သူမနဲ့ ချစ်သူ ပထမဆုံးအကြိမ် ထမင်းအတူ စားကြတဲ့အရာက ပင်လယ်စာဖြစ်တယ်။ အော်.. မဟုတ်သေးဘူး.. ချစ်သူ မဟုတ်ဘူး.. ရည်းစားဟောင်းဆိုရင် ပိုမှန်လိမ့်မယ်။
အဲဒီတုန်းက သူမဘွဲ့ရပြီးစ၊ သူမ စကားနည်းတယ်၊ အရှက်ကြီးတယ်၊ အမြဲတမ်း ပြုံးရီနေတတ်တယ်။
ငါးတစ်ကောင်... ဘာငါးအမျိုးအစားမှန်း မသိတဲ့ ငါးဟင်းတစ်ပွဲက အဲဒီနေ့ စားပွဲပေါ်မှာ တစ်ပွဲတည်းသော ဟင်းအဖြစ်ရောက်နေခဲ့တယ်။ ငါးကို စမစားခင် ချစ်သူက ငါးမျက်စိကို ယူပြီး သူမကို ကမ်းပေးရင်း "ငါးမျက်စိကိုကြိုက်လား?" လို့ မေးတယ်။
ငါးမျက်စိကို သူမ လုံးဝမစားဖူးဘူး.. ဒါပေမယ့် ချစ်သူရဲ့ တရေးတယူ အမေးကို မငြင်းရက်ခဲ့လို့ ရှက်ကိုးရှက်ကန်းနဲ့ သူမ ခေါင်းညိတ်လိုက်မိတယ်။ ငါးမျက်စိကို သူအရမ်းကြိုက်ကြောင်း ချစ်သူက ပြောတယ်။ ကလေးဘဝ ငါးဟင်းစားတဲ့အခါတိုင်း အဘွားက ငါးမျက်စိကို သူ့အတွက် အမြဲချန်ထားတတ်တယ်။ ငါးမျက်လုံးစားရင် အမြင်ကြည်တယ်၊ စိတ်ကြည်တယ်လို့ အဘွားက ပြောတယ်။ အဘွားဆုံးပြီးနောက် သူ့ကို ဘယ်သူကမှ ငါးမျက်စိ မကျွေးတော့ကြောင်း ချစ်သူက ပြောပြတယ်။
တကယ်တမ်း ပြောရရင် ငါးမျက်စိက စားရတာ အရသာမရှိကြောင်း ချစ်သူက ရီရင်းပြောတယ်။ သူငယ်ငယ်လေးကတည်းက အလိုလိုက် ချစ်ခဲ့တဲအဘွားကြောင့် ငါးဟင်းစားတိုင်း ငါးမျက်စိဟာ သူ့အတွက်ပဲ ဖြစ်ခဲ့ရတယ်လို့ ချစ်သူက ရှင်းပြတယ်။ နောက်ဆိုရင် ငါးမျက်စိဟာ သူမအတွက်ပဲ ဖြစ်ရတော့မယ်၊ သူမကိုလည်း သူအလိုလိုက် ချစ်နှစ်သက်မယ်လို့ သူမမျက်နှာကို ငေးစိုက်ကြည့်ရင် နှစ်နှစ်လိုလိုနဲ့ ချစ်သူကဆိုတယ်။
ဘာကြောင့် ငါးမျက်လုံးဟာ အလိုလိုက်ချစ်ခင်ခြင်းကို ဖော်ဆောင်သလဲဆိုတာကို သူမနားမလည်ခဲ့ဘူး။ သူမ နားလည်၊ မလည်တာကို အပထား ချစ်သူနဲ့ ငါးဟင်းစားတိုင်းချစ်သူကသူမကိုငါးမျက်စိ အရင်ကျွေးတတ်တယ်။ ငါးမျက်စိ စားနေတဲ့ သူမကို တမြတ်တနိုး ငေးကြည့်နေတတ်တယ်။ တဖြေးဖြေး သူမ အကျင့်ပါလာခဲ့တယ်။ ငါးစားတိုင်းချစ်သူခွံကျွေးလာမယ့် ငါးမျက်စိကို နှုတ်ခမ်းနှစ်လွှာ ဖွင့်ဟပြီး သူမ စောင့်နေတတ်ခဲ့တယ်။
ချမ်းအေးတဲ့ ဆောင်းရာသီတစ်ခုမှာ သူမနဲ့ ချစ်သူ လမ်းခွဲခဲ့ကြတယ်။ အဲဒီတုန်းကမြို့ငယ်လေးတစ်ခုမှာ အိမ်တစ်လုံးကို ချစ်သူဝယ်ခဲ့ပြီး သူမနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တယ်။ မြို့ငယ်လေးမှာသူမ မနေနိုင်ဘူး၊ သူမလိုချင်တဲ့ ဘဝက ဒီမြို့ငယ်လေးမှာ မဟုတ်ဘူးလို့ မျက်ရည်တွေနဲ့ ချစ်သူကို သူမငြင်းခဲ့တယ်။ သူမရုပ်ရည်၊ သူမရဲ့ပညာ၊ သူမရဲ့ အဆင့်အတန်းက ဒီမြို့ငယ်လေးနဲ့မထိုက်တန်တဲ့အကြောင်း၊ သာမန်ဝန်ထမ်းဘဝနဲ့ ဒီမြို့ငယ်မှာ သူမဘဝကို မြုပ်နှံ့မထားချင်တဲ့အကြောင်းကိုတော့ ချစ်သူကို သူမ ပြောမပြခဲ့ဘူး။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး သူမလည်း အလုပ်လုပ်နိုင်ကြောင်း၊ ငယ်စဉ်ဘဝကမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ချစ်သူကို သူမ ကျောခိုင်းလိုက်တယ်။ မြို့ငယ်လေးကို ခွာဖို့ သူမကို ချစ်သူလိုက်ပို့တော့ သူမစိတ်က ပြတ်ပြတ်သားသားပဲ ချစ်သူကို လုံးဝနောက်ပြန် မကြည့်ခဲ့ဘူး။
ဒီလိုနဲ့ နွေ၊ မိုး၊ ဆောင်း အလီလီပြောင်းခဲ့တယ်။ သူမရဲ့ အိပ်မက်ကိုလည်း ထုထည်အခိုင်အမာနဲ့ တည်ဆောက်နိုင်ခဲ့တယ်။ ကုမ္ပဏီတစ်ခုကို သူမ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထီးကျန်တဲ့နေ့ရက်တွေက သူမအပါး မခွာခဲ့ပါဘူး။ နောက်တစ်ယောက်ကို ထပ်ချစ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူမကိုယ်သူမ သိတယ်။ ဒီနှစ်တွေအတွင်းမှာ ညစာစားပွဲ ပေါင်းစုံကို သူမတက်ခဲ့ဖူးပါတယ်။ စားပွဲတိုင်းမှာလည်း ငါးဟင်းကပါစမြဲပဲ။ ဒါပေမယ့် ဘယ်သူကမှ သူမအတွက် ငါးမျက်စိကို မကျွေးခဲ့ဖူးပါဘူး။ စားပွဲပြီးတိုင်း ခုံပေါ်တင်ကျန်ခဲ့တဲ့ ငါးမျက်စိကိုသူမ နောက်ပြန်လှည့်ကြည့်တတ်ခဲ့တယ်။
မမျှော်လင့်တဲ့ အခွင့်အရေးတစ်ခုကြောင့် နေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမရောက်ခဲ့တယ်။ ချစ်သူနဲ့ ခဏသာတွေ့ပြီး အိမ်ထောင်ကျနေပြီလို့ထင်တဲ့ သူမကိုချစ်သူက ထမင်းဖိတ်ကျွေးခဲ့တယ်။ သူမအတွက် ရည်ရွယ်ထားခဲ့ဖူးတဲ့ အိမ်လေးမှာပဲ သူမကို ဧည့်ခံခဲ့တယ်။ အဲဒီည ထမင်းဝိုင်းမှာ ချစ်သူရဲ့ဇနီးက ငါးဟင်းကျွေးခဲ့တယ်။ သူမအတွက် ငါးအသားတွေကို ချစ်သူထည့်ပေးပြီး ငါးမျက်စိကိုတော့ ချစ်သူက ဇနီးအတွက် ထည့်ပေးလိုက်တယ်။ တစ်ယောက်တည်း အပြင်မှာ ရုန်းကန်ခဲ့တုန်းကဘယ်လောက်ပဲ ပင်ပန်းပါစေ၊ အခက်အခဲ ကြုံပါစေ သူမ မျက်ရည်မကျခဲ့ဖူးဘူး။ ခုတော့ သူမ မျက်ရည်ကျမိပါတယ်… ချစ်ခြင်းတွေ သိုဝှက်ထားတဲ့ ငါးမျက်စိတစ်စုံကသူမနဲ့ မထိုက်တန်ခဲ့ပြီလေ…
Saturday, December 13, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment