Monday, July 14, 2008
သစ်ရွက်ပေါ် တင်ကျန်ရစ်သော မိုးရေစက်များ၏ စိတ်ကူး
မျက်လုံးထဲ ရွှေငါးတွေ မကူးခတ်တော့တာ ကြာပြီ
အစိမ်းရောင် မြက်ခင်းများ
ပီကာဆိုထားခဲ့တဲ့ ပန်းချီကား
ကျနော့်ကို ခံစားချက် တစ်စုံတရာ မပေးနိုင်ကြ
ဒီရက်တွေထဲ ကဗျာတွေမရေးဖြစ်ခဲ့
လူတွေနဲ့ စကားမပြောဖြစ်ခဲ့
အခန့်မသင့်ရင်
အမဲလိုက်ခွေးတစ်ကောင်လည်း
တောခြောက်တာ ခံရနိုင်တယ်
ကိုယ်ခံပညာသင်ယူတတ်မြောက်ထားသူ တစ်ယောက်ဟာလည်း
ခြောင်းရိုက်တာ ခံရနိုင်တယ်
သားကောင်မရမချင်း လှည့်မပြန်နိုင်ဘူးတဲ့
မာနကြီးတဲ့ မုဆိုးတစ်ယောက်က အခုလိုကြုံးဝါးတယ်
ငါးမရလို့ ရေချိုးပြန်တာ
ညံ့ဖျဉ်းတဲ့ တံငါသည်တွေရဲ့ အလုပ်ပဲလို့
ကျနော်က စဉ်းစားကြည့်မိတယ်
မိန်းကလေးရေ..
တစ်ခုခုကို မရွေးချယ် ရသေးသ၍
တစ်ခုခုကို ရွေးချယ်ခွင့် ရှိနေသေးတယ်
မင်းရွာသွန်းလေသမျှ
ငါ့ ကန္တာရမှာ မိုးတွေသာခေါင်ခဲ့
မင်းဖျန်းဆွတ်လေသမျှ
ငါ့ ဥယာဉ်မှာ စိုစွတ်ခွင့်မရခဲ့
လမသာ
လေမတိုး
နှင်းမကျ
ပန်းမပွင့်
ကန္တာရ ကိုင်းပင်တွေသာ ရင့်ရော်ကြမ်းတမ်းလာခဲ့..
ဘ၀ဆိုတာ
ဘောလုံးကစားသလို
အချိန်အကန့်အသတ် သတ်မှတ်ချက် မရှိဘူး
အချိန်ပို ကစားခွင့်လည်း မရှိဘူး
ရပ်နေတဲ့ မော်တော်ကား တစ်စင်းပဲဖြစ်ဖြစ်
နားနေတဲ့ ငှက်တစ်ကောင်ပဲဖြစ်ဖြစ်
ခရီးဆက်ဖို့ အားယူနေတယ်
လူတစ်ယောက်..
ကမ္ဘာကြီးရဲ့ မည်သည့်အရပ်ဒေသကို ရောက်ရှိနေသည်ဖြစ်စေ
တစ်ခုခုကို အရသာ ဖြစ်ဖို့ လိုတယ်
ဘာပဲဖြစ်ဖြစ်..
ငါတို့ တန်ရာတန်ကြေးတော့ ရမှ ဖြစ်လိမ့်မယ်…..။
ငြိမ်းချမ်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment