Saturday, July 12, 2008

ငွေ ငွေ ငွေ


ငွေဆိုတာ လူမှာအမြဲလိုနေတဲ့ အရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမြဲသုံးနေရလို့ပေါ့။ ငွေဆိုတာ ပိုတယ်လို့မရှိဘဲ အလိုသာ အမြဲပြနေရတာက အမြဲတစေ အသုံးပြုနေရလို့ပါ။
ငွေရှာမရလို့ စိတ်ညစ်နေကြရတာဟာ လူတစ်ရာမှာ ကိုးဆယ့်ငါးယောက်ရှိမယ်။ စည်းနဲ့ကမ်းနဲ့ ငွေရှာတဲ့လူတွေမှာငွေဟာ ပျော်ရွှင်စွာနေတတ်ပြီး စည်းမဲ့ကမ်းမဲ့ သုံးပစ်တတ်သူတွေထံမှာတော့ ငွေဟာ နေရတာမပျော်ပါဘူး။
တကယ်ပင်ပန်းခံရှာပြီး စည်းမဲ့ကမ်းမဲ့ သုံးပစ်သူတွေဟာ အိတ်ပေါက်နဲ့ ဖားကောက်သူတွေပါ။
ငွေတွင်းက နက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် တူးတတ်ရင် ရတတ်တဲ့အရာပါ။ ငွေရှာမရလို့ လက်မှိုင်ချ ၊ စိတ်ညစ်နေတဲ့သူဟာ လူညံ့ပါ။ ငွေဆိုတာ လူရဲ့အသုံးတော်ခံအဖြစ် လည်ပတ်နေတာပဲ။ ငွေကို လူတွေက လုပ်ထားတာ။
သည်တော့ ရှိနေတဲ့အရာကို ရှာတာမို့ သည်နေ့မရ နက်ဖြန်ရမှာပေါ့။ သည်လမမြတ် နောက်လမြတ်မှာပေါ့။ ငွေဆိုတာ ရှာနေရင်တစ်နေ့မဟုတ်
တစ်နေ့ ရမှာပေါ့။
ငွေရစရာ အကြောင်းကိုလုပ်ရင် ငွေရဖို့ရှိတယ်။ ကွဲပြားတာကတော့ အကြံဥာဏ်သေးရင် ငွေနည်းနည်းပဲရမယ်။ ခံစာခွင့် နည်းနည်းပဲရှိမယ်။ ငွေများများရချင်ရင် အကြံ့ကြီးကြီးထားပြီး တစ်ခါထက်တစ်ခါ လူပ်ရှားကြိုးပမ်းရမှာပေါ့။ စီမံကိန်းချပြီ အကြံကြီးကြီးသာ ဥပဒေအတွင်းက ကြံစမ်းပါ။ လပိုင်းနှစ်ပိုင်းအတွင်း ထူးခြားလာမှာပါပဲ။
ပိုက်ဆံရှာတယ်လေ။ ပိုက်တံရှာတော့ မရဘူး။ မရရင် ဘယ်သူမဆို စိတ်ဆင်းရဲမှာပဲ။ အဲသည်မှာစိတ်ဆင်းရဲနေဖို့ထက် ကိုယ့်ကိုယ်ကိုရော ကိုယ်လုပ်တဲ့အကြောင်းအရာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုရော အကြောင်းရှာရမယ်။ ကိုယ်ပျင်းလို့လား။ ဥာဏ်မမီလို့လား။ မဖြစ်နိုင်တာကို လုပ်နေလို့လား။
အဲသည်လို စဉ်းစားပြီး ဖြစ်နိုင်တာဆိုရင် ဆက်ကြိုးစား ဆက်သာလုပ်ရမှာပေါ့။ ပျင်းလို့ဆိုရင်တော့ လုံးလ၀ီရီယကို နှစ်ဆတိုးပြီး လုပ်ပေးတော့။
အပင်ပန်းခဲတာ နည်းလို့ဆိုရင်လည်း နှစ်ဆတိုးပြီး အပင်ပန်းခံပေတော့။ ဥာဏ်မမီပြန်ရင်ဥာဏ်မီအောင်ကြိုးစား။ မကျွမ်းကျင်သေးပြန်ရင်လည်း ကျွမ်းကျင်အောင် ကြိုးစားရမယ်။
ဒါပေမယ့် မဖြစ်နိုင်တာဆိုရင်တော့ မကြိုးစားပါနဲ့။ အချိန်ကုန် လူပင်ပန်း လုံးဝမခံပါနဲ့။
ဥာဏ်လည်းပြည့်စုံ၊ ၀ီရီယလည်း ပြည့်စုံပါလျက်နဲ့ ပိုက်ဆံရှာမရရင်တော့ အဲဒါ အတိတ်ကံက မပေးသေးဘူးလို့သာ မှတ်ပေတော့။
အတိတ်ကံ မပေးသေးရင် မရတတ်သေးဘူး။ ဘုရားရှင်တော်ပင်လျှင် ၀ါတွင်းသုံးလပတ်လုံး ဆွမ်းခံမရခဲ့ဘူး။
ငွေမရတာလာဘ်မရတာ ကိုယ်ချည်းပဲ မဟုတ်ပါဘူး။ ကိုယ်ချည်းပဲ မဟုတ်ပါဘူး။ ကိုယ်ချည်းပဲ ဆင်းရဲတာမဟုတ်ဘူး။ ဆင်းရဲတာဟာ အများကြီးပဲ။
ဝေလေလေပြသနာတွေနဲ့တွေဝေပြီ အချိန်ဖြုန်းခဲ့ရင် ငွေဟာဘယ်တော့မှာ မရနိုင်ဘူး။
ကိုယ်ကဝေလေလေဆိုရင် ငွေကလည်းဝေလေလေပါပဲ။ အချိန်နဲ့အမျှငွေအကြောင်း စဉ်းစားနေရမှာ မဟုတ်တောင် ငွေရဖို့နည်းကို နာရီပိုင်းလောက် စဉ်းစားပေးရင် ငွေမ၇ှားနိုင်ပါဘူး။
ရှိပူရသေး ၊ ကုန်မှအေးဆိုသတဲ့သဘောနဲ့ သုံးတတ်ရင်တော့ မအေးဘဲနဲ့ပူလာမှာပဲ။
နောင်ခါလာ နောင်ခါဈေးလို့ သဘောထားပြီး မရသေးတဲ့ငွေကိုမျှော်ပြီး လက်ထဲကငွေကို လွယ်လင့်တကူ သုံးပစ်လိုက်ရင် နောင်ခါမရတော့မှ ခက်မယ်။
မကြံစည်ဘဲလည်း ဖြစ်လာတတ်တယ်။ ကြံစည်းထားလျက်လည်း ပျက်တက်တယ်။ မနက်ဖြန် ဘာဖြစ်မယ်။ သန်ဘက်ခါ ဘာဖြစ်မယ်။ ဘယ်က ဘာရနိုင်တယ်။ ဘယ်သူကငါ့ကို ကျေးဇူးတုံ့ပြန်လိမ့်မယ်ရယ်လို့ အားကိုးတကြီး မျှော်လင့်တောင့်တရင် ထားတဲ့အတိုင်း ပြည့်စုံလာရင် ၀မ်းသာကြမှာပဲ။ မပြည့်စုံရင်တော့ ဆင်းရဲကြပြန်ရော။
ကိုယ့်စိတ်ကူးအတိုင်း ပြည့်စုံချင်မှ ပြည့်စုံတတ်ပြန်တော့ခက်တယ်။ ဘာအကြောင်းအရာမဆို ပျက်စီးတတ်တဲ့ သဘော ဖောက်ပြန်တတ်တဲ့သဘောက ရှိတယ်မဟုတ်လား။
ဒါကြောင့် ငွေကိုမျှော်လင့်တောင့်တရခြင်းကလည်း စိတ်ဆင်းရဲခြင်းရဲ့ အကြောင်းတစ်ခုပါပဲ။
သည်တော့ ငွေရှာရင်ယခုအချိန်သာ မိမိတတ်သမျှ လုပ်ကိုင်ရှာပါ။ သိပ်အလောတကြီး မလုပ်ပါနဲ့။ ကိုယ့်တာဝန်တစ်နိုင် ကျေပွန်အောင်သာရှာ။ အဲသည်မှ တစ်ဆင့်ပြီးတစ်ဆင့် တက်သင့်ပါတယ်။
လူရဲ့ ခပ်သိမ်းသောအကြောင်းအရာ အတော်များများကို ပြည့်စုံနိုင်အောင် လုပ်နိုင်တဲ့အရာဟာ ငွေပါပဲ။ ရလိုမှုကိုသာကြည့်ပြီး ငွေရှာကြတော့ အဆိုးတွေ၊ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရော။
ငွေရှာရာမှာ ကျိုးကြောင်းဆင်ခြင်မှုထားမှ ဖြစ်မယ်။ မဆင်မခြင်ရှရင် ဖြစ်ချင်တာတွေ ဖြစ်ကုန်လိမ့်မယ်။ လူ့ကျင့်ဝတ်တွေ ပျက်ကုန်မယ်။ စာနာမှုတွေ ကင်းကုန်မယ်။
အချို့က ငွေကိုလူထက်တန်ဖိုးထားကြတယ်။ ငွေကိုလူက ဖန်တီးပေမယ့်လို့ သည်ငွေကပဲ လူကိုပြန်ပြီး စိုးမိုးသွားပြန်ပါရော။
ငွေဟာ တပ်မက်စရာမို့ တပ်မက်ကြမှာပဲ။ လူနဲ့ငွေဟာ ဘ၀ခရီးတစ်လျှောက်လုံး မခွဲမခွာ နေကြရမှာ မဟုတ်လား။ တစ်ခါတစ်လေ လူဟာ ငွေရဲ့ကျေးကျွန်အဖြစ်ခံ နေရတတ်ကြလို့ငွေကို တပ်မက်တာ သဘာဝတရားပါပဲ။
ငွေရှိရင် ဘ၀ရဲ့ လိုအပ်ချက်များကို ဖြည့်စွက်နိုင်တယ်။ ငွေမရှိရင်တော့ မျက်နှာငယ်စွာနဲ့ ဘ၀မှာဟာကွက်တွေ အများကြီး တွေ့ရတတ်တာပဲ။
ငွေဟာ ကိုယ့်ဆီမှာ အမြဲနေအောင် ကိုယ်ကအမြဲ အလုပ်လုပ်နေရတယ်။ ငွေနဲ့ရင်နှီးချင်ရင်အလုပ်နဲ့ အမြဲရင်းနှီးရမယ်။
အလုပ်နဲ့ ရင်းနှီးနေရပေမယ် ငွေမလောက်မင ဖြစ်နေသေးတယ်ဆိုရင်တော့ ကိုယ့်အလုပ် မအောင်မြင်သေးလို့ပါ။ မတွင်ကျယ်လို့ပါ။
ငွေဆိုတာက ဘယ်သူ့ဆီမှာမှ ကြာကြာမနေတတ်ဘူး ။ ကြာကြာနေစေချင်ရင် သူများထက် ကြာကြာ အလုပ်လုပ်ကြရ မှာဖြစ်တယ်။
ငွေမရှိလို့ ပြသနာတွေဟာ ပိုပိုပြီး ကြီးလာတယ်။ ပြသနာကိုငွေနဲ့ရှင်းရင် ရမယ်လို့ ထင်ပေမယ့် ငွေမရှိတော့ ပြသနာဟာပိုပြီး အစိုင်အခဲဖြစ်လာရော။
ပြသနာရှိသူမှာ ငွေမရှိဘူး။
ငွေရှိသူမှာ ပြသနာသိပ်မရှိဘူး။
ငွေဆိုတာက မရှိရင်မဖြစ်ဘူး။ မဖြစ်တော့ ရှိအောင်ရှာရတဲ့အတွက် ပူပန်ရတယ် ၊ စိတ်ညစ်ရတယ် ။ ဟော ရှိလာပြန်တော့ရော လက်ထဲရောက်လို့မှ မကြာခင် အကြောင်းအမျိုးမျိုးနဲ့ ပြန်ထွက်သွားကြပြန်ရော။
ငွေနောက်ကို မောကြီးပန်းကြီး လိုက်ကြရပြီး ပြန်ရတော့ထင်သလို မှန်းသလို မဖြစ်ကြပြန်ဘူး။
နေ့စဉ် တလူပ်လူပ်နဲ့လူပ်နေကြ ရူပ်နေကြရတာဟာ ငွေရဖို့ ပြသနာအတွက် များပါတယ်။
ကိုယ့်ဝမ်းကိုနေ့စဉ်ကျွေးရှာကျွေးရတယ် မဟုတ်လား။
ကိုယ့်စရိတ် ၊ ကိုယ့်မိသားစုရဲ့ စရိတ်ကြီးအတွက် ငွေကို ရှာကြရတယ်။ ပရိယေသန ငွေရှာမှုတွေနေ့စဉ် လုပ်နေကြရပေမယ့်လို့ငွေဟာ မပြည့်စုံသူပဲများတယ်။ ပြည့်စုံသူ နည်းတယ်။
ငွေဆိုတဲ့ ရတနာကလည်း ဆန်းပါတယ်။ တစ်ခါတစ်ခါကျတော့ အကြောင်းအပေါင်းသင့်ပြီး လွယ်လွယ်ကူကူပဲ ရှာရနိုင်သလို လွယ်လွယ်ကူကူပဲ ဘာလို့မှန်းမသိ ပြန်ထွက်သွားတယ်။
တစ်ခါတစ်လေ ငွေရှာရခက်ပြီဆို တစ်ကျပ်တစ်ပြားတောင် ရှာတဲ့အထိပဲဗျို့။
ဒါကြောင့်..
ငွေဆိုတာနဲ့ ခင်ခင်မင်မင် နေနိုင်အောင် အမြဲကြိုးစား ဆင်ခြင်နေကြပါ။ ဘ၀မှာနာရီ၊ မိနစ် နဲ့အမျှ ကုန်ဆုံးနေတဲ့ သက်တမ်းတွေအတွက် ကြွင်းကျန်ခဲတဲ့ အကျိုးကျေးဇူး အများအပြားဟာ ငွေဆိုတဲ့ စီမံကိန်ထဲမှာ သက်ရောက်နေတာ ဖြစ်တဲ့အတွက် ငွေကိုစိစစ်ချွေတာ သုံးသပ်ခြင်းဟာ ဘ၀ကိုစိစစ်ချွေတာ သုံးသပ်ခြင်းပါပဲ။
....................................... ။ .............................

No comments: