Saturday, December 13, 2008

ပျော်ရွှင်ခြင်း မင်းသား

ပျော်ရွှင်ခြင်းမင်းသားရဲ့ ရုပ်တုက မြို့ရဲ့ကောင်းကင်ယံထက်မှာ မားမားရပ်တည်လို့။ မြင့်မားတဲ့ အုတ်တံတိုင်းပေါ်မှာ ပျော်ရွှင်ခြင်းမင်းသား ရပ်နေခဲ့တယ်။ အထက်အောက် သူ့တစ်ကိုယ်လုံး အဝါရောင် ရွှေချပ်လေးတွေနဲ့ ကွပ်လုပ်ထားတယ်။ ကြည်လင်လှပတဲ့ ကျောက်နီလာနှစ်လုံးက သူ့မျက်လုံးမှာ နေရာယူထားကြတယ်။ နီနီရဲရဲ အလင်းတွေနဲ့ တောက်ပနေတဲ့ ပတ္တမြားတစ်လုံးက သူ့လက်ထဲက ဓားရိုးမှာ ထည့်မြုပ်ထားတယ်။

တစ်ညမှာ မြို့ပေါ်ကို ဖြတ်ပျံသွားတဲ့ သင်းကွဲဆက်ရက်ငှက် တစ်ကောင်ဟာ မျက်စိလည် လမ်းမှားပြီး ပျော်ရွှင်ခြင်း မင်းသားရဲ့ ခြေတော်ရင်းနား ရောက်လာခဲ့တယ်။ ဆက်ရက်လေး ခေါင်းမော့်ကြည့်တော့ ပျော်ရွှင်ခြင်းမင်းသားရဲ့ မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေပြီး မျက်ရည်ဥလေးတွေက ရွှေဝါရောင် ပါးပြင်နှစ်ဖက်ကနေ စီးကျနေတာကို တွေ့လိုက်တယ်။ လရောင်အောက်မှာ တုနှိုင်းစရာမရှိအောင် လှပနေတဲ့ ပျော်ရွှင်ခြင်းမင်းသားရဲ့ မျက်နှာကိုကြည့်ပြီး ဆက်ရက်လေး သနားသွားမိတယ်။

"ခင်ဗျား ဘယ်သူလဲ?" ဆက်ရက်လေး မေးလိုက်တယ်။

"ပျော်ရွှင်ခြင်း မင်းသားပါ"

"ဒါပေမယ့် ခင်ဗျားငိုနေတယ်။ ခင်ဗျားကြောင့် ကျွန်တော့်တစ်ကိုယ်လုံးတောင် ရွဲစိုသွားပြီ"

"အရင်အသက်ရှင်တုန်းက ကျွန်တော့်မှာ လူ့နှလုံးသားတစ်စုံ ရှိခဲ့တယ်။ မျက်ရည်ဆိုတာ ဘာမှန်း ကျွန်တော် မသိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ဟိုနန်းတော်မှာ ကျွန်တော်နေခဲ့လို့ဖြစ်တယ်။ အဲဒီနေရာက ပူဆွေးသောကတွေ ဝင်လို့မရတဲ့ နေရာပေါ့။ ကျွန်တော်သေတော့ လူတွေက ကျွန်တော့်ကို ဒီနေရာမှာ မြင့်မြင့်မားမား လာတည်ထားကြတယ်။ ဒီနေရာရောက်မှ မြို့ပေါ်မှာ ဖြစ်ပျက်နေတဲ့ အရုပ်ဆိုး အကျည်းတန်တာတွေ၊ ဆင်းရဲဒုက္ခတွေကို ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော့် အသည်းနှလုံးဟာ သံထည်နဲ့ လုပ်ထားတယ်ဆိုပေမယ့် မအောင့်နိုင်ဘဲ ကျွန်တော်ငိုခဲ့မိပါတယ်"

"ဟိုး.. အဝေးက... " ရုပ်တုက တိုးညှင်းစွာ စကားဆက်ပြန်တယ်။

"လမ်းလေးတစ်ခုမှာ ဆင်းရဲတဲ့ မိသားစုတစ်စုရှိတယ်။ စားပွဲခုံဘေးမှာ အမျိုးသမီးတစ်ဦး ထိုင်နေတာကို ကျွန်တော်တွေ့တယ်။ အင်္ကျီတစ်ထည်ကို ပန်းတွေနဲ့ သူအနားကွပ်နေတယ်။ အဲဒီအင်္ကျီက မိဖုရားရဲ့ အချစ်ဆုံး သမီးတော်တစ်ပါး နောက်တစ်ကြိမ်လုပ်မယ့် ပျော်ရွှင်ပွဲမှာ ဝတ်မယ့်အင်္ကျီပေါ့။ အခန်းထောင့်တစ်ခုရဲ့ ကုတင်ပေါ်မှာ ကိုယ်တွေပူပြီး ဖျားနေတဲ့ ကလေးငယ်တစ်ယောက် လှဲနေတယ်။ ကလေးငယ်က လိမ္မော်သီးစားဖို့ ပူဆာနေတယ်။ သူ့မိခင်က ချောင်းရေလေး တစ်စက်နှစ်စက် တိုက်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကလေးလေးက အဆက်မပြတ် ငိုညည်းနေခဲ့တယ်"

"ဆက်ရက်.. ဆက်ရက်လေး… ကျွန်တော့်ဓားရိုးပေါ်က ပတ္တမြားကို ယူပြီး အဲဒီအမျိုးသမီးကို သွားပေးနိုင်မလား? ကျွန်တော့်ခြေထောက်တွေ လှုပ်လို့မရအောင် ဒီတံတိုင်းနဲ့ ဆက်ထားလို့ပါ"

ပျော်ရွှင်ခြင်းမင်းသားရဲ့ ညှိုးငယ်မှုတွေနဲ့ ပြည့်နေတဲ့ မျက်နှာကိုကြည့်ပြီး ဆက်ရက်လေး သနားသွားမိတယ်။

"ဒီနေရာမှာ အရမ်းအေးတာပဲ။ ဒါပေမယ့် ဒီတစ်ညတော့ ခင်ဗျားရဲ့ သတင်းပို့သမားအဖြင့် ခင်ဗျားကို ကျွန်တော်အဖော်လုပ်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဆက်ရက်လေး"

ဆက်ရက်ငှက်ဟာ ဓားရိုးပေါ်က နီရဲနေတဲ့ ပတ္တမြားကြီးကို ကိုက်ချီလို့ မြို့ထဲက အိမ်ကြီးအိမ်ငယ် အသွယ်သွယ်ကို ဖြတ်ကျော်ပြီး ဟိုးအဝေးတစ်နေရာကို ပျံသန်းသွားခဲ့တယ်။

ဆက်ရက်လေးဟာ မြစ်ချောင်းနဲ့ ဂျူးလူမျိုးတို့ရဲ့ ရပ်ကွက်ကို ဖြတ်ပျံခဲ့တယ်။ နောက်ဆုံးမှာ အဲဒီသူဆင်းရဲမိသားစုအိမ်ကို ရောက်လာခဲ့တယ်။ အိမ်ထဲကို လှမ်းကြည့်တော့ နာမကျန်း လူငယ်လေးက အိပ်ရာပေါ် လူးလွန့်နေတယ်။ ပင်ပန်းနွမ်းနွယ်ခဲ့တဲ့ မိခင်က အိပ်မောကျနေခဲ့ပါပြီ။ ဆက်ရက်ငှက်ဟာ အိမ်ထဲပျံဝင်ပြီး ပတ္တမြားကို အပ်ချုပ်ခုံပေါ် တင်လိုက်တယ်။ ပြီးတော့ ကုတင်ကို ပတ်ပျံပြီး သူ့တောင်ပံနဲ့ ကလေးငယ်ကို ယပ်ခတ်ပေးလိုက်တယ်။

"ငါ့ကိုယ်တွေ အေးမြလာသလို ခံစားမိတယ်။ ငါနေကောင်းလာပြီ ထင်တယ်" လို့ ကလေးငယ်က ရေရွတ်ရင်း တဖြေးဖြေး အိပ်မောကျသွားခဲ့တယ်။

ကောင်းကင်ယံထက် လ ဖြေးဖြေးချင်း မြင့်တက်လာချိန်မှာ ပျော်ရွှင်ခြင်း မင်းသားဆီ ငှက်ကလေး ပြန်ရောက်လာခဲ့တယ်။

"အီဂျစ်မှာ ခင်ဗျား ဘာလုပ်စရာ ရှိလဲ? ကျွန်တော် ရွေ့ရတော့မယ်" အသံကို မြင့်ပြီး ဆက်ရက်ငှက်က မေးတယ်။

"ဆက်ရက်.. ဆက်ရက်လေး… ကျွန်တော်နဲ့ တစ်ညလောက် အဖော်ထပ်လုပ်ပေးနိုင်ဦးမလား?"

"အဖော်တွေက ကျွန်တော့်ကို အီဂျစ်မှာ စောင့်နေတယ်ဗျာ" ဆက်ရက်က ဆက်ပြီး "မနက်ဖြန်ကျရင် ဒုတိယ ရေတံခွန်ဆီ သူတို့ပျံသန်းသွားကြတော့မယ်။ အဲဒီက ရေမြင်းတွေ မြက်ခင်းပြင်ကြီးထဲမှာ အိပ်ကြတယ်"

"ဆက်ရက်လေးရေ… မြို့ရဲ့ဟိုးအဝေးတစ်နေရာက စာကြည့်ဆောင်ထဲမှာ လူငယ်တစ်ယောက် ထိုင်နေတာကို ကျွန်တော်တွေ့တယ်။ စာရွက်တွေ ပြည့်နှက်နေတဲ့ စားပွဲခုံမှာ သူ့ခေါင်းကို မြုပ်ထားတယ်။ ဇာတ်ရုံမန်နေဂျာအတွက် ပြဇာတ်တစ်ပုဒ်ကို အသဲအသန် သူရေးနေရတယ်။ ဒါပေမယ့် အေးလွန်းလို့ သူမရေးနိုင်ရှာတော့ဘူး။ မီးဖိုထဲမှာလည်း ထင်းတွေမကျန်တော့ဘူး။ ဆာလောင်တဲ့ဒဏ်ကြောင့် သူ့မျက်လုံးတွေတောင် ပြာနေခဲ့ပြီ"

"ခင်ဗျားကို တစ်ညအဖော်ထပ်လုပ်မယ်ဗျာ" စိတ်သဘောထားကောင်းတဲ့ ဆက်ရက်ငှက်က ဆိုပါတယ်။ "သူ့ကို ခင်ဗျား နောက်ထပ်ပတ္တမြားတစ်လုံး ပေးမလို့လား?"

"အင်း.. ကျွန်တော့်မှာ ပတ္တမြားမရှိတော့ဘူး။ ကျွန်တော့်မှာ မျက်လုံးကျန်သေးတယ်။ ဒီမျက်လုံးတွေကို လွန်ခဲ့တဲ့ နှစ် ၁ဝဝဝကျော်လောက်က အိန္ဒိယကလာတဲ့ ရှားပါးတဲ့ နီလာနဲ့လုပ်ထားတယ်။ ကျွန်တော့်မျက်လုံးထဲက ကျောက်တစ်လုံးကို ယူပြီး သူ့အတွက် သွားပေးပေးပါ။ ကျောက်ကိုရောင်းပြီး အစာနဲ့ထင်းတွေကို သူဝယ်ပါစေ။ ပြီးတော့ ပြဇာတ်ကို ပြီးအောင်ရေးပါစေ"

"ချစ်လှစွာသော မင်းသား… ကျွန်တော်ဒီလိုလုပ်လို့ မဖြစ်ဘူး" ဆက်ရက်ငှက်က ငိုသံနဲ့ပြောတယ်။

"ဆက်ရက်လေး.. ကျွန်တော်ပြောတဲ့အတိုင်း လုပ်ပါ"

ဆက်ရက်ငှက်ဟာ မင်းသားရဲ့ မျက်လုံးတစ်လုံးကို ကိုက်ဖောက်ပြီး စာကြည့်ဆောင်ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ အိမ်ခေါင်မိုးပေါ်က အပေါက်ထဲကနေတစ်ဆင့် ဆက်ရက်ငှက်ဟာ အိမ်ထဲကို အလွယ်တကူ ဝင်ရောက်ခဲ့တယ်။ လူငယ်က ခေါင်းငုံ့ပြီး ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ထားတာကြောင်း ဆက်ရက်ရဲ့ တောင်ပံခတ်သံကို မကြားမိလိုက်ဘူး။ သူခေါင်းမော့် ကြည့်လိုက်တဲ့အချိန်မှာ လှပတဲ့ နီလာတစ်လုံးက သူ့ရှေ့က ညှိုးနွမ်းနေတဲ့ ပန်းခြောက်ပေါ် တင်နေတာကို တွေ့လိုက်တယ်။

"ငါ့ကို လူတွေစပြီး နှစ်သက်ပြီ ထင်တယ်။ ငါ့ကို အသိအမှတ်ပြုသူတစ်ဦးက ငါ့အတွက် ပို့လိုက်တာဖြစ်မယ်။ စာတွေကိုပြီးအောင် ငါဆက်ရေးနိုင်ပြီ" မျက်နှာပေါ်မှာ အပျော်ရိပ်တွေနဲ့ လူငယ်ပြုံးရွှင်ခဲ့တယ်။

နောက်တစ်နေ့မှာ ဆိပ်ကမ်းဘက် ဆက်ရက်လေး ရောက်သွားခဲ့တယ်။ သဘောင်္တစ်စီးရဲ့ ရွက်တိုင်မှာ ရပ်နားရင်း သဘောင်္သားတွေ ကြိုးနဲ့ သေတ္တာတွေ သယ်ယူနေတာကို ကြည့်နေခဲ့တယ်။

"ငါ အီဂျစ်သွားတော့မယ်" ဆက်ရက်ငှက်ရဲ့ စကားကို ဘယ်သူ့မှ ဂရုမစိုက်ခဲ့ကြဘူး။ တဖြေးဖြေး ကောင်းကင်ပေါ် လရောက်လာတဲ့အချိန်မှာ ပျော်ရွှင်ခြင်း မင်းသားရဲ့အပါး သူပြန်ရောက်လာခဲ့တယ်။

"ကျွန်တော် လာနှုတ်ဆက်တာပါ"

"ဟို ကွင်းပြင်တစ်ခုမှာ…." ပျော်ရွှင်ခြင်းမင်းသား စကားကို ဆက်ပြန်တယ်။

"မီးခြစ်ရောင်းတဲ့ ကလေးမတစ်ယောက် ရပ်နေတယ်။ မီးခြစ်တွေ မြောင်းထဲကျခဲ့လို့ ရောင်းလို့မရတော့ဘူး။ တကယ်လို့ အိမ်အပြန်မှာ ပိုက်ဆံမပါခဲ့ရင် သူ့အဖေက သူ့ကိုရိုက်တော့မယ်။ သူငိုနေတယ်။ ဖိနပ်မပါ၊ ခြေအိတ်မပါနဲ့ ဦးထုပ်တောင် သူဆောင်းမထားဘူး။ ကျွန်တော်ရဲ့ ကျန်နေတဲ့ မျက်လုံးတစ်လုံးကို ယူပြီး သူ့ကို သွားပေးပေးပါနော်။ ဒါမှ သူ့အဖေက သူ့ကို မရိုက်မှာ"

"ခင်ဗျားနဲ့ ကျွန်တော်ဒီတစ်ည ထပ်နေဦးမယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကျန်နေတဲ့ မျက်လုံးတစ်လုံးကိုတော့ ခင်ဗျားကန်းသွားမှာစိုးလို့ ကျွန်တော်မယူပါရစေနဲ့"

"ဆက်ရက်.. ဆက်ရက်လေးရေ.. ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်ပါ"

ပျော်ရွှင်ခြင်းမင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကိုက်ချီပြီး ကွင်းပြင်ဘက်စီ ဆက်ရက်လေး ပျံသွားခဲ့တယ်။ ကလေးမရဲ့ရှေ့ သူပျံဆင်းပြီး လက်ဖဝါးထဲ ကိုက်ချီလာတဲ့ ရတနာကို ထည့်ပေးလိုက်တယ်။

"လှလိုက်တဲ့ ဖန်သားတစ်စပါလား" အော်ဟစ်ပြီး အိမ်ဖက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးမလေး ပြေးသွားခဲ့တယ်။ ဆက်ရက်ငှက်လေး ပျော်ရွှင်ခြင်းမင်းသားဘေး ပြန်ရောက်လာခဲ့တယ်။

"အခု ခင်ဗျား ကန်းသွားပြီ။ ခင်ဗျားဘေးမှာ ကျွန်တော်တစ်သက်လုံး နေတော့မယ်"

"မဟုတ်သေးဘူး ဆက်ရက်လေး.. ခင်ဗျား အီဂျစ်ကို သွားပါ" သနားစရာကောင်းတဲ့ မင်းသားကပြောတယ်။

"ခင်ဗျားနားမှာပဲ ကျွန်တော်နေမယ်ဗျာ" ပြောပြောဆိုဆို မင်းသားရဲ့ ခြေရင်းမှာ ဆက်ရက်လေး အိပ်ချလိုက်တယ်။ အဲဒီနောက်မှာ ဆက်ရက်ငှက်ဟာ မင်းသားပုခုံးပေါ်မှာနားပြီး မြို့ပေါ်က သူတွေ့မြင်သမျှ အဖြစ်အပျက်တွေ မင်းသားကို ပြောပြခဲ့တယ်။

"ချစ်စရာကောင်းတဲ့ ဆက်ရက်လေးရေ… ထူးဆန်းအံ့သြတဲ့အဖြစ်တွေ ကျွန်တော့်ကို ခင်ဗျား အများကြီးပြောပြခဲ့တယ်။ ဒါပေမယ့် ပိုအံ့သြဖို့ကောင်းတဲ့ အရာတွေက ယောက်ျား၊ မိန်းမတွေအားလုံး ခံနေရတဲ့ ဆင်းရဲသောကတွေဖြစ်တယ်။ အဲဒီ ဆင်းရဲသောကတွေက ဘာနဲ့မှ နှိုင်းလို့မရခဲ့ဘူး။ ဆက်ရက်လေးရေ… မြို့ပေါ်တစ်ပတ်လောက် ဝဲပျံပြီး အမြင့်ကနေ မင်းမြင်သမျှ ငါ့ကို ပြောပြပေးပါနော်"

မြို့ကောင်းကင်ပေါ် ဆက်ရက်လေး တစ်ပတ်ပျံသန်းလိုက်တယ်။ ချမ်းသာသူတွေက လှပတဲ့ အိမ်ကြီးထဲမှာ ပျော်ပါးနေပြီး ဆာလောင်နေတဲ့ သူတောင်းစားတွေက တံခါးဝမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ မှောင်ရိပ်ကျတဲ့ လမ်းကျဉ်းထဲ ဆက်ရက်လေး ဆက်ပျံခဲ့တယ်။ ငတ်မွတ်ပြီး ဖြူရော်နေတဲ့ ကလေးငယ်တစ်ချို့ အလင်းရောင်မဲ့တဲ့ လမ်းမဖက်ကို ညှိုးငယ်စွာ လှမ်းကြည့်နေတာကို တွေ့လိုက်တယ်။ တံတားအောက်တစ်ခုမှာ ကလေးငယ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး အနွေးဓာတ် ပေးနေတာကို တွေ့လိုက်တယ်။

"ကျွန်တော်တို့ ဆာလိုက်တာ" ကလေးငယ်နှစ်ဦး ညည်းတွားနေခဲ့တယ်။

"မင်းတို့ ဒီမှာ မအိပ်ရဘူး" ကင်းလှည့်ရဲတွေက ကလေးနှစ်ယောက်ကို မောင်းထုတ်လိုက်ကြတယ်။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ကလေးနှစ်ဦး မိုးရေထဲ ထွက်သွားခဲ့တယ်။

မင်းသားဆီ ဆက်ရက်ငှက် ပျံလာခဲ့ပြီး သူတွေ့မြင်သမျှအားလုံး မင်းသားကို ပြောပြလိုက်တယ်။

"ငါ့ခန္ဓာကိုယ်ကို အကောင်းစားရွှေတွေနဲ့ ကွပ်ထားတယ်။ ရွှေတွေကို တစ်ချပ်ချင်းခွာယူပြီး ဆင်းရဲတဲ့လူတွေကို ပေးလိုက်ပါ။ ရွှေက သူတို့အတွက် အပျော်တွေ သယ်ဆောင်လာနိုင်တယ်ဆိုတာ အသက်ရှင်နေသူတိုင်း သိတယ်"

ရွှေတွေနဲ့ တောက်ပြောင်ဝင်းဝါခဲ့တဲ့ မင်းသားရဲ့ခန္ဓာကိုယ် မှေးမှိန်သွားတဲ့အထိ မင်းသားကိုယ်ပေါ်က ကွပ်ထားတဲ့ ရွှေတွေကို ဆက်ရက်ငှက် တစ်ချပ်ချင်း ခွာယူခဲ့တယ်။ ပြီးတော့ ရွှေချပ်တွေကို ဆင်းရဲသူတွေရဲ့လက်ထဲ အရောက်ပို့ပေးခဲ့တယ်။ ကလေးငယ်တွေရဲ့မျက်နှာ သွေးရောင်လွှမ်းလာခဲ့ပြီး လမ်းမထက်မှာ သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ဟစ်အော်ကစားနိုင်ခဲ့ကြတယ်။

အဲဒီနောက် နှင်းတွေကျခဲ့တယ်။ သနားစရာကောင်းတဲ့ ဆက်ရက်လေး အေးသထက်အေးလာတဲ့ အအေးဒဏ်ကို ခံခဲ့ရတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းမင်းသားရဲ့ အပါးကနေ သူမခွာခဲ့ဘူး။ မင်းသားကို သူအရမ်း နှစ်သက်ခဲ့မိလို့ဖြစ်တယ်။ နောက်ဆုံးမှာ အအေးဒဏ်ကို မခံနိုင်ဘဲ သေရတော့မယ်မှန်း ဆက်ရက်လေး သိနေခဲ့တယ်။ မင်းသားပုခုံးပေါ် တစ်ခါလောက် နောက်ဆုံးပျံတက်နိုင်တဲ့ အင်အားပဲ သူ့မှာရှိခဲ့တယ်။

"နှုတ်ဆက်ခဲ့ပါတယ် ချစ်လှစွာသောမင်းသား… ခင်ဗျားရဲ့ လက်ကို ကျွန်တော် နမ်းလို့ရမလား?"

"အီဂျစ်ကို ခင်ဗျား သွားလို့ရပြီပေါ့။ ကျွန်တော်ဝမ်းသာပါတယ် ဆက်ရက်လေး.. ဒီနေရာမှာ ခင်ဗျားတော်တော် ကြာခဲ့တယ်။ ခင်ဗျားကို ကျွန်တော်ချစ်လို့ ကျွန်တော်နုတ်ခမ်းကိုပဲ နမ်းပါ ဆက်ရက်လေး…"

"ကျွန်တော်သွားမယ့်နေရာက အီဂျစ်မဟုတ်ဘူး။ သေမင်းဆီကို ကျွန်တော်သွားမလို့။ သေတာက မနိုးသော အိပ်စက်ခြင်းရဲ့ ညီအစ်ကိုလေ.. ဟုတ်တယ် မဟုတ်လား?"

မင်းသားရဲ့ နုတ်ခမ်းကို နမ်းပြီး ဆက်ရက်လေးဟာ မင်းသားရဲ့ ခြေရင်းအောက် ပြုတ်ကျ သေဆုံးသွားခဲ့တယ်။

အဲဒီအချိန်မှာပဲ ရုပ်တုရဲ့ ခန္ဓာထဲကနေ ကွဲအက်သွားတဲ့ အသံတစ်သံ ထွက်လာခဲ့တယ်။ တစ်စုံတခု ကွဲအက်သွားတဲ့ အသံမျိုး… အမှန်က သံထည်နဲ့လုပ်ထားတဲ့ မင်းသားရဲ့နှလုံးသား ထက်ခြမ်းကွဲသွားတာဖြစ်တယ်။ ဒါဟာ တကယ့်ကြောက်မက်ဖွယ်ကောင်းတဲ့ ဆောင်းည တစ်ညမှာ ဖြစ်ခဲ့တယ်။

နောက်တစ်နေ့ မနက်စောစောမှာ မြို့ထဲက လူတစ်ချို့ မင်းသားရဲ့ ရုပ်တုကို ဖြိုလိုက်ကြတယ်။

"ရုပ်တုက လှလည်း မလှတော့ဘူး၊ အသုံးလည်း မဝင်တော့ဘူး"

တက္ကသိုလ်က အနုပညာဆရာတစ်ဦးက ဆိုတယ်။

အဲဒီနောက် ရုပ်တုကို မီးရှို့အရည်ဖျော်လိုက်ကြတယ်။ မြို့တော်ဝန်က အစည်းအဝေးတစ်ခုလုပ်ပြီး အဲဒီ သံဖျော်ရည်ကို ဘယ်လိုစီမံကြမလဲလို့ ဆုံးဖြတ်ခဲ့ကြတယ်။

"ငါတို့ နောက်ထပ်ရုပ်တု တစ်ခုလုပ်ကြမယ်။ အဲဒီရုပ်တုက ငါ့ရုပ်တုပဲ ဖြစ်ရမယ်" မြို့တော်ဝန်က ပြောပါတယ်။

"ငါ့ရုပ်တုကွ"

အကြံပေး ပုဂ္ဂိုလ်တွေက သူ့ရုပ်တု၊ ငါ့ရုပ်တုနဲ့ လုကြရင်း သူတို့ငြင်းခုံခဲ့ကြတယ်။ လူတွေက သူတို့အကြောင်းကို ပြောခဲ့ကြလည်း ငြင်းခုံတာကို သူတို့မရပ်ခဲ့ကြဘူး။

"သိပ်ထူးဆန်းဖို့ ကောင်းတာပဲ။ ဒီကွဲနေတဲ့ နှလုံးက အိုးထဲထည့်လိုက်တာတောင် အရည်မပျော်နိုင်ဘူး။ ပစ်ထုတ်လိုက်ရအောင်ကွာ" သံရည်ဖျော်လုပ်သားက ပြောပြောဆိုဆို မင်းသားရဲ့ အက်နေတဲ့ နှလုံးသားကို အမှိုက်ပုံတစ်ခုထဲ ပစ်ထုတ်လိုက်တယ်။ အဲဒီအမှိုက်ပုံမှာပဲ သေနေတဲ့ ဆက်ရက်လေးတစ်ကောင် လဲလျောင်းနေခဲ့တယ်။

"မြို့ထဲက တန်ဖိုးအရှိဆုံး အရာနှစ်ခု ငါ့ကို ယူလာပေးကြပါ"

ဘုရားသခင်က နတ်သားတစ်ပါးကို ခိုင်းစေလိုက်တယ်။ နတ်သားက အမှိုက်ပုံဘေးမှာ ကျနေတဲ့ ဆက်ရက်ငှက်နဲ့ နှလုံးသားကို ကောက်ယူပေးလိုက်တယ်။

"မင်း ရွေးတာမှန်သွားပြီ။ ငါ့ကောင်းကင်ဘုံ ဥယျာဉ်မှာ ငှက်တွေအမြဲတမ်း သီချင်းဆိုလို့ရတယ်။ ငါ့ ရွှေရောင်နန်းတော်မှာ ပျော်ရွှင်ခြင်းမင်းသား ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်လို့ရတယ်"


ချယ်ရီသစ္စာ

တစ်ခါက မြို့တစ်မြို့တွင် တစ်ဦးကိုတစ်ဦး အရမ်းချစ်သော ချစ်သူနှစ်ဦးရှိသည်။ ကောင်လေးမှာ မကြာခင် စစ်မြေပြင်သို့ ရှေ့တန်းထွက်ရမည်။ ရှေ့တန်းမထွက်ခင် ချယ်ရီပျိုးပင် တစ်ပင်ကိုယူပြီး ချစ်သူနှစ်ဦး သစ္စာဆိုကြသည်။ သစ္စာဆိုထားသော ချယ်ရီပင်ကိုလည်း မြို့အပြင် ရေကန်ကြီး တစ်ကန်ဘေးတွင် စိုက်ခဲ့ကြသည်။ ကောင်လေးစစ်မြေပြင်သို့ ထွက်သွားပြီးနောက် ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုစောင့်ရှောက်ရင်း ကောင်လေးအပြန်ကို စောင့်မျှော်နေခဲ့သည်။ ချယ်ရီပင် ကြီးထွားရှင်သန် လာသည်နှင့်အမျှ ကောင်လေးအပေါ်ပြုခဲ့သော သူမ၏သစ္စာသည်လည်း ပိုမိုခိုင်မြဲလာခဲ့သည်။ ကောင်လေး ဘေးမသီ ရန်မခ ပြန်လာနိုင်စေရန် နေ့တိုင်း သူမဆုတောင်း သစ္စာဆိုခဲ့သည်။

စစ်ပြီးဆုံးသွားသော်လည်း ကောင်လေး ပြန်မလာခဲ့။ သို့သော် ပြုခဲ့သော ဂတိသစ္စာစကားအတိုင်း ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုရင်း ကောင်လေးပြန်အလာကို စောင့်မျှော်နေခဲ့သည်။ ငါးနှစ်ဆိုသောအချိန်ကို သူမတစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။

လက်လျော့လိုက်ရန် လူအများက သူမကို ဖျောင်းဖျကြသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကောင်လေးပြန်လာမည်ဟု သူမ ယုံကြည်မိနေသည်။ အရွယ်ရောက်နေပြီဖြစ်သော သူမကို အိမ်ထောင်ချပေးရန် မိဘများက အတင်းအကျပ် စီစဉ်ကြသည်။ မင်္ဂလာ မဆောင်ခင် တစ်ညနေတွင် သူမ အိမ်ကထွက်ပြေးခဲ့သည်။ "မိဘမျက်နှာကို အိုးမည်းသုတ်သော သမီး" ဟုဆိုကာ အိမ်က သူမကို လုံးဝ ပြန်မခေါ်တော့။ စိတ်၏ငြိမ်းချမ်းခြင်းကို ရသွားဟန်တူသော သူမသည် ရေကန်နားရှိ ချယ်ရီပင်ဘေးတွင် တဲငယ်လေး ထိုးပြီးနေခဲ့သည်။

(၁ဝ)နှစ်... အနှစ်(၂ဝ).. အချိန်များ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ လူအများက ထိုအဖြစ်ကို မေ့လျော့ကုန်ကြပြီ။ သို့သော် ကောင်လေးပြန်အလာကို ချယ်ရီပင်အောက်တွင် သူမ စောင့်မျှော်နေဆဲ... သွက်လက်သော သူမခြေလှမ်းများ လေးသွဲ့ခဲ့သည်။ မဲနက်သော ဆံပင်များ ဖြူဖွေးခဲ့သည်။ ဇာရာ၏ အရိပ်လဏ္ခာများက သူမ၏မျက်နှာကို အရစ်အစင်းအဖြင့် ကန့်လန့်ဖြတ်ခဲ့သည်။ သို့သော် ကောင်လေးနှင့် အတူပြုခဲ့သော သူမ၏သစ္စာမှာ ပြောင်းလဲမသွားခဲ့။ နေ့ထွက်မှ နေဝင်သည့်တိုင် ချယ်ရီပင်အောက်တွင် သူမနေ့တိုင်း စောင့်နေခဲ့မိသည်။

သစ္စာတရားကို ပွေ့ဖက်ပြီး ကောင်လေးပြန်အလာကို စောင့်မျှော်ရင်း အထီးကျန်စွာ သူမကွယ်လွန်သွားခဲ့သည်။ သူမအဖြစ်ကို သိသူအချို့က ချယ်ရီပင်အောက်တွင် သူမကို မြုပ်နှံသင်္ဂြိုလ်ပေးလိုက်ကြသည်။ ထူးဆန်းစွာပင် ထိုနေ့မှစ၍ နွေမိုးဆောင်း ပြောင်းလဲသည့်တိုင် ထိုချယ်ရီပင်ရှိ အရွက်များသည် ခြောက်သွေ့ညှိုးနွမ်း ကြွေကျခြင်း မရှိတော့။ သူမကို ထိုအပင်အောက်တွင် မြုပ်နှံလိုက်သည့် အချိန်မှစ၍ ထိုပတ်ဝန်းကျင်ရှိ အချိန်သည် လုံးဝရပ်တန့်သွားဟန်တူသည်။

ထိုနေ့မှာစ၍ ရေကန်ဘေးတွင် ရာဇဝင်တစ်ခုတွင်ခဲ့သည်။ ထိုချယ်ရီပင်တွင် လာရောက်သစ္စာဆို ဆုတောင်းသော ချစ်သူမောင်နှံတိုင်း ဆန္ဒပြည့်ဝပြီး သစ္စာမြဲခဲ့ကြသည်။ ဘဝတွင် ပျော်ရွှင်စွာ ပေါင်းဖက်ကြရသည်။

အရိပ်ကောင်းသော သစ်ပင်ရိပ်တွင် ကျွန်တော်တို့ လူငယ်တစ်သိုက် အဘသွင်ကို ဝိုင်းဖွဲ့ပြီး ထိုင်နေကြသည်။ အဘသွင်မှာ ပုံပြောအပြီး မောသွားဟန်တူသည်။ ရေနွေးကြမ်းကို ကောက်ယူသောက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ပုံပြင်အဆုံးတွင် မိဆိုးလက်ကို ကျွန်တော်တင်းတင်းလေး ဆုတ်ကိုင်ထားမိသည်။ မိဆိုးလည်း ကျွန်တော့်စိတ်ကို နားလည်သည့်အလား ကျွန်တော့်လက်ကို တင်းတင်းပြန်ဆုတ်ကိုင်ထားသည်။

တကယ်တော့ အဘသွင်ပြောသော ပုံပြင်ကို ပထမဆုံးအကြိမ် ကျွန်တော်တို့ နားထောင်ဖူးကြသည် မဟုတ်ပါ။ ဤပတ်ဝန်းကျင်ရှိ ကျွန်တော်တို့အရွယ် လူငယ်များက အဘသွင်၏ပုံပြင်ကို နားထောင်ပြီး ကြီးပြင်းလာကြသူများဖြစ်သည်။ ယနေ့ထပ်နားထောင်သော ပုံပြင်သည် ကျွန်တော့်အတွက် ပိုအဓိပ္ပါယ်ရှိနေသည်။ မကြာမီ ကျွန်တော် ရှေ့တန်းထွက်ရတော့မည်ကြောင့် ဖြစ်သည်။ ကျွန်တော် ဘယ်အချိန် ပြန်ရောက်မည်ကို မသိ။ မိဆိုးကလည်း လိုက်မပို့ဟုဆိုသည်။ ကျွန်တော်သွားလိုက်လျှင် ချယ်ရီပင်အောက်တွင် သူမ သွားရောက်ဆုတောင်းမည်ဟု ဆိုသည်။ သို့သော် ပုံပြင်ထဲက ကောင်မလေးလို သူမ တုံးအလိမ့်မည် မဟုတ်မှန်း ကျွန်တော်သိသည်။ ဘဝတစ်ခုလုံးနှင့် ရင်းပြီး လူတစ်ယောက်ကို မည်မျှချစ်ကြောင်း သက်သေပြစရာမလိုပေ။ ထိုအပြုအမှုကို ကိုယ်ချစ်သောသူ သိပါက စိတ်မကောင်းရုံပင်ဖြစ်မည်။

"ဒါဆို ဟိုကောင်လေး ဘယ်ရောက်သွားလဲ"

ထိုပုံပြင်ကို နားထောင်ဖူးသူတိုင်း ပုံပြင်အဆုံးတွင် မေးတတ်သော မေးခွန်းဖြစ်သည်။ ပထမဆုံးအကြိမ် နားထောင်ဖူးသည့် အချိန်မှစပြီး ယနေ့ထက်ထိ ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေကြဆဲ.. ထိုမေးခွန်းကို မေးတိုင်း အဘသွင်မှာ ပြုံးလျှက်ခေါင်းခါမြဲ။ ထို့နောက် တုတ်ကောက်ကို အားပြုပြီး နေရာမှ ထထွက်သွားတတ်သည်။

စစ်ပွဲမှာ ကောင်လေးကျဆုံးသွားလို့လား? တစ်ခြားကောင်မလေးနဲ့ အိမ်ထောင်ကျသွားလို့လား? ဒဏ်ရာရပြီး ပြန်မလာနိုင်တာလား? စသည်ဖြင့် ကျွန်တော်တို့ ခန့်မှန်းကြမြဲ။ ပုံပြင်ဆုံးတိုင်း ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေမြဲ၊ တစ်ချိန်ချိန်တွင် အဘသွင် ပြန်ဖြေမည်ဟုလည်း ကျွန်တော်တို့ မျှော်လင့်နေမြဲ...။ ထိုအဖြေမှာ ကျွန်တော်တို့ ခန့်မှန်းသည်ထက် ပိုစိတ်ဝင်စားဖွယ်ကောင်းမည်ဟု ကျွန်တော်တို့ ထင်ခဲ့ကြသည်။

"ဒီမေးခွန်းကို ကျွန်တော်ဖြေပါရစေ"

အသံလာရာဆီသို့ ကျွန်တော်တို့အားလုံး လှည့်ကြည့်မိကြသည်။ ကျွန်တော်တို့အရွယ် မျက်နှာစိမ်း လူငယ်တစ်ဦး၊ အဘသွင် ပုံစပြောကတည်းက မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ ခရီးသွားလမ်းလွဲ သစ်ပင်အောက်တွင် ခဏအနားယူသူအဖြစ် သူ့ကို ကျွန်တော်တို့ သတိမထားမိခဲ့ခြင်းဖြစ်သည်။ လူတွေအားလုံး သူ့ကို စိတ်ဝင်တစား ကြည့်နေမိသည်။

"ကျွန်တော့်ကို ကြည့်နေမလား? ကျွန်တော့်အဖြေကို နားထောင်မလား?"

"နားထောင်မှာပေါ့" ခပ်ဟဟ လှမ်းပြောလိုက်သော သူ့စကားကြားမှာ ကျွန်တော်တို့အားလုံး အသိဝင်လာကြသည်။ အဖြေခက်သော ပုစ္ဆာတစ်ပုဒ်၏ အဖြေကို ကျွန်တော်တို့ စောင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ ထိုအဖြေကို ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့ နားထောင်ချင်ခဲ့ကြသည်။

"အင်း... အချိန်တန်ပြီထင်တယ်။ အဘနောက် လိုက်ခဲ့ပါ သူငယ်.. ဒီအဖြေ သူ့ကိုအရင်ပြောပြမှဖြစ်မယ်"

တုတ်ကောက်ကို အားပြုပြီး အဘသွင် ထရပ်လိုက်သည်။ လူငယ်ကိုခေါ်ပြီး ချယ်ရီပင်ရှိရာဖက် ဦးဆောင်လိုက်သည်။ လူငယ်မှာ အရာရာကို ကြိုသိထားသည့်အလား ဘာမေးခွန်းမျှ ထုတ်မနေဘဲ အဘသွင်ခေါ်ရာနောက် လိုက်ခဲ့သည်။ ကျွန်တော်နှင့် မိဆိုးလည်း အချင်းချင်း လက်ကုတ်ပြီး သူတို့နောက် တိတ်တဆိတ် လိုက်ခဲ့ကြသည်။

မြို့ပြင် ရေကန်ဘေးရှိ ချယ်ရီပင်အောက်တွင် သူတို့ရပ်လိုက်ကြသည်။ ချယ်ရီပင်မှာ စိမ်းလန်းစိုပြေနေပြီး အပင်အောက်တွင် ရွက်ကြွေများ လုံးဝရှိမနေပေ။

"ဒီအပင်လား? သူတို့သစ္စာဆို စိုက်ပျိုးခဲ့ကြတာ"

"ဟုတ်တယ်။ ဒီချယ်ရီပင်ပဲ"

"ဒီလိုဆိုရင် ကျွန်တော်ဘယ်သူလဲဆိုတာ အရင်ဆုံး မိတ်ဆက်ပါရစေ"
အရိပ်ကောင်းသော နေရာတစ်ခုတွင် အဘသွင်ကို ထိုင်ခိုင်းပြီး လူငယ်ကပြောသည်။

"မိတ်ဆက်စရာမလိုပါဘူး။ ပုံပြင်ရဲ့အဆုံးကိုပဲ အရင်ပြောပါ"

ကျွန်တော်တို့ထက် အဘသွင်က ပိုစိတ်စောနေသည်။ လူငယ်မှာ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း စကားစသည်။

ကောင်လေးမှာ ရှေ့တန်းတွင် ကျဆုံးသွားသည် မဟုတ်။ စစ်ပြီးချိန်ထိ ဘေးမသီရန်မခ အသက်ရှင်နေခဲ့သည်။ စစ်ပြီးလျှင် ချစ်သူနှင့်အတူ သစ္စာဆိုခဲ့သော နေရာသို့ ပြန်ပြီး ချစ်သူနှင့်တွေ့ရတော့မည်။ သို့သော် သူလုံးဝ မပျော်ခဲ့ပါ။ အကြောင်းမှာ စစ်အတွင်း သူတို့စခန်းချသောရွာကို ရန်သူများအလစ်ဝင်ရောက် တိုက်ခိုက်ကြသည်။ ရန်သူကို ခုခံကာကွယ်ရင်း ရွာသူတစ်ဦးကို သူ့ကျည်ဆန် မတော်တဆ ထိမှန်ခဲ့သည်။ ထိုရွာသူမှာ အသက်မသေသော်လည်း ဒုက္ခိတဘဝသို့ ရောက်ခဲ့ရသည်။ ကောင်လေးမှာ သူ့ကြောင့်ဖြစ်သည်ဟုဆိုကာ ထိုရွာသူကို တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့သည်။

ရဲဘော်ရဲဘက်များက သူမ၏ကံတရားကြောင့်ဟု ဖျောင်းဖျခဲ့သော်လည်း အမှားတစ်ခုမှ နောက်ထပ် အမှားမထပ်ရအောင် သူမ ဘဝကိုတာဝန်ယူရန် သူဆုံးဖြတ်လိုက်သည်။ ထိုရွာသူကို သူလက်ထပ်ယူခဲ့ပြီး တိုက်ပွဲတွင် သူကျဆုံးသွားပြီဟု ထင်စေချင်သောကြောင့် ချယ်ရီပင်အောက်တွင် သူ့အပြန်ကို စောင့်နေမည့် သူမကို အကြောင်းမကြားခဲ့မိခြင်းဖြစ်သည်။

မလှုပ်မရှားနိုင်သော သူမကို ပြုစုစောင့်ရှောက်ရင်း အချိန်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ်ကြာမှာ သူ့ဒိုင်ယာရီကို အိမ်သားများက အမှတ်မထင် တွေ့မိခဲ့ကြသည်။ စာအုပ်ထဲတွင် ချယ်ရီပင်နှင့် သစ္စာဆိုခဲ့သော ကောင်မလေးကို တစ်နေ့မှ သူမမေ့ကြောင်း၊ အမှားတစ်ခုကြောင့် သူနှင့်သူမ ဝေးခဲ့ရကြောင်း၊ နောက်ဆုံးထွက်သက်ထိ သူမကို အောက်မေ့ရကြောင်း .. ရေးထားသည်။

"စာအုပ်က ဒီမှာပါ" အိတ်ထဲမှ စာအုပ်တစ်အုပ်ကို လူငယ်က ထုတ်ပေးသည်။

"ကျွန်တော် ပြောစရာရှိသေးတယ်။ ကျွန်တော် အဖေဆုံးတဲ့အထိ သူချစ်တဲ့ ကောင်မလေးကို သစ္စာမဖောက်ခဲ့ဘူး။ ကျွန်တော့်မေမေကို လက်ထပ်ယူခဲ့တယ်လို့သာ ပြောတယ် မောင်နှမလို အချစ်မျိုး၊ အားပေးဖော်အဖြစ်နဲ့သာ သူတို့နေခဲ့ကြတယ်။ ကျွန်တော်က သူတို့ရဲ့မွေးစားသားပါ"

"အင်း.. နင်လည်း စိတ်ချလက်ချသွားတော့။ သူ့စိတ်က နင့်အနားမှာပဲ သစ္စာရှိရှိ ရှိနေခဲ့တယ်" ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ချယ်ရီပင်ကို အဘသွင် ပွတ်သပ်နေသည်။

"ကျွန်တော်ပြောဖို့ တစ်ခုကျန်သေးတယ်"
အိတ်ထဲက အိုးတစ်လုံးကို ထုတ်ရင်း လူငယ်က ပြောသည်။
" ဒါ ကျွန်တော့်မွေးစားအဖေရဲ့ ပြာအိုးပါ။ တစ်နေရာတည်းမှာ အတူမြုပ်ဖို့ အမေက မှာလိုက်တယ်"

"ဒီသစ်ပင်အောက်မှာပဲ မြုပ်လိုက်ပါ။ ဒီနေရာမှာပဲ သူ့ကိုမြုပ်ခဲ့တာပါ"
ဒိုင်ယာရီစာအုပ်နှင့် ပြာအိုးကို ချယ်ရီပင်အောက်တွင် သူတို့မြုပ်နှံလိုက်ကြပြီး လူငယ်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ အဘသွင်မှာ သစ်ပင်ခြေရင်းတွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ မြူမှုန်လား၊ မီးခိုးလားမသိ မှုန်ဝါးဝါး အငွေ့တစ်ချို့က ရေကန်နှင့် သစ်ပင်တစ်ဝိုက်တွင် တခဏမျှ အုံ့ဆိုင်းသွားခဲ့သည်။

မိဆိုးမှာ ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ရအောင်ဟုဆို၏။ ထိုနေရာမှ လှည့်အထွက် ချယ်ရီပင်၏ တစ်ဖက်ခြမ်းတွင် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဖြေးဖြေးချင်း လျှောက်သွားနေသော လူရိပ်နှစ်ရိပ် ကျွန်တော်မြင်လိုက်သည်။ ကျွန်တော်ကပဲ အကြည့်မှားတာလား... မိဆိုးကိုမေးတော့....
"ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ "သူတို့"ကို သွားမနှောင့်ယှက်ဘူးလေ"

မိဆိုးစကားကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။ သူတို့လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းလွမ်းနေမှာကို ကျွန်တော် ကိုယ်ချင်းစာမိသည်။

မကြာမီ ကျွန်တော်ရှေ့တန်းထွက်ရသည်။ မိဆိုးက သူပြောခဲ့သည့်အတိုင်း ကားတန်းရှိရာသို့ လိုက်မပို့ခဲ့သော်လည်း ချယ်ရီပင်အောက်တွင် သူမ သစ္စာဆို ဆုတောင်းနေမည်ကို ကျွန်တော်သိနေခဲ့သည်။

တစ်လအကြာတွင် မိဆိုးဆီက စာတစ်စောင်ကို ကျွန်တော်လက်ခံရရှိခဲ့သည်။ စာထဲတွင် အဘသွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ အိပ်ရက်နှင့် အေးချမ်းစွာ သေဆုံးသွားကြောင်း၊ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးနှင့် သေဆုံးသွားကြောင်း ရေးထားသည်။

အဘသွင် မကွယ်လွန်ခင်က မိဆိုးကို စာတစ်စောင် ပေးခဲ့သည်ဟု ဆို၏။ သူ့ကို သင်္ဂြိုလ်ပြီးမှ ဖွင့်ကြည့်ပါဟု မှာခဲ့သည်။ စာထဲတွင် အဘသွင်မှာ တစ်ချိန်က မင်္ဂလာဆောင်ရန် စီစဉ်ထားပြီးခါမှ ပွဲပျက်ခဲ့ရသော သတိုးသားလောင်းဖြစ်ကြောင်း၊ သစ္စာကြီးသော သူမကိုယူဖို့ ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရမိကြောင်း၊ သူမကို မတားနိုင်ခဲ့သည့်အတွက်လည်း လွန်စွာ နောင်တရမိကြောင်း၊ သူမကို မပိုင်ဆိုင်ရသော်လည်း စောင့်ရှောက်ရန် သူကြိုးစားခဲ့ကြောင်း၊ သူတို့အဖြစ်ကို ရာဇဝင်ပုံပြင်သဖွယ် တွေ့သမျှလူတွေကို သူပြောပြခဲ့သည်မှာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုကောင်လေးနားသို့ ရောက်ပြီး ချယ်ရီပင်အောက်တွင် သူမစောင့်နေသည်ကို သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း၊ ယခုအခါ သူတို့ချစ်သူနှစ်ဦးမှာလည်း တမလွန်တွင် ပေါင်းဖက်နေရပြီဖြစ်သောကြောင်း သူကျေနပ် စိတ်ချသွားပြီဖြစ်ကြောင်း ရေးထားသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ စောင့်စားခဲ့သော ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်ကို အခုမှ ကျွန်တော်သိလိုက်ရသည်။ ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ်၊ အဘသွင်ပဲဖြစ်ဖြစ် နောက်ပြီး ရွာသူကောင်မလေးပဲဖြစ်ဖြစ် သူတို့သည် အချစ်ကို နားလည်ကြသူများဖြစ်သည်။ အချစ်ကို အချစ်ဖြင့် ချစ်ခဲ့ကြသော အချစ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ ပုံပြင်တစ်ပုဒ်လုံးကို သိပြီးချိန်တွင် အမည်မသိသော ဝေဒနာတစ်ခု ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့သည်။ မိဆိုး၏ စာအောက်တွင် စာကြွင်းအဖြင့် ဤသို့ရေးထားသေးသည်။

"မောင်.... ဘာအကြောင်းပဲဖြစ်ဖြစ် အရေးမကြုံခဲ့ရင် သေနတ်ကို လျှောက်မပစ်ပါနဲ့နော်" ဟူတည်း။

No comments: