Wednesday, December 3, 2008

!!! စမ်း၍ကြည့်ပါလေ !!!

အချို့အချို့သောသူများသည် လခ၀င်ငွေများ လိုသည်ထက် ပို၍ရနေ၏။
သို့သော်လည်း သေဆုံး၍သွားသောအခါ သားမယားအတွက် တစ်စုံတစ်ရာ မကျန်ရစ်ခဲ့ပေ။
လခတစ်ရာကျော်ရလျှင် အိမ်၌သားမယားမှာ လက်ဖက်ရည်နှင့် ထမင်းနှစ်နပ်ကလွဲ၍ တစ်စုံ တစ်ရာမျှ မသုံးစားရ။ ၄င်းလူသေသောအခါ၌လည်း တစ်စုံတစ်ရာမျှမကျန်ရစ်သည်ကို သတိရ လေသည်။
ဤလူများသည် သားမယားအပေါ်၌ ရက်စက်စိမ်းကားသူများ ဖြစ်ကြလေသည်။
မိမိကိုယ်တိုင် တစ်ဦးတည်း အလိုရမ္မက်ကို လိုက်စားမှုကြောင့် သားသမီးနှင့် သားမယားများ အပေါ်၌ ၀တ္တရားများ ပျက်ကွက်သူများတို့သည် တစ်ကိုယ်ကောင်းစိတ် အားကြီးသူများသာ ဖြစ်ကြလေသည်။
လူတိုင်း သူဋ္ဌေးပင်မဖြစ်နိုင်စေကာမှု ကျန်းမာသူမှန်သမျှမည်သူမျှ ဆင်းရဲစုတ်နုပ်ဖို့မရှိ။ ဆွေမျိုးပေါက်ဖော်များထံ အသိမိတ်ဆွေများထဲ ကညဖို့အောက်ကျဖို့ မလိုပေ။
တချို့သောသူများသည် မိမိလုပ်ကိုင်သော အလုပ်ကို ကောင်းစွာနိုင်နင်းနိုင်သဖြင့် ငွေကြေးကို လုံလောက်သင့်သည်ထက်ပို၍ ရကြလေသည်။
ငွေဖြင့် အဘယ်အရာကိုမဆို ရယူနိုင်၏။ သို့သော်လည်း အရေးမကြီးသောအရာများကို လူများသည် ပိုမို၍ ၀ယ်တတ်ကြလေသည်။
အချို့ပစ္စည်းများမှာ လုံးလုံးပင် အသုံးမပြုရသော ပစ္စည်းများ ဖြစ်ကြလေသည်။
ငွေသည် အသုံးအဆောင်ပစ္စည်းကိုသာရနိုင်သည်မဟုတ်။ အလွန်အဖိုးထိုက်တန်သော လွတ် မြောက်ခြင်းကိုလည်း ရနိုင်လေသည်။
သို့ဖြစ်လေရာ ငွေကြေးနှင့် ပတ်သက်၍ အဘယ်အခါမဆ ပေါ့ဆစွာမလုပ်သင့်ချေ။
မြန်မာလူမျိုးများသည် တစ်ယောက်ကိုတစ်ယောက အားနာသဖြင့် အလုပ်ကို စပ်တူ လုပ်ကြ၏။ အလုပ်လုပ်ကြရာ၌ အစမှာ တစ်ယောက်အပေါ်၌တစ်ယောက အကောင်းချင်းပြိုင် ကာမြတ်အတူတူ ရူံးအတူတူ ရလျှင်ရချင်း၊ ငတ်လျှင်အတူငတ်မည်စသည်ဖြင့် ပေါ့ပေါ့ဆဆ ပြောဆို လုပ်ကိုင်ကြရာ နောက်ဆုံး၌ ပိုမို၍ ဥာဏ်များသောသူ၊ ကောက်ကျစ်သောသူ၏အစာ ဖြစ်ကြရလေသည်။
သို့ဖြစ်လေရာ ငွေနှင့်ပတ်သက်၍ အားနာပေါ့လျော့စွာ ပြုမှုသူများသည် ကြီးစွာနောင်တရမည် သာမက.........
“စီးပွားစပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့် နှစ်ကိုယ်တည်းသာ၊ မနေရာသည်၊ မေတ္တာပျက် ကြောင်းတည်း” ဟူသော စကားလို ဖြစ်တတ်လေသည်။
ချွေတာခြင်းသည် တိုးတက်ခြင်းနှင့်အတူ စ၍ပေါ်ပေါက်လာ၏။
လူများသည် နေ့ဖို့ညစာသူမှီးရန် တာဝန်ဖြစ်၍လာသောအခါ၌ ချွေတာခြင်း အလေ့အကျင့် သည်စ၍ ပေါ်ပေါက်လေသည်။
ငွေကြေးမပေါ်မီ ရှေးပဝေသဏီအခါမှစ၍ ချွေတာခြင်းပေါ်ပေါက်ခဲ့လေသည်။
ဤကျမ်း၌ ချွေတာခြင်းသည် တိုင်းပြည် အုပ်ချုပ်ခြင်းဆိုင်ရာ စီးပွားရေးအကြောင်းအရာနှင့် မသက်ဆိုင်။ လူတစ်ယောက်စီ တစ်ယောက်စီ၊ အိမ်ထောင်တစ်ခုစီ တစ်ခုစီနှင့် သက်ဆိုင်လေ ၏။
သို့သော်လည်း တိုင်းပြည်၏စီးပွားရေးအခြေအနေသည် လူဟုသမျှ၏ စီးပွားရေးအခြေအနေ နှင့် ဆက်လျက်ရှိနေ၏။ လူတစ်ယောက်စီနှင့်ဆိုင်သော ပစ္စည်းဥစ္စာကြွယ်ဝခြင်းသည် တိုင်း ပြည်၏ ပစ္စည်းဥစ္စာကြွယ်ဝခြင်းနှင့် အလားတူဖြစ်၏။

ပီမိုးနှင်း

No comments: