Tuesday, December 9, 2008

“ အပေါ်ယံကြည့်ပြီးဝေဖန်တာ အပေါ်ယံသမားတွေရဲ့အလုပ်ပါ ”

တစ်နေ့တော့ ဒကာတစ်ယောက် ပိတ်ချင်းသီး ထည့်ထားတဲ့တောင်းလေးကို ကိုင်ပြီးတော့ လမ်းမပေါ်မှာ လျှောက်လာတယ်။ ဆွမ်းခံထွက်ရင်းနဲ့ ပိတ်ချင်းသီးတောင်း ကိုင်ထားတဲ့ ဒကာကိုမြင်တော့ သူ့ဝသီအတိုင်း သူ့ဝါသနာအတိုင်း...
“ ဟဲ့ အယုတ်တမာကောင်၊ တောင်းထဲက ဘာတွေလဲ ”
အဲဒီလိုမေးတော့ ပိတ်ချင်းသီးတောင်း ကိုင်ထားတဲ့ ဒကာကတော်တော် ချဉ်သွားတယ်။ တော်တော် အမြင်ကတ်သွားတယ်။ “ ဟာ ဒီကိုယ်တော်စကားပြောတာ ကြမ်းတမ်းလိုက်တာ၊ ငါ့ကိုများ အယုတ်တမာကောင်လေး ဘာလေးနဲ့၊ သူက အယုတ်ကောင်လို့ပြောတော့ ငါကလည်း ခပ်ကြမ်းကြမ်း ပြန်ပြောရမှာပေါ့၊ အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ ပြန်ဖုံးလိုက်မယ်” ဆိုပြီးတော့...
“ကိုယ်တော်...ကြွက်ချေးတွေ၊ ကြွက်ချေးတွေ ”
လို့ပြန်ပြောလိုက်တယ်။ အဲတော့ အရှင်မြတ်ကြီးကလည်းပဲ
“သြော်...ကြွက်ချေးဆိုလည်း ကြွက်ချေးပေါ့လေ ”
အဲဒီလိုပြောပြီးတော့ ဆွမ်းခံဆက်ကြွသွားတယ်။ စကားပြောဆိုပြီးလို့ ပိတ်ချင်းသီးဒကာက သူ့တောင်းထဲက ပိတ်ချင်းသီးတွေကို ငုံ့လည်း ကြည့်လိုက်ရော၊ အကုန်လုံး ကြွက်ချေးတွေ ဖြစ်နေတယ်။ ပိတ်ချင်းသီးတောင်းလည်း ကြွက်ချေးတောင်းပဲ ဖြစ်သွားတယ်။
ခပ်လှမ်းလှမ်းမှာ ထားထားတဲ့လှည်းပေါ်မှာ တင်ထားပြီးသား ပိတ်ချင်းသီးတွေ အားလုံးဟာ ကြွက်ချေးတွေအားလုံး ဖြစ်ကုန်တယ်။
“ ဒါဟိုကိုယ်တော်လက်ချက်ပဲ ဖြစ်ရမယ်။ ဟိုကိုယ်တော် ဘာမျက်လှည့်အတတ်တွေ တတ် ထားလဲမသိဘူး။ ဘာပဉ္စလက်အတတ်တွေ တတ်ထားလည်း မသိဘူး။ အာအောက်လမ်းနည်း တွေနဲ့ ငါ့ကို လုပ်ထားလဲမသိဘူး။ ဘယ်နှကြိုးများ တတ်ထားလဲ မသိဘူး။ ဒီကိုယ်တော် လက်ချက်ပဲ ဖြစ်မယ်။ သူ့ကို ကြွက်ချေးလို့ ပြောလိုက်တာနဲ့ ငါ့ပိတ်ချင်းသီးတွေအကုန်လုံး ကြွက်ချေးတွေ အကုန်လုံး ဖြစ်ကုန်တာပါပဲ။ ဘယ်လိုများလုပ်ရပါ့မလဲ ”
ဆိုပြီးတော့ စိတ်ညစ်နေတယ်။
အဲဒီအချိန်မှာ လူတစ်ယောက်က အကြံပေးတာနဲ့ သူပေးတဲ့အကြံအတိုင်း လုပ်လိုက်ပါတယ်။ ကြွက်ချေးတောင်းကြီး ကိုင်သွားပြီးတော့ အရှင်ပိလိန္ဒ၀စ္ဆရဲ့ နောက်ကနေ ပြေးလိုက်တယ်။ လိုက်ပြီးတော့ အရှင်ပိလိန္ဒ၀စ္ဆရဲ့ ရှေ့နားမှာ ယောင်လည်လည်လေး ရပ်နေတယ်။ အဲဒီ အချိန်မှာ အရှင်ဝိလိန္ဒ၀စ္ဆကတော့ ထုံးစံအတိုင်းပါပဲ။ စကားလုံးမပြင်ပါဘူး။
“ ဟဲ့ အယုတ်တမာ၊ တောင်းထဲက ဘာတုံး ”
“ အရှင်ဘုရား၊ ပိတ်ချင်းသီးပါဘုရား ”
ရိုသေလွန်းလို့ ပြောတာတော့ မဟုတ်ဘူး။ သူ့ကြွက်ချေးတွေ ပိတ်ချင်းသီး ပြန်ဖြစ်ချင်လို့ ပြောတာပါနော်။ ပိတ်ချင်းသီးတွေပါဘုရားလို့ လျှောက်တော့...
“ အေးလေ၊ ပိတ်ချင်းသီးတွေဆိုလည်း ပိတ်ချင်းသီးတွေပဲပေါ့ ”
အဲဒီလိုလည်း ပြောလိုက်ရော တောင်းထဲက ကြွက်ချေးဖြစ်နေတဲ့ ပိတ်ချင်းသီးတွေ အကုန်လုံး ပိတ်ချင်းသီးတွေ ပြန်ဖြစ်သွားပါတယ်။ အဲဒီတော့မှ အဲဒီ ဒကာက မထေရ်မြန်ကို ရှိခိုးပြီး သူ့လှည်းပေါ် သွားကြည့်လိုက်တော့ လှည်းပေါ်က၇ ကြွက်ချေး ဖြစ်နေတာတွေ အားလုံးလည်း ပိတ်ချင်းသီးတွေ ပြန်ဖြစ်သွားပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်မှတစ်ပါး အခြားသော ပစ္စေကဗုဒ္ဓေါအရှင်မြတ်များ၊ ရဟန္တာအရှင် မြတ်များဟာ ကိလေသာကင်းစင်ပေမယ့် ၀ါသနာ အငွေ့အသက်ကလေးတော့ ကျန်နေသေး တယ်။
အရက်ပုလင်းထဲမှာရှိတဲ့ အရက်တွေကို သွန်ချလိုက်လို့ရှိရင် အရက်တွေ တစ်စက်မှ ပုလင်းထဲ မှာ မရှိတော့ပေမယ့် အဲဒီ ပုလင်းဟာ အရက်နံ့ နံနေပါသေးတယ်။ အရက်က ပုလင်းထဲမှာ အကြာကြီး နေနေခဲ့တာဆိုတော့ အထုံရနေလို့ အဲဒီပုလင်းဟာ အရက်နံ့ စွဲနေတာပေါ့။
အရက်ပုလင်းနဲ့ ဥပမာ ပေးတာ မကောင်းရင် ငါးပိအိုးနဲ့ ဥပမာပေးပေါ့။ ဒါလည်း သိမ်မကောင်း ပါဘူးလေ၊ မကောင်းတဲ့ဟာဆိုတာ မကောင်းတဲ့ ဥပမာပဲ လာမှာပါပဲ။ ငါးပိတွေ သိပ်ထည့်ထား တဲ့ ငါးပိအိုးထဲက ငါးပိတွေကို တစ်ဖတ်မှမကျန်အောင် အကုန်လုံး ထုတ်ပြိးတော့ သွန်ချလိုက် ပေမယ့် ငါးပိနံ့ကတော့ စွဲကျန်နေသေးတာပါပဲ။
အဲဒီလိုပါပဲ။ မိမိရဲ့စိတ်ဆိုတဲ့ ငါးပိအိုးထဲမှာ ကိလေသာ ဆိုတဲ့ ငါးပိတွေကို အကုန်လုံး ထုတ် လိုက်ပေမယ့် ဒိစိတ်ငါးပိအိုးထဲမှာ ကိလေသာငါးပိနံ့ကလေးတော့ စွဲကျန်နေသေးတယ်။ ဒါဟာ ၀ါသနာအငွေ့အသက်တွေပါပဲ။
ဒီတော့ခုန အရှင်ပိလိန္ဒ၀စ္ဆနဲ့ ပိတ်ချင်းသီးဒါယကာတို့ရဲ့ ဖြစ်စဉ်လေးကို ကြည့်ပြီးတော့ ကောက်ချက်ချရမယ်ဆိုရင် လူတစ်ယောက်ရဲ့ ပေါ်ယံ အပြောအဆို၊ အပေါ်ယံ အပြုအမှုလေး ကိုကြည့်ပြီးတော့ အလွယ်တကူမကဲ့ရဲ့မိဖို့ ၊ မရူတ်ချမိဖို့ ၊ မဝေဖန်မိဖို့ အပြစ်မပြောမိဖို့ အထူးသတိထားရမယ်။

ကိုယ် ကဲ့ရဲ့ ဝေဖန်တဲ့ ပုဂ္ဂိုလ်က ကိုယ်ကဲ့ရဲ့ ဝေဖန်တဲ့အတိုင်းပဲ အပြစ်ရှိနေတယ် ဆိုရင်တော့ သိပ်မထောင်းတာလှဘူးပေါ့။ ကိုယ်ထင်သလို မဟုတ်ဘဲနဲ့ ခုန အရှင်ပိလိန္ဒ၀စ္ဆကို ဝေဖန်မိသ လိုမျိုး ဖြစ်သွားမယ်ဆိုရင်တော့ ကိုယ့်မှာ အင်မတန် အပြစ်ကြီးပါတယ်။
အရိယာဖြစ်နေပြီးသားပုဂ္ဂိုလ်က သူ့ရဲ့ကိုယ်မကြိုက်တဲ့ အပေါ်ယံ အပြုအမှု၊ အပြောအဆိုး လေး ကြည့်ပြီးတော့ ဝေဖန်မိပြောဆိုမိမယ်ဆိုရင်တော့ အရိယူပ၀ါဒ ကံကြီးထိုက်ပြီးတော့ ဒီဘ၀မှာ တရားအားထုတ်ချင်သလောက်အားထုတ်၊ တရားထူးတရားမြတ် မရနိုင်တော့ပါဘူး။
ဒီဘ၀က သေဆုံးသွားရင်လည်း အ၀ိစိငရဲကို တန်းရောက်သွားမယ်၊ ဖြစ်လေရာ ဘ၀သံသရာမှာလည်း အပါယ်လေးဘုံမှာ ကျင်လည်ရဦးမယ်၊ လူဖြစ်တော့လည်း လူစဉ်မမီတဲ့သူသာ ဖြစ်လိမ့်မယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အပေါ်ယံအပြောအဆို အပြုအ မှုလေးတွေ ကြည့်ပြီးတော့ သူ့ရဲ့ စိတ်နေစိတ်ထား၊ သူ့ရဲ့ စိတ်ဓာတ်ကို အလွယ်တကူ မဝေဖန် မိဖို့၊ မကဲ့ရဲ့မိဖို့ အထူးသတိပြုရပါမယ်။
အရဟံ ဂုဏ်တော်လေး ပွားများတဲ့အခါမှာလည်း ဒီဝတ္ထုလေးထည့်ပြီးတော့ ပွားများရမှာပါ။ ပွားရင်းနဲ့လည်း ကိုယ့်စိတ်ကို ဆုံးမပြီးသား ဖြစ်သွားမှာပါ။ တစ်ဖက်သားရဲ့ အပေါ်ယံအပြုအမှု လေး၊ အပေါ်ယံ အပြောအဆိုလေးကို ကြည့်ပြီးတော့ ရမ်းသမ်း မဝေဖန်လိုက်နဲ့နော်။ အလွယ် တကူ အပြစ်မပြောလိုက်နဲ့နော် ဆိုပြီးတော့ ဆုံးမရမှာပါ။
လူတစ်ယောက်ကို အပေါ်ယံ အပြောအဆို အပြုအမှု ကြည့်ပြီးတော့ ဝေဖန်ချင်တဲ့ စိတ်က လေး၊ ကဲ့ရဲ့ချင်တဲ့စိတ်ကလေး ပေါ်လာပြီဆိုတာနဲ့ ကိုယ်က အရဟံဂုဏ်တော်ကို စနစ်တကျ နက်နက်ရှိုင်းရှိုင်း ပီပီပြင်ပြင် ပွားများထားတာဆိုတော့ ဒီအဖြစ်အပျက်ကလေး သွားသတိရ တယ်။
“ သြော်...မြတ်စွာဘုရားမှတစ်ပါး ဘယ်သူမှဝါသနာ အငွေ့အသက်တွေကို မပယ်သတ်နိုင်ပါ ဘူး။ အပြောအဆို သိပ်မကောင်းပေမယ့် ၊ အပြုမှု သိပ်မကောင်းပေမယ့် သူ့စိတ်ထားလေးက တော့ ကောင်းချင်ကောင်းမှာပါလေ၊ သူ့ရဲ့ ၀ါသနာကြောင့်သာ ခုလိုပြောတာ ဖြစ်ပါလိမ့်မယ်၊ ခုလိုပြုတာ ဖြစ်ပါလိမ့်မယ် ”
အဲဒီလို ယောနိသော မနသိကာရလေ ၀င်သွားပြီဆိုရင် မလိုအပ်ဘဲနဲ့ သူတစ်ပါးအပေါ်မှာ ဝေဖန်ကဲ့ရဲ့ ရှုတ်ချတဲ့ အကုသိုလ် ပြုမိမှာ မဟုတ်တော့ပါဘူး။
တစ်ကယ်တော့ လူတစ်ယောက်ကို အပေါ်ယံကြည်ပြီး ဝေဖတတဲ့အလုပ်ဟာ အပေါ်ယံသမား တွေရဲ့ အလုပ်ပါ။ ကိုယ်ကိုယ်တိုင်က အပေါ်ယံသမား ဖြစ်နေတော့ သူတစ်ပါးကိုလည်း အပေါ် ယံကြည့်ပြီး ဝေဖန်တော့တာပေါ့။
တချို့ဆိုရင် ကိုယ့်ကိုကိုလုံးဝအပြစ်ကင်းစင်နေသလို သဘောထားပြီး သူများကိုနေရာတကာ အပြစ်ရှာတတ်ပါတယ်။ သူတစ်ပါးကို ပြောတဲ့အပြစ်မျိုး နေရာတကာ အပြစ်ရှာတတ်ပါတယ်။ သူတစ်ပါးကို ပြောတဲ့ အပြစ်မျိုးကိုယ့်မှာ ရှိနေတာကိုတောင် သတိမမှုနိုင်ကြတော့ပါဘူး။ သူ တစ်ပါးကို“ ပုဂ္ဂိုလ်ရေး မဝေဖန်ပါနဲ့ ” ပြောပြီး ကိုယ်ကိုယ်တိုင်ကျတော့ ပုဂ္ဂိုလ်ရေး ဝေဖန်နေ တဲ့သူတွေ ရှိသလို သူတစ်ပါးကို “အဝေဖန်ခံနိုင်ရမယ်” ပြောပြီး ကိုယ်ကိုယ်တိုင် အဝေဖန် မခံနိုင်တဲ့သူတွေလည်း ရှိပါတယ်။
သူတစ်ပါးကို အပြစ်ပြောတာကျတော့ “စေတနာနဲ့ပြောတာပါ” လို့ နာမည်ကောင်းယူပြီး ကိုယ်ကို အပြစ်ပြောတာကျတော့ “စေတနာကို နည်းမလည်ဘူး” လို့ နာမည်ဆိုးတပ်တတ် ကြပါတယ်။
သူတစ်ပါးကို အပြစ်ပြောတာကျတော့ “စေတနာနဲ့ပြောတာပါ” လို့ခံယူခဲ့ရင် ကိုယ့်အပြစ် ပြောတာကိုလည်း “စေတနာနဲ့ ပြောတာပါ ” လို့ခံယူနိုင်ရပါမယ်။
ကိုယ့်ကို သူတစ်ပါးအပြစ်ပြောတာတော့ ကိုယ်လက်မခံဘဲ သူတစ်ပါးကို ကိုယ်အပြစ်ပြောတာ တော့ သူတစ်ပါး လက်ခံစေချင်တယ်ဆိုရင် အဲဒီလူဟာ ပညာရှိ မဟုတ်ဘဲ ပညာရှိအယောင် ဆောင်သာ ဖြစ်လိမ့်မယ်။
အရှင်ဆန္ဒာဓိက

No comments: