Saturday, December 13, 2008

ကျိန်စာသင့် မျက်နှာဖုံး

တစ်ခါက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ မျက်နှာဖုံးတစ်ခု လမ်းတစ်နေရာမှာ ကျကျန်ခဲ့တယ်။ ကျခဲ့တဲ့ မျက်နှာဖုံးကို ကောင်မလေးတစ်ယောက်က ကောက်ယူကြည့်ပြီး မျက်နှာပေါ် တပ်လိုက်မိတယ်။ တပ်ကြည့်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးဟာ ကျိန်စာမိသွားတဲ့အလား မျက်နှာဖုံးကို ပြန်ချွတ်မရဖြစ်ခဲ့တယ်။ ကောင်မလေးဟာ ကြောက်လန့်တကြား အိမ်ကို အပြေးပြန်ပြီး မိခင်ကိုရှာခဲ့တယ်။ မိခင်ကသူ့ကို မမှတ်မိတဲ့အပြင် ရွာကလူတွေနဲ့ပေါင်းပြီး သူ့ကို မကောင်းဆိုးဝါးအထင်နဲ့ ရွာပြင်ကို မောင်းထုတ်ခဲ့တယ်။

သနားစရာ ကောင်မလေးဟာ ရွာပြင်မှာ တစ်ယောက်တည်း ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့တယ်။ ကောင်မလေးကို မှတ်မိတယ်ဆိုလို့ ငယ်ပေါင်း ကစားဖော် ကစားဖက် ကောင်လေးတစ်ယောက်ပဲရှိခဲ့တယ်။ နောက်ဆုံးတော့ ကောင်လေးရဲ့အကူနဲ့ ကောင်မလေးကို လူတွေက အယုံအကြည် ရှိလာခဲ့တယ်။ နောက်ဆုံးမှာ ကောင်မလေး မျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်လိုက်နိုင်ခဲ့တယ်။


"မနက်ဖြန် ငါ့ကို လေယာဉ်ကွင်း လိုက်ပို့အုန်းမလား" သူမနားနား သူတိုးတိုးလေး ကပ်မေးလိုက်တယ်။

"ဟင့်အင်း.. ငါငိုမိမှာ.. " နုတ်ခမ်းလေးစူပြီး ငိုမဲ့မဲ့ပြောတဲ့ သူမပုံစံက သူ့ကိုပိုအချစ်ပိုစေခဲ့တယ်။

သူနဲ့ သူမက နှစ်ဖက်လူကြီးသဘောတူ စေ့စပ်ထားတဲ့ ချစ်သူနှစ်ဦးဖြစ်တယ်။ အလုပ်ကိစ္စကြောင့် နိုင်ငံရပ်ခြားမှာ တစ်နှစ်ကြာ သူသွားရောက် နေထိုင်ရတော့မယ်။ ဖြစ်နိုင်ရင် သူမကို သူနဲ့အတူ ခေါ်သွားချင်ပေမယ့် သူမ မိဘတွေက ခွင့်မပြုခဲ့ဘူး။

"နင် ဟိုကိုရောက်ရင် ငါ့ကို လွမ်းနေနော်"

"နင်ကလွဲရင် ငါဘယ်သူ့ကိုမှ မလွမ်းဘူး"

"တကယ်နော်.."

"အင်း.. ဂတိ"

သူမ နှာခေါင်းကို သူ ချစ်စနိုး လိမ်ဆွဲလိုက်တယ်။ အတားအဆီးမဲ့ မျက်ရည်တွေက နီစွေ့နေတဲ့ သူမပါးပြင်ပေါ် အလိုက်မသိ စီးဆင်းလာခဲ့တယ်။ သူမကြောင့် ဒီအလုပ်ကို သူလက်လွတ်ဖို့ ကြိုးစားခဲ့သေးတယ်။

"မငိုနဲ့နော်.. နင့်အနား ငါအမြန်ဆုံး ပြန်ခဲ့မှာပါ။ ပြီးရင် ငါတို့လက်ထပ်ကြမယ်။ အဲဒီနောက် ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး"

"အင်း... ပါ " ငိုသံတစ်ဝက်နဲ့ စကားလုံးတစ်ချို့ သူမနုတ်ခမ်းဝမှာ တစ်ဆို့နေခဲ့တယ်။

"နင်ငိုတော့ ငါစိတ်မကောင်းဘူး။ နင့်ကို ငါအရမ်းချစ်တယ်"

"ငါလည်း နင့်ကို အရမ်းချစ်တယ်" ဒီတစ်သက် ဒီဘဝ သူမကိုပဲ သူချစ်ခဲ့တယ်။

သူ နိုင်ငံခြားထွက်ပြီး လအတန်ကြာမှာ ကြိုတင်တွက်ဆမထားတဲ့ ကံကြမ္မာဆိုးတစ်ခု သူမဆီ ဆိုက်ဆိုက်မြိုင်မြိုင် ရောက်လာခဲ့တယ်။ သူငယ်ချင်းနဲ့အတူ လျှောက်လည်တဲ့လမ်းမှာ သူမ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်။ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သူမ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့တယ်။ မအောင်မြင်တဲ့ ခွဲစိပ်ကုသမှုမှာ မသပ်ရပ်တဲ့ ချုပ်ရိုးတွေကြောင့် သူမမျက်နှာ ပိုအကျည်းတန်ခဲ့ရတယ်။ လှပတဲ့မျက်နှာတစ်ခု ပျောက်ဆုံးခဲ့ရလို့ နေ့နေ့ညည သူမ ငိုခဲ့တယ်။ မကောင်းဆိုးဝါး တစ်ကောင်လို့ မလှပတဲ့ မျက်နှာနဲ့ အသက်ဆက်ရှင်ဖို့ သူမ ဝန်လေးခဲ့မိပေမယ့် သူငယ်ချင်းတွေရဲ့ အားပေးမှု၊ မိဘတွေရဲ့ ဖေးမမှုအောက်မှာ ရှင်သန်ဖို့ သူမ ကြိုးစားခဲ့တယ်။

"သူ့ဆီ အီးမေးလ်ပို့ ဆက်သွယ်မလား?"

မျက်နှာပေါ်က ဒဏ်ရာတင်မက လူတွေနဲ့မခေါ် မပြောရဲလောက်အောင် စိတ်ဓာတ်ကျ အားငယ်ပြီး စိတ်ဒဏ်ရာပါ ရသွားတဲ့ သူမကို သူငယ်ချင်းတွေက အကြံပေးတယ်။ ကိုယ့်ရဲ့အချစ်ဆုံးကိုတောင် အဆက်အသွယ် မလုပ်ရဲလောက်အောင် သူမ ကြောက်နေမိတယ်။

"သူ အရမ်းစိတ်ပူနေတယ်။ နင် ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သူအရမ်းသိချင်နေတယ်"

"သူ့ကိုငါ အမှန်အတိုင်းပြောရမလား? ဒီမျက်နှာနဲ့ သူ့ကို ငါဘယ်လို သွားပြောမလဲ? အဖေအမေတို့ကတောင် ငါ့ကို လက်မခံနိုင်တော့တာ သူဆိုရင် ပိုဆိုးမှာပေါ့။ သူနဲ့ငါ မျက်နှာချင်း မဆိုင်ရဲဘူး"

ပုံပျက်နေတဲ့ မျက်နှာကို လက်နဲ့စမ်းရင်း အရူးတစ်ယောက်လို သူမ အော်ဟစ်မိတယ်။ အရင်လို မလှပတော့တဲ့ သူမကို သူ ခံစားနိုင်ဦးမလား? သူ ချစ်နိုင်ဦးမလား? သူ လက်ထပ်နိုင်ဦးမလား? သူမ ဘာကိုမှ ဆက်မတွေးရဲခဲ့တော့ပါဘူး...

"ဒါဟာ နင့်အပေါ်ထားတဲ့ သူ့သဘောထားကို စမ်းသပ်မဲ့အချိန်ပေါ့"

သူငယ်ချင်းတွေရဲ့ တိုက်တွန်းစကားကြောင့် သူ့ကို သူမ ပြန်ဆက်သွယ်ဖြစ်ခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှအားလုံး သူ့ကို ပြောဖြစ်ပေမယ့် သူမရဲ့ လက်ရှိ အခြေအနေကို မပြောရဲခဲ့ဘူး။

တစ်နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန် ကျော်ဖြတ်ခဲ့တယ်။ သူပြန်လာမယ့်ရက် တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့တယ်။ သူပို့တဲ့စာမှာ သူပြန်လာပြီးနောက် သူတို့ရဲ့အနာဂါတ်ကို ဘယ်လိုတည်ဆောက်မယ်၊ နှစ်ယောက်အတူ ဘယ်လို ခရီးဆက်မယ်ဆိုတာကို အားတက်တရော ရေးထားတယ်။ စာဖတ်ပြီး သူမအသဲ ကြွေခဲ့ရတယ်။ ကြောက်ရွံ့ထိတ်လန့်တဲ့ စိတ်တွေက သူမရင်ထဲ အတိုင်းမသိ တိုးဝင်လာခဲ့တယ်။

သတ်မှတ်ထားတဲ့ နေ့ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လေဆိပ်ကို သူမ ရောက်လာခဲ့တယ်။ ရင်ထဲမှာ အားငယ်စိတ်တွေ ပြည့်နှက်နေတယ်။ ကြောက်ရွံ့မှုတွေ ကြီးစိုးနေတယ်။ ဒါပေမယ့် အဖြစ်မှန်တစ်ခုရဲ့ အဖြေကို သူမ သိချင်နေမိတယ်။ သူ မှတ်မိပါ့မလား?

ဦးထုပ်၊ မျက်မှန်နက်နဲ့ မျက်နှာဖုံးတပ်ပြီး လေဆိပ်ထဲ သူမ ရောက်နေခဲ့တယ်။ တိုင်အကွယ်တစ်ခုကနေ သူထွက်အလာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့တယ်။

မကြာပါဘူး... တစ်နှစ်စာ အလွမ်းနဲ့ အချစ်တွေ အပြည့်အသိပ် လွယ်ပိုးထားတဲ့ ကောင်လေးတစ်ယောက် လေယာဉ် ဧည့်ကြိုခန်းဖက် ဝမ်းသာအားရ အပြေးလာနေခဲ့တယ်။ ခွဲခွါနေတဲ့ ဒီကာလတွေမှာ သူမနဲ့ စာတစ်တန်၊ ဖုံးတစ်တန် ဆက်သွယ်ခဲ့တယ် ဆိုပေမယ့် သူမကို လွမ်းတဲ့စိတ်၊ စိုးရိမ်တဲ့စိတ်က လျှော့မသွားခဲ့ဘူး။

ဧည့်ကြိုခန်းမမှာ သူမရဲ့ အရိပ်ကို ကျီးကန်းတောင်းမှောက် သူလိုက်ရှာမိတယ်။ သူမ တကယ်လာမယ်ဆိုတာ သူသိနေတယ်။ တိုင်အကွယ်မှာ ရပ်နေတဲ့ သူမရဲ့နောက်ကျောရိပ်ကို သူလှမ်းမြင်လိုက်တယ်။ ခြေလှမ်းကျဲကျဲနဲ့ သူမဆီ အရောက်လှမ်းပြီး နောက်ကနေ သူမကို သိုင်းဖက်လိုက်မိတယ်။

"လွမ်းလိုက်တာ.... ဘာဖြစ်လို့ တိုင်နောက်မှာ ပုန်းနေရတာလဲ?"

"နင် ... ငါ့ကိုတွေ့တယ်?" အသံတိုးတိုးနဲ့ မရဲတရဲ သူမ ပြန်မေးလိုက်တယ်။

"ငါ.. ငါ့ကို နင် မှတ်မိလား?" ငိုသံနဲ့ မေးလာတဲ့ သူမကို သူ့ဖက် ဆွဲလှည့်လိုက်မိတယ်။ မျက်နှာဖုံး၊ မျက်မှန်တွေနဲ့ သူမ ဘာဖြစ်လို့ ရုပ်ဖျက်ထားသလဲ?

"မှတ်မိတာပေါ့... နင့်ကို ငါအရမ်းချစ်တယ်လေ" သူမကို သူ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။

"ဒီလိုပုံစံဆိုရင် ချစ်အုန်းမှာလား" သူရှေ့မှာပဲ မျက်မှန်၊ ဦးထုပ်၊ မျက်နှာဖုံးတွေ သူမဆွဲချွတ်လိုက်ပြီး မေးလိုက်တယ်။

ကြောက်စရာကောင်းတဲ့ မျက်နှာတစ်ခုက သူ့ရှေ့မှာ ဘွားခနဲ့ ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင် လူတွေဆီက လွှင့်လာတဲ့ အာမေဋိတ်သံတစ်ချို့က သူမမျက်နှာ ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာကို ဖော်ညွှန်းနေသလိုပဲ! သူတစ်ချက် မင်သက်သွားမိတယ်။ အဲဒီနောက် ဘာမှမဖြစ်တဲ့ ပုံစံနဲ့ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမ နားနား ကပ်ပြောလိုက်တယ်။

"နင်ဟာ ငါ့အတွက် လှနေတုန်းပဲ။ နင့်ကိုငါ သိပ်ချစ်တာပေါ့"

ချုပ်ရာဗရပွနဲ့ မညီမညာ မျက်နှာပြင်က ဒဏ်ရာတွေကို ညင်သာစွာ သူပွတ်သပ်ပေးနေမိတယ်။ ငါ နင့်ကို အရမ်းချစ်တယ်!

လူကြီးတွေ တားမြစ်တဲ့ကြားက သူမကို လက်ထပ်ယူဖို့ သူကြိုးစားတယ်။ သူမကို ချစ်တဲ့ ချစ်စိတ်တစ်ခုတည်းနဲ့ အရာရာကို သူရင်ဆိုင်ရဲခဲ့တယ်။ သူမရဲ့အပြင်ပန်းအလှကို ချစ်တာ မဟုတ်ဘဲ သူမရဲ့အတွင်းစိတ်ကို ချစ်တယ်ဆိုတာကို သူ့ကိုယ်သူ နားလည်ခဲ့တယ်။ လက်ထပ်ရက်တွေ သတ်မှတ်ပြီး အလုပ်တွေ အသားကျအောင် ကြိုးစားရင်း သူအိမ်ပြန်ချိန် နောက်ကျလာခဲ့တယ်။

အိမ်အပြန် နောက်ကျမယ့်ရက်တွေ သူမကို သူကြိုပြီး ဖုံးဆက် အသိပေးတတ်ပေမယ့် ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေ အမြဲလွှမ်းနေတဲ့ သူမက စိုးရိမ်နေတုန်းပါပဲ။ သူမကို ထားသွားမှာ၊ သူ့ကို ဆုံးရှုံးရမှာကို သူမကြောက်လာမိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျှော့နည်းလာပြီး သူ့အပေါ် သံသယစိတ်တွေ ပိုများလာခဲ့တယ်။ စိတ်မချ မယုံကြည်တဲ့စိတ်နဲ့ သူ့ကို သူမအနားမှာပဲ ရှိစေချင်ခဲ့တယ်။ သူမနားလည်အောင် သူရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် ဘာကိုမှ အယုံအကြည် မရှိနိုင်လောက်အောင် စိတ်ဒဏ်ရာတွေက သူမကို ဖိစီးနေခဲ့ပါပြီ။

တဖြေးဖြေး... အကြောင်းမရှိ အကြောင်းရှာပြီး သူမ ပေါက်ကွဲလာတတ်တယ်။ အရူးတစ်ယောက်လို သူ့ရဲ့ အပြုအမှုတိုင်းကို သံသယ ဝင်လာတတ်တယ်။ သူရဲ့ခြေလှမ်းတိုင်းအတွက် သူမကို ဖြေရှင်းချက်တွေ ပေးနေရတယ်။ သူမ နားလည်အောင် ဖြေရှင်းခဲ့လည်း သူ့ကို သံသယ ဝင်နေတုန်းပဲ။

ထပ်ခါတလဲလဲ ဖြစ်ပျက်ဖန်များလာတော့ အလုပ်ဖိအား၊ စိတ်ဖိအား၊ အဖက်ဖက်က ဖိအားနဲ့ သူမဆီက သံသယဖိအားတွေက သူ့ကို ဝါးမြိုမတတ် ခံစားလာမိတယ်။

"လက်စသတ်တော့ နင့်ရဲ့စိတ်ပါ အရုပ်ဆိုး အကျည်းတန်သွားပါလား?" မပြောရက်တဲ့ စကားတစ်ခွန်းကို ပြောပြီး အိမ်ကနေ သူထွက်လာခဲ့တယ်။

သူမ ချုံးပွဲချ ငိုမိခဲ့တယ်။ ဒီလိုအဖြစ်မျိုး သူမ မဖြစ်ချင်ခဲ့ပေမယ့် သူ့ကို လက်လွှတ်ဆုံးရှုံးမှာကို သူမ အရမ်းကြောက်ခဲ့မိတယ်။ သူမအနားမှာပဲ သူ့ကိုတင်းတင်း ချည်နှောင်ထားချင်ခဲ့မိတယ်။ သူမရဲ့ စိတ်နှလုံးတွေ လိုက်အကျည်းတန်ခဲ့ တရားခံဟာ အရင်လို မလှပတော့တဲ့ သူမ မျက်နှာကြောင့်၊ အရုပ်ဆိုးခဲ့တဲ့ မျက်နှာကြောင့်ဆိုတာ သူမနားလည်လိုက်တယ်။

မှားယွင်းသွားတဲ့ အမှားအတွက် သူ့ကို တောင်းပန်ဖို့ သူမ ဆုံးဖြတ်လိုက်တယ်။ ကုမ္ပဏီကို ဖုံးလှမ်းဆက်တော့ သူအစည်းအဝေး တက်နေတယ်လို့ သိလိုက်ရတယ်။ လူကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး တောင်းပန်ဖို့ ကုမ္ပဏီထိ သူလိုက်လာခဲ့တယ်။ သူဒီနေ့ ရုံးမတက် ဘူးဆိုတဲ့ စကားတစ်ခွန်းက သူမကို ကြိုနှင့်နေခဲ့တယ်။ သူ့ဟမ်းဖုံးကို ဆက်တော့ စက်ပိတ်ထားပါသည်ဆိုတဲ့ အသံက သူမကို ခြောက်လန့်နေသလိုပဲ သူမ ပိုကြောက်လာမိတယ်။

သူ့မှာ တစ်ခြားကောင်မလေးများ ရှိနေပြီလား? နဖူးကို တစ်ချက်တွန့်ပြီး သူမ တွေးလိုက်မိတယ်။ ပြီးတော့ အရူးတစ်ယောက်လို ခေါင်းခါပြီး ဒီလို မယုံသင်္ကာ သံသယအတွေးတွေကြောင့် သူ စိတ်တိုသွားတာ။ ငါဒီလို မတွေးသင့်ဘူးလို့ စဉ်းစားရင်း သံသယစိတ်ကို စိုးရိမ်စိတ်အဖြင့် ပြောင်းလဲကြည့်လိုက်တယ်။ သူ့ကို ယုံကြည်ရမယ်လို့ သူမကိုယ်သူမ သတိပေးလိုက်မိတယ်။

ကုမ္ပဏီက ထွက်လာပြီး အိမ်အပြန်မှာ လမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူမ အကြည့်ရောက်သွားခဲ့တယ်။ ဇာတ်တိုက်ထားသလိုပါပဲ...
သူနဲ့ တစ်ခြားကောင်မလေးတစ်ယောက် အတူထိုင်နေတာကို တွေ့လိုက်မိတယ်။ သူမရဲ့ သံသယစိတ်တွေ အသက်ဝင်ခဲ့ပါလား?
ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မှန်ပြတင်းဖြတ်ပြီး ထင်ထင်ရှားရှား သူမ တွေ့လိုက်ရတယ်။ လှပချောမောနဲ့ မျက်နှာပိုင်ရှင် ကောင်မလေးကြောင့်
အရုပ်ဆိုးတဲ့ သူမကို သူပစ်သွားခဲ့ပြီ။

မုန်းတယ်... သူ့ကို မုန်းတယ်။ ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မျက်ရည်တစ်သွင်သွင်နဲ့ သူမ ဆက်ရပ်ကြည့်နိုင်စွမ်း မရှိတော့ဘဲ အိမ်ကို အပြေးပြန်လာခဲ့မိတယ်။
နောက်ရက်မှာတော့ သူမဖက်က လက်ထပ်မင်္ဂလာဖျက်သိမ်း လိုက်ကြောင်း သူ့ကို အကြောင်းကြားခဲ့တယ်။ သူ နားမလည်နိုင်အောင် ဖြစ်ပြီး သူမကိုရှင်းပြဖို့
ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

နွေ၊ မိုး၊ ဆောင်း ပြောင်းသွားခဲ့ပါပြီ။ အကျည်းတန်တဲ့ မျက်နှာနဲ့ ဘဝတစ်ခုကို သူမ ပင်ပင်ပန်းပန်း ဖြတ်ကျော်နေခဲ့ရတယ်။ ဒီမျက်နှာနဲ့ လူတွေရဲ့တကယ့်စိတ်ရင်း၊ လူတွေရဲ့ စစ်မှန်တဲ့ မျက်နှာကို သူမတွေ့ခွင့် ရခဲ့ရလို့ ထပ်မံခွဲစိပ်ကုသဖို့ သူငယ်ချင်းတွေ တိုက်တွန်းခဲ့ပေမယ့် သူမ ငြင်းဆန်ခဲ့မိတယ်။ ဒါပေမယ့် မိဘတွေပါ ခွဲစိတ်စေချင်တဲ့ ဆန္ဒကြောင့် ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ ခွဲစိပ်ဖို့ သူမဆုံးဖြတ်လိုက်တယ်။ ခွဲစိပ်နေတဲ့အတောအတွင်း သူ့ကို သူမ သတိရမိတယ်။ သူ့ကို အနားမှာ ရှိစေချင်ခဲ့တယ်။

နာမည်ကြီး ခွဲစိပ်ဆရာဝန်က လုံးဝပျက်ဆီးနေတဲ့ သူမရဲ့မျက်နှာကို အသားအစားထိုးနည်းနဲ့ အောင်မြင်စွာ ခွဲစိပ်ကုသနိုင်ခဲ့တယ်။ ဓာတ်ပုံထဲက သူမ နဂိုပုံအတိုင်း လှပတဲ့မျက်နှာကို သူမထပ်ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ဒီမျက်နှာပဲ သူ့မကို အမုန်းတွေ ပေးခဲ့တာ.. ဒီမျက်နှာပဲ သူမကို အပျော်တွေ ပေးခဲ့တာ.....


နာမည်ကြီး ခွဲစိပ်ဆရာဝန်တစ်ဦးကို ကျေးဇူးတင်ဖို့ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် ဆေးရုံကို ရောက်လာခဲ့တယ်။ ဆေးရုံထောင့်ချိုး တစ်နေရာမှာ မျက်နှာပတ်တီးအဖွေးသားနဲ့ လူတစ်ယောက်ကို ကောင်မလေး တိုက်လိုက်မိတယ်။

"ဆောရီးပါနော်"

ပတ်တီးနဲ့လူက ကောင်မလေးကို တအံ့တသြကြည့်ပြီး ခပ်သုတ်သုတ် ထွက်သွားမယ်အလုပ်မှာ ကောင်မလေးက "ဒီဆေးရုံက ဆရာဝန်တွေ အရမ်းတော်တယ်။ ခွဲစိပ်ခံလိုက်ရင် ရှင်မျက်နှာလည်း ကောင်းလာလိမ့်မယ် သိလား။ ကြည့် ..ကျွန်မမျက်နှာလည်း ခွဲစိပ်ခဲ့တယ်လေ။ မလှဘူးလား? ရှင် အားမငယ်နဲ့နော်"

"........" ပတ်တီးမျက်နှာနဲ့ လူ ဘာမှမပြောခင်မှာ ကောင်လေးက ကောင်မလေးကို

"မြန်မြန် မောင်တို့ သွားစရာရှိသေးတယ်" လို့ လောလိုက်တယ်။

ပြုံးပြုံးရွှင်ရွှင်နဲ့ ထွက်သွားတဲ့ ချစ်သူစုံတွဲကို မျက်စိတစ်စုံ ငေးကြည့်ရင်း ပတ်တီးမျက်နှာနဲ့လူ မျက်ရည်တွေကျမိတယ်။

"သူ့ကို ရှင်အရမ်းချစ်တာပဲလားဟင်! သူ့အတွက်နဲ့ ကိုယ့်မျက်နှာက အသားကိုတောင် ရှင် ဖြတ်လှူခဲ့တာတောင် ရှင့်ကို သူလုံးဝ မမှတ်မိခဲ့ဘူးနော်။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဒီလိုခွဲစိပ်မှုလုပ်ဖို့ ကျွန်မနဲ့ ရှင်တိုင်ပင်ခဲ့တယ်။ အခု ရှင်ကျေနပ်ရဲ့လား? ရှင်မျက်နှာ နဂိုအတိုင်း ပြန်ဖြစ်လာဖို့ ကျွန်မ တာဝန်ယူပါတယ်"

"တော်ပါပြီ... ကျွန်တော့်ကို သူ မမှတ်မိလည်း ဘာမှမဖြစ်ပါဘူး။ သူပျော်ရွှင်နေရင် ကျွန်တော်ကျေနပ်ပါပြီ။ ဒီ အကျည်းတန်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော်ရှင်သန်သွားပါရစေ"

ပါးပြင်က မျက်ရည်တွေနဲ့ ဆရာဝန်အပါးကနေ သူ တစ်လှမ်းချင်း ထွက်ခွာလာခဲ့တယ်။ ကောင်မလေးဆီက ကျန်ရစ်ခဲ့တဲ့ ကိုယ်သင်းနံ့တစ်ချို့က သူ့ကို ပိုအထီးကျန်စေခဲ့တယ်....

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

ကောင်မလေး သူ့ကိုမှတ်မိနိုင်မလားလို့ သိချင်တဲ့စိတ်နဲ့ ကောင်မလေး မျက်နှာပေါ်က ချွတ်လိုက်တဲ့ မျက်နှာဖုံးကို ကောင်လေး တပ်ကြည့်လိုက်မိတယ်။ ကောင်မလေးက သူ့ကို မမှတ်မိတဲ့အပြင် သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်မှတ်ပြီး ကြောက်လန့်တကြား ငိုယို ထွက်ပြေးသွားခဲ့တယ်။ နောက်ဆုံးမှာ ကျိန်စာသင့် မျက်နှာဖုံး တပ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဘဝကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရတယ်။

No comments: