တစ်ခါက မြို့တစ်မြို့တွင် တစ်ဦးကိုတစ်ဦး အရမ်းချစ်သော ချစ်သူနှစ်ဦးရှိသည်။ ကောင်လေးမှာ မကြာခင် စစ်မြေပြင်သို့ ရှေ့တန်းထွက်ရမည်။ ရှေ့တန်းမထွက်ခင် ချယ်ရီပျိုးပင် တစ်ပင်ကိုယူပြီး ချစ်သူနှစ်ဦး သစ္စာဆိုကြသည်။ သစ္စာဆိုထားသော ချယ်ရီပင်ကိုလည်း မြို့အပြင် ရေကန်ကြီး တစ်ကန်ဘေးတွင် စိုက်ခဲ့ကြသည်။ ကောင်လေးစစ်မြေပြင်သို့ ထွက်သွားပြီးနောက် ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုစောင့်ရှောက်ရင်း ကောင်လေးအပြန်ကို စောင့်မျှော်နေခဲ့သည်။ ချယ်ရီပင် ကြီးထွားရှင်သန် လာသည်နှင့်အမျှ ကောင်လေးအပေါ်ပြုခဲ့သော သူမ၏သစ္စာသည်လည်း ပိုမိုခိုင်မြဲလာခဲ့သည်။ ကောင်လေး ဘေးမသီ ရန်မခ ပြန်လာနိုင်စေရန် နေ့တိုင်း သူမဆုတောင်း သစ္စာဆိုခဲ့သည်။
စစ်ပြီးဆုံးသွားသော်လည်း ကောင်လေး ပြန်မလာခဲ့။ သို့သော် ပြုခဲ့သော ဂတိသစ္စာစကားအတိုင်း ကောင်မလေးမှာ ချယ်ရီပင်ကို ပြုစုရင်း ကောင်လေးပြန်အလာကို စောင့်မျှော်နေခဲ့သည်။ ငါးနှစ်ဆိုသောအချိန်ကို သူမတစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။
လက်လျော့လိုက်ရန် လူအများက သူမကို ဖျောင်းဖျကြသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကောင်လေးပြန်လာမည်ဟု သူမ ယုံကြည်မိနေသည်။ အရွယ်ရောက်နေပြီဖြစ်သော သူမကို အိမ်ထောင်ချပေးရန် မိဘများက အတင်းအကျပ် စီစဉ်ကြသည်။ မင်္ဂလာ မဆောင်ခင် တစ်ညနေတွင် သူမ အိမ်ကထွက်ပြေးခဲ့သည်။ "မိဘမျက်နှာကို အိုးမည်းသုတ်သော သမီး" ဟုဆိုကာ အိမ်က သူမကို လုံးဝ ပြန်မခေါ်တော့။ စိတ်၏ငြိမ်းချမ်းခြင်းကို ရသွားဟန်တူသော သူမသည် ရေကန်နားရှိ ချယ်ရီပင်ဘေးတွင် တဲငယ်လေး ထိုးပြီးနေခဲ့သည်။
(၁ဝ)နှစ်... အနှစ်(၂ဝ).. အချိန်များ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ လူအများက ထိုအဖြစ်ကို မေ့လျော့ကုန်ကြပြီ။ သို့သော် ကောင်လေးပြန်အလာကို ချယ်ရီပင်အောက်တွင် သူမ စောင့်မျှော်နေဆဲ... သွက်လက်သော သူမခြေလှမ်းများ လေးသွဲ့ခဲ့သည်။ မဲနက်သော ဆံပင်များ ဖြူဖွေးခဲ့သည်။ ဇာရာ၏ အရိပ်လဏ္ခာများက သူမ၏မျက်နှာကို အရစ်အစင်းအဖြင့် ကန့်လန့်ဖြတ်ခဲ့သည်။ သို့သော် ကောင်လေးနှင့် အတူပြုခဲ့သော သူမ၏သစ္စာမှာ ပြောင်းလဲမသွားခဲ့။ နေ့ထွက်မှ နေဝင်သည့်တိုင် ချယ်ရီပင်အောက်တွင် သူမနေ့တိုင်း စောင့်နေခဲ့မိသည်။
သစ္စာတရားကို ပွေ့ဖက်ပြီး ကောင်လေးပြန်အလာကို စောင့်မျှော်ရင်း အထီးကျန်စွာ သူမကွယ်လွန်သွားခဲ့သည်။ သူမအဖြစ်ကို သိသူအချို့က ချယ်ရီပင်အောက်တွင် သူမကို မြုပ်နှံသင်္ဂြိုလ်ပေးလိုက်ကြသည်။ ထူးဆန်းစွာပင် ထိုနေ့မှစ၍ နွေမိုးဆောင်း ပြောင်းလဲသည့်တိုင် ထိုချယ်ရီပင်ရှိ အရွက်များသည် ခြောက်သွေ့ညှိုးနွမ်း ကြွေကျခြင်း မရှိတော့။ သူမကို ထိုအပင်အောက်တွင် မြုပ်နှံလိုက်သည့် အချိန်မှစ၍ ထိုပတ်ဝန်းကျင်ရှိ အချိန်သည် လုံးဝရပ်တန့်သွားဟန်တူသည်။
ထိုနေ့မှာစ၍ ရေကန်ဘေးတွင် ရာဇဝင်တစ်ခုတွင်ခဲ့သည်။ ထိုချယ်ရီပင်တွင် လာရောက်သစ္စာဆို ဆုတောင်းသော ချစ်သူမောင်နှံတိုင်း ဆန္ဒပြည့်ဝပြီး သစ္စာမြဲခဲ့ကြသည်။ ဘဝတွင် ပျော်ရွှင်စွာ ပေါင်းဖက်ကြရသည်။
အရိပ်ကောင်းသော သစ်ပင်ရိပ်တွင် ကျွန်တော်တို့ လူငယ်တစ်သိုက် အဘသွင်ကို ဝိုင်းဖွဲ့ပြီး ထိုင်နေကြသည်။ အဘသွင်မှာ ပုံပြောအပြီး မောသွားဟန်တူသည်။ ရေနွေးကြမ်းကို ကောက်ယူသောက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ပုံပြင်အဆုံးတွင် မိဆိုးလက်ကို ကျွန်တော်တင်းတင်းလေး ဆုတ်ကိုင်ထားမိသည်။ မိဆိုးလည်း ကျွန်တော့်စိတ်ကို နားလည်သည့်အလား ကျွန်တော့်လက်ကို တင်းတင်းပြန်ဆုတ်ကိုင်ထားသည်။
တကယ်တော့ အဘသွင်ပြောသော ပုံပြင်ကို ပထမဆုံးအကြိမ် ကျွန်တော်တို့ နားထောင်ဖူးကြသည် မဟုတ်ပါ။ ဤပတ်ဝန်းကျင်ရှိ ကျွန်တော်တို့အရွယ် လူငယ်များက အဘသွင်၏ပုံပြင်ကို နားထောင်ပြီး ကြီးပြင်းလာကြသူများဖြစ်သည်။ ယနေ့ထပ်နားထောင်သော ပုံပြင်သည် ကျွန်တော့်အတွက် ပိုအဓိပ္ပါယ်ရှိနေသည်။ မကြာမီ ကျွန်တော် ရှေ့တန်းထွက်ရတော့မည်ကြောင့် ဖြစ်သည်။ ကျွန်တော် ဘယ်အချိန် ပြန်ရောက်မည်ကို မသိ။ မိဆိုးကလည်း လိုက်မပို့ဟုဆိုသည်။ ကျွန်တော်သွားလိုက်လျှင် ချယ်ရီပင်အောက်တွင် သူမ သွားရောက်ဆုတောင်းမည်ဟု ဆိုသည်။ သို့သော် ပုံပြင်ထဲက ကောင်မလေးလို သူမ တုံးအလိမ့်မည် မဟုတ်မှန်း ကျွန်တော်သိသည်။ ဘဝတစ်ခုလုံးနှင့် ရင်းပြီး လူတစ်ယောက်ကို မည်မျှချစ်ကြောင်း သက်သေပြစရာမလိုပေ။ ထိုအပြုအမှုကို ကိုယ်ချစ်သောသူ သိပါက စိတ်မကောင်းရုံပင်ဖြစ်မည်။
"ဒါဆို ဟိုကောင်လေး ဘယ်ရောက်သွားလဲ"
ထိုပုံပြင်ကို နားထောင်ဖူးသူတိုင်း ပုံပြင်အဆုံးတွင် မေးတတ်သော မေးခွန်းဖြစ်သည်။ ပထမဆုံးအကြိမ် နားထောင်ဖူးသည့် အချိန်မှစပြီး ယနေ့ထက်ထိ ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေကြဆဲ.. ထိုမေးခွန်းကို မေးတိုင်း အဘသွင်မှာ ပြုံးလျှက်ခေါင်းခါမြဲ။ ထို့နောက် တုတ်ကောက်ကို အားပြုပြီး နေရာမှ ထထွက်သွားတတ်သည်။
စစ်ပွဲမှာ ကောင်လေးကျဆုံးသွားလို့လား? တစ်ခြားကောင်မလေးနဲ့ အိမ်ထောင်ကျသွားလို့လား? ဒဏ်ရာရပြီး ပြန်မလာနိုင်တာလား? စသည်ဖြင့် ကျွန်တော်တို့ ခန့်မှန်းကြမြဲ။ ပုံပြင်ဆုံးတိုင်း ထိုမေးခွန်းကို ကျွန်တော်တို့ မေးနေမြဲ၊ တစ်ချိန်ချိန်တွင် အဘသွင် ပြန်ဖြေမည်ဟုလည်း ကျွန်တော်တို့ မျှော်လင့်နေမြဲ...။ ထိုအဖြေမှာ ကျွန်တော်တို့ ခန့်မှန်းသည်ထက် ပိုစိတ်ဝင်စားဖွယ်ကောင်းမည်ဟု ကျွန်တော်တို့ ထင်ခဲ့ကြသည်။
"ဒီမေးခွန်းကို ကျွန်တော်ဖြေပါရစေ"
အသံလာရာဆီသို့ ကျွန်တော်တို့အားလုံး လှည့်ကြည့်မိကြသည်။ ကျွန်တော်တို့အရွယ် မျက်နှာစိမ်း လူငယ်တစ်ဦး၊ အဘသွင် ပုံစပြောကတည်းက မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ ခရီးသွားလမ်းလွဲ သစ်ပင်အောက်တွင် ခဏအနားယူသူအဖြစ် သူ့ကို ကျွန်တော်တို့ သတိမထားမိခဲ့ခြင်းဖြစ်သည်။ လူတွေအားလုံး သူ့ကို စိတ်ဝင်တစား ကြည့်နေမိသည်။
"ကျွန်တော့်ကို ကြည့်နေမလား? ကျွန်တော့်အဖြေကို နားထောင်မလား?"
"နားထောင်မှာပေါ့" ခပ်ဟဟ လှမ်းပြောလိုက်သော သူ့စကားကြားမှာ ကျွန်တော်တို့အားလုံး အသိဝင်လာကြသည်။ အဖြေခက်သော ပုစ္ဆာတစ်ပုဒ်၏ အဖြေကို ကျွန်တော်တို့ စောင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့။ ထိုအဖြေကို ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့ နားထောင်ချင်ခဲ့ကြသည်။
"အင်း... အချိန်တန်ပြီထင်တယ်။ အဘနောက် လိုက်ခဲ့ပါ သူငယ်.. ဒီအဖြေ သူ့ကိုအရင်ပြောပြမှဖြစ်မယ်"
တုတ်ကောက်ကို အားပြုပြီး အဘသွင် ထရပ်လိုက်သည်။ လူငယ်ကိုခေါ်ပြီး ချယ်ရီပင်ရှိရာဖက် ဦးဆောင်လိုက်သည်။ လူငယ်မှာ အရာရာကို ကြိုသိထားသည့်အလား ဘာမေးခွန်းမျှ ထုတ်မနေဘဲ အဘသွင်ခေါ်ရာနောက် လိုက်ခဲ့သည်။ ကျွန်တော်နှင့် မိဆိုးလည်း အချင်းချင်း လက်ကုတ်ပြီး သူတို့နောက် တိတ်တဆိတ် လိုက်ခဲ့ကြသည်။
မြို့ပြင် ရေကန်ဘေးရှိ ချယ်ရီပင်အောက်တွင် သူတို့ရပ်လိုက်ကြသည်။ ချယ်ရီပင်မှာ စိမ်းလန်းစိုပြေနေပြီး အပင်အောက်တွင် ရွက်ကြွေများ လုံးဝရှိမနေပေ။
"ဒီအပင်လား? သူတို့သစ္စာဆို စိုက်ပျိုးခဲ့ကြတာ"
"ဟုတ်တယ်။ ဒီချယ်ရီပင်ပဲ"
"ဒီလိုဆိုရင် ကျွန်တော်ဘယ်သူလဲဆိုတာ အရင်ဆုံး မိတ်ဆက်ပါရစေ"
အရိပ်ကောင်းသော နေရာတစ်ခုတွင် အဘသွင်ကို ထိုင်ခိုင်းပြီး လူငယ်ကပြောသည်။
"မိတ်ဆက်စရာမလိုပါဘူး။ ပုံပြင်ရဲ့အဆုံးကိုပဲ အရင်ပြောပါ"
ကျွန်တော်တို့ထက် အဘသွင်က ပိုစိတ်စောနေသည်။ လူငယ်မှာ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း စကားစသည်။
ကောင်လေးမှာ ရှေ့တန်းတွင် ကျဆုံးသွားသည် မဟုတ်။ စစ်ပြီးချိန်ထိ ဘေးမသီရန်မခ အသက်ရှင်နေခဲ့သည်။ စစ်ပြီးလျှင် ချစ်သူနှင့်အတူ သစ္စာဆိုခဲ့သော နေရာသို့ ပြန်ပြီး ချစ်သူနှင့်တွေ့ရတော့မည်။ သို့သော် သူလုံးဝ မပျော်ခဲ့ပါ။ အကြောင်းမှာ စစ်အတွင်း သူတို့စခန်းချသောရွာကို ရန်သူများအလစ်ဝင်ရောက် တိုက်ခိုက်ကြသည်။ ရန်သူကို ခုခံကာကွယ်ရင်း ရွာသူတစ်ဦးကို သူ့ကျည်ဆန် မတော်တဆ ထိမှန်ခဲ့သည်။ ထိုရွာသူမှာ အသက်မသေသော်လည်း ဒုက္ခိတဘဝသို့ ရောက်ခဲ့ရသည်။ ကောင်လေးမှာ သူ့ကြောင့်ဖြစ်သည်ဟုဆိုကာ ထိုရွာသူကို တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့သည်။
ရဲဘော်ရဲဘက်များက သူမ၏ကံတရားကြောင့်ဟု ဖျောင်းဖျခဲ့သော်လည်း အမှားတစ်ခုမှ နောက်ထပ် အမှားမထပ်ရအောင် သူမ ဘဝကိုတာဝန်ယူရန် သူဆုံးဖြတ်လိုက်သည်။ ထိုရွာသူကို သူလက်ထပ်ယူခဲ့ပြီး တိုက်ပွဲတွင် သူကျဆုံးသွားပြီဟု ထင်စေချင်သောကြောင့် ချယ်ရီပင်အောက်တွင် သူ့အပြန်ကို စောင့်နေမည့် သူမကို အကြောင်းမကြားခဲ့မိခြင်းဖြစ်သည်။
မလှုပ်မရှားနိုင်သော သူမကို ပြုစုစောင့်ရှောက်ရင်း အချိန်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးခဲ့သည်။ သူကွယ်လွန်ပြီး တစ်နှစ်ကြာမှာ သူ့ဒိုင်ယာရီကို အိမ်သားများက အမှတ်မထင် တွေ့မိခဲ့ကြသည်။ စာအုပ်ထဲတွင် ချယ်ရီပင်နှင့် သစ္စာဆိုခဲ့သော ကောင်မလေးကို တစ်နေ့မှ သူမမေ့ကြောင်း၊ အမှားတစ်ခုကြောင့် သူနှင့်သူမ ဝေးခဲ့ရကြောင်း၊ နောက်ဆုံးထွက်သက်ထိ သူမကို အောက်မေ့ရကြောင်း .. ရေးထားသည်။
"စာအုပ်က ဒီမှာပါ" အိတ်ထဲမှ စာအုပ်တစ်အုပ်ကို လူငယ်က ထုတ်ပေးသည်။
"ကျွန်တော် ပြောစရာရှိသေးတယ်။ ကျွန်တော် အဖေဆုံးတဲ့အထိ သူချစ်တဲ့ ကောင်မလေးကို သစ္စာမဖောက်ခဲ့ဘူး။ ကျွန်တော့်မေမေကို လက်ထပ်ယူခဲ့တယ်လို့သာ ပြောတယ် မောင်နှမလို အချစ်မျိုး၊ အားပေးဖော်အဖြစ်နဲ့သာ သူတို့နေခဲ့ကြတယ်။ ကျွန်တော်က သူတို့ရဲ့မွေးစားသားပါ"
"အင်း.. နင်လည်း စိတ်ချလက်ချသွားတော့။ သူ့စိတ်က နင့်အနားမှာပဲ သစ္စာရှိရှိ ရှိနေခဲ့တယ်" ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ချယ်ရီပင်ကို အဘသွင် ပွတ်သပ်နေသည်။
"ကျွန်တော်ပြောဖို့ တစ်ခုကျန်သေးတယ်"
အိတ်ထဲက အိုးတစ်လုံးကို ထုတ်ရင်း လူငယ်က ပြောသည်။
" ဒါ ကျွန်တော့်မွေးစားအဖေရဲ့ ပြာအိုးပါ။ တစ်နေရာတည်းမှာ အတူမြုပ်ဖို့ အမေက မှာလိုက်တယ်"
"ဒီသစ်ပင်အောက်မှာပဲ မြုပ်လိုက်ပါ။ ဒီနေရာမှာပဲ သူ့ကိုမြုပ်ခဲ့တာပါ"
ဒိုင်ယာရီစာအုပ်နှင့် ပြာအိုးကို ချယ်ရီပင်အောက်တွင် သူတို့မြုပ်နှံလိုက်ကြပြီး လူငယ်မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ အဘသွင်မှာ သစ်ပင်ခြေရင်းတွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ မြူမှုန်လား၊ မီးခိုးလားမသိ မှုန်ဝါးဝါး အငွေ့တစ်ချို့က ရေကန်နှင့် သစ်ပင်တစ်ဝိုက်တွင် တခဏမျှ အုံ့ဆိုင်းသွားခဲ့သည်။
မိဆိုးမှာ ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ရအောင်ဟုဆို၏။ ထိုနေရာမှ လှည့်အထွက် ချယ်ရီပင်၏ တစ်ဖက်ခြမ်းတွင် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဖြေးဖြေးချင်း လျှောက်သွားနေသော လူရိပ်နှစ်ရိပ် ကျွန်တော်မြင်လိုက်သည်။ ကျွန်တော်ကပဲ အကြည့်မှားတာလား... မိဆိုးကိုမေးတော့....
"ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ "သူတို့"ကို သွားမနှောင့်ယှက်ဘူးလေ"
မိဆိုးစကားကြောင့် ကျွန်တော်ပြုံးလိုက်မိသည်။ သူတို့လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းလွမ်းနေမှာကို ကျွန်တော် ကိုယ်ချင်းစာမိသည်။
မကြာမီ ကျွန်တော်ရှေ့တန်းထွက်ရသည်။ မိဆိုးက သူပြောခဲ့သည့်အတိုင်း ကားတန်းရှိရာသို့ လိုက်မပို့ခဲ့သော်လည်း ချယ်ရီပင်အောက်တွင် သူမ သစ္စာဆို ဆုတောင်းနေမည်ကို ကျွန်တော်သိနေခဲ့သည်။
တစ်လအကြာတွင် မိဆိုးဆီက စာတစ်စောင်ကို ကျွန်တော်လက်ခံရရှိခဲ့သည်။ စာထဲတွင် အဘသွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ အိပ်ရက်နှင့် အေးချမ်းစွာ သေဆုံးသွားကြောင်း၊ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးနှင့် သေဆုံးသွားကြောင်း ရေးထားသည်။
အဘသွင် မကွယ်လွန်ခင်က မိဆိုးကို စာတစ်စောင် ပေးခဲ့သည်ဟု ဆို၏။ သူ့ကို သင်္ဂြိုလ်ပြီးမှ ဖွင့်ကြည့်ပါဟု မှာခဲ့သည်။ စာထဲတွင် အဘသွင်မှာ တစ်ချိန်က မင်္ဂလာဆောင်ရန် စီစဉ်ထားပြီးခါမှ ပွဲပျက်ခဲ့ရသော သတိုးသားလောင်းဖြစ်ကြောင်း၊ သစ္စာကြီးသော သူမကိုယူဖို့ ဆုံးဖြတ်ခဲ့မိသည့်အတွက် နောင်တရမိကြောင်း၊ သူမကို မတားနိုင်ခဲ့သည့်အတွက်လည်း လွန်စွာ နောင်တရမိကြောင်း၊ သူမကို မပိုင်ဆိုင်ရသော်လည်း စောင့်ရှောက်ရန် သူကြိုးစားခဲ့ကြောင်း၊ သူတို့အဖြစ်ကို ရာဇဝင်ပုံပြင်သဖွယ် တွေ့သမျှလူတွေကို သူပြောပြခဲ့သည်မှာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုကောင်လေးနားသို့ ရောက်ပြီး ချယ်ရီပင်အောက်တွင် သူမစောင့်နေသည်ကို သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း၊ ယခုအခါ သူတို့ချစ်သူနှစ်ဦးမှာလည်း တမလွန်တွင် ပေါင်းဖက်နေရပြီဖြစ်သောကြောင်း သူကျေနပ် စိတ်ချသွားပြီဖြစ်ကြောင်း ရေးထားသည်ဟု ဆိုသည်။
နှစ်ပေါင်းများစွာ စောင့်စားခဲ့သော ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်ကို အခုမှ ကျွန်တော်သိလိုက်ရသည်။ ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ်၊ အဘသွင်ပဲဖြစ်ဖြစ် နောက်ပြီး ရွာသူကောင်မလေးပဲဖြစ်ဖြစ် သူတို့သည် အချစ်ကို နားလည်ကြသူများဖြစ်သည်။ အချစ်ကို အချစ်ဖြင့် ချစ်ခဲ့ကြသော အချစ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ ပုံပြင်တစ်ပုဒ်လုံးကို သိပြီးချိန်တွင် အမည်မသိသော ဝေဒနာတစ်ခု ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့သည်။ မိဆိုး၏ စာအောက်တွင် စာကြွင်းအဖြင့် ဤသို့ရေးထားသေးသည်။
"မောင်.... ဘာအကြောင်းပဲဖြစ်ဖြစ် အရေးမကြုံခဲ့ရင် သေနတ်ကို လျှောက်မပစ်ပါနဲ့နော်" ဟူတည်း။
Saturday, December 13, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment