Tuesday, July 22, 2008

တွေးမယ် ရေးမယ်


glitter-graphics.com

“ မျှော်လင့်နေသူ”

လမိုက်ညမှန်း သိလျက်နဲ့
လမင်းရဲ့အလင်းရောင်ကို တမ်းတနေသူကို
ကျပ်မပြည့်တဲ့သူလို့ဘဲ ဆိုကြမလား
မျှော်လင့်နေသူရဲ့ ဘေးမှာတော့
ပိုးစုန်းကြူးလေးတွေက အဖော်ပြုပေးနေကြတယ်
ဆိုတာကိုဘယ်သူတွေက သိနိုင်မှာလဲ
သူတို့ကပြောတယ်..
ဒို့ကို...သိပ်သနားတယ်တဲ့
အေးပေါ့လေ..
သူတို့ကတော့ မောင်နှံယုက်လို့
ဦးခေါင်းထက်မှာ ပျံဝဲနေနိုင်ကြတာကို
လောကသားတွေ အိပ်မက်လှလှတွေနဲ့
အိပ်စက် အနားယူနေချိန်မှာ
ဝေဒနာတွေ ရင်မှာပိုက်လို့
မျက်ရည်တသွင်သွင်
စီးဆင်းနေခဲ့ရတယ်
ချစ်ရသူရယ် ။


“ လွမ်းရောင်သန်းတဲ့ ရှမ်းတောင်တန်း “

glitter-graphics.com
နေ၀န်းနီလည်း နူတ်ဆက်သွားပေါ့
ငှက်ကလေးလည်း အိပ်တန်းတက်ပေါ့
ကျွန်မချစ်သူကို...
ဆက်လက်စောင့်မျှော်ဖို့ အားတင်းလိုက်တယ်
ညချမ်းရဲ့လေပြည်ဟာ...
ကျွန်မဆိုညည်းတဲ့ အလွမ်းသံစဉ်ကို
ကြေကွဲစွာနားထောင်ရင်း စုပ်သပ်နေလေရဲ့
အလွမ်းရဲ့ဂီတ တစ်မျိုးဟာ
ကျွန်မကို သူနဲ့အတူပျော်ဝင်ဖို့
ဆွဲငင်နေရှာတယ် ။
ဆိတ်ညိမ်လွန်းတဲ့ ကန်ရေပြင်နားမှာ
ကျွန်မနဲ့အတူ..
အလွမ်းတွေသာ အဖော်ရှိတယ်။
ဟိုးအဝေးဆီက တောင်တန်းကြီးကတော့
ကျွန်မကိုသနားစဖွယ် ငေးကြည့်နေလေရဲ့
မင်းကို...
မတွေ့နိုင်တော့ဘူးဆိုတာတော့ သေချာနေပြီပေါ့
မင်းကိုဘယ်လောက်သတိရ လွမ်းနေရတယ်ဆိုတာ
ဘယ်သူမှမသိနိုင်ပေမယ်လို့
လွမ်းရောင်သန်းတဲ့ ရှမ်းတောင်တန်းကြီးက
အသိဆုံး ဖြစ်ပါလိမ့်မယ်။


“ ကျန်ရစ်ခဲ့သောပုံရိပ်များ “

glitter-graphics.com
မင်းရဲ့မျက်နှာ မြင်ခွင့်မရတော့ပေမဲ့
အလွမ်းရင့်ရင့် ဒဏ်ရာတွေ
ဖြေသာပါတယ်။
ရင်ထဲထင်ဟပ်ဆဲပုံရိပ် တိတ်တိတ်လေးကြည်နူး
မင်းရဲ့အပြုံးတွေ ရဖူးတယ်။
မင်းရဲ့စကားသံချို ကြားခွင့်မရှိတော့ပေမယ့်
တမ်းတတဲ့ ဝေဒနာတွေ
ဖြေသာပါတယ်။
နားထဲကြားယောင်ဆဲ သံစဉ်တစ်ချို့
ရင်ခုန်ဖို့ချန်ရစ် မင်းထားရစ်ခဲ့တယ်။
ဒီဘ၀ထဲ ရေစက်ဆုံးဖို့မရှိတော့
ဖြေသိပ်ပြစ်လိုက်ရမဲ့ ကြေကွဲရိပ်တွေ
ဖြေသာပါတယ်။
ကြည်နူးခဲ့ရတဲ့ အတိတ်တွေထဲ
ဆုံခဲ့ဖူးတဲ့ အကြည့်အပြုံးတွေနဲ့
ရင်ခုန်ဖူးခဲ့တဲ့ အကြင်နာစကားတွေကြား
အရိပ်တစ်ခုတော့ ထင်ကျန်ခဲ့ပါတယ် ။


“ တွေ့ဆုံ ကြုံကွဲ “

glitter-graphics.com
ကောင်းကင်ပြာ တစ်နေရာက
မင်းနဲ့ငါရဲ့ ဆုံဆည်းခြင်း
စွန်ကလေး နှစ်စင်းလို
အချိန်တန်လို့ ရစ်ဘီးတွေ
ရစ်သိမ်းလေတဲ့အခါ
ငါတို့ခွဲခွာ ကြရပြီပေါ့ ။

သို့ပေမယ့်..
အလွမ်းရောင်ရင့်နေတဲ့
ကောင်းကင်ပြာကြီးအောက်မှာ
မင်းကိုလွမ်းနေတဲ့
နှလုံးသားတစ်စုံနဲ့အတူ
အသက်ရှင်နေတဲ့
ကောင်မလေးတစ်ယောက်
လေပြေညှင်းလေးတွေကြားမှာ
ပြန်ဆုံမဲ့နေ့ကို
မျှော်လင့်နေပါတယ်။


“ အမြင့်ဆုံးကို မလို “

glitter-graphics.com
ပန်းဖြစ်ရင်လည်း.......
တော်ဝင်သဇင်ဘဲ
ဖြစ်ချင်တယ်။
တိမ်ဖြစ်ခဲ့ရင်လည်း......
မိုးကောင်းကင်အမြင့်ဆုံးမှာရှိတဲ့တိမ်မျှင်ဘဲ
ဖြစ်ချင်တယ်။
လူဖြစ်ခဲ့ရင်တော့.......
အုပ်ချူပ်မင်းလုပ်တဲ့ဘုရင်မဘဲ
ဖြစ်ချင်တယ်။
တိရ စ္ဆာန်ဖြစ်ခဲ့ရင်တော့..............
ကေသရာဇာခြင်္သေ့မင်းဘဲ
ဖြစ်ချင်တယ်။
ရင်ထဲမှာအချစ်ဆိုတဲ့အရာရှိခဲ့ရင်တော့.....
အမြင့်ဆုံးကိုမလိုဘဲ
အချစ်စစ်နဲ့အချစ်ဆုံးကိုသာ
လိုချင်ပါတယ်။

“ ထာဝရ “

glitter-graphics.com
ချစ်ရသူရေ...
ကမ်းစပ်မှာအရုပ်ရေးသလို
မင်းနဲ့ငါရဲ့အချစ်တွေဟာ...
ဒီရေတိုက်စားသွားတာနဲ့
လွယ်လွယ်နဲ့ပျက်ပြယ်သွားမယ်လို့
ထင်နေသလား။

ငါ့ရဲ့နှလုံးသားမှာထွင်းထုထားတဲ့
အလွမ်းကျောက်စာတစ်ချပ်ဟာ
လွယ်လွယ်နဲ့ပျက်ပြယ်မသွားနိုင်ပါဘူး။

မင်းကတော့ထင်နေမှာပေါ့
မင်းမရှိတော့လို့ခဏကြာရင်
ဒီရေတိုက်စားသွားလို့
ဇာတ်လမ်းလေးတစ်ပုဒ်
နိဂုန်းချုပ်သွားပြီလို့ပေါ့။

တစ်ကယ်တန်းမင်းကို
သံယောဇဉ်ထားခဲ့မိသူမှာတော့
လောကကြီးတည်နေသရွေ့
ငါ့နှလုံးသားတွေ
ကျောက်ဖြစ်မသွားသရွေ့
"ထာဝရ"ပေးဆပ်ကာ
ချစ်သွားမှာပါ။


“ ရက်စက်သူ “

glitter-graphics.com
အမိုက်အမှောင်တွေဖုံးနေတဲ့...
ကျွန်မရဲ့အသိဥာဏ်တံခါးကို
သူ့ရဲ့အကြင်နာအလင်းရောင်တွေနဲ့
ဖွင့်ပေးခဲ့တယ်။

မာနစိတ်တွေပြည့်သိပ်နေတဲ့...
ကျွန်မရဲ့ဘ၀ကို
အနစ်နာခံတတ်တဲ့သူ့ရဲ့ဂရုစိုက်မှုတွေနဲ့
ပြောင်းလဲပေးခဲ့တယ်။

မာကျောအေးစက်တောင့်တင်းနေတဲ့..
ကျွန်မရဲ့နှလုံးသားတစ်ခုကို
နူးညံ့နွေးထွေးပျော့ပြောင်းလာအောင်
သူ့ရဲ့အားပေးယုယမှုတွေနဲ့
စွဲဆောင်ခဲ့ပြန်တယ်။

ကျွန်မရဲ့ဘ၀ကို..
အခုလိုပြောင်းလဲမှုတွေဖန်တီးပေးခဲ့ပြီးမှ
ရက်စက်စွာနဲ့ထွက်ပြေးကာ
ပုန်းရှောင်မသွားပါနဲ့လို့
ပြောချင်ပါတယ်။


“ မာယာ “

glitter-graphics.com
လောကကြီးဟာ
သိပ်မာယာများတယ် ။

အဲ့လိုမာယာများတဲ့ လောကကြီးမှာ
မာယာများတဲ့သူတွေ ရှိတယ်ဆိုတာ
ကျွန်မတစ်ယောက်..
အစကတည်းက
သိနေခဲ့ပါတယ် ။

ကျွန်မဟာလေ..
သနားတတ်ပြီး
သံယောဇဉ်အလွန်ကြီးတက်သူဖြစ်လို့
မိမိမှာသာ အမြဲလိုလို
ဝမ်းနည်းစရာတွေနဲ့
ကြုံခဲ့ရပါတယ်။

ပြောရမယ်ဆိုရင်...
ခုလည်းလူတစ်ယောက်အပေါ်မှာ
သံယောဇဉ်ဆိုတာကိုထားခဲ့မိပါတယ်။

ဒါကြောင့်စိုးရိမ်မှုတွေနဲ့
ကျွန်မရဲ့သန့်ရှင်းစွာထားခဲ့တဲ့
ဖြူစင်တဲ့နှလုံးသာတစ်ခုဟာ
စတင်အဖျားဝင်နေခဲ့ပါပြီ။


“ စည်းခြား “

glitter-graphics.com
တောင်တန်းတွေ…..
ကာထားတယ်။
ပင်လယ်တွေ……..
ခြားထားတယ်။
မင်းကငါ့ကိုအလွမ်းတွေနဲ့….
ပစ်ထားတယ်။
ဒို့ဆုံတွေ့ချိန်လေးတွေက..
သိပ်တိုတောင်းလွန်းတယ် ။
ငါ့ကိုထားပြီးတော့…
အဝေးထွက်မသွားပါနဲ့ ။
နောက်ဆုံးပြောလိုက်ချင်တာက..
မင်းကိုသိပ်ချစ်တယ်။


“ ဆောင်းမနက်ခင်း “

glitter-graphics.com
အလွန်လှပတဲ့…
ဆောင်းရာသီရဲ့
လှပမှုကိုခံစားလိုက်မိတယ် ။

ဆောင်းတွင်းရဲ့…
မနက်ခင်းတစ်ခုမှာပေါ့
မြူပ၀ါပါးပါးလေး
လွှမ်းခြုံထားတဲ့
ပတ်ဝန်းကျင်ကို
ဝတ်ကျေတန်းကျေ
ပြုံးပြလိုက်မိတယ်။

သို့ပေမယ့်..
လှပတဲ့နံနက်ခင်းဟာ
ကျွန်မအတွက်တော့
အရာအားလုံးဟာလှပစွာနဲ့
အထီးကျန်နေလေရဲ့။

နှင်းလေးတွေကိုသိပ်ချစ်တတ်တဲ့
ကျွန်မဟာခုတော့..
နှင်းလေးတွေကြားမှာ
တစ်ယောက်တည်းပါ။

" စိတ်ကူးအိမ်ကလေး"

glitter-graphics.com
ချစ်သူရေ...
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
ကဗျာငှက်ကလေး ရှိတယ်..
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
မေတ္တာရေအိုးလေး ရှိတယ်...
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
သစ္စာပန်းအိုးလေး ရှိတယ်...
တွေ့ဆုံခြင်းအိမ်ကလေးထဲမှာ
အကြင်နာဆည်းလည်းသံလေး ရှိတယ်...
ဒီအိမ်ကလေးကို..
ဆေးအစိမ်းတွေသုတ်
မင်းကသာ ရုတ်တရက်
ခွဲထွက်သွားမယ်ဆိုရင်...
ကဗျာငှက်ကလေးလဲ 'သေ'
မေတ္တာရေအိုးလေးလည်း 'ခန်း'
သစ္စာပန်းအိုးလေးလဲ 'ကွဲ'
အကြင်နာဆည်းလည်းသံလေးလဲ'ပျောက်'
အလွမ်းဆိုတဲ့ မှန်လေး
ရောက်လာမှာကိုတော့...
သိပ်ကြောက်မိတယ်။

" နွေလေညှင်း "

glitter-graphics.com
ချစ်သူရေ...
ဆောင်းအကုန် နွေအကူး
လေညှင်းတွေ တဖြူးဖြူပေါ့
ကျေးငှက်သာရကာလေးတွေက
ပျော်ပျော်မြူးပေါ့။
ချစ်သူရေ...
ကျေးငှက်မောင်နှံ စုံတွဲလေးတွေက
နွေလေညှင်းနဲ့အတူ
ပျော်မြူးခုန်က
ဒို့ကိုပြောင်ရယ်ကြ
သိပ်အားငယ်ရပေါ့။
ဒို့ကတော့...
ချစ်သူနဲ့အဝေးမှာ
မပျော်မြူးနိုင်တဲ့
အဖော်မဲ့ဥသြငှက်လေး
တစ်ကောင်ပါ။
နောက်...
နွေလေညှင်းနှင်းအတူ
ပျံ့သင်းလားတဲ့ ငှက်တေးသံသာ
ဒို့အတွက်တော့
ခါးသီးလှတဲ့ လှောင်ရယ်သံတွေပါ။


" တစ်ဖက်သတ်ကျိန်စာ "

glitter-graphics.com
သံယောဇဉ်...
ပြန်ပြောရရင် ရင်နာသော်လည်း
ရင်မှာအမြဲသိမ်းထားဆဲပါ...သူ။
အနေဝေး...
ဖြေတွေး တွေးလို့ပြေးချင်လှသော်လည်း
ရင်ထဲဆွေး ဆွေးလို့ငိုချင်မိပါရဲ့။
ချစ်သူရေ...
ချစ်တယ်...လို့ဆိုတဲ့စကားတွေနဲ့
အချစ်ရယ်ပို နင်ချွေထားရစ်တဲ့
နှစ်ကိုယ်ကြားက သစ္စာစကား
ခုတော့...တမာလိုခါးပေါ့ကွယ်။
ချန်ခဲ့သူမကြင်နာ...
ကျန်ခဲ့သူရင် နာသော်လည်း
အပြစ်မမြင် အပြစ်မတင်ရက်ပါဘူး
အချစ်ကျွန် ကျွန်ဘ၀မှာပဲ
အချစ်နွံ နစ်ချင်နစ်ပါစေတော့
ကွယ်...
ငါကတော့ချစ်လို့နေဆဲ။

" နင်ဟာအတောင်ပါတဲ့ငှက်ပါ "

glitter-graphics.com
နှင်းတွေကြွေသည်းစ ဆောင်းမနက်ခင်းမှာ
အလွမ်းတွေပေးခဲ့တဲ့ သူ့အကြောင်းစဉ်းစား
ပြိုဆင်းလာတဲ့ အပူမျက်ရည်
လူတွေသိမှာ စိုးတထိတ်ထိတ်
ကြိတ်မှိတ် မျိုသိပ်ခဲ့ရ။
ခုတော့...
ကျွန်မသိလိုက်ပါပြီ
နှင်းတွေသာ ကြွေတတ်တာမဟုတ်
ကျောက်ရုပ်မဟုတ်သော နှလုံးသားများလည်း
ကြွေတတ်ကြကြောင်းကို။
ခုတော့...
ဖြေမတတ်အောင် အလွမ်းပိုမှ
ကျွန်မသီဆိုဖို့သီချင်းတစ်ပုဒ်ကို
သတိရလို့တယ်...
"နင်ဟာအတောင်ပါတဲ့ငှက်ပါ "

" စောင့်မျှော်မိသူ "

glitter-graphics.com
သူ့အကြောင်းတွေကို သိလိုက်ရတဲ့နေ့က
ကလေးဆန်တဲ့ နှလုးသားကို
ကဗျာလေးဖတ်ပြီး ချော့သိပ်ခဲ့ရတယ်။
သူရုတ်တရက်...
နူတ်မဆက်ဘဲ ထားရစ်ခဲ့တော့
သိမ်ငယ်တဲ့ ကျမအချစ်
ယောင်ချာချာဖြစ်လို့နေတယ်။
သူမသိပေမဲ့...
သူမရှိတဲ့ နေ့တွေတိုင်းမှာ
ကျမနှလုံးသား အငိုမတိတ်ခဲ့ဘူး
အငိုမတိတ်သည့် နောက်ဆုံး
စောင့်မျှော်နေတဲ့ နှလုံးသားကို
ဘောပင်တစ်ချောင်း စာရွက်တစ်ရွက်နဲ့
ကဗျာရေးရင်း ချော့ဖြစ်ခဲ့တယ်။
ဒါပေမဲ့...
လွမ်းတဲ့စိတ်ကြောင့် မဖြေသိပ်နိုင်ခဲ့ဘူး
ဖြစ်နိုင်မယ်ဆိုရင်
အမြန်ပြန်လာခဲ့ပါ။

" စိတ်ကူး "

glitter-graphics.com
အချစ်တဲ့...
မခေါ်ပါဘဲနဲ့
ငါ့နှလုံးသားတံခါးကို
ရိုက်ချိုးလို့ ၀င်လာခဲ့တယ်။
အမုန်းတဲ့...
ငါ့နှလုံးသားကို ဒဏ်ရာတစ်ခုနဲ့
ရပ်တည်စေခဲ့တယ်။
မခေါ်ဘဲလာပြီး...
မနှင်ဘဲပြန်သွား ခဲ့သူက
အချစ်နဲ့အမုန်း
နှစ်ခုလုံးကို မလိုချင်ဘူးတဲ့။
ဒါပေမဲ့...
ငါ့ရင်ထဲ လိုနေတာက
သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတဲ့
ပျော်စရာ အိမ်လေးထဲမှာ
အကြင်နာစကားလေးတွေနဲ့ရယ်ပါ။

" ခါးသီးမှု "

glitter-graphics.com
အလွမ်းတွေဝေ..နေရာတွေခြားနေတဲ့
ချစ်သူရေ...
ဟိုမှာ...တွေ့လား?
အချစ်နဲ့ အရသာတွေပေါလျှံနေတဲ့
အချစ်ကျွန်းသောင်ခုံပေါ်မှာ
ကမ်းမမြင် မိုးမမြင်
နှလုံးသား ပင်လယ်ပြင်ကို ဗဟိုပြုပြီး
ပျော်ပျော်ကြီး နွဲနေကြတဲ့
ချစ်သူစုံတွဲလေးများ
သူတို့အတွက်တော့...
Valentine's day ဟာ
ချိုမြိန်တဲ့အချစ်တွေ ယူဆောင်လာတဲ့
လှပတဲ့နေ့လေး တစ်နေ့ပေါ့။
ဒို့လို...
အထီးကျန် အဖော်ကွဲ
ဥသြငှက်လေး အတွက်တော့
Valentine's day ဟာ
ခါးသီးမှုတွေ သယ်ဆောင်လာတဲ့
နာကျည်းမုန်းတီးဖွယ်
နေ့လေးတစ်နေ့ပေါ့။

" ချစ်သက်သေ "

glitter-graphics.com
ချစ်ရသူမင်းအတွက်...
ပင်လယ်ပြင်ကျယ်ကို ရွက်လွင့်နေမယ်ဆိုရင်
ဒို့ဟာမင်းအတွက်...
သဘောင်္တစ်စင်း (သို့ ) ဖော့ကွင်းလေးတစ်ကွင်းပေါ့ ။
ကောင်းကင်လွာကို ပျံသန်းရမယ်ဆိုရင်
လေယျာဉ်ပျံတစ်စင်း (သို့) လေထီးလေးတစ်လက်ပေါ့။
ချွန်မြထက်တဲ့အသွားပေါင်းများစွာထောင်ထားတဲ့
ဓားတောင်ကို ကျော်လွှားရမယ်ဆိုရင်
သံမဏိ အကာလေးတစ်ချပ်ပေါ့။
ပူပြင်းကျယ်ဝန်းရှည်လျားတဲ့
မီးပင်လယ်ကို ဖြစ်ကျော်မယ်ဆိုရင်
ရေခဲ့သဘောင်္လေး (သို့) ရေခဲ့တုံးလေးတစ်တုံးပေါ့။
ပူပြင်းတဲ့ နွေရာသီဆိုရင်
အေးမြမှုတွေပေးတဲ့ ရွှေယက်တောင်လေးတစ်ချပ်ပေါ့။
ပြင်ထန်စွာရွာသွန်းနေတဲ့မိုးသီးဆိုရင်
နွေးထွေးမှုတွေကိုပေးမဲ့ မီးဖိုလေးတစ်ဖိုပေါ့။
ခိုက်ခိုက်တုန်အောင်အေးနေတဲ့ ဆောင်းနှင်းရာသီဆိုရင်
အနွေးဓာတ်ကိုပေးမဲ့ သိုးမွှေးဆောင်လေး (သို့) သိုးမွှေးအနွေးထည်လေးပါ။
ကျန်းမာရေးတွေဖောက် အဖျားတွေရောက်နေရင်
အဖျားတွေကိုပယ်ပျောက်ပေးမဲ့ ဆေးလေးတစ်လုံးပါ။
ဘ၀အတွက်ကြိုးစားရုန်းကန် အလုပ်ထန်လို့မောပန်းတဲ့အခါဆိုရင်
အမောပြေစေတဲ့ ရေအေးလေး တစ်ခွက်ပါ။
လျှောက်လှမ်းရမဲ့ အနာဂတ်ခရီးက အရမ်းမြင့်မားနေရင်
အခုအခံပစ္စည်းလေး တစ်ခုပေါ့။
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်လမ်းမှာ မိုးတွေသည်းထန်စွာရွာနေရင်
ထီးလေးတစ်ချောင်း (သို့) ထီးလေးတစ်လက်ပေါ့။
လောကအပြင်ကိုထွက်ပြင်းထန်စွာနေပူနေရင်
ဦးထုပ်လေး (သို့) ခမောက်လေးတစ်ချပ်ပါ။
နောက်ဆုံး...
အနာဂတ်ဘ၀သာယာဖို့ခရီးကြမ်းအရှည်ကို
မဖြစ်မနေလျှောက်လှမ်းရမယ်ဆိုရင်
ခရီးဆုံးအောင်လျှောက်လှမ်းနိုင်စေဖို့
ဘ၀အခက်မခဲတိုင်းကို အမောပြေအောင်ကူညီဆောင်ရွက်ပေးမဲ့
ဘ၀ခရီးဖော်တစ်ယောက်ပါ။

" ယုံကြည်တယ် "

glitter-graphics.com
ချစ်တဲ့သူက မကြင်နာ
ရှောင်ရှားပြေးသွား
ဒီရင်မှာ ပူးပြင်းတောက်လောင်
ခြောက်သွေ့အက်ကွဲကြေမွနေတဲ့
နှလုံးသားတစ်ခုကို
အကြင်နာမိုးတွေတော့မရွာသွန်းပေးပဲ
လေပူး လေပြင်းတွေနဲ့
ရက်စက်စွာ သတ်ပြစ်သွားသူရယ်
သေသွားတဲ့ ငါ့ရဲ့နှလုံးသားဟာ
ဘယ်မှာလာပြန်ရှင်သန်နိုင်ပါဦးမလဲ။
သို့ပေမဲ့လည်း...
သစ်ရွက်တစ်ရွက်လိုညှင်သာလွလွ
ကြွေကျခွင့်ပြုပါ
မြက်ခင်းတစ်ခင်းလိုမစိမ်းလန်းချင်လည်းနေပါစေတာ့။
ခုချိန်မှာဘာတစ်ခုမှမတောင့်တတော့ပါဘူး
သို့ပေမဲ့...
နွေကခြွေခဲ့ပေမယ့်လည်း
မိုးကဝေအောင်ဖန်တီးပေးအုံးမယ်လို့
ငါယုံကြည့်တယ်။