Thursday, July 31, 2008

ကျွန်တော်သေဖို့ တဖြည်းဖြည်း နီးလာချေပြီ



glitter-graphics.com
ကျွန်တော့် နာမည် ငနီဖြစ်ပါသည်။ သည်နာမည် ဘယ်သူကပေးခဲ့မျန်း ကျွန်တော်မသိ။ ကျွန်တော် လူလားမြောက်လာတော့ ကျွန်တော် နာမည် ငနီ ဖြစ်နေပါပြီ။ ထားပါ ၊ ငနီပဲဖြစ်ဖြစ် ၊ ငဖြူပဲဖြစ်ဖြစ် နာမည်က အဓိက မဟုတ်ပါ။ ဘ၀က အဓိဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော့်ကို ဘယ်သူက မွေးပြီး ဘယ်သူက ကျွေးသနည်း။ ဒါပဲအဓိက မဟုတ်လား။ မွေးတာရှိမှ သေတာရှိမှာပေါ့။ မမွေးဘဲနှင့် ဘယ်သေတာ ရှိနိုင်ပါ့မလဲ။
လူတွေကတော့ မွေးခြင်း ၊ သေခြင်းကို ဇာတိပိဒုခ်ကောဟု အဆိုရှိကြသည်။ ဒါကတရားသံပါလို့ တရားဆန်နေပါသည်။ ကျွန်တော်တို့ ကြောင်အမျိုးအနွယ် မှာတော့ မွေးတာနှင့် သေတာပဲသိသည်။
တခြား ဘာမျှမသိပါ။ သြော်-မေ့မလို့ ၊ ကျန်ပါသေးသည်။ ကျွန်တော်တို့ ကြောင်တွေမှာ အမေကိုသာတွေ့ရပြီး ကျွန်တော်တို့အတွက် အဖေဘယ်သူ ဘယ်ဝါမှန်း တိတိကျကျ မသိကြပါ။ အမေပဲနို့တိုက် ၊ အမေပဲအစာရှာကျွေး၊ အမေပဲကြွက်လိုက်သင်နှင့် အမေနှင့်နေပြီး အမေနှင့် ဆော့ကာ အမေနှင့်ပဲ ကျွန်တော့် ဘ၀တစ်လျှောက် ကြီးပြင်းလာခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော် အမေ့ကို ချစ်ပါသည်။ အမေမှလွဲပြီး ဘယ်သူမျှ ကျွန်တော်မချစ်ပါ။
သြော်-တစ်ခုကျန်သွားသည်။ ကျွန်တော့် ညီမလေး အငယ်ဆုံး မိပိုကိုလည်း ချစ်ရပါသေးသည်။ အမေ့နာမည် မပြောရသေးဘူး ၊ ကံကောင်းလို့ မေ့သွားမုလို။ ကျွန်တော့် အမေနာမည်ကား ဒေါ်မိဝါပင်ဖြစ်သတည်း။
ကျွန်တော့ကို မွေးတော့ အတော်ခက်ပါသည်။ စနေနေ့ နံနက် ၅-နာရီ လောက်ဟု အမေပြောလို့ သိရပါသည်။ ကျွန်တော်တို့ အိမ်က အဒေါ်ကြီးကလည်း ကျွန်တော့်ကို ပွေ့ကာ ပိုက်ကာဖြင့် " ဒီကောင် မွေးတော့ နေတက်လေ ၊ သားဦးစနေ မီးလိုမွှေတဲ့ ၊ ကဲ-ယတြာ ချေမှဟေ့ ၊ ဓာယူခဲ့ကြစမ်း" ဟု ပြောဖူးကြောင်း အမေက ပြန်ပြောပြပါသည်။ ဓာယူခဲ့ ဆိုတာက ကျွန်တော့် ကိုယ်ပေါ်မှ သူတို့က ဓားထမ်း ကျော်ကြသည်ဆိုပဲ ၊ ထို့နောက် သူတို့ပြောတာရှိသေးသည် ၊ " ဒီကောင်အတော်ထက်မယ့် ကောင်တဲ့။ အရောင်က အဘိုထက် ၀ါနီရောင်ဘက်ပိုများသေး ၊ ဒီကောင်ကြွက်ခုပ် ကောင်းမယ်တဲ့ " ဟုဆိုကာ ကျွန်တော် မွေးစဉ်ကပင် ကျွန်တော့်ကို ချီမွမ်း ထောမနာ ပြုပြီး ထုတိသြဘာ မင်္ဂလာ အခါတော် ပြေးကြပါသည်။
ကျွန်တော် အရွယ်ရောက်လို့ အဲသည် အကြောင်းတွေ အမေ ပြောပြတော့မှ လူတွေ၏ ဇီဇာကြောင်ပုံ ၊ ကလီကမာများပုံနှင့် တောင်ပြော ၊ မြောက်ပြော ပြောပုံများကို စတင်သိခွင့် ရပါလေတော့သတည်း။
" လူတွေကို သတိထားသား ၊ လူ့စိတ်ဆိုတာ မျောက်စိတ်ထက် ဆိုးတယ် ၊ သိလား "
ကျွန်တော့် အမေ ခဏခဏ ဆိုးဆုံးမ တတ်ပါသည်။ ကျွန်တော့်အမေ့ စကားရပ်ထဲက မျောက်ဆိုတာကို နားမလည်ပါ။ ထို့ကြောင့်-
" အမေ ၊ မျောက်ဆိုတာ ဘာလဲဟင် ၊ ကျွန်တော်တို့အိမ်က ဟို-ငမဲရူပ်တွေလို အကောင် တွေလား-ဟင်"
" တယ်-ဒီကောင်လေး ငါ-ပါးပုတ်လိုက်ရ ၊ ဘယ်သိပါ့မလဲ ၊ ငါလဲ လူတွေ ပြောတာကြားဖူးလို့ ပြောရတာ ၊ စဉ်းစားသာ ကြည့်တော့"
အမေ စဉ်းစားကြည့်ခိုင်းမှ ကျွန်တော် အသေအချာ စဉ်းစားကြည့်မိသည်။ ဘာမျှ အဖြေမရ ။ ကျွန်တော် အိမ်ပေါ်က မနက်အစောကြီး ရုံးသွားတတ်ပြီး ညကျမှ အိမ်ပြန်လာသည့် ဟို-အရာရှိ အဘိုးကြီးရော ၊ ကျွန်တော် မွေးကတည်းက ရင်ဘတ်ထဲ ထည့်သိပ်တတ်ပြီး သူ့ရင်ဘတ်ထဲ ကျွန်တော်အီအီးယိုတာတောင် နံလိုက်တာဟယ် ၊ နံလိုက်တာဟယ် ၊ ဒါပေမယ့် ကလေးအီး ဆိုတော့ အင်း-၀နေတာပဲဟုပြောလေ့ ပြောထ ရှိသော အဘိုးကြီး၏ဇနီး ၊ သည်က ငနီနှင့် ပွေ့ဖက် နမ်းရူပ်ကြပါသည်။
သူတို့အိမ်မှာ ကလေးအငယ်အနှောင်း မရှိကြလို့လားမသိ။ ကျွန်တော်မှ ကျွန်တော် ဖြစ်နေပါသည်။ ဒါကို အမေက လူတွေကိုသတိထားဟု ဘာ့ကြောင့် သတိပေးနေရပါသနည်း။ ကျွန်တော်တော့ အမေပြောစကားမှာ
တွေးလေတွေးလေ အာရုံ ရူပ်ဖို့ ကောင်းလာလေ ဖြစ်လာလို့ အမေ့ ရင်ခွင်မှထပြီး ဟိုမှ သည်မှ ခုန်ပေါက်ပြေးလွှား ဆော့ကစား ပစ်လိုက်ပါသတည်း။
အမေမွေးတာ သားသမီး ၅-ဦးဟုဆိုသည်။ ကျွန်တော့် အထက် ၂-ကောင်နှင့် ၊ ကျွန်တော့်အောက် ၁-ကောင် ၊ မီးတွင်းမှာပင် ချောသွားသည်။ ကျွန်တော်နှင့် အငယ်ဆုံး အမလေးမိပိုသာ အသက်ရှင် ကျန်ခဲ့သည်။ ကျွန်တော်ကား မွေးကတည်းက လုံးလုံးကစ်ကစ် ၊ ၀၀တစ်တစ်ကြီးဟု ဆိုကြသည်။ တစ်ခါတလေ အိမ်က ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကျွန်တော်ရပ်ပြီး ကျွန်တော့်ကိုယ် ကျွန်တော် ကြည့်မိသည်။ ဘာမျှမထူးပါ။ ဟိုကောင်တွေလိုပါပဲ။ ဒါပေမယ့် ကျွန်တော့် ကုသိုလ်ကံက အကောင်းကြီး ရှိနေလို့လားမသိပေ။ အိမ်က လူတွေသာမက အိမ်လာသည့် လူတွေပါ ကျွန်တော့်ကို ချစ်ကြသည်။ ငနီ ၊ ငနီနှင့် ပါးစပ်က မချ။
" တော်တော် လျင်တဲ့ ကြောင်လေးဟ ၊ ကြည့်စမ်း ၊ တခြားကောင် တွေကို လက်နဲ့ ကုပ်နှိမ်ပြီး ထမင်းစားနေတယ် ၊ ဟိုကောင်တွေကလဲ သူ့ကြောက်ရတယ်ဟေ့ "
" သူတို့ ကျွန်တော့် အကြောင်း မသိလို့ အထင်ကြီးခြင်း ဖြစ်သည်။ အမှန်က ထမင်းကျွေးလျှင် ကျွန်တော် အရင်စားရမှ ကျွန်တော် ကျေနပ်သည်။ ထမင်းကုန်သွားမှာ ကျွန်တော် အလွန်ကြောက်သည်။ ထို့ကြောင့်လည်း ပဲသီး ၊ ပဲပြုတ် ၊ ပြောင်းဖူး ၊ ကန်စွန်းရွက် ၊ ဘူးရွှက် ၊ ခရမ်းသီး ၊ ဂေါ်ဖီစသော ဟင်းသီးဟင်းရွှက် များကို ကျွန်တော်စားလေသည်။ အဲဒါကိုလည်း အိမ်က ကျွန်တော်စားနေသည်ကို ကြည့်ပြီး တအံတသြ ဖြစ်နေကြသည်။
" ဟာ-ဒီကောင်လေး ဟင်းရွှက်တွေစား နေတယ်ဟ ၊ ဘယ်လိုကောင်လဲ ၊ ဒီကြောင်"

သူတို့က ထူးဆန်းနေသည်။ ကျွန်တော်ကတော့ ကိုယ့်အကြံနှင့်ကိုယ်ဖြစ်သည်။
ကျွန်တော့် အကြံကား တခြား မဟုတ်။ အဲသည် ထမင်း မရှိတော့ဘူးဆိုလျှင် ကျွန်တော်တို့ ငတ်သေသွားနိုင်သည်။ ထို့ကြောင့် အဲသည် ထမင်း မရှိတော့ဘူးဆိုလျှင် ကျွန်တော်တို့ ငတ်သေသွားနိုင်သည်။ ထို့ကြောင့် အဲသည် အရွက်တွေကို အစားကျင့်ထားခြင်းသာတည်း။ ကြိုက်တော့ ဘယ်ကြိုက်ပါ့မလဲ။ ဗိုက်ပြည့်ဖို့ အဓိက မဟုတ်လား။ သူတို့လူတွေမှာ စကားရပ်ရှိသည်။ " လူမှာအကျင့် ၀မ်းမှာအချင့်တဲ့ " ကျွန်တော်တို့ ကြောင်မှာကော ဘာရှိသလဲ ကျွန်တော်မသိ။ သို့သော် အမေက တစ်ခါတစ်ခါ ပြောတာတော့ ကြားရဖူးသည်။
" ကြောင်အိုရင် ကြွက်မလေးတဲ့ ၊ ခုလဲမင်းတို့က ငါပြောရင် နားမထောင်ဘူး ၊ ငနီနင်ကြပ်ကြပ် သတိထာူး ၊ ဟိုငှက်ခုပ်လာ ၊ ဟိုမြွေအိမ်ပေါ် ကိုက်လာခဲ့ ၊ စားတာလဲ မဟုတ်ဘဲနဲ့ ၊ အလကား ကြံဖန်ဆော့တယ် "
အမေက ကြံဖန်ဆော့သည်ဟု ငေါက်သော်လည်း အမှန်က ကျွန်တော့်အနေဖြင့် ထမင်းမရှိလျှင် တခြား စားလို့ရတာတွေကို ကျွန်တော့် အကြောင်းမသိနိုင်ပါ။ ကျွန်တော့် အကြောင်း ကျွန်တော်သာ သိပါလေသတည်း။
တစ်နေ့ ။ ထိုနေ့ကား ကျွန်တော့် ဘ၀မှာ အထူးခြားဆုံးနေ့ ဖြစ်သည်။ အကယ်လို့ ကြောင်လောကမှာ နေ့ထူးနေ့မြတ်တွေ ရှိမည်ဆိုလျှင် ထိုနေ့ကို ကျွန်တော်၏ အထူခြားဆုံး နေ့ဟု သတ်မှတ်ရမည် ဖြစ်ပါသည်။
ထားပါ။ ဒါက အကြောင်းမဟုတ်။ အကြောင်းမှာ ထိုနေ့က ကျွန်တော့်ကို အိမ်သားတွေ ၀ိုင်းကြည့်နေကြသည်။ ကျွန်တော်မှာ အိပ်မှုန် စုံမွှားနှင့်မို့ သူတို့ ဘာကြည့်နေမှန်း မသိ။ ထိုစဉ် အငယ်ဆုံး လူကောင်လေးက ခုနှစ်သံချီနှင့် ထအော်သည်။
" ဟာ-ငနီ လည်ပင်းမှာ ခြူလေးပါလား ၊ အံမယ်-အံမယ်ခြူတယမ်းယမ်းနဲ့ မင်းကတစ်ဟုတ်နေပါလား "
ထိုလူကောင်လေးပြောမှ ကျွန်တော့်လည်ပင်းကို ကျွန်တော် ငုံ့ကြည့်မိသည်။ ဆရာ အီကြာကွေး စကားကိုခဏငှားသုံးရလျှင် ကျွန်တော် ဟိုက်-ရှားဘား(စ်) ဖြစ်သွားသည်။ လည်ပင်းယားကျိကျိနှင့် မနေတတ်လို့ ပါးစပ်နှင့် ကြိုးကို ဖြတ်ကြည့်လည်း မရ။ နိုင်လွန်ကြိုးဆိုတော့ အတော် ခိုင်သည်။ ဘယ်လိုမျှဖြတ်လို့ မရ။ ကျွန်တော် လမ်းထလျှောက်ကြည့်သည်။ ခြူသံက တချွင်ချွင် မြည်နေသည်။
အိမ်က လူတွေကတော့ ကျွန်တော့်ကို မြှောက်လိုက်၊ ချီလိုက်နှင့် ပီတိဖြစ်နေကြသည်။ ကျွန်တော့်မှာ သာ ပြသနာလှလှကြီး တွေ့နေရတော့သည်။ အကုသိုလ်သည် ကျွန်တော့်ထံ မပင်မဖိတ် ကြွလာလေပြီ ဖြစ်သတည်း။
သည်နေ့ ကျွန်တော် အိပ်ရာထ နိုးလာတော့ ဘေးဘီကို မျက်စိပွတ်သပ်ပြီး ကြည့်လိုက်သည်။ ကျွန်တော့် အမေ မိဝါလည်း အနားမှာမရှိ။ လူအမေ ဟိုအဘွားကြီးလည်း ပကတိ တိတ်ဆိတ် ငြိမ်သက်နေသည်။ ထိုစဉ်ကျွန်တော့် နှာဝမှာ ကျွန်တော် ကြိုက်သော အနံ့ရလာသည်။ ထိုအနံ့ ကားတခြားမဟုတ်။ ကျွန်တော်တို့အခေါ် ငမဲရူပ် ၊ လူတွေအပေါ် ကြွက်ပင် ဖြစ်သည်။ သည်အကောင် ဘယ်မှာ ရှိနေသလဲ။ ဘယ်ချောင်ကနေ ငါ့ကိုကြည့်နေသလဲ။ ကျွန်တော့်ဆဋ္ဌမ အာရုံကို အနံ့ရှိရာသို့ ပို့လွှတ်လိုက်သည်။ တွေ့ပါပြီ။ မျက်စိနှင့်တော့မဟုတ်။ အာရုံထဲက သိလာခြင်းဖြစ်သည်။ သည်ငမဲရူပ်ကြွက်စုတ် ၊ မီးဖိုချောင်ထဲက ကျွန်တော့်ကို ချောင်းကြည့်နေခြင်း ဖြစ်သည်။ မိးဖိုချောင်နှင့် ကျွန်တော့် အိပ်ခန်းသည် ၁၀-ပေလောက် ကွာလှမ်းသည်။ သည်အကွာအဝေးက အကြောင်းမဟုတ် ၊ သူ့ကို အမိအရ ဖမ်းမိဖို့သာ အရေးကြီးသည်။ ထို့ကြောင့် ကျွန်တော့်အမြီးကို ကြွက်ရှိရာသို့ ချိန်သာ ကိုက်ကြည့်လိုက်သည်။ တစ်ဘက်ကလည်း သည်ကောင့်နေရာ အပြောင်းအလဲသံကို နားစွင့်ထားလိုက်သည်။ ဘယ်မျှမရွှေ့သေး။ သည်ကောင်ဇက်ပုပြီး ကျွန်တော့် ထမင်းပန်ကန်ကို ၀င်အုပ်ဖို့ချောင်းနေကြောင်း ကျွန်တော်သိသည်။ ထို့ကြောင့် ဒုတိယအဆင့် အနေဖြင့် အသာထပြီး ကျွန်တော် ရှေ့လက်နှစ်ဘက်ကို ဆန့်ထုတ်ပြီး ကျွန်တော့်် ရှေ့လက်နှစ်ဘက်ကိုဆန့်ထုတ်ပြီး အကွာအဝေး အတိုင်းအဆနှင့် လှုပ်လိုက်လျှင် သူထွက်ပြေးမည့်နေရာ အတိအကျကို ကျွန်တော့် ဆဋ္ဌမအာရုံဖြင့် မှန်းဆကြည်လိုက်သည်။ ဟုတ်ပြီ ။ သေချာပြီ။ ဒီကောင် ကျွန်တော့် လက်က ဘယ်နည်းနှင့်မျှ မလွတ်တော့။ ကနေ့ ကျွန်တော် လက်က ဘယ်နည်းနှင့်မျှ မလွတ်တော့။ ကနေ ကျွန်တော်၏ မနက်အစားအစာ (ဘရိတ်ဖတ်စ်) သည် နတ်သုဓာ တစ်မျှ ခံတွင်းတွေ့တော့မည် ဖြစ်၏။
ထို့ကြောင့် အားရပါးရ တစ်ရှိန်ထိုး ၀ုတ်ခနဲ ကျွန်တော် ခုန်အုပ်လိုက်သည်။
" ချွင်း-ချွင်း "
" ဟိုက်-သြကာသ "
" ချွင်" က ကျွန်တော့် လည်ပင်းမှခြူသံ ဖြစ်ပြီး " သြကာသ " က ကျွန်တော် လန့်အော်လိုက်ခြင်းသာ ဖြစ်သည်။ ကြွက်နေရာ ရောက်တော့ ဟိုကောင် ၊ ကျွန်တော့် ခြူသံကြောင့် ဘယ်မပြေးပြီးမသိ။ ကျွန်တော်ငိုချင်စိတ် ပေါက်လာသည်။ စုစည်းထားရသော ကျွန်တော့်အားအင်များ ကုန်ခန်းသွားသည်။ ဒါ- ဘာဖြစ်တာလဲ ။ ကျွန်တော့် လက်သည်း ဘယ်တော့မျှ ကြွက်ကို ချမ်းသာပေးခဲ့သည်မဟုတ် ။ လက်တစ်ချက်လှုပ်လျှင် ကြွက်တစ်ကောင် ၊ သို့မဟုတ် ပုတ်သင်ညို ၊ သို့မဟုတ် စာကလေး ၊ သို့မဟုတ် ဆက်ရက် ၊ သို့မဟုတ် အိမ်မြှောင် တစ်ကောင်ကောင်တော့ ရမြဲဖြစ်သည်။
ယခုကျွန်တော်သွားပြီ။ ကျွန်တော် ငနီ၏ အခုပ် အသတ်စွမ်းရည် ကျဆင်းပြီ။ ကြွက်မရတဲ့ ကြောင်လောက် ရှက်စရာအဖြစ် အဘယ်မှာ ရှိပါတော့အံ့နည်း။ ကျွန်တော် အိမ်အောက်ဆင်းပြီး ဆက်ရက်တစ်ကောင် ဖမ်းကြည့်သည် ၊ မရ။ ခြူသံကြောင့်ထွက်ပြေးသွားသည်။ ကင်းလိပ်ချောတစ်ကောင် ထပ်ဖမ်းသည် ၊ သည်ခြူသံကြောင့်ပဲ လွတ်သွားပြန်သည်။ နောက်ဆုံးအိမ်ပေါ်တက်ပြီး ကျွန်တော်တို့အတွက် အဖမ်းရ ၊ အလွယ်ကူးဆုံး အိမ်မြှောင်ကို စမ်းကြည့်သည်။
ကျွန်တော့် လက်ထဲက အိမ်မြှောင်က အသာလေး လွတ်မြောက်သွားသည်။ အိမ်မြှောင်က ကျွန်တော့်ကိုစောင်းငဲ့၍ ထရံပေါ်မှ လျှာပင်ထုတ်ပြသွားပါသေးသည်။ အဲဒါမှ ဒုက္ခပဲ ၊ ကျွန်တော်ဘာလုပ်ရမလဲ။သည်ကောင်တွေ ဖမ်းမရတာကလည်း ကျွန်တော့် လည်ပင်းက ခြူသံကြောင့်ပင် ဖြစ်သည်။ ဒါဆို-ဒါဆို ကျွန်တော့် လည်ပင်းကခြူကို ဖြုတ်ပေးဖို့ အော်ဟစ်တောင်းဆိုရတော့မည်။ အဲဒါမှ ဒုက္ခပဲ ၊ ကျွန်တော် လူတွေကို ဘယ်လိုပြောရပါ့။ လူစကားကများသလောက် ကျွန်တော်တို့ ဘာသာစကားက တစ်လုံးတည်းရှိသည်။ ထိုစကားတစ်လုံးကိုပင် အသံအပြောင်းအလဲနှင့် ကျွန်တော်တို့ စကားပြောကြခြင်း ဖြစ်သည်။ ဘာလုပ်ရပါ့မလဲ။ ဘာမှမလုပ်နှင့်ငနီ။ မင်း အော်သာအော်ပေတော့။ ကျွန်တော့် ဘာသာ ကျွန်တော် အားပေးကြုံးဝါးပြီး တစ်အား အော်ချလိုက်ပါသည်။
" ညောင်-ညောင် ၊ အောင်-အောင် ၊ အောင်- ညောင်"
" ကျွန်တော့် လည်ပင်းက ခြူကို ချွတ်ပေးကြပါဗျို့ ၊ ကျွန်-ကျွန်တော် သေရပါတော့မယ်။ ကျွန်-ကျွန်တော့်ကို သနားရင် ၊ အစာ စားစေချင်ရင် ကျွန်တော့် ခြူကို ဖြုတ်ပေးကြပါဗျာ တို့ ၊ ညောင်-ညောင် ၊ အောင်-အောင်- အောင် "
ကျွန်တော့် ရင်ထဲက ဖျစ်ညှစ်၍ တအားကုန် အော်လိုက်ပါသည်။ သို့သော် ကျွန်တော့် အသံကိုကြား၍ လူအမေကြီးက ကျွန်တော့်ကို ပွေချီပြီး ပြောလိုက်သော စကားကြေင့် ကျွန်တော် သူ့လက်ထဲမှာ ပျော့ခွေသွားပါလေသတည်း။
" ငါ့သား ငနီလဲ လူပျို ၊ အဲ-ကြောင် ကာလသား ဖြစ်ပြီထင်တယ် ၊ မိတ်လိုက်ချင်လို့ အတင်းအော်နေတယ်ဟေ့ "
ကျွန်တော်နူတ်မှ သူတို့လို ဘုရားကို တမ်းတ မိလိုက်ပါသည်။
" မြတ်စွာဘုရား..." ကယ်တော်မှုကြပါဗျို့။
ကျွန်တော့် အသံကို သူတို့ကြားသော်လည်း ကျွန်တော့် စကားကို သူတို့ နားမလည်သောကြောင့် ကျွန်တော်သေဖို့ တဖြည်းဖြည်း နီးလာချေပြီတကား။

အင်တာနက်ရေစက်


glitter-graphics.com
ချစ်သူရေ...
ဟောဒီကမ္ဘာကြီးထဲမှာ
တို့နှစ်ယောက်ခရီးအတူလျှောက်ဖို့
အချစ်ဆိုတဲ့လမ်းကိုဖောက်ပေးခဲ့တဲ့
ITကိုကျေးဇူးတင်တယ်။

ITကမ္ဘာလေးထဲမှာ
တို့တစ်တွေပျော်ရွှင်ကြည်နူးခဲ့ကြတယ်။

အချစ်ဆိုတဲ့..
တေးသွားတွေကိုသီဆိုရင်း
အချစ်ကဗျာတွေလဲ
အတူတူရွတ်ဆိုခဲ့ကြတယ်။

မမြင်နိုင်သေးတဲ့အနာဂတ်တွေကို
ပုံဖော်ခဲ့ကြတယ်။

IT ရေ မင်းဟာ...
အရာရာအားလုံးအတွက်
တာဝန်ကျေခဲ့ပါတယ်။

မင်းမှာ...
ချစ်တတ်တဲ့နှလုံးသားမရှိပေမဲ့
ချစ်တတ်တဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့
လူသားတွေကိုတော့
ချစ်တတ်အောင်သင်ပေးခဲ့တယ်။

မင်းမှာ...
ခံစားတတ်တဲ့နှလုံးသာမရှိပေမဲ့
လူသားတွေအတွက်
ခံစားမှုတွေတစ်ခုပြီးတစ်ခု
ပေးစွမ်းနိုင်ခဲ့တယ်။

ITရေ...
မင်းသာသက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင်လေ
ငါချစ်တဲ့ချစ်သူလေးနဲ့အတူ
မင်းကိုလဲငါ့ဘ၀ထဲမှာ
လက်တွဲခေါ်သွားချင်တယ်။

မင်းကြောင့်...
ငါ့ဘ၀ရဲ့ပထမဦးဆုံးအချစ်ကို
ရှာဖွေပေးခဲ့တယ်။

မင်းဟာ...
ငါ့ဘ၀ရဲမထမဦးဆုံးချစ်သူကို
ရှာဖွေပေးခဲ့တယ်။

ITလေးရေ...
အခုအချိန်မှာ
ငါ့ဘ၀ရဲ့အကောင်းဆုံးအဖော်မွန်ဟာ
ချစ်သူလေးရယ် မင်းလေးရယ်ပါ။

Tuesday, July 29, 2008

ဟိုအရင်အတိတ်ဆီက ဆောင်းမနက်ခင်းလေး



glitter-graphics.com
တစ်ခုတုန်းမှာပေါ့။ နေခြည်ပြောက်ကလေးတွေ တစ်ပြောက်နှစ်ပြောက် ထိုးကျနေတဲ့ မနက်ခင်းကလေး လတ်ဆတ်တဲ့ လေပြည်လေညှင်းတွေဆီမှာ အဝေးက သယ်ယူလာတဲ့ ခရေပန်းရနံ့လေးတွေ ပါဝင်နေသလိုမျိုး သင်းသင်းသွဲ့သွဲ့ကလေး သစ်ရွက်တွေကြွေမယ်။ နှင်းစက်ဥလေးတွေ တွဲလဲခိုဆော့ကစားနေသည်ဟု ထင်ရတယ်။ သန့်စင်တဲ့ ကြွေခွက်ထဲကို ကော်ဖီမစ်ထုပ်ကို ဖောက်ထည့်လိုက်သည့် တိုင်အောင် အကြည်လင်ဆုံး မနက်ခင်းကို မျက်နှာမလွဲမိသေး။ ကော်ဖီကို စတီးဇွန်းငယ်နဲ့ မွှေပြီး တစ်ငုံသောက်လိုက်ရာ အိမ်ရှေ့မှ ဖြတ်သွားသော ကြောင်ကလေးကို မြင်လိုက်တော့ အတွေးတစ်ချို့ဟာ ငယ်စဉ်အတိတ်ဆီ ပြန်လည်ရောက်ရှိသွားခဲ့တယ်။
ပြန်ပြောပြရရင် ထိုနှစ်က နှင်း (၈)တန်းနှစ်မှာပါ။ ထိုနေ့က နှင်းလေးတွေကလည်း လမ်းကိုတောင်မမြင်အောင် တဖွဲဖွဲဆိုသလို သဲသဲမဲမဲ ကျနေပါတယ်။ ကျောင်းသို့အသွားလမ်းတွင် အလွန်သေးငယ်လှသော ကြောင်ပေါက်စလေးတစ်ကောင် အမှတ်တမဲ့ တွေ့လိုက်ရသည်။ မြင်လိုက်ရသော မြင်ကွင်းဟာ အက်ရှင်ဇာတ်ကားကြည့်နေရသလိုပါဘဲ။ အဆိုပါကြောင် ပေါက်စလေးသည် လမ်းပေါ်ရှိကား ၊ ဆိုင်ကယ် တို့ရဲ့ တရကြမ်းမောင်းနှင်မှုကြားတွင် ရှောင်တိမ်းခြင်းမရှိဘဲ ထိုင်အော်နေသည်။ ထိုကြောင်ပေါက်စလည်ပင်းတွင်လည်း ကြီးတစ်ချောင်းချည်ထား၍ အိမ်တစ်အိမ်မှ ထွက်ပြေးလာသော အကျဉ်းသားဖြစ်ဟန်တူသည်။" နှင်း "ကြည့်နေစဉ်မှာပင် ရုတ်တရက် အလွန်ကြီးမားသော ကုန်တင်ကားကြီး တရကြမ်းမောင်းနှင်လာတော့ အော်နေသောထိုကြောင်ပေါက်စကို အမြန်အပြေးသွားဖမ်းလိုက်မိသည်။ ပြန်စဉ်းစားမိတော့ အင်မတန်ပင် လန့်သွားမိတယ်။ ကြောင်ကလေးအသက်ကို အင်မတန်စိုးရိမ်မိသောစိတ်နှင့်သာ အရဲစွန့်လိုက်မိတာ ကိုယ့်အသက်ကိုတော့ အဲ့လောက်မစဉ်းစားမိခဲ့ပါ။ အတွေးအခေါ်မရင့်ကျက်သေးတဲ့ အရွယ်ဆိုတော့လေ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးတတ်တဲ့အရွယ်မလား။ ကိုယ့်အသက်တော့ကိုယ်မသိဘူး ကားကျိတ်မိလို့ မချိမဆန့်ခံရမဲ့သူ့အဖြစ်ကိုတော့ မတွေးဝံ့ခဲ့ပါ။ ဒီလိုနဲ့အလွန်သနားစဖွယ်ကောင်းသော ကြောင်လေးအသက်ကို ကယ်တင်နိုင်ခဲ့တယ်။
ပိုင်ရှင်ထံပြန်ပေးချင်သော်လည်း အိမ်တွေများလွန်းသဖြင့် ဘယ်အိမ်ကထွက်လာတယ်ဆိုတာ နှင်းမသိနိုင်။ ဒီကြောင်ပေါက်လေးကို ဥပေက္ခာပြု၍လည်း ငါ့ခြေထောက်များကိ ထွက်မသွားနိုင်သေး။ ကျောင်းချိန်ကလည်း အတော်နီးနေ၍ အိမ်သို့ပြန်ရန် မဖြစ်နိုင်သောကြောင့် အမေ့အသိအန်တီ တစ်ယောက်ကို အကူအညီတောင်းပြီး အိမ်သို့ပို့ခိုင်းလိုက်သည်။ ထိုနေ့တစ်နေ့လုံး ငါ့မျက်နှာတည်မရအောင် ပြုံးနေခဲ့သည်။ အိမ်ပြန်ရောက်လျှင် ကြောင်ကလေးနှင့်တွေ့ရမည်ကို ပီတိဖြစ်နေမိသည်။ အိမ်ကိုရောက်တော့ ကြောင်လေးကို တွေ့လိုက်ရတော့ တစ်လမ်းလုံးအပြေးလွှား မောလာသမျှ အမောများလွင့်ပျောက်သွားသည်။ ဒါနဲ့ကြောင်လေးကို နာမည်ပေးဖို့စဉ်းစားလိုက်တော့ " ကံကောင်းလို့ အသက်ဘေးကလွတ်ခဲ့ရတဲ့" ကြောင်ကလေးဖြစ်လို့ "နှင်း"သူ့ကို" ကံကောင်း " လေးလို့နာမည်ပေးလိုက်တယ်။
ဒီကြောင်" ကံကောင်း" လေးမှာထူးခြားတာတစ်ခုက မနက်တိုင်း နှင်းနဲ့အတူ ကော်ဖီသောက်တတ်တယ်။" နှင်း "ကမနက်ခင်းဆိုရင် ကျောင်းသွားတယ် ၊ ကျောင်းပြန်လာတော့ အမြဲလိုလိုမုန့်ဝယ်လာခဲ့တယ်။ " ကံကောင်း " ရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုက "နှင်း" ညဖက်စာလုပ်နေရင် မအိပ်မချင်း အနားကနေစောင့်နေတတ်တာလေးက ပိုချစ်ဖို့ကောင်းပါတယ်။" နှင်း" ဆိုတဲ့ကျွန်မဟာ ခံစားမှုသိပ်လွယ်တယ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆိုလိုတာက sensitive ဖြစ်တယ်ပေါ့။ ၀မ်းသာစရာရှိရင် ၀မ်းသာလွယ်တယ်။ ၀မ်းနည်းစရာရှိရင်လည်း မျက်ရည်ကျလွယ်တယ်။ လူတွေပြောကြပါတယ်။ မျက်ရည်ဟာ အရူံးပေးခြင်း ၊ ကျရူံးခြင်းဆိုပေမဲ့ ၀မ်းနည်းစရာတွေ့ကြုံလာရင်တော့ လုံးဝမဟန့်တား နိုင်ပါဘူး။ "နှင်း" ဘ၀မှာ အသက်စွန့်ကယ်ခဲ့ဖူးတဲ့ ကြောင်လေးတစ်ကောင်ပါ။ စကားမဆပ်ပြောလိုက်မိတာကလည်း ကြောင်လေးဟာ ကော်ဖီသိပ်ကြိုက်လို့ပါ။ အတိုချုံးပြောရရင်တော့ ဒီလိုနဲ့ဘဲ" နှင်း"ကြောင်ကလေး "ကံကောင်း " အပေါ်မှာ အပေါ်မှာ သံယောဇဉ်တွေ ထားခဲ့မိပါတယ်။ ဒီ"ကံကောင်း " လေး ရှိခဲ့တဲ့ နေ့ရက်တွေဟာ အင်မတန်ပျော်စရာ ကောင်းနေသလို " ကံကောင်း " လေးမရှိတဲ့နေ့တွေဟာလည်း အင်မတန်မှခြောက်ကပ်လှတဲ့ နေတွေပါဘဲ။ ဒီလိုနဲ့ဘဲအတော်ကြာတော့ ကြောင်မလေးဖြစ်တာကြောင့်"ကံကောင်း " လေးဟာ ကိုယ်ဝန်ရှိလာပြီး ကြောင်သေးလေး (၅)ကောင်ပေါက်လာပါတယ်။ "ကံကောင်းမ " နဲ့တူလို့ထင်ပါရဲ့ ကြောင်လေးတွေက သိပ်ချစ်စရာကောင်းပါတယ်။ သံယောဇဉ်ထားစရာတွေ ပိုးတိုးလာတယ်ပေါ့နော်။ ဒီလိုနဲ့တစ်နေ့မှာတော့သိပ်ကံကောင်းခဲ့တဲ့ "ကံကောင်းမ " ကံဆိုးတဲ့နေ့ရောက်လာတယ် လို့ဆိုရမယ်ထင်တယ်။ ညသန်ခေါင်အချိန်မှာ" ကံကောင်းမ" ရဲ့ စူးစူးရှရှ အော်သံကိုကြားလိုက်ရလို့ အိပ်ရာကနေလန့်နိုး ကမန်းကတမ်း အပြေးဆိုသလို ထလာခဲ့မိပါတယ်။" နှင်း" တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့်အင်မတန်အလန့်တကြားအော်လိုက်တော့ တစ်အိမ်လုံးနိုးကုန်ကြတဲ့အပြင် ဘယ်ကမှန်းမသိတဲ့ ကြောင်စုံးကြီးတစ်ကောင်ဟာ အင်မတန်သေးငယ်လှသော ကြောင်ပေါက်စလေးကို ပစ်ချကာ ထွက်ပြေးသွားခဲ့ပါတယ်။
ကြောင်မကြီးဟာကြောင်လေးတွေ မွေးပြီးခါစဆိုတော့ သိပ်အားမရှိပေမဲ့ မိခင်စိတ်အပြည့်နဲ့ သားသမီးတွေကို ကာကွယ်တိုက်ခိုက်နေရှာတာဖြစ်လို့ တစ်ခါတည်းခွေခနဲ့လဲကျသွားပါတယ်။ ကြောင်ပေါက်စလေးတွေဟာလည်း ရုပ်ရုပ်သဲသဲ အော်နေကျပါတယ်။ ဒီလိုနဲ့ " နှင်း" လည်းကြောင်မကြီးအနီးသွားကြည့်လိုက်တော့ ကြောင်သေးလေးတစ်ကောင်ကတော့ ကြောင်စုံးကြီး အကိုက်ခံရတဲ့ဒဏ်ကြောင့် သေဆုံးသွားခဲ့ပါပြီ။ ကြောင်မကြီးကို ကမန်းကတန်းကောက်ခါ အိမ်နားကတိရိစ္ဆာန်ဆေးခန်းကို သွားပြခဲ့ပေမယ့် ဆရာဝန်ကပြောတယ် ဒဏ်ရာကအတွင်းထဲထိပေါက်သွားတာဖြစ်လို့ အသက်ကတော့မသေချာဘူးတဲ့ ၊ ဆေးထိုး ဆေးထည့်ပေးလိုက်တယ်။ အိမ်ရောက်တော့ဘယ်ရမလဲ အားရပါးရကို ထိုင်ငိုပစ်လိုက်မိတယ်။ ရင်ထဲမှာ သံယောဇဉ်ဆိုတဲ့အရသာကို ပထမဆုံး စူးစူးရှရှ ခံလိုက်ရဖူးတာ။ ကြောင်မကြီးဟာ နာကျင်တဲ့ဝေးဒနာတွေကို ခံစားနေရပေမဲ့ မသေသေးသ၍ သူ့သားသမီးတွေကို ဗိုက်ပေါက်လို့နာကျင်နေတဲ့ ဝေဒနာကြီးကိုခံစားရင်း နို့တိုက်နေရှာတယ်။ နောက် (၂)ရက်လောက်ကြာတော့ ဗိုက်ကအတွင်းဒဏ်ကြောင့်သေဆုံးသွားခဲ့တယ်။" ကံကောင်းမ" နင်ကံဆိုးတဲ့နေ့ပါလားလို့ဘဲ ပါးစပ်က ရေရွတ်ရင်း အမျှဝေပေးလိုက်ပါတော့တယ်။
"နှင်း " အခုရေးထားတာဟာ တစ်မျိုးကြီးလို့ စာဖတ်တဲ့သူတွေထင်ကောင်းထင်မယ်။ တစ်ကယ့် ငယ်စဉ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုမို့ပါ။စာကိုဖတ်ကောင်းအောင်သိပ်မရေးတတ်ပေမဲ့ သိပ်ခံစားတတ်ပါတယ်။ ဘာမှမဟုတ်တဲ့ ကြောင်လေးတစ်ကောင် အကြောင်းဆိုပေမဲ့လို့ မိဘမေတ္တာကြီးမားတာကိုပြောပြချင်တာပါ သူငယ်ချင်းတို့ရေ။ တိရိစ္ဆာန်တောင်မှ ဒီလောက်မိခင်စိတ်အပြည့်ရှိနေတာ ၊ ကျွန်တော် ၊ ကျွန်မတို့ မိခင်တွေဆိုရင် ပြောမပြတတ်အောင် စာမဖွဲ့နိုင်အောင်ပါဘဲ။ ဒါကြောင့်လည်း.."မိဘတွေဟာ ၊ သားသမီးတွေအတွက်ဆိုရင်လေ ၊ မိခင်ဟာလေ ၊ ကိုယ့်ကိုကို အကျွမ်းခံ ၊ ဖယောင်းတိုင်လိုအလင်းပေး ၊ အနစ်နာခံ ၊ တုမရတဲ့နည်းနာတွေနဲ့" လို့ဆိုထားတာ ထင်ပါရဲ့နော်..

သဘာဝတရားရဲ့ စုစည်းမှု


glitter-graphics.com
တစ်ရွက်စီ ကွဲပေမယ့်
တစ်ခက်ထဲမှာ စုစည်းတယ်။

အခက်ကလေးတွေ
တစ်ခက်စီ ကွဲပေမယ့်
တစ်ကိုင်းတည်းမှာ စုစည်းတယ်။

အကိုင်းကလေးတွေ
တစ်ကိုင်းစီ ကွဲပေမယ့်
တစ်ပင်တည်းမှာ စုစည်းတယ်။

အပင်လေးတွေ
တစ်ပင်စီ ကွဲပေမယ့်
တစ်မြေထဲမှာ စုစည်းတယ်။

လူသားဖြစ်သော အကျွန်ုပ်တို့
နေရာတွေဝေး ဘာသာတွေကွဲ
နိုင်ငံတွေခြားနေပေမဲ့
တစ်ကမ္ဘာထဲတွင် စုစည်းကြတယ်။

Monday, July 28, 2008

တစ်သက်နှင့်တစ်ကိုယ်


glitter-graphics.com

နိမ့်မြင့်တက်ကျ ၊ ဂယက်မျှတည့်
တက်ကြွညှိးနွမ်း ၊ မပင်ပန်းတော့
ချမ်းသာ ဆင်းရဲ ၊ ကိုယ်ခံဇွဲနှင့်
ကြုံမြဲရင်ဆိုင် ၊ ကြံ့ကြံ့ခိုင်ပြီး ။

မြင့်ရာမှသက် ၊ အားမပျက်ဘဲ
တွယ်ဖက်၍သာ ၊ ဆက်တက်ပါအံ့။

နိမ့်ရာမှမြင့် ၊ မာန်မ၀င်ဘဲ
လွင့်ကျမည့်ဘေး ၊ မပူဆွေးတော့။

ဆင်းရလည်း ခက်
တက်ရလည်း ကြမ်း ၊ ဘ၀လမ်းဝယ်
လျှောက်လှမ်း ရက်ဆက် ၊ ငါ့အသက်ပဲ
ထက်ဝက်မက ရှိမှကို။

ခရီးထွက်သူ


glitter-graphics.com
ဘ၀ရသ ၊ ရှာလိုလှသဖြင့်
ခဏဆိုကာ
ယာယီနူတ်ဆက် ၊ အိမ်မှထွက်ခဲ့။

ထက်အောင်ကြေညာ ၊ ၀ဲယာလျှောက်သွား
တစ်ပါးရဲ့ပြည် ၊ သူ့ဒေသ၀ယ်
ကာလများစွာ ၊ ကြာခဲ့ပါလည်း
လိုရာအလှ ၊ ဘ၀ရသ
လုံးဖွေရှာ ၊ မတွေ့ပါခဲ့။

ကိုယ့်ရပ်ရွာကို
ပြန်လည်သတိရ ၊ ငါပြန်ရောက်သော်
အိမ်ပေါက်တံခါး ၊ ဖွင့်ဟထား၍
ငါ့အားကြိုကာ ၊ ၀မ်းမြောက်ရှာကြ။

ငါထွန်းခဲ့ရာ ၊ မီးအိမ်ဝါလည်း
ခုခါအထိ ၊ လင်းလျက်ရှိကြောင်း
တိကျသေချာ ၊ တွေ့ရပါ၍
ဝမ်းသာပိတိ ငါဖြစ်မိ။

တကယ်ကျတော့
လောကအလှ ၊ ဘ၀ရသ
ဟူသမျှသည်
ငါ့ရပ်ငါ့ရွာ ၊ ငါ့အိမ်မှာသာ
တည်ရှိပါသည်။

မီးဝါစင်းစင်း ၊ ဆက်၍လင်းအောင်
ထွန်းပြောင်ညှိရန် ၊ ငါ့တာဝန်တည့်
တာဝန်မြဲစွာ ၊ စောင့်သိပါမည်
ဘယ်မှာ ခရီးထွက်တော့မည်နည်း။

မိဘကျေးဇူးအထူးသိကြပါ


glitter-graphics.com
ခေါင်းစဉ်လေးက " မိဘကျေးဇူးအထူးသိကြပါ"တဲ့။ မိဘကျေးဇူး အထူးသိကြပါ။ ဆပ်လည်းဆပ်ကြပါ။ မိဘတို့ရဲ့ကျေးဇူးဟာ ဘယ်လောက်ကြီးမားသလဲဆိုရင်မြင့်မိုရ်တောင်မျှ မကပါဘူး။ မိဘကျေးဇူးတွေအတွက် ဘယ်လောက်အထိဒုက္ခဆင်းရဲခံခဲ့ရသလဲဆိုရင် အမေ့ဝမ်းထဲမှာ ပဋိသန္ဓေတည်နေတည်နေစဉ် ကတည်းက သူစားချင်တာ သောက်ချင်တာကို မစားရက် မသောက်ရက်နေပြီး စောင့်ရှောက်ခဲ့တာပါ။ အနေအထိုင်အကုန်းအကွကို ဆင်ခြင်ပြီး စောင့်ရှောက်ခဲ့တာပါ။ ဒီလိုစောင့်ရှောက်တာဟာ သားလား ၊ သမီးလား မသိရသေးတဲ့ သန္ဓေသားကို ထိခိုက်မှာ စိုးရိမ်လို့ပါပဲ။
ပြီးတော့ ဝေဒနာကို လူးလိမ့်ခံရင်း သားသမီးတို့ကို အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တယ်။ မြင့်မြတ်တဲ့ လူ့ဘ၀ကိုရောက်အောင် ပေးခေါ်ခဲ့တယ်။ အဲ့ဒါအမေတိုင်းရဲ့ စေတနာ ၊ မေတ္တာ ၊ ဒုက္ခတွေပါ။ ဒါကိုပဲ အမေ့ကျေးဇူးတရားများလို့ ခေါ်တာပါ။
သားသမိးတွေ ကြီးလာရင် ပညာတတ်ကြီးတွေဖြစ်ဖို့ ၊ လူ့လောကအလယ်မှာ တင့်တင့်တယ်တယ်နေနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မိဘတွေက တုနိုင်းမရတဲ့ မေတ္တာတွေနဲ့ ပြုစု ပျိုးထောင်ခဲ့တယ်။
ဒါကြောင့် အရင်းပေးပြီး အမြတ်မယူတာ မိဘလို့ ဆိုကြတာပေါ့။
သားသမီးတွေ လမ်းမှားရောက်မှာကြောက်လို့ လမ်းမှန်ကို ဂရုတစိုက် တင်ပို့ပေးတာလည်း မိဘတွေပါပဲ ၊ မိဘတွေကို မျက်ရည်ကျအောင် မလုပ်ကြပါနဲ့။
" မိဘမျက်ရည်တစ်စက် "
" သားသမီးဆင်းရဲတစ်သက် ဆိုတာ ကြားဖူးမှာပါ"
" အမေဆိုတဲ့စကားကို အစားထိုးလို့ မရနိုင်သလို"
" စကားကိုလည်း အစားထိုးလို့ မရပါဘူး "
အမေနဲ့အဖေဟာ သားသမီးတို့ရဲ့အသက်သဖွယ်ဖြစ်လို့ သားသမီးတို့ဟာလည်း အမေနဲ့အဖေအတွက် အသက်သဖွယ်ဖြစ်ပါစေ။ ဘုရားနဲ့တစ်ကိုင်းတည်းထားပြီး ဆည်းကပ်ပါ။ မွေးမေကျေးဇူး တစ်ဂိုဏ်းတည်းထားပြီး ဆည်းကပ်ပါ။ မွေးမေကျေးဇူး ကျွေးအဖေရဲ့ကျေးဇူးကို ဆယ်နိုင်သလောက် ဆပ်ကြပါ။ တို့တွေ လူဖြစ်လာတာဟာ အမေရဲ့ မွေးကျေးဇူးကြောင့် ဖြစ်သလို ကျွေးအဖေရဲ့ကျေးဇူးတွေကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့်...
မွေးသမိခင် ၊ ကျွေးသဖခင် ကျေးဇူးရှင် ဆိုတဲ့ စကားလုံးတွေကို မမေ့ကြပါနဲ့ ၊ အထူးသဖြင့် မိဘကို သိနားလည်တတ်တဲ့ သားကောင်း သမီးမြတ်တွေဖြစ်ဖို့ ကြိုးစားကြပါ။ ယဉ်ကျေးလိမ္မာတဲ့ သားသမီးတွေဖြစ်ဖို့ မိဘစကားကို နားထောင်ကြပါ။ မိဘတွေရဲ့ စေတနာ ၊ မေတ္တာအတိမ်အနက်ကို ကိုယ်တိုင် သားသမီးတွေရတဲ့အခါ ချိန်စက်နိုင်ကြမှာပါ။ မေတ္တာစစ် ၊ မေတ္တာမှန်ဆိုတာ မိဘတွေဆီမှာပဲ ရှိတာကြောင့် သားကောင်းသမီးရတနာလေးတွေဖြစ်အောင် ကြိုးစားနိုင်ဖို့ မေတ္တာစစ် မေတ္တာမှန်ကို ရယူသုံးစွဲပါ။ ကြိုးလည်း ကြိုးစားပါဟု တိုက်တွန်းရင်း...
မသေခင်လေးမှာ မိဘကျေးဇူး အထူးထူးကို ပေးဆပ်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
"ရင်မှာအမြဲ ၊ ထာဝရပဲမို့ ၊ စွဲမြဲနေမှာ ၊ မိဘမေတ္တာ
ရင်မှာအချစ် ၊ အနှစ်သာရ ၊ ပြည့်သစေတာ ၊ မိဘမေတ္တာ
လုပ်ကျွေးပြုစု စောင့်ရှောက်ရမှာ ၊ တို့ဝန်တာ
ကုသိုလ်ရမှာ ၊ သားသမီးတွေပါ"...တဲ့

Sunday, July 27, 2008

လမင်းလေးရဲ့ရင်တွင်းဖြစ်


glitter-graphics.com

လူတစ်ယောက်ရဲ့ မျက်နှာပေါ်ဝမ်းနည်းဖို့အတွက် အကြောပေါင်း (၄၃ ) ခုလှုပ်ရတယ်။ ရယ်မောပျော်ရွင်ဖို့အတွက် (၁၇ )နှစ်ခုကြော လှုပ်ရတယ်။ လူတိုင်းအဲ့ဒီ (၁၇ )နှစ်ကြောလှုပ်အောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ငါ့အတွက်တော့ (၄၃ ) ခုက အများဆုံးလှုပ်ရပြီး ၊ (၁၇ ) နှစ်ကြောက လှုပ်ရှားမှုနည်းတယ်။ ငါ့ကိုယ်ငါလည်း အားမရဘူးကွာ။ လူကြည့်တော့ တောင့်သလိုနဲ့ စိတ်ဓာတ်ကတော့ အရမ်းပျော့ညံ့တယ်။ လူတွေအပေါ် အားနာတတ်တာကိုက ငါ့ရဲ့အားနည်းချက်ပဲ ထင်တယ်။ အဲ့ဒီအားနည်းချက်ကြောင့်ပဲ အချို့သော လူတွေရဲ့ နှိပ်စက်မှုကို ငါအရမ်းခံစားခဲ့ရတယ်။ အချို့လူတွေရဲ့ စကားစာ ဓားသွားလို စူးရှတယ်။ အကယ်၍...ငါ့မှာသာ အားနာတတ်တဲ့ အားနည်းချက်မရှိခဲ့ရင် အတော်ကောင်းမှာပဲကွာ။
ဘယ်လောက်ဘဲ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းဖြစ်ပါစေ ၊ ကိုယ့်ရဲ့စိတ်ညစ်စရာတွေ ခဏခဏ ပြောပြမယ်ဆိုရင် အဲ့ဒီသူငယ်ချင်းဟာ တစ်နေ့နေ့တော့ ကိုယ့်ဆီကနေ ထွက်ပြေးသွားမှာ မလွဲဘူးလေ။ ဒီတော့ ခြေထောက်မပါလို့ ထွက်မပြေးနိုင်တဲ့ ဒီစာမျက်နှာလေးတွေပေါ်မှာ ရင့်ဖွင့်တာဟာ ငါ့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အကယ်၍...စာရွက်မှာသာ ခြေထောက်ရှိရင် သူလည်းထွက်ပြေးမှာဘဲ ထင်တယ်။ တဆိတ်လောက် စာရွက်လေးရယ် ငါ့ခံစားချက်တွေကို မင်းဆီမှာ ရင်ဖွင့်ပါရစေကွာ။
မင်းကအသက်မပါတဲ့ စာရွက်ဆိုပေမဲ့ မင်းကငါ့ရဲ့ Best friend ဆိုရင်လည်း မမှားဘူးလေ။ ငါစိတ်ညစ်ရင် မင်းဆီမှာပဲ ရင်ဖွင့်ရတာမဟုတ်လား။ ဒါပေမဲ့..ငါ့ရဲ့ စာရွက်ပေါ်မှာရေးချတဲ့ ခံစားချက်တွေထဲမှာ ငါ့ဘက်ကမှားနေတဲ့ အချက်တွေလည်း ပါကောင်းပါနိုင်တယ်။ မင်းကစာရွက်ဆိုတော့ ငါ့ကို အကြံမပေးနိုင်တဲ့အတွက် ငါစိတ်မကောင်းဘူးကွာ။
ရင်ထဲတွင် တစ်စုံတရာ စိတ်မကောင်းဖြစ်နေရသည်။ ဘာကြောင့်လည်းတော့ ကိုယ်တိုင် မဝေခွဲတတ်ပါ ( စိတ်လေးတယ်ကွာ ) ညဘက်တွင် အိပ်မက်ဆိုးမက်၍ လန့်နိုးလာသည်။ ရင်တွေတုန်ပြီး အရမ်းကြောက်လန့် နေမိသည်။ အိပ်မက်ထဲတွင် အသက်ရှုကျပ်နေသော်လည်း အပြင်မှာ ငါတစ်ကယ် အသက်ရူဖို့ ခက်နေသည်။ ထို့ကြောင့် ဆက်မအိပ်ရဲ၍ ငုပ်တုတ်ထိုင်နေခဲ့သည်။ ရလဒ်ကတော့ မနက်အလုပ်တွင် ငုပ်တုတ်ထိုင်ငိုက်နေသည်။ ရင်ထဲမှာလေးနေ၍ ငါ့ရဲ့မိတ်ဆွေစာရွက်လေးကို သတိရမိတာနဲ့ စာရွက်လေးပေါ်တွင် ခံစားချက်များ ဖွင့်ချလိုက်တော့တယ်။
ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ပျော်အောင် နေပေးပါတယ်။ ဒါပေမဲ့စိတ်အရမ်းညစ်လာရင်တော့ Atom လေးတစ်ခုလွှင့်ပြီး ပျောက်ကွယ်သွားချင်တယ်။ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပေမဲ့ ငါဟာတစ်ကယ်ကို လွှင့်ပျောက်သွားချင်မိတယ်။သို့ပေမဲ့ ခံစားချက်ပေါင်းများစွာကို စာရွက်ပေါ်တွင် စာသားအဖြစ်ပြောင်းလဲလိုက်သောအခါ စိတ်လေးလံမှုတွေ လျော့ပါးသွားသည်ဟု ငါထင်သည်။

ဘ၀လှေကား တစ်ဝက်မှာ


glitter-graphics.com

ဘ၀လှေကား ၊ အထစ်များအပေါ်
ဘယ်ညာနင်း၍ တက်ခဲ့သည်။

လှေကားတစ်ထစ် ၊ ချိန်တစ်နှစ်ဖြင့်
တစ်ထစ်ပြီးသော် ၊ တစ်ထစ်ကျော်ခဲ့
အပျော်ဆုံးနေ့များ ၊ ပြေးလွှားဖြတ်ကာ
မောပန်းလာမှ ၊ ငါ့မှာရူကြည့်
လှမ်းမျှော်မိသည်
တက်သည့်လှေကား ၊ တစ်ဝက်ကျိုးပြီ။

ဘ၀လှေကား ၊ ထိပ်ဖျားဟိုဘက်
ဆက်ရန်ခရီး ၊ ဟင်းလင်းချည်းမို့
မျှော်ပြီးရင်ဆို့ ၊ ချွေးလည်းစို့သည်
ရှေ့သို့ခရီး ဆက်လေအံ့။

ဘ၀လှေကား ၊ အောက်ခြေနားဆီ
ပြန်လည်ငုံ့တည့် ၊ မျှော်၍ကြည့်မှ
မျှော်မိရက်များ ၊ ဖ၀ါးအောက်မှာ
ကျန်ခဲ့ပါပြီ
ဘယ်မှာပြန်ရ နိုင်တော့အံ့။

သြော်...ဘ၀လှေကား ၊ ဟိုထိပ်ဖျားမှ
သွားရန်ခရီး ၊ ဟင်းလင်းချည်းတွင်
တွယ်မှီစရာ ၊ အားကိုးရာကို
ငွေရှာရန်တည့် ၊ ထိုသတိဖြင့်
ငါရဲ့လမ်းတာ ၊ တိုတောင်းစွာကို
ဆက်ကာကြိုးပမ်း ၊ မနားတမ်းလျှငြ်
လျှောက်လှမ်းရဦး မည်ပါတကား။

အစမ်းသပ်ခံ အသည်းနှလုံး


glitter-graphics.com

နောက်ထပ်
ဘယ်ပွဲမှ မ၀င်ရဲအောင်
ပထမဆုံး အရူံးက
မရူမလှ စူးစူးရှရှ။

ငါ့ရင်ဘတ်ဟာ
မင်းလက်တည့် စမ်းစရာ
ပစ်မှတ်မဟုတ်ပါဘူး။

ဒါပေမဲ့
အကြိမ်ကြိမ်ချိန်ရွယ်
ပစ်ခတ်ခံထားရလို့
မနာကျင်ရတဲ့ နေ့တွေမှာတောင်
ဒဏ်ရာကို မျှော်နေမိတယ်။

အစမ်းသပ်ခံ
အသည်းနှလုံးထဲမှာ
အပြုံးအတုတွေကို ဖန်ဆင်းရင်း
ကြာလာတော့လေ..
မျက်ရည်ကိုတောင်မှ
နောက်ကျောကပဲ ကျတတ်တော့တယ်ဟာ။

Thursday, July 24, 2008

ဖြစ်တည်လာပုံ

click to comment
ပုရစ်ဖူးငယ်
အရွယ်ရောက်သော်
အာဝါသပေး
အရွက်ကလေးတွေ ဖြစ်လာတယ်။

အဖူးအငုံ
အာရုဏ်မှာပွင့်
ပျံ့လွင့်ထုံမွှေးပန်းပွင့်ကလေးတွေ ဖြစ်လာတယ်။

အကင်းအနု
ရသစုကာ
ကြီးကာနီထွေး
သစ်သီးကလေးတွေ ဖြစ်လာတယ်။

မြစ်ချောင်း အင်းအိုင်
စုဆုံများက
ပင်လယ်ပြင်ကြီး ဖြစ်တည်လာတယ်။

အကြင်နာ သံယောဇဉ်
စေတနာအနစ်နာ
မေတ္တာ သစ္စာတွေနဲ့
အနစ်နာခံမှုတစ်ခုပြီးတစ်ခု
အားလုံးကိုပေါင်းစုရင်း
အချစ်ဆိုတဲ့အိမ်ကလေး ဖြစ်လာတယ်။


ခံစားသမှု
အစုစီစဉ်
ညွှန်းသီဆိုဖွဲ့
ကဗျာနွဲ့နွဲ့ ဖြစ်လာတယ်။

လှမ်းခဲ့လို့ခေါ်


glitter-graphics.com

အဟုတ်မကြာ လှမ်းသာလှမ်းခဲ့ပါ
ပဲပုပ်သာ ၀မ်းသာအားရနှင့်
ရှမ်းတို့မြေ စခန်းတွင်။

မုန်ညှင်းချဉ်ရယ် တို့ဟူးနဲ့
လက်ဖက် အထူးစီစဉ်။

ခေါပုပ်လေး ခွက်ပါလျှင်
သက်ညှာရွှင် ဘ၀င်မှာအေး။

လိမ္မော်လျှင် မုန်လာပန်းကို
ဝမ်းဝအောင်လွေး။

သာသနာ ၂၅၀၀ ခေါ် မြတ်ဘုရားနှင့်
မြကန်သာ ချောင်းအနားဝယ်
လှပရူခင်း စုံလင်။

မျှော်တဲ့လို့ ကြည့်လိုက်လျှင်
တောင်တန်းစဉ် ပတ်ကာဝိုင်း
သာသနာရောင်ဝါ လျှမ်းတယ်
ရှမ်းတို့ ပြည်နယ်။

ခိုးပါနဲ့ မိတ်ဆွေများ
တို့ရှမ်းပြည် ဒေသထွက်
လက်ဖက်မကျန်ပင်။

ဘယ်ညာပြန်လျှင်
"မေတ္တာယှဉ်" လက်ဆောင်ထူး
ဆံတော်ရှင် အစုံဘုရားကို
အားရအောင်ဖူး။

လူဆိုသည်မှာ


glitter-graphics.com
- လူတွင်သတိတရားမကင်းရ ၊ အသိတရားလည်းမကင်းရ ၊ သတ္တိလည်းကင်းလို့မရသလို ဇွဲကိုလည် ဘ၀ခရီးတွင် အမြဲခေါ်ယူနိုင်ပါမှ။
- မခံချင်စိတ်သည် စိတ်ဆိုး ၊ စိတ်ယုတ် ၊ စိတ်ညံ့အမျိုးအစားထဲတွင် မပါ။ လူ့တစ်ယောင်တွင် မခံချင်စိတ်သည် ရှိသင့်ရှိထိုက်သော စိတ်မျိုး ဖြစ်သည်။
လူ့ဘ၀တွင် မခံချင်စိတ်သည် အရေးပါသော စိတ်တစ်မျိုး ဖြစ်သည်။
- အလျော့မပေးသမျှ ကာလပတ်လုံး အရူံးဟူသည် မရှိချေ။
ရူံးလျှင်လည်း ယာယီအရူံးသာဖြစ်၏။ ထာဝရအရူံးမဟုတ်။ လူဟူသည်မှာ မရမနေ ၊ မဖြစ်မနေ ၊ မရောက်မနေ ၊ မအောင်မလျော့ ၊ မဆုတ်တမ်း ၊ မရွံ့တမ်း တင်းခံနိုင်သော စွမ်းရည်ရှိသည်။
- တက်ကြွစိတ်သည်လည်း အစွန်းရောက်သွားလျှင် လမ်းလွဲတတ်၏။
ခုတ်ရာတလွဲ ၊ ရှရာတလွဲဆိုသလို အလွဲလွဲအမှားမှား ဖြစ်ကုန်လိမ့်မည်။
မတက်ကြွသင့်သည့် ကိစ္စမျိုး တက်ကြွက ခက်လှသော အကျိုးဆက်တွေ ရကုန်တတ်၏။
- လောကတွင် သနားစရာကောင်းသောသူကို ဖော်ပြပါဆိုလျှင် အတုယူမှားသောသူကို ဖော်ပြရချေမည်ဟု အီဂျစ်စကားပုံရှိ၏။ လူတော်လူကောင်း အမှန်ကို အတုယူရသလို။ လူမိုက်၏ အမှားကိုလည်း အတုယူရပေသည်။
- ယုံကြည်မှုမှာ မှန်သည်ရှိ၏။
ယုံကြည်မှုမှာ မှားသည်ရှိ၏။
ယုံကြည်ထားတဲ့အတိုင်း ဖြစ်လာသည်။ ဖြစ်ခဲ့သည်လည်းရှိ၏။
ယုံကြည်ထားသလို ဖြစ်မလာသည်လည်း ရှိ၏။
လောကတွင် အချစ်ရေးဖြစ်စေ ၊ စစ်ရေးဖြစ်စေ ၊ စီးပွားရေးဖြစ်စေ ၊ ကြီးပွားရေးဖြစ်စေ ယုံကြည်မှုရှိရန် လိုသည်။ ယုံကြည်မှု၇ှိမှ ထိုယုံကြည်မှုအတိုင်း မရမနေဆောင်ရွက်သည့် လုံးလ ၊ ၀ီရိယ ၊ ဇွဲ တို့ ဖြစ်လာရမည်။
- လုပ်မှဖြစ်သည်။ ရှာမှရသည်။ စာမှဝသည်။ သွားမှရောက်သည်။ သင်မှတတ်သည်။ ကြည့်မှမြင်သည်။ ပေးမှသိသည်။ သည်းခံစိတ်ထားမှ စိတ်ချမ်းသာမည်။
- အပေါင်းအသင်းထားမှသာ အကြောင်းအခြင်းများ ဖြေ၇ှင်းရ လွယ်ကူမည်။
အကျိုးတူရာပေါင်းဖွဲ့ ဆက်ဆံတတ်သော အလေ့အထ ရှိရမည်။
အသိဥာဏ်နှင့်ယှဉ်သော ပူးပေါင်းဆောင်ရွက်မှုမျိုးမှာ အလွန်တိုးတက် ထွန်းကားခြင်း အခြေခံတရားပင်။

အသံအေးအေးလေးနဲ့တွေ့ဆုံကြမယ်

လှည့်ကြည့်ပါဦး

မိုးရာသီထဲ

ပြန်လာခဲ့

အရူးမလုပ်နဲ့

လာချင်ရင်အနီးလေး

မလွမ်းရဲသေးဘူးမောင်ရေ

နောက်ဆုံး

ညနေကြယ်

အိပ်မက်ထဲ

ရူးသွပ်ခြင်း

လမင်းနှင့်ပင်လယ်

အကြည့်

အိမ်ကိုပြန်ခဲ့တော့

အလင်းရောင်

နှစ်ယောက်မရှိဘူး

ဆိုင်သူမသိတဲ့အချစ်

သိုက်မြုံမှာလေ အစာခွံကျွေး


glitter-graphics.com
click to comment
လေပြင်းရိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့် အိမ်ရှေ့ရှိ ဗာဒံပင်ကလေး ယိမ်းကနေရှာသည်။
ကိုစာဖိုသည် ဗာဒံပင်ကိုင်းကို ကုတ်ထားသော ခြေချောင်းကလေးများသို့အတွင်းအားကိုယူပြီး ပိုဖိကုတ်ထား လိုက်သည်။ လေပြင်းရိုင်းရဲ့ဝှေ့ယမ်းမှုဒဏ်ကြောင့် ရပ်ကွက်တွင်းရှိ သစ်ပင်အားလုံးတို့ယိုင်ထိုးနေကြသည်။ တချို့ အိမ်ခေါင်မိုးများ လေလန်ကုန်သည်။ လေလန်ကုန်သော သက်ငယ်ပျစ်များနှင့် အမှိုက်များ မြင်မကောင်းအောင် လေတွင် ၀ဲပျံနေကြသည်။ ထူထဲခိုင်ခံ့သော တိုက်အချို့ကားတည်တည်ခံ့ခံ့ မဆိုင်သလိုကြီးများနှင့်ပင်။
" ကိုစာဖို ဒီကိုမြန်မြန်ပျံခဲ့လေ ၊ ဘာလုပ်နေတာလဲ ၊ တော်ကြာဒီထက် လေကြမ်းလာရင် အမလေးတော် မပြောကောင်း ၊ မဆိုကောင်း သူ့ကိုယ့်သများ သူရဲကောင်ချည်းကျလို့ "
ဟိုတမြန်နှစ်စီ ဒီလို ဗာဒံကိုင်းကလေးပေါ် ကိုစာဖို နှားနေတုန်း မိစာဥရဲ့ ခုနှစ်ဆယ့် ငါး ဒီဂရီ ကြင်နာမှု ထောင်ဖြတ် မျက်စောင်းကလေများနှင့် သံယောဇဉ် စကားလေးများကို ကိုစာဖို မှတ်မိသေးတော့သည်။
သြော်-ခုတော့လည်း ဟိုတုန်းက ကြင်နာ မြတ်နိုးလှပါသည် ဆိုသော မိစာဥတစ်ကောင် ပျောက်ချက်သားကောင်း၍ ဘယ်ကမ္ဘာသို့ ရောက်လေဘိသနည်း။

ကမ္ဘာကြီးတစ်ခုလုံးပင် လူနှင့်တိရစ္ဆာန်များ ပို၍ပို ၍ များပြားလာမှုကြောင့် သီးနှံရိက္ခာ ရှားပါးခြင်းနှင့် သစ်တော ၊ ၀ါးတောများ ပြုန်းတီးခဲ့ခြင်း မှန်ပါသည်။ သို့သော် ကိုစာဖိုတစ်ကောင် မိစာဥနှင့် ကလေး နှစ်ယောက်အတွက်ကိုတော့ မှန်မှန်ရှာဖွေ ကျွေးမွေးခဲ့သည်သာ။
နေ့ဖို့ညစာများပင်မက မိုးရာသီစားသုံးရန်အတွက်ပင် ယခုကတည်းက နေ့စဉ်နှင့်အမျှ ၀ီရိယဖြင့် ပုံမှန်စုဆောင်ခဲ့သည်။
သည်သို့နှယ် ကိုစာဖိုတစ်ကောင် ရိက္ခာဘက်ကို အားပြု လုံးပန်ဗျာများသဖြင့် သိုက်မြုံ ဆောက်လုပ်မှုဘက်တွင် တာဝန်မပျက်သော်လည်း ဟာကွက် ၊ လစ်ကွက်တော့ ရှိခဲ့သည်။ ဒါကိုတော့ ကိုစာဖိုမငြင်း။
ခက်သည်က ခုတလော နိုင်ငံခြားနှင့် ဖက်စပ်များမှ ကုန်ပစ္စည်းများ သယ်ယူလာရာတွင် ခုခံယုပ်ပိုး ရစ်သိုင်း၍ အသုံးပြုခဲ့သော ရော်ဘာစ ၊ ပလတ်စတစ် ၊ နိုင်လွန်ချည်စ ၊ ရေမြှပ်စ စသည့် ပစ္စည်းကလေးများဖြင့် ကာလာဗန်းပြပြီး ဆောက်ထားသော သိုက်မြုံကလေးများမှာ ကိုစာဖိုတို့စာကလေးများ လောကတွင် တစ်စခန်းထလာတော့သည်။
နောက်ဆုံးပေါ် ဒီဇိုင်းနှင့် အလှအပပြယုဂ် ကောင်းလွန်းသဖြင့် ငှက်တိုင်းပင်ငေးမောအံ့သြ သဘောကျကြသည်။ အထူးသဖြင့်ငှက်မကလေးတို့ပို၍ စိတ်ဝင်စားကြသည်။ သည်ထဲမှာ အကဲဆုံးသူကတော့ စာဥမပင်တည်း။
မှန်သည်။ စာဥမတို့နှင့် မျက်စောင်းထိုး နေရာတွင် သိုက်မြုံလာ၍ ဆောက်လုပ်ပေးသော ဗိသုကာကလေးကိုဘာမဆိုင် ၊ ညာမဆိုင်နှင့် စာဥမက ရင်းနှီးအောင် ကြိုးစားသည်။ အခွင့်ကြုံသည်နှင့် လွတ်တမ်း ဧည့်ခံစကားပြောသည်။သားသမီး နှစ်ဦးပင် ရှိလာခဲ့သော စာဥက တစ်ပတ်ပြန်လည်၍ စာဥမရဲ့ တောင်းဆိုချက်ကို ဂရုမပြုမိသည်မှာ ကိုစာဖိုအား အပြစ်တော့ မဆိုသာရှာပေ။
မည်သို့ပင်ဖြစ်စေ ပတ်ဝန်ကျင်က " လှသည် ၊ လှသည် " ဆိုတိုင်း နားထင်သွေးကြွ ဘ၀မေ့၍ လင်နှင့်သားနှင့် ဖြစ်ပါလျက် အပျိုစိတ်ဝင်လာပြန်သော စာဥမအဖို့ ခက်ချေပြီ။
သစ်ရွက်လေးတိုက် မြေသို့ခိုက်၏။
ခိုင်မာသစ်ငုတ် တိုက်ပါများတော့လှုပ်ပြီ။ ကိုစာဖိုတို့ကို လိုလားသော ပတ်ဝန်းကျင်မှ မိတ်ရင်း ၊ ဆွေရင်းတချို့နှင့် ဆွေမျိုးသားချင်းများ၏ မှန်သောစကားတို့မှာ ကိုစာဖို၏ ခေါင်းထဲသို့ မ၀င်နိုင်ရှာ။
ကိုစာဖို၏ရင်ခွင်သို့ မိစာဥ ခေါင်းတစ်ချက်ဝှေ့ လိုက်လျှင် ထိုစကားတွေ အားလုံးပင် ကောလဟာလဖြစ်၍ ထိုစကားပြောသူအားလုံးကိုလည်း ကိုစာဖို မုန်းတော့သည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်နှယ် ဆိုမည့် ၊ ဆုံးမမည့်သူတွေ မလာလေလေ မိစာဥတို့ဘ၀က လွတ်လပ်လေလေ မဟုတ်ပါလား။
မကောင်းမှု၏ ဆိတ်ကွယ်ရာမရှိခြင်းကြောင့် အမှန်တရားက မကြာခင်ပေါ်လာတော့သည်။
အခြားသူက ပြောလျှင် မနာလို ၀န်တို၍ တွန်းသည် ၊ တိုက်သည်ဟု ပြောစရာ ရှိသည်။
သို့သော် ကိုစာဖိုဇနီး၏ မတ်တော်သူ မယားညီအစ်ကို အရင်းကြီးက ပြော၍ ကိုစာဖို ယုံခဲ့ရတော့သည်။ ကိုစာဖိုမျက်နှာကို ဓားဖြင့်လှီးပစ်ချင်သွားသည်။ မယားညီအစ်ကိုချင်း ပေမယ့် ရှက်လိုက်သည့်ဖြစ်ခြင်း။
ခုရူပ်မှနောင်ရှင်း ၊ လာမယ့် ဘေးပြေးတွေ့ဆိုတာလို သည်ပြဿနာကို ကိုစာဖို ခေါင်းအေးအေးဖြင့် သူ့ဘက်ကိုယ့်ဘက် အလေးပေး၍ ဖြေရှင်းခဲ့သည်။ သို့သော် မုန်လာဥလုပ်၍ စာဥမက ကိုယ့်အပြစ်တွေကိုတောင် ပြန်ထောက်သည်။
" နင်ပြောတဲ့ သိုက်မြုံကိုငါ ဆောက်ပေး ချင်ပါတယ် စာဥမရယ် ၊ ဒါပေမယ့် ရေမြှပ်တွေ ၊ ပလတ်စတစ်တွေ ၊ နိုင်လွန်စတွေ ၊ ရော်ဘာတွေဟာ ဒီရေ ၊ ဒီမြေရဲ့ သဘာဝနဲ့ ကိုက်ညီပါ့ မလားလို့ဘဲ ၊ အေးလေ နင်ငါ့ရဲ့ စေတနာတွေကို တစ်နေ့တော့ နားလည်လာမှာပါ ၊ ဒီမှာစာဥမ ၊ ငါနင့်ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ မှာလိုက်ချင်ပါတယ် ၊ အခြေခံ သွေလှန်ရင် သေကံတောင် မကောင်းတတ်ဘူး ဆိုတာ နင်မြဲမြဲမှတ်ထားပါ "
သည်တုန်းက တစ်ဘက်စွန်း ရောက်နေတဲ့ စာဥမက ကိုစာဖို၏ စကားတို့ကို မကြားလို၍ နားပိတ်ထားခဲ့သည်။ ပြီးတော့ ကောက်ရိုးတွေ ၊ မြက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သည်သိုက်မြုံကို အဆင့်နိမ့်တယ် ဆို၍ မိုးစွန် ကမ္ဘာ တစ်ဘက်ဆီသို့ ပြေးထွက်သွားခဲ့သည်။
ရှိစေတော့ ၊ ရှိပါစေတော့။
ကိုစာဖိုတစ်ယောက် ပြင်းရုံ ၊ နာကြည်းရုံက လွဲပြီး ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
သောကတွေရယ် ၊ အလွမ်းရယ် ၊ ညဉ့်သံသရာရယ် ၊ ရွက်ဝါရယ် ၊ မိုးစက်ရယ် ၊ နှင်းပွင့်လေးတွေရယ်ဟာ ဘာလိုလိုနဲ့ သုံးရာသီ စက်ဝန်းကို တောင် ကျော်ခဲ့ပြီပေါ့ စာဥမရယ်။
" ခံစားမှုဆိုတဲ့ အရာဟာ "
ဟိုအဝေးကို စွန့်ပြေးကြသူတွေအဖို့ မေ့မေ့ပျောက်ပျောက် ရှိတက်ကြပေမယ့် ကျန်ခဲ့သူအဖို့ တကယ်ပဲ ရင်တွေသိမ့်သိမ့် ခါလောက်အောင်ကို ခံစားခဲ့ရပြီကောလား စာဥမရယ်။
နင်ပြန်လာမယ်လို့များ စိတ်ကူးသေးလား စာဥမရယ်။ နင် လာချင်တဲ့အချိန်မှာသာ ပြန်လာခဲ့ပါ။ ငါ့ရင်ထဲက အမြဲတမ်း ခွင့်လွှတ်တဲ့ မေတ္တာတွေနဲ့ နင်ကိုကြိုဆိုလို့ နေပါတယ်။
" ဖလပ်-ဖလပ်-ဖလပ်... "
တောင်ပံ ရိုက်ခတ်သံနှင့်အတူ သိုက်မြုံလေး ငြိမ့်ခနဲ ဖြစ်သွားသည်။ အစာထွက်မရှာမီ သိုက်မြုံတွင် သိမ်းစရာ ရှိသည်တို့ကို သိမ်းနေပါသော ကိုစာဖိုတစ်ကောင် အသိုက်ဝသို့ ကမန်းကတန်းပြေးထွက်လာသည်။
" ဟယ်-စာဥမ ၊ နင်ပြန်လာတယ် ၊ ငါဝမ်းသာတာ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး စာဥမရယ် ၊ နင်ဘယ်လိုက ဘယ်လို ပြန်လာခဲ့တာတုန်း ၊ ပြောစမ်းပါအုံးစာ ၊ သားနဲ့သမီးခုလေးတင် အစာရှာ သွားကြပြီ ၊ သူတို့ အတောင်တွေစုံကုန်ပြီလေ ၊ သမီးကဆို နင်နဲ့ သိပ်တူတာပဲဟာ၊ လှမှလှ "
သိုက်မြုံတင်၍ ဆောက်ထားသော ယက်မပုံစံရှိသည့် သစ်ကိုင်းပေါ်မှာ ခိုနားရင်း ကိုစာဖို ပြောသမျှကို စာဥမခမျာ နားထောင်နေရှာသည်။
" သိုက်မြုံ အသစ်ကလေးကို ကြည်ပါအုံး စာဥမရဲ့ ၊ မလှဘူးလား ၊ ဒီနှစ်မိုးဦး စောစော ကျမယ်လေ ၊ ဒါကြောင့် သားကြီးနဲ့ ငါတို့ရဲ့ ကြိုတင်ပြင်ဆင်မှုကလေးပေါ့ဟာ ၊ ဘယ်လောက် သပ်သပ်ရပ်ရပ်ရှိလဲ ၊ ကြည့်ပါအုံးဟ "
ကိုစာဖို အာသွက် ခယနိုင်လွန်း သလောက် စာဥမ၏ နူတ်တို့က ဆိတ်နေသည်။ မဲ့သလိုလို ၊ ပြုံးသလိုပြုမိသည် သူမ၏ အမှားကို ၀န်ချသလို ၀န်မချသလိုလိုနှင့် ၊ ဟန်ကိုယ့်ဖို့ ဆန်လွန်းလှတော့သည်။ သို့သော် ကိုစာဖို အခြေအနေကို သိသော စာဥမက သိုက်မြုံတွင်းသို့ လှမ်းဝင်လိုက်သည်။
ခုမှပင် စာဥမကို ကိုစာဖို သေသေချာချာ ကြည့်လိုက်သည်။ ဘ၀သည်သာ ပြောင်းလဲခဲ့ပေမယ့် အလှတို့က မပြောင်လဲပါချေ။ စာဥမ၏ အလှဂုဏ်ကို ကိုစာဖို ဖော်ညွှန်းရပါလျှင် မဖျက်လျှင် ပြည်ပျက်ဆိုသော စကားအတိုင်း သူမ၏ အလှများကြောင့် သူတို့ စာကလေး လောကတစ်ခုလုံးပင် ပျက်စီးသွားစေနိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း ကောင်းသူပါတည်း။
" ငါတစ်ကယ် အံ့သြမိပါရဲ့ စာဥမရယ် ၊ ငါ့ရဲ့တစ်သက်မှာ နင်ဘယ်တော့မှ ငါ့ဆီ ပြန်မလာတော့ဘူးလို့ ထင်နေမိတာ ၊ ခုလိုကျတော့လဲ စာဥမက ပြန်လာသေးတာကိုး ၊ ဘာလဲ သိုက်မြုံလေးကို ချစ်တတ် သံယောဇဉ်ရှိတတ်ပြီပေါ့ ဟုတ်လား "
ခေါင်းကလေးကို မသိမသာညိတ်၍ စာဥမက ကိုစာဖို၏ မျက်နှာကို အကဲခတ်လိုက်သည်။ မှားသည်ကတစ်ယောက် ၊ တောင်းပန်သည်ကတစ်ဦးမို့ စာဥမ ကိုစာဖိုကို သနားသွားသည်။ သို့သော် စာဥမက တမင်သက်သက်မသိကျိုးကျွန်ဟန်ဖြင့် မှင်သတ်ထားသည်။ မာယာတစ်သိန်းမက ဗျူဟာများလှသည့် စာဥမပါပေ။
ကိုစာဖိုသည် စာဥမ၏ ရီဝေစွာ လုပ်နေမှုကို နားလည်ပါသည်။ ခွင့်လွှတ်၍သက်သာ ခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။
သို့သော် မ ဆိုသည့် သဘာဝက ခက်ထန်၍ မရ ၊ စိတ်ရှည်ရသည်။ ကြေလည်ရသည်။ အောင့်အည်းသည်းခံနိုင်စွမ်း ရှိရသည် မဟုတ်ပါလား။
ကိုစာဖို၏ စိတ်တို့ လူပ်ရှားတိုင်း အကြင်နာ စကားလှိုင်းကလေးတို့က ရင်မှခုန်ထွက်နေတတ်သလို နှောင်ဖွဲ့ရစ်သိုင်းလိုသည့် ချစ်ခြင်းမည်သော စိတ်တို့က ကိုစာဖို၏ မျက်နှာတွင် ပေါ်ထင်နေသည်။
တစ်စက္ကန့်မှ-မိနစ်။
အချိန်ကလေးများ ရွေ့လျားခြင်းနှင့် အတူ မာန်ရုပ်ကို ဟန်လုပ်ထားသော စာဥမသည်ပင် ကိုစာဖို၏ ရဲတင်းသော အကြည်တို့ကို ကြောက်လာသည်။ စာဥမ၏ မာန်ရုပ်တွင် ဟန်ပြုတ်သွားသည်။
စာဥမ မျက်လွှာချပစ်လိုက်ရပြီ။ ပြီးစာဥမ၏ ရင်ခုန်နူန်တို့ကလည်း ဘာကြောင့်ရယ် မသိ တိးု၍ တိုး၍ မြန်လာသည်။
" စာဥမ "
" ရှင်"
" ပလတ်စတစ်တွေ ၊ ရော်ဘာစတွေ ၊ နိုင်လွန်ချည်မျှင်တွေ ၊ ရေမြှုပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ သိုက်မြုံတွေဟာ ၀န်းကျင်ရဲ့ အလယ်မှာ ဆေးအလှသာပေမယ့်လို့ ၊ အေးမြတဲ့သဘာဝကို ကောက်ရိုးနွယ် ကလေးတွေ ၊ မြက်ပင် ကလေးတွေ ၊ အုန်းဆံဖတ်ကလေးတွေကို ဘယ်မှာလာပြီး ပေးနိုင်မှာတဲ့လဲ စာဥမရယ် ၊ ဒါတွေ ဒါတွေဟာ ဟိုးရှေး တို့ဘိုးခေတ် ၊ ဘွားခေတ် ကတည်းက ဆောက်လာခဲ့ကြတဲ့ မိရိုးဖလာရိုးရာဓလေ့ လေးတွေပဲ မဟုတ်လား "
" ဘာတဲ့ ၊ အခြေခံကို သွေလှန်ရင် သေကံတောင် မကောင်းတတ်ဘူးတဲ့လေ "
" ဘာတွေပြန်ပြီး တွေးနေတာလဲ စာဥမ ၊ ပြီးတာတွေလဲ ပြီးခဲ့ပါပြီ ၊ အားလုံးသင်ပုန်း ချေပြီးတော့ ငါနင့်ရဲ့ အပေါ်ကို အမြဲတမ်း ခွင့်လွှတ်တဲ့အချစ်နဲ့ ချစ်သွားမှာပါဟာ ၊ နော်စာဥမ "
ကိုစာဖိုက ပြောပြောဆိုဆို ဆန်စေ့ ကလေးများကို သူ့နူတ်သီးကလေးဖြင့် ခွာ၍ စာဥမ၏ နူတ်သီးကလေးသို့ ထည့်ပေးသည်။ ငိုင်နေသော စာဥမက ယောင်ယမ်းပြီး သူ့နူတ်သီးကလေးကို ဟပေးသည်။
လှမ်း၍ လှမ်၍ ခွံ့သည်မှာ ဝေး၍ ဝေး၍ နေသဖြင့်ကိုစာဖိုက စာဥမနားသို့ တိုးကပ်လိုက်သည်။ စာဥမ ရုန်းကြည့်သည်။ လုံးဝရုန်းမရတော့။
" ဟင်းနော်-သူကဲလာပြီ "
သိုက်မြုံကလေး တစ်ချက် လှုပ်ယမ်းသိမ့်ခါ၍ သွားသည်။ စာဥမ၏ နူတ်တို့မှ တိုးညင်းညင်း လေသံကလေးများဖြင့် ကိုစာဖိုသို့ ပြန်ကြ်ားဆက်သွယ်၍ နသည်။
သည်တစ်ခါ စာဥမ ရုန်းဘာတွေ ဘယ်လိုပင် ပြောပြော မသိကျိုးကျွန် ပြုနေမည့်သူက " ကိုစာဖို "

Delete It
Cancel

ဘ၀တွက်အဆင်ပြေအောင်


glitter-graphics.com
သူငယ်ချင်းတို့ရေ..
ကြည်လင်နေတဲ့
ကောင်းကင်ပြာကြီးကို ကြည့်လိုက်စမ်း။
စိတ်ထဲမှာ…
မအေးချမ်းသွားဘူးလား။
လမင်းကတော့…
စိတ်ရူပ်စရာတွေကြုံတဲ့အခါ
စာဖတ်စာရေးလို့ငြီးငွေ့သွားတဲ့အခါ
ဝရန်တာကိုထွက်ပြီး မိုးကောင်းကင်ကြီးကို
မော့ကြည့်မိတယ်။
နေ့ဘက်ဆိုရင်တော့…
ကောင်းကင်ပြင်ကြီးကို တွေ့ရတာပေါ့။
ညဘက်ဆိုရင်တော့..
ကြယ်လေးတွေ လင်းလက်နေတဲ့
ကောင်းကင်ပြာကြီးကို တွေ့ရတယ်။
နေ့ဘက်မှာဘဲ ဖြစ်ဖြစ်
ညဘက်မှာဘဲ ဖြစ်ဖြစ်
သတ္တိရှိရှိနဲ့ ကြည့်ရင်
ပီတိဖြစ်စရာတွေတွေ့လိမ့်မယ်။

glitter-graphics.com
သူငယ်ချင်းတို့ရေ…
မနာလိုဝန်တိုစိတ်ဟာ
သိပ်ကြောက်ဖို့ ကောင်းတယ်နော်။
ကိုယ့်ထက်သာ မနာလိုတာ
ကိုယ့်ထက်တော်ရင် မကြည့်ချင်တာ
ကိုယ့်ထက် အောင်မြင်ရင် မကြားချင်တာ
အဲ့ဒါ မနာလိုဝန်တိုစိတ်တွေပဲ သူငယ်ချင်း။
အဲ့ဒီ မနာလိုဝန်တိုစိတ်တွေကြောင့်
သူတစ်ပါးကို အထင်သေး စော်ကားချင်တယ်။
သူတစ်ပါးကို မကောင်းပြော ၊ မကောင်းကြံတတ်တယ်။
သူ့အကျိုး ပျက်စီးအောင်လုပ်ပြီး
သူ့နေရာ လုချင်တယ်။
အဲ့ဒီလို စိတ်ဓာတ်အောက်တန်းကျတဲ့ သူမျိုး
လမင်းလည်းကိုယ်တိုင် ကြုံဖူးသလို
သူငယ်ချင်းတို့လည်း တစ်ချိန်ချိန်မှာ တွေ့မှာပဲ။
မနာလို ၀န်တိုစိတ်ရှိသူတွေနဲ့ တွေ့ခဲ့ရင်
မေတ္တာစိတ်နဲ့ သည်းခံခွင့်လွှတ်တတ်ပါစေ။
မနာလို ၀န်တိုစိတ်ကြောင့်
အဆင့်အတန်း မရှိတဲ့သူမျိုး
ကိုယ်လည်း ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့
သူငယ်ချင်းများကို သတိပေးပါရစေ။

glitter-graphics.com
သူငယ်ချင်းတို့…
နှင်းဆီပန်းက လှလည်းလှ
မွှေးလည်း မွှေးတယ်နော်။
စပယ်ပန်းကလည်း မွှေးတယ်။
ဖြူဆွတ် လှပတယ်။
သဇင်ပန်းကတော့
တော်ဝင်ပန်းဖြစ်လို့နမ်းချင်စရာ
မွှေးလည်း မွှေးပျံ့နေလေရဲ့။
ပိတောက်ပန်းကတော့
လွမ်းချင့်စဖွယ်
လှလည်းလှ ၊ မွှေးလည်း မွှေးပေါ့။
ပန်းလေးတွေဟာ
နာမည်ချင်း မတူပေမယ့်
လှတာ မွှေးတာချင်း တူတယ်ဆိုတာ
သူငယ်ချင်းတို့ မမေ့နဲ့နော်။
သူငယ်ချင်းတို့ ဘ၀လည်း
တော်ဝင်ပန်းသဇင် မဖြစ်ခဲ့ရင်လည်း
အားမငယ်ပါနဲ့နော်။
စပယ်ပန်း လိုဖြူဖွေးပြီး
မွှေးပျံ့တဲ့ ဘ၀မျိုးလည်း
ကောင်းပါတယ်။

glitter-graphics.com
သူငယ်ချင်းတို့…
နှင်းဆီပန်းကို ခူးချင်ရင်တော့
ဆူးစူးမှာ ကြောက်မနေနဲ့။
နှင်းဆီပန်းမှ ပန်ချင်ရင်
နှင်းဆီပန်းကိုပဲ ရအောင်ခူးရမယ်။
ဆူးမစူးအောင်တော့
သတိထား ခူးပေါ့။
မတော်တဆ စူးခဲ့ရင်တော့
သင်ခန်းစာပေါ့ သူငယ်ချင်းတို့ရယ်။
နောင်ကို ဆူးမစူးအောင်
ရှောင်နိုင်တာပေါ့။
ဆူးစူးမှာ ကြောက်လို့
ကိုယ်ပန်ချင်တဲ့ နှင်ဆီပန်းကို
မခူးရဲဘဲ မနေနဲ့နော်။
အဲ့ဒီလို..
သတ္တိနည်းတာမျိုး။
မဖြစ်ပါစေနဲ့နော်။


glitter-graphics.com
သူငယ်ချင်းတို့…
မှိုင်းဝနေတဲ့ မီးပုံးပျံဟာ
မိုးပေါ်ကိုပျံတက်သွားပေမယ့်
အချိန်တန်တော့
ပြန်ကျလာရတာပဲ မဟုတ်လား။
လူတွေဟာ
အတိတ်ကံအကျိုးပေးလေး
ကောင်းနေတုန်းအခါမှာ
မှိုင်းဝနေတဲ့ မီးပုံးပျံလိုပဲ
အတက်မြန်တတ်ပေမယ့်
အတိတ်ကံ အကျိုးပေးကုန်တဲ့အခါ
ပြန်ကျလာတဲ့ မီပုံးပျံလိုပဲ
သုံးစားလို့ မရဘဲ ဖြစ်တတ်တယ်။
အဲ့ဒါကို…
သဘောပေါက်…နော်။

glitter-graphics.com
သူငယ်ချင်းတို့…
ကြမ်းကျွံရင် နူတ်လို့ရတယ်။
စကားကျွံရင် နူတ်လို့မရဘူးလို့
ဆိုရိုးစကားရှိပါတယ်။
ဒါကြောင့်…
ကြမ်လည်း မကျွံစေနဲ့
စကားလည်း မလွန်စေနဲ့ပေါ့။
သတိထားပြီးသွားရင်
ကြမ်းကျွံဖို့ မရှိသလို
စဉ်းစားပြီး ပြောရင်လည်း
စကားလွန်ဖို့ မရှိပါဘူး။
သိပ် အစဉ်းစားလွန်ပြီး
ကြမ်းကျွံမှလည်း
ကြောက်မနေနဲ့ဦးနော်။

glitter-graphics.com
သူငယ်ချင်းတို့…
ဒါ ဘာလဲလို့
"၀ "လုံးတစ်လုံးကို ရေးပြတဲ့အခါ
"ကဗျာ"ဆရာက သာယာလှပတဲ့
"လပြည့်ဝန်းကြီး"တဲ့။
"သချာ" ဆရာကတော့
"သုည"တဲ့။
"အင်္ဂလိပ်စာ" ဆရာကတော့
"ဇီးရိုး"တဲ့။
"တရားသမား"ကတော့
"သံသရာစက်ဝိုင်း"တဲ့လေ။
ကိုမြင်တာတွေကို
ကိုယ့်အသိ ကိုယ့်အတွေးတွေနဲ့
ကိုယ့်ရူထောင့်က ကိုယ်မှန်တယ်ထင်တာ
ပြောနေကြတာပါပဲကွယ်။
ဒါတွေ သမီးသဘောပေါက်ရင်
အမြင်မတူတဲ့သူတွေနဲ့
ငြင်းခုံးပြီး အချိန်မကုန်စေနဲ့နော်။

glitter-graphics.com
သူငယ်ချင်းတို့…
လှပတဲ့ သက်တန့်တစ်ခုဖြစ်ဖို့
နေရောင်နဲ့ မိုးရေရှိမှ ဖြစ်တယ်။
လှပတဲ့ ဘ၀တစ်ခုဖြစ်ဖို့ ဆိုရင်လည်း
အကောင်းနဲ့အဆိုး
အကြောင်းနဲ့ အကျိုးတွေရှိမှ
ဖြစ်နိုင်တယ်။
အကောင်းအဆိုး
အကြောင်းအကျိုးတွေ မရှိဘဲ
ဘ၀တစ်ခု မဖြစ်နိုင်ဘူး။
ဒါကို သူငယ်ချင်းတို့
သေချာသဘောပေါက်ခဲ့ရင်
အကောင်းကိုချည်းမျှော်လင့်ပြီး
အဆိုးကို လက်မခံဘဲ
ငြင်းဆန်မနေနဲ့နော်။
အကျိုးတရားကိုသာမြင်ပြီး
အကြောင်းတရားကို
မစဉ်စားမိတာမျိုးလည်း
မဖြစ်ပါစေနဲ့။

glitter-graphics.com
သူငယ်ချင်းတို့…
လူတစ်ယောက်အတွက်
ခက်ခဲ့ပါတယ်ဆိုတဲ့ ကိစ္စဟာ
အခြားလူတစ်ယောက်အတွက်တော့
အလွယ်လေး ဖြစ်နေတတ်တယ်။
ကိုယ်က အလွယ်လေးလို့
သိထားတဲ့ ကိစ္စတစ်ခုဟာ
အခြားသူတစ်ဦး အတွက်
အလွန်ခက်ခဲ့နေပြန်ရော။
ဒါကြောင့်…
ကိုယ့်အတွက် ခက်ခဲ့လို့
သူများလည်း ခက်ခဲနေလိမ့်မယ်လို့
တထစ်ချ မမှတ်နဲ့။
ကိုယ့်အတွက် လွယ်ပေမယ့်လည်း
သူများတွေလည်း လွယ်လိမ့်မယ်လို့
လုံးဝ ယုံကြည်မထားနဲ့နော်။
အခြေအနေချင်း မတူကြဘူးဆိုတာ
သူငယ်ချင်းတို့ နားလည်ပါ။

glitter-graphics.com
သူငယ်ချင်းတို့…
တစ်နှစ်လောက် ၀တ်ရမယ့်
အင်္ကျီတစ်ထည်ကို
ငွေတစ်ထောင်ကျော်လောက်
ပေးဝယ်ရမှာ မနှမြောပေမယ့်
ကိုယ့်ဘ၀ကို
တိုးတက်ထက်မြက်စေမယ့်
စိတ်နှလုံးကို ငြိမ်းချမ်းစေနိုင်ပြီး
ဘ၀အသိတရားတွေ ရစေတဲ့
စာအုပ်မျိုးတွေ ၀ယ်ဖို့ကျတော့
ငွေသုံးလေးရာကို
နှမြောတွန့်တို့ နေမိတတ်တယ်။
ဒါမှန်သလား ၊ မှားသလား။
သူငယ်ချင်းတို့အနေနဲ့
အလေအနက်ထား စဉ်းစားစေချင်တယ်။
ဒို့ဆန္ဒကတော့
ခန္ဓာကိုယ် အလှအပအတွက်
ဝတ်စားပြင်ဆင်ရတဲ့ ပစ္စည်းတွေထက်
စိတ်အဟာရဖြစ်စေတဲ့ စာအုပ်မျိုးတွေကို
ပိုတန်ဖိုးထာပြီး ၀ယ်စေချင်တာပါပဲ။

glitter-graphics.com
သူငယ်ချင်းတို့…
ဘ၀ဆိုတာ
ပဲ့တင်သံ တစ်ခုပါပဲ။
ပဲ့တင်သံဆိုတာ
လိုဏ်ခေါင်းတစ်ခုထဲမှာ
တစ်ခုခုကို ကိုယ်အော်လိုက်ရင်
ကိုယ့်အော်သံ ကိုယ်ပြန်ကြားရတာကို
ပြောတာ သူငယ်ချင်းတို့ရဲ့။
ကိုယ်အော်လိုက်ရင်
ကိုယ်ပြန်ကြားရတဲ့ ပဲ့တင်သံလိုပဲ
ကိုယ်ပေးသမျှ ကိုယ်ပြန်ရတာ
အဲ့ဒါ…ဘ၀ပါပဲကွယ်။
ဒါကြောင့်…
ဘယ်သူ့ကိုပဲဖြစ်ဖြစ်
ကိုယ့်ဘက်က အကောင်းဆုံးကိုပဲ
အမြဲပေးစေချင်တယ်။

glitter-graphics.com
သူငယ်ချင်းတို့…
စိတ်ချမ်းသာမှုဆိုတာ
လူတစ်ယောက်အတွက်
အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာပဲ။
လူတစ်ယောက်မှာ…
စိတ်ချမ်းသာမှု မရှိတော့ဘူးဆိုရင်
အသက်ရှင်နေရပေမယ့်
အသက်ရှင်နေရတာဟာ
အလကားဖြစ်သွားတယ်။
အဲ့ဒီစိတ်ချမ်းသာမှုကို
ဘာနဲ့မှ အလဲအထပ် လုပ်မပစ်လိုက်ပါနဲ့။
မတော်တဆ ကျေးဇူးတရားကြောင့်
ကုယ့်ရဲ့စိတ်ချမ်းသာမှုကို စွန့်လွှတ်ပြီး
သူ့အကြိုက် လုပ်ပေးရမယ်ဆိုရင်တော့
အသေအချ အချိန်ယူစဉ်းစာပြီးမှ
ဆုံးဖြတ်လုပ်ကိုင်းစေချင်တယ်။
ကျေးဇူးတရားကို
အခြားနည်းလမ်းတွေနဲက ပေးဆပ်လို့ရပါတယ်။
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့တော့
အလွယ်တကူ မပေးဆပ်ပါနဲ့လို့
သူငယ်ချင်းများကို အကြံပေးချင်တယ်။

glitter-graphics.com
သူငယ်ချင်းတို့….
ဘာပဲလုပ်လုပ် အကျိုးရလဒ်ဆိုတာ
ချက်ချင်ရချင်မှ ရတာ။
အခု ရေတွင်းတူး အခုရေကြည်သောက်ချင်လို့
ဘယ်ရပါ့မလဲ။
အဲ့ဒီအခါမျိုးမှာ
စိတ်တိုပြီး အလိုမကျ ဖြစ်မနေနဲ့နော်။
စိတ်ရှည်ရှည်ထား သည်းခံပြီး
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။
သူငယ်ချင်းတို့လိုချင်တဲ့ အကျိုးရလဒ်မျိုး
သေချာပေါက် ရလာပါလိမ့်မယ်။
ပြောတာ မယုံရင်
သူငယ်ချင်းတို့ကိုယ်တိုင် လက်တွေ့စမ်းကြည့်
အမှန်ကို သိလာပါလိမ့်မယ်။

glitter-graphics.com
သူငယ်ချင်းတို့…
လောကကြီးထဲမှာ
တရားမျှတမှုနဲ့ အမှန်တရားကို
မောပန်းတကြီး လိုက်ရှာမနေပါနဲ့။
လူသားအားလုံးဟာ
အမြဲတမ်း တရားမျှတနေအောင်
မစွမ်းဆောင်နိုင်ကြသလို
အမြဲတမ်းလည်း မှန်ကန်အောင်လည်း
မဆောင်ရွက်နိုင်ကြပါဘူး။
မှန်လိုက် မှားလိုက်နဲ့
လူ့ဘ၀ခရီးကို
ကိုယ့်နည်းကိုယ်ဟန်နဲ့
သွားနေကြတာပါပဲ။
ဒါကြောင့်…
တရာမျှတမှုနဲ့ အမှန်တရားကို
လိုက်ရှာနေမယ့်အစား
ကိုယ့်ရဲ့ ပြောဆိုပြုမှု ဆောင်ရွက်မှုတွေကို
တရားမျှတပြီး မှန်ကန်နေအောင်
အမြဲတမ်း ကြိုးစာနေပါလို့သာ
သူငယ်ချင်…တို့ကိုတိုက်တွန်းချင်တယ်။

glitter-graphics.com
သူငယ်ချင်းတို့…
အပြစ်တင်နေတဲ့ လူအနားမှာ
ဘယ်သူနေချင်မလဲကွယ်။
အပြစ်မြင်နေတဲ့ လူကိုလည်း
ဘယ်သူချစ်ခင်မလဲကွယ်။
သူငယ်ချင်းတို့ဟာ…
အပြစ်တင် အပြစ်မြင်တတ်တဲ့
လူစားမျိုး ဖြစ်နေရင်
သူငယ်ချင်းအနားမှာ..
ချစ်ခင်စွာ နေထိုင်ချင်တဲ့လူ
ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး။
အဲ့ဒါကို ကြိုပြီး
နားလည် သဘောပေါက်ပါကွယ်။
လူတွေကို
အပြစ်မြင် အပြစ်တင်တတ်တဲ့လူမျိုး
သူငယ်ချင်းတို့လည်းမဖြစ်စေနဲ့နော်။

ရယ်မြူးရွှင်ပြ ဟာသ

ဟ..ဟာ..ဟိ..ဟီ

glitter-graphics.com


" အပျော့ပါ "

အဟမ်း ၊ မင်းကိုပြောထားရအုံးမယ်။
"ဗွီဒီယိုမင်းသမီး ဖြစ်ချင်ရင် ၊ လူတွေရဲ့ မျက်လုံးအစုံအစုံ အကြည့်စူးစူးတွေကို ခံနိုင်ရည်ရှိရလိမ့်မယ်" လို့ဒါရိုက်တာဖြစ်သူက ပြောလိုက်တယ်။
မင်းသမီလုပ်မယ့်သူက ဒီလောက်တော့ " အပျော့ပါ "
ဒါနဲ့မင်းက ဘယ်လို လေ့ကျင့်မှုမျိုးတွေ လုပ်ထားလို့လည်းဟင်။
မင်းသမီးဖြစ်သူက ပြန်ပြောလိုက်တာက " ကျွန်မလ္ဘက်ရည်ဆိုင်မှာ ကောင်တာထိုင်နေကျလေ " အမ်း။

" အင်တာဗျူး "

အလုပ်လျှောက်ထားသူတစ်ယောက်က " အင်တာဗျူး " ရန်ရောက်လာသည်။
ဒီလောကကြီးမှာ တူညီတဲ့ အရာနှစ်ခုကို ပြောပြစမ်းပါ။
ဟုတ်ကဲ့ " တိုးတက်ခြင်းနဲ့ ဆုတ်ယုတ်ခြင်း " ပါ။
ဒါဆိုအဲ့ဒီရဲ့ အကြောင်းပြချက် တစ်ခုလောက်ပြောပြပါ။
ကျွန်တော့်မှာ မိသာစု ဆယ့်နှစ်ယောက် ရှိပါတယ်။
" သားသမီးတွေ တိုးပွားလာသလို စားဝတ်နေရေးမှာ ကျုပ်တည်းလာတာကို ကြည့်ရင် သိနိုင်ပါတယ်" ဆရာ။

" ပင်ကိုလှ "

သူငယ်ချင်းနှစ်ယောက် ပြန်ဆုံကြတာဖြစ်တယ်။
ဟေ့ကောင်...ငါ့မိန်မကမလှဘူးလား..ရွှေတွေငွေတွေ အပြည့်စုံ ၀တ်ထားသော ဇနီးဖြစ်သူကို ကြွားဝါလိုက်ခြင်းတယ်။
လှပါတယ်..ဒါပေမဲ့..ငါ့မိန်းမကိုတော့ဘယ်မှီမလဲနော့်။
ငါ့မိန်းမက ပင်ကိုအလှဆိုတော့ မင်းမိန်းမလိုတန်ဖိုးကြီးကြီးဝတ်မှ လှတာမဟုတ်ပါဘူး ။
ငါ့မိန်းမက.."နဂိုလှလေ" ဟဲဟဲ။

" ကုန်တာပဲဗျ "

ဒါများဗျာ...ကြော်ငြာကောင်းရင် ပစ္စည်းဆိုတာ ကုန်တယ်ဗျ။
ကျုပ်...ကြော်ငြာ အားကောင်းကောင်းနဲ့ ကြော်ငြာလိုက်တာ ပစ္စည်းကို ပြောင်သွားတာပဲ။
ရောင်းအားကောင်းတာပေါ့နော်..ဟုတ်လား။
ဟုတ်ဘူးခင်ဗျ..."ကြော်ငြာဖိုးထဲ အရင်းပါသွားလို့" ဗျ။

" မင်းပြောတဲ့ဈေး "

ဈေးရောင်းမကောင်းလို့ အပြင်သွားလိုက်အုံးမယ်နော်။
ရှင်ရောင်းထားလိုက် ဈေးလျော့မရောင်းနဲ့နော်။
စိတ်ချ မင်းပြောတဲ့ဈေးအတိုင်း ရောင်းထားလိုက်မယ်။
ဟဲဟဲ..ဟယ်ကုန်သွားပြီတော် ရှင်ဘယ်ဈေးနဲ့ ရောင်းလိုက်တာလဲ။
ဇနီးဖြစ်သူအား " မင်းပြောတဲ့ဈေးအတိုင်း အကြွေးရောင်းလိုက်တာလေ " အောင်မလေးတော်။

" ခင်ဗျားအလှည့် "

အဲ့ဒီလူနဲ့ မပေါင်းကြနဲ့...အဲ့ဒီလူတော်တော် ဆက်ဆံရေး ကျဲတယ်။
ကျုပ်ပိုက်ဆံသွားချေးတာ မချေးလိုက်ဘူး။
ဟာ...ဟုတ်လား..ဘာပြောလွှတ်လိုက်သလဲ။
" ခင်ဗျား အလှည့်တုန်းကလဲ ချေးမှမချေတာတဲ့ "လေ။

" ငါတော်လာပြီ "

ငါတော်လာပြီဟေ့...ငါတော်လာပြီဟေ့။
ဆရာက တစ်နေ့တစ်ခြား ပိုကြိုးစားလို့ ပိုတော်လာတာလား။
ဘယ်ကလာ " တကယ်တော်တဲ့ ဆရာတွေ သေသေ ကုန်လို့ဟ " ဂလိုလား။

" ဖြတ်လိုက်ပြီ "

ငါအရက်ဖြတ်လိုက်ပြီကွ..ကြားရတာဝမ်းသာပါတယ်ကွာ။
သွားဦးမယ်နော့..ဟေ့ကောင်...ဘယ်လည်းကွ။
ဒို့ကတော့ မဖြတ်နိုင်သေးဘူးဆိုတော့..အရက်ဆိုင်ကိုပေါ့ဟာ။
အတော်ပဲ ငါလည်းလိုက်မယ်ကွာ..ဟင်မင်းပြောတော့ အရက်ဖြတ်လိုက်ပြီဆို။
ဟဲဟဲ..ဒါကဒီလိုရှိတယ်လေ.."ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာကို ဖြတ်လိုက်တာပါကွ" သူငယ်ချင်းရ။

" ဘယ်သူမှန်းတောင် မသိတဲ့ဟာ "

ဗေဒင်မေးရန်လာသူသည် ပိတ်ထားသော ဗေဒင် ဆရာမ၏ အိမ်တံခါးကို ခေါက်လိုက်သည်။
" ဘယ်သူလဲ "
အိမ်ထဲက ဗေဒင် ဆရာမ၏ အော်မေးသံကို ကြားလိုက်ရသဖြင့် ဗေဒင်မမေးတော့ဘဲ လှည့်ပြန်သွားလေသည်။
သူ့ပါးစပ်ကရေရွတ်လိုက်တာက " ဘယ်သူမှန်းတောင် မသိတဲ့ဟာ " တဲ့။

" အေးတူ ပူမျှ "

glitter-graphics.com
သူငယ်ချင်..ကွာစိလေးရေ..ထမင်းစား ခါနီဆိုတဲ့ သီချင်းလေး ဆိုပြစမ်းပါဦးကွာ။
အိုကွာ..ဒါများ..အေးတူပူအမျှ အတူတကွ..ခံစားကြမယ်လေကွာ။
အေး..တော်တယ်..ဟုတ်သဟေ့..တော်ပါ့။
မင်းဒီနေ့ လစာထုတ်လာတယ်မလား " ငါ့ကိုငွေလေးနဲနဲ ချေးပေးပါဦးကွာ..မင်းဆိုတဲ့သီချင်းလေးလို..အေးတူပူအမျှ ပေါ့ကွာ" နော်..နော်..နော်။

" ဒီခေတ်ကြီးမှာ "

သူငယ်ချင်း ဈေးရောင်းနေတယ် ကြားလို့ မင်းအဆင်ပြေလား လာမေးတာပါ။
ဘာပြေသလဲမမေးနဲ့..ဈေးဦးတောင်မပေါက်သေးဘူး။
နေပါအုံး..မင်းကဘာတွေထိုင် ရောင်းနေလို့ ဈေးဦးတောင်မပေါက်တာလည်းကွာ။
" ဧည့်လာဂမုံးလေ "...သြော်...ဖြစ်မှဖြစ်ရလေ..ဒီခေတ်ကြီးမှာ။

" ရုပ်ရည်ကို မကြည်နဲ့ "

glitter-graphics.com
သားအဖ နှစ်ယောက် လမ်းလျှောက် ထွက်လာတယ်။
ထိုအခါ ဖခင်ဖြစ်သူက သားမင်းဒီလို မိန်းခလေး မျိုးကိုသဘောမကျဘူး။
ဟာ..အဖေကလည်း ဒီလိုရုပ်မျိုးများ ဘယ်ကလာ..သားက စိတ်ဝင်စားစရာလား။
မင်းနော်..ငါ့သားဖြစ်ပြီး ညံ့လိုက်တာ ခုခေတ်မှာ ရုပ်ရည်ကိုမကြည့်နဲ့။
" ဒီမိန်ခလေးက ကန်စွန်ရွက်ကိုတောင် ဟင်းတစ်ဆယ့်ငါးမျိုး ချက်တက်တယ် " မှားပါတယ်အဖေရယ်။

"ငါရေးမယ့် စာက "

စာရေးမယ်ဆိုပြီး အရက်ပဲ ခဏခဏ ပြေးသောက်နေတာပဲနော်။
ရှင်..ဘာတွေဖြစ်နေတာလဲ…ငါရေးမယ့် စာကအရက်သောက်မှ ရေးလို့ရမှာကွ..ဒါကြောင်ပါ။
ဒါနဲ့..ရှင်က ဘာစာတွေ ရေးမှာ မိုလို့လည်း ပြောပါဦး။
“ အရက်သောက်ခြင်၏ လက်တွေ့ဆိုးကျိုးများ “ ဆိုတဲ့ဆောင်းပါလေ မိန်းမရ။

“ စာကျက်တော့ “

မြေးလေး စာကျက်တော့လေ..ဟုတ်ကဲ့ဘိုးဘိုး။
ဟဲခုထိ စာကျက်သံလည်း မကြားပါလား ငါ့မြေးရ။
အော်ကျက်လေ ဒါမှ ဘိုးဘိုးလည်း ကြားမပေါ့။
ထိုအချိန်မြေးဖြစ်သူ အော်ဖတ်လိုက်တော့ ကျွန်ုပ်တောင် ပြုံးရယ်လိုက်မိတယ်။
“ လခထုတ်သောရက်ကို တစ်နည်းအားဖြင့် အကြွေးဆပ်သည့် ရက် ဟုခေါ်ပါသည် “ငါ့ကိုပြောတာများလား။

“ မိုက်ပါ့ကွာ “

၇ွာသို့အလည်ရောက်ရှိလာသော ဧည့်သည်ဖြစ်သူက ပြောလိုက်သည်။
ဦးလေး..ဒါထောင်ကျော်ပေးပြီး ဖက်ရှင်လုပ်ရတာလေ အဘရဲ့ အနွေးထည်လေ လို့ကြွားဝါလိုက်တယ်။
မိုက်ပါ့ကွာ..ထောင်ကျော်ပေးပြီး ဖက်ရှင်လုပ်ရတယ်လို့။
လာလှုံသွား တစ်ပြားမှ မပေးရဘူးနော်။
“ မင်းကုတ်ထက်နွေးတယ်ကွ “

“ ညီအစ်ကိုနှစ်ယောက်နှင့် ဖိနပ်တစ်ရန် “

ညီအစ်ကိုနှစ်ယောက်သည် ဝေစုအညီအမျှ ထည့်ဝင်ပြီးနောက် ဖိနပ်အသစ်တစ်ရန်ကို ၀ယ်လိုက်သည်။ အစ်ကိုသည် တစ်နေ့လုံးလုံးသွားရာတွင် ထိုဖိနပ်အသစ်ကို စီးသွားရာ ညီဖြစ်သူမှာ မကျေမနပ် ဖြစ်လာတော့သည်။ သို့နှင့် အစ်ကိုဖြစ်သူညပိုင်း အိပ်ပျော်နေချိန်တွင် ညီဖြစ်သူကဘိနပ်ကိုစီးပြီး လမ်းတကာသို့ လမ်းလျှောက်ထွက်လေ့ရှိသည်။ သို့နှင့် ဖိနပ်ကလေးမှာ ညီအစ်ကိုနှစ်ယောက် နေ့တစ်လှည့် ၊ ညဉ့်တစ်လှည့်စီးခြင်း ဒဏ်ကြောင့်စုတ်ပြဲလေတော့သည်။ ထိုအခါ အစ်ကိုကြီးက “ ညီလေးရေ တို့ပိုက်ဆံ အညီအမျှထည့်ပြီး ဖိနပ်အသစ်တစ်ရန် ၀ယ်ရအောင်လားကွာ “ ဟုပြောဆိုရာ ညီဖြစ်သူက “ အစ်ကိုရယ် ဖိနပ်အသစ်တစ်ရန် ထပ်ဝယ်တာတော့ ကောင်းပါတယ် ၊ ဒါပေမယ့် ကျွန်တော်တော့ အိပ်ရေးပျက်အုံးတော့မယ်ဗျာ “ဟုပြန်ပြောလိုက်လေသည်။

" ကယ်တော်မှုပါ "

တစ်ခါကပေါ့ ရေမကူးရဆိုတဲ့ ကန်တစ်ကန်မှာပါ။
လူတစ်ယောက်ဟာ ကန်နားမှာ လမ်းလျှောက်ရင်း အမှတ်တမဲ့ ပြုတ်ကျသွားခြင်းဖြစ်သည်။
ထိုသူမှာ ရေမကူးတတ်သဖြင့် ကြောက်အားလန့်အားနှင့် အော်နေသံကို ဥယျာဉ်အတွင်းမှ အစောင့်ရဲက ကြားလိုက်သည်နှင့် ပြေးကြည့်လိုက်ရာ ရေနစ်သူကို တွေ့သွားသဖြင့် လာပြီလာပြီဆိုကာ ပြေးလာပြီး အနီးရောက်တော့ အမ်းငါလည်းရေမကူးတတ်ပါ။
ဒါနဲအကြံထုတ်လိုက်တယ် " ကိုယ်ကိုဖော့ထား ၊ ခြေထောက်ကိုခတ် ၊ လက်ကိုယက်လေကွာ ၊ ဖော့ထား-ခက်ထား-ယက်လေကွာ-ယက်ပေးပါကွ " တဲ့။
ရေနစ်သူကတော့ မြုပ်လိုက်ပေါ်လိုက်နှင့် ထိုအခါ အစောင့်ရဲက ပြောလိုက်တာက " ဟွန်း..အလကားကောင် ကြိုးစားမှုမရှိဘူး ၊ သူများအားကိုးချင်တယ် ၊ နစ်တာတောင်နဲသေးတယ်"တဲ့လေ။

"ဘယ်ကောင်လည်းကွ "

တနင်္လာသားသမီးတွေ စာကြိုးစားရင် စာမေးပွဲအောင်မယ်။
တနင်္လာသားသမီးတွေ ထီပေါက်ရင်ငွေဝင်မယ်။
စနေသားတွေမိန်းမ ကိုးယောက်ရမယ်။
ထိုအခါမှာတော့ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရာ နားစွန့်လိုက်မိတယ်။
“ ဘယ်ကောင်လဲကွ ကုန်ဈေးနူန်းကြီးလို့ လူပျိုတောင်ငတ်ချင်နေတာ မိန်းမကိုးယောက် ရမယ်ဆိုတာ “ ဟိုက် လစ်မှ!

“မှားပါတယ်ကွာ “

ဆရာကြီးတို့ ငယ်စဉ်က ဘ၀အတွေ့အကြုံလေးတွေ ရေးပေးပါဆိုလို့ ရေးပေးရင်း ၊ ဟိုတုန်းက ကုန်ဈေးနူန်းတွေပသွားတာနဲ့…ဘာဖြစ်တုန်း
“ အယ်ဒီတာ ပေါက်စက..ငါ့စာမှုကို..ပုံပြင်ဆိုပြီး သုံးလိုက်တယ်လေ “
အလိုတော်!

“ ဦးစားမပေးဘူး”

glitter-graphics.com
မိန်မဆိုတာ ဘယ်တော့မှ ဦးစားမပေးရဘူးဗျ။
ကျွန်တော်ဆိုရင် ဘယ်တော့မှဦးစားမပေးဘူး။
သူကသာ ကျွန်တော့ကို ဦးစားပေးရတာဗျ။
အပြင်ထွက်စီးပွားရှာတာရယ်၊ ရေဆွဲ ၊ အ၀တ်လျော် ၊ ထမင်းချက် ၊ ကလေးကျောင်းပို့ ၊ သန့်ရှင်းရေးလုပ် ၊ သာရေးနာရေး အားလုံးပေါ့။
“ ကျန်တာမှ သူလုပ်တာဗျ “