယ်မှာပင်လျှင် အပါယ်မကျ ။
* စဉ့်ကျောက်ကို ရွှေနှင့်ရောက ရွှေရောင်တောက်သည် ။
* ဘေးကင်းအောင် မတတ်နိုင်သူကို ဘေးကင်းလိုသူ မမှီခိုအပ် ၊ မပေါင်းအပ်ဟု ဆုံးမ မိန့်မြွက်တော်မှုခဲ့ချေသည် ။
ပုံပြင်တွင် ခြင်္သေ့မင်းကို ပေါင်းသင်းခစားနေသည့် မြေခွေးကို ကျားကိုက်မခံရသည်ကို ဖတ်ခဲ့ရဖူး၏။
ကလေးငယ်သော်မှ အဖော်အပေါင်းနှင့် ကစားရမှ ပျော်၏ ။ လူကြီးများလည်း ဇရပ်တွင် ဥပုသ်စောင့်ရင်း စကားပြောရမှပျော်၏ ။ အပေါင်းအသင်းနှင့် တရားစကား ပြောနေရလျှင် ရောဂါလည်းမေ့ ၊ အိမ်လည်း မေ့တတ်ကြ၏ ။
အရက်သမားလည်း အပေါင်းအသင်း ခင်တတ်၏ ။ အဖော်မပါလျှင် အရက်ဝိုင်းလည်း မစည် ။ သောက်ရတာလည်း မကောင်းကြ ။
သို့သော် အပေါင်းအသင်းစိတ်က အလွန်အမင်း မဖြစ်ရ ။ လွန်လျှင် ကျန်သည့်အရေး ၊ အိမ်မှု ၊ အလုပ်မှုတို့မှာ လစ်ဟင်းကုန်တော့မည် ။ အပေါင်းအသင်းနှင့်ချည်းပဲ အချိန်မဖြုန်းနှင့် ။
အထီးကျန်နေခြင်းက မသင့် ။
အဖော်စိတ်လွန်ခြင်းကလည်း မသင့် ။
လောကတွင် အပေါင်းအသင်းတို့ထံမှ ယူတတ်လျှင် ငွေ ၊ အင်အား ၊ အလုပ်အကိုင် ၊ အတွေးအကြံ ၊ဗဟုသုတ နှင့် အကျိုးအခွင့်များစွာ ရနိုင်လေသည် ။
( အို...စာဖတ်သူ ၊ နံနက်မိုးသောက်မှာညနေ နေ၀င်သည့် ကာလအတွင်း တွေ့မြင်ရသော လူအပေါင်းမှာ မရေမတွက်နိုင် ။ ထိုလူတွေထဲမှ ကိုယ့်ကို အကျိုးပြုနိုင်သောလူ ၊ အကြံဥာဏ်ကောင်းပေးနိုင်
သောလူ တစ်ယောက်မှ မရှိဟု မဆိုနိုင်ပါ ။ ထိုလူများထဲမှ မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းကို ရှာကြပါလေလေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment