Tuesday, December 9, 2008

“ စိတ်အေးချင်ရင် စိတ်အေးသူကိုသတိရပါ ”

အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်များစွာရှိတဲ့အထဲက အခုပထမဆုံး အဓိပ္ပာယ်ကတော့ “ကိလေ သာ ကင်းစင်တော်မှုသော မြတ်စွာဘုရား” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ခု ဦးဇင်း ဆက်ပြီးပြောမယ့် အကြောင်းတရားတွေက ဂုဏ်တော်ပွားများတဲ့ အချိန်မှာ စိတ်ထဲ ကနေ ထပ်တလဲလဲ ဆင်ခြင်နှလုံးသွင်းပြီး ပွားများရမယ့် အချက်အလက်တွေချည်းပါပဲ။ အရဟံရဲ့ အဓိပ္ပာယ်ကို ဗဟုသုတအဖြစ်နဲ့ သိအောင် ပြောပြနေတဲ့ အချက်အလက်များ မဟုတ်ပါဘူး။
ဂုဏ်တော်ပွားတော့မယ်ဆိုရင် အာနာပါနကမ္မဋ္ဌာန်းတို့၊ သတိပဋ္ဌာန်ဝိပဿနာတို့ ပွားများသလို ပါပဲ။ သီးသန့် အချိန်ရတယ်ဆိုရင်၊ ထိုင်ဖို့လည်း အဆင်ပြေတယ်ဆိုရင် တင်ပျဉ်ခွေကလေး ထိုင်၊ ခါးဆန့်ဆန့််ထား ခေါင်းကလေးလည်း မတ်မတ်ထား၊ မျက်စိလေး မျက်လွှာလေးနှစ်ခုကို အိပ်ခါနီး ပိတ်တဲ့အခါထိသလို ခပ်ဖွဖွလေး ထိပြီး ပိတ်ထား၊ လက်ကို သင့်တော်သလို အနေအ ထားလေးနဲ့ ပေါင်ပေါ်၊ ဒူးပေါ်မှာ ထား။
ပြီးတော့ ပထမဆုံးအနေနဲ့ ၀င်လေထွက်လေကို သတိလေးကပ်ပြီးတော့ကြည့်၊ နှာသီးဝ လေ ထိတဲ့ နေရာကလေးမှာ သတိကပ်ထားပြီးတော့ လေ၀င်လာရင် “၀င်တယ်” ။ လေထွက်လာ ရင် “ထွက်တယ်”။ မိမိက နာရီဝက်လောက် ဂုဏ်တော်ပွားမယ် ဆိုလို့ရှိရင်လည်း အာနာပါန ကမ္မဋ္ဌာန်းလေးကို သုံးမိနစ်လောက်၊ ငါးမိနစ်လောက်တော့ အရင်ဆုံး ပွားလိုက်ဦးပေါ့။
အာနာပါနကမ္မဋ္ဌာန်းနဲ့ ကိုယ့်စိတ်ကလေးကို အရင်ဆုံး ရှင်းပြီးတော့ ပေးလိုက်ဥိး၊ ၀င်လေ ထွက်လေကလေးကို ငါးမိနစ်လောက် ၇ှုပွားလိုက်လို့ စိတ်ကလေး ကြည်လင်သွားပြီဆိုလို့ရှိရင် ခန္ဓာကိုယ်ကလေး ကြည်လင်အေးချမ်းသွားပြီ၊ ခန္ဓာကိုယ်ကလေး ကြည်လင်လန်းဆန်းသွားပြီ ဆိုလို့ရှိရင် ဂုဏ်တော်ကလေးကို စပြီး ပွားများလိုက်တော့ပေါ့။

ပွားတော့စိတ်ထဲကနေ ဘယ်လိုဆင်ခြင်ရမလဲဆိုရင် ခုပြောခဲ့တဲ့ အဓိပ္ပာယ်ကိုပဲ ဆင်ခြင်ရမှာပါ ပဲ။ “အရဟံ-ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား ”၊ ပထမ နှစ်ခေါက်သုံးခေါက်ပဲ “အရဟံ”ဆိုတဲ့ ပါဠိစကားလုံးထည့်ဆိုပြီး နောက်အခေါက်တွေမှာတော့ အရဟံဆိုတဲ့ စကား လုံးကို ဖြုတ်ထားလိုက်လို့ရပါတယ်၊ “ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား”။
ဒီမဓိပ္ပာယ်ကလေးကိုပဲ ထပ်တလဲလဲ ပွားများရမယ်။ အကြိမ် ၂၀၊ ၃၀၊ ၄၀၊ ၅၀ လောက်ပွား များလိုက်လို့ရှိရင် နည်းနည်းလေး စိတ်အထိုင်ကျသွားပြီ၊ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်အ ပေါ်မှာ အာရုံကပ်သွားပြီ။ အဲဒီအချိန်မှာ အဓိပ္ပာယါကို တဖြည်းဖြည်း ချဲ့ထွင်းပြီး ပွားများ ရမယ်။
“ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား“ဆိုတာကတော့ အဓိက ပဓာနအကျဆုံးအ ချက်ကို လိုရင်းချုပ်ပြီးတော့ ခေါင်းစဉ်တပ်ထားတာပါပဲ။ အဓိကလည်း အဓိကပါပဲ။ သွားရင်း သွားရင်း၊ လုပ်ရင်း ကိုင်ရင်းနဲ့ ပွားတော့မယ်ဆိုရင် အသေးစိတ်အချက်အလက်တွေ တွေးနေဖို့ အချိန်မရဘူး။ အဲဒီအခါမျိုးမှာတော့ “ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား”၊ “အရဟံ၊ ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား”၊ ဒါလေးလောက်ပဲ ထပ်တလဲလဲ ပွားများရမှာပါ။
အရဟံ-ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား၊ ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား၊ ဒီလိုရင်းအဓိပ္ပာယါကိုပဲ ထပ်တလဲလဲ ပွားနေရမှာပါ။ သီးသန့်ပွားများဖို့ အချိန်ရ တယ်ဆိုရင်တော့ အကြိမ် လေးငါးဆယ်လောက် “ကိလေသာကင်းစင်တော်မှုသော မြတ်စွာ ဘုရား”လို့ ရိုးရိုးလေး ရွှတ်ပွားပြီးရင် တဖြည်းဖြည်းချင်း ချဲ့ထွင်ရမယ်။
“စိတ်အပူအလောင်မှန်သမျှ ကင်းစင်းတော်မှုသော မြတ်စွာဘုရား”
ကိလေသာဆိုတာ စိတ်ကို ပူလောင်စေတတ်တဲ့တရားတွေ ဖြစ်ပါတယ်။ ကိလေသာ ကင်းစင် တယ်ဆိုတော့ ကိလေသာဆိုတာ ပါဠိစကားလုံး ဖြစ်နေတော့ အဓိပ္ပာယ် ရှင်းချင်မှရှင်းမယ်၊ ဥာဏ်ထဲမှာ ကွင်းကွင်းကွက်ကွက်နဲ့ သဘောပေါက်ချင်မှပေါက်မယ်၊ ကိုယ့်နှလုံးသားထဲမှာ ရောက်ချင်မှရောက်မယ်၊ ကိုယ့်မြန်မာစကားလုံးလေးနဲ့ ဖလှယ်ပြီးတော့ စဉ်းစားလိုက်တော့ ရှင်းသွားတယ်။ ရင်ထဲ ရောက်သွားတယ်။
“စိတ်အပူအလောင်မှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား၊ မြတ်စွာဘုရားရှင်ရဲ့ စိတ်ထဲ မှာ ပူလောင်တာ လုံးဝမရှိဘူး။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ကလေးဟာ အမြဲတမ်း အေးချမ်းနေ တာပဲ။ ငါတို့ စိတ်တွေဆိုရင် အမြဲတမ်း လောဘတွေ၊ ဒေါသတွေနဲ့ ပူလောင်ပြီတော့ နေလိုက် တာ၊ မြတ်စွာဘုရားရှင်ရဲ့ စိတ်ကတော့ လောဘ၊ ဒေါသစတဲ့ ကိလေသာအပူအလောင်တွေ အမြဲတမ်း ကင်းရှင်းနေတဲ့ အတွက်ကြောင့် အေးချမ်းနေတာပဲ”
အဲဒီလို ပွားများနေရမှာပါ။ ခု ဦးဇင်းပြောခဲ့တဲ့ စကားရပ်တွေဟာ ကိုယ့်စိတ်ထဲက ပွားများနေရ ပေမယ့် စကားရပ်တွေပါ။ သီးသန့် နားလည်အောင် ရှင်းပြနေတာ မဟုတ်ပါဘူး။ နောက်တစ် လုံး ထပ်ပြီးတော့ ချဲ့လိုက်။
“စိတ်အညစ်အကြေး မှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား”
ကိလေသာဆိုတာ စိတ်ကို ညစ်နွမ်းစေတတ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိလေသာကင်း တယ်ဆိုတာ စိတ်အညစ်အကြေးတွေ ကင်းနေတာပါပဲ။ သြော် မြတ်စွာဘုရားရှင်ရဲ့ စိတ်မှာ အညစ်အကြေးတွေ ဘာမှမရှိဘူး။ လောဘဒေါသစတဲ့ အညစ်အကြေးဘာမှမရှိဘူး။ မြတ်စွာ ဘုရားရှင်ရဲ့ စိတ်ကလေးဟာ သန့်စင်ပြီးနေတာပဲ။ အဲဒီလို အာရုံပြု ပွားများရမယ်။
နောက်တစ်ခုကတော့ “စိတ်အနောက်အကျူမှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား”
ကိလေသာဆိုတာ စိတ်ကိုနောက်ကျူစေတတ်တဲ့ အရာတွေ ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ စိတ်မှာ နောက်ကျူနေတာ ဘားမှမရှိဘူး။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ကလေးဟာ အမြဲတမ်း ကြည်လင်ပြီးတော့နေတာပဲ။
နောက်တစ်ခု“ စိတ်အရူပ်အထွေးမှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား”
ကိလေသာဆိုတာ စိတ်ကိုရှုပ်ထွေးစေတတ်တဲ့ အရာတွေဖြစ်ပါတယ်။ ကိလေးသာကင်းစင် တယ်ဆိုတာ စိတ်အရှုပ်အထွေးတွေ ကင်းစင်တာပဲ ဖြစ်ပါတယ်။ သြော် ငါတို့စိတ်ဆိုရင် အမြဲတမ်းရှုပ်ထွေးပြီးတော့နေတာပဲ။ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ရှုပ်ထွေးနေတယ်။ မြတ်စွာဘုရားရှင် စိတ်ကလေးကတော့ အမြဲတမ်း ရှင်းနေတာပဲ။ အဲဒီလိုပဲ အာရုံပြုကြရမှာ ဖြစ်ပါတယ်။
ကိုယ့်မြန်မာစကားလေးနဲ့ အာရုံပြုလိုက်တော့ ဘုရားကိုကြည်ညိုတဲ့ စိတ်လည်း ပိုဖြစ်တယ်။ ကိုယ်အာရုံပြု နှလုံးသွင်းနေတဲ့ စာသားအဓိပ္ပာယ်နဲ့ သက်ဆိုင်တဲ့ ဘုရားရဲ့ ဓာတ်ကောင်းဓာတ် မြတ်တွေလည်း ကိုယ့်စိတ်မှာ ကူးစက်လာပါတယ်။
“စိတ်အပူအလောင် မှတ်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား”လို့ ပွာလိုက်တာနဲ့ တစ် ပြိုင်နက် ကိုယ့်စိတ်ကလေးလည်း အပူအလောင်တွေ ချက်ချင်းကင်းပျောက်ပြီးတော့ အေးချမ်း သွားသလို ခံစားပါတယ်။ တကယ်လည်း သန့်စင်သွားပါတယ်။
“စိတ်အနောက်အကျူမှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား” လို့ ပွားလိုက်တာနဲ့တစ် ပြိုင်နက် ကိုယ့်စိတ်ကလေးလည်း အနောက်အကျူတွေ ချက်ချင်းကင်းပျောက်ပြီးတော့ ကြည် လင်သွားသလို ခံစားရပါတယ်။ တကယ်လည်း ကြည်လင်သွားးပါတယ်။
“စိတ်အရှုပ်အထွေးမှန်သမျှ ကင်းစင်တော်မှုသော မြတ်စွာဘုရား” လို့ ပွားလိုက်တာနဲ့ တစ် ပြိုင်နက် ကိုယ့်စိတ်ကလေးလည်း အရှုပ်အထွေးတွေ ချက်ခြင်းကင်းပျောက်ပြီးတော့ ရှင်းလင်း သွားရသလို ခံစာရပါတယ်၊ တကယ်လည်း ရှင်းလင်းသွားပါတယ်။
ဒါကြောင့်“ ကိလေသာ ကင်းစင်တော်မှုသော မြတ်စွာဘုရား”ဆိုတဲ့ စကားရပ်ကလေးကို ကိုယ့် မြန်မာစကားလေးနဲ့ တဖြည်းဖြည်းချဲ့ထွင်းပြိး ပွားများရတယ်။ ချဲ့ထွင်းပြီးတော့ ပွားများတဲ့အခါ မှာလည်း ကိုယ့်ဘ၀ဖြစ်စဉ်၊ ကိုယ့်စိတ်ကလေးရဲ့ ဖြစ်စဉ်ကလေးလနဲ့နှိုင်းယှဉ် နှိုင်းယှဉ်ပြီး တော့ပွားများရမယ်။
လောကမှာ ပုဂ္ဂိုလ်တစ်ယောက်ကို ကြည်ညိုတယ် ကြည်ညိုတယ်ဆိုတာ ကိုယ့်မှာ မရှိတဲ့ အရည်အချင်း အရည်အသွေးတွေ ရှိရင် ကြည်ညိုတာပဲ။ ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင် ရင်ကြည်ညိုတာပါပဲ။
သြော်ငါ့မှာတော့ စိတ်အပူအလောင်တွေ၊ စိတ်အညစ်အကြေးတွေ၊ စိတ်အနောက်အကျူတွေ၊ စိတ်အညစ်အကြေး ကင်းတဲ့ဓာတ်၊ စိတ်အနောက်အကျူ ကင်းတဲ့ဓာတ်၊ စိတ်အရှုပ်အထွေး တွေကင်းတဲ့ဓာတ်တွေ ကူးစက်လာပါတယ်။
စံပယ်ပန်းထုပ်တဲ့ဖက် စံပယ်ရနံ့ သင်းလာသလို ကိလေသာကင်းခြင်းဂုဏ်ဆိုတဲ့ စံပယ်ရနံ့ ကလေးနဲ့ ထုံမွမ်းထားတဲ့ မိမိရဲ့ နှလုံးသားတည်းဟူသော ဖက်ကလေးဟာလည်း ကိလေသာ ကင်းတဲ့ရနံ့ကလေးတွေ ကူးစက်လာတာပေါ့။ မြတ်စွာဘုရားရှင်ရဲ့ ကိလေသာ ကင်းစင်တဲ့ဂုဏ် ကိုပွားနေရင်းနဲ့ ကိုယ့်စိတ်မှာလည်း ကိလေသာတွေတစ်ဖက်ပြီးတစ်ဖက် ကွာကွာကျနေတော့ တာပါပဲ။
အဲဒီလို အဓိပ္ပာယ်ကို သိပြီိးပွားမှ ကိလေသာက ကွာကျတာ အဓိပ္ပာယ်မသိဘဲနဲ့ ရိုးရိုးပဲ အရဟံ အရဟံနဲ့ ဆိုရင်တော့ ကိလေသာကွာကျဖို့ မလွယ်ပါဘူး။ အများစုကတော့ ပုတီးစိပ်ကြတယ်။ ဂုဏ်တော်တွေ ရွတ်ကြတယ်။ ဘာလို့ ရွတ်တာလဲ။ ဈေးရောင်းကောင်းအောင်လို့၊ ရာထူးတက် အောင်လို့၊ စီးပွားတိုးအောင်လို့၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်အောင်လို့ စသည်အာဖြင့်၊ အရဟံ အရဟံ ပါးစပ်ကသာ ရွတ်နေတာ စိတ်ထဲ၊ မျက်စိထဲမှာတော့ ကိုယ်လိုချင်တဲ့ အကျိုးတရား တွေပဲ မြင်နေတယ်။
ဈေးရောင်းကောင်းအောင်ဆိုပြီးတော့ အရဟံဂုဏ်တော် ရွတ်တဲ့သူကလည်း “အရဟံ၊ အရဟံ” ရွတ်နေတာပါပဲ။ မျက်စိထဲ မြင်နေတော့ ကိုယ့်ဆိုင်မှာ ဖောက်သည်တွေ အများကြီး ၀ယ်နေတဲ့ ပုံပဲ မြင်နေတယ်။ ဒီတော့ အရဟံဂုဏ်တော်အပေါ်မှာ ကြည်ညိုတယ်ဆိုတာ ဘယ်မှာဖြစ်နိုင်ပါ တော့မလဲ။
သိပ်မကြာသေးခင်ကပဲ ဦးဇင်းတို့ ရွှေပါရမီတောရကျောင်းကို လာရောက်ဖူးမြော်ကြတဲ့ ဒကာ၊ ဒကာမတွေထဲက တစ်ယောာက်က လျှောက်ထားပါတယ်၊ တပည့်တော် အရဟံဂုဏ်တော်ကို တစ်နေ့ တစ်နာရီ ပုတီးစိပ်နေတာ ဆယ်နှစ်တောင်ရှိသွားပြီတဲ့။
ဟာ ဒကာကြီး ဇွဲကောင်းလှချည်လား။ ဒါနဲ့ အရဟံဂုဏ်တော်ဆိုတာ ဘာလဲ ပြောပြပါဦး။ အရဟံဂုဏ်တော်ဆိုတာ ဘာလဲလို့ မေးလိုက်တော့ သူကလည်း မဆုတ်မဆိုင်း ချက်ချင်းပဲ ပြန်ဖြေပါတယ်။ “မသိပါဘူး”။
အရဟံ ဂုဏ်တော်ကို ပွားနေတာ တစ်နေ့ကို တစ်နာရီ၊ နှစ်ကလည်း ဆယ်နှစ်တောင် ရှိပြီ၊ အရဟံ ဂုဏ်တော် ဘာလဲလို့မေးတော့ မသိဘူးတဲ့၊ ကောင်းကြသေးရဲ့လား။ အဲ့ဒီိဒကာမလိုလူ တွေ အများကြီး ရှိပါတယ်။
ဒါကြောင့် အရဟံဂုဏ်တော်ကို အဓိပ္ပာယ်မသိပါဘဲနဲ့ မြတ်စွာဘုရားရဲ့ အရဟံဂုဏ်တော်ကို ကြည်ညိုလိုက်တာဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို မသိဘဲနဲ့ မြတ်စွာဘုရားရဲ့ အရဟံဂုဏ်တော်ကြီး ကြည်ညိုလိုက်တာ၊ ငါတော့ နေ့တိုင်းပွားနေ တော့တာပဲဆိုတာ ဖြစ်ကို မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ဂုဏ်တော်ကိုကြည်ညိုဖို့ဆိုရင် ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို သိရမယ်။ သိထားတဲ့ အဓိပ္ပာယ်ကိုလည်း ထပ်တလဲလဲ ပွားများရပါမယ်။ ပါဠိသက်သက် ပွားများရမှာ မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ မြန်မာလို အဓိပ္ပာယ်တွေကို ထပ်တလဲလဲ ပွားများရမှာပါ။ ထပ်တလဲလဲ စဉ်းစားရမှာပါ။
ပါဠိသက်သက် ရွတ်ပွားတာ မှားတယ်လို့ မဆိုလိုပါဘူး။ မှန်ပါတယ်။ ကုသိုလ်လည်း ရသင်သ လောက် ရပါတယ်။ ဒါ့ပေမယ့် မြန်မာလိုပွားများတာလောက်တော့ ရင်ထဲ၊ နှလုံးသားထဲ မရောက်ပါဘူး။ ကိုယ့်အတွင်းစိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကြည်ညိုဝမ်းမြောက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဓာတ်ကူးစက်မှုအားလည်း သိပ်ကိုနည်းပါးပါတယ်။
မြန်မာစကား အမြဲသုံးနှုန်းနေတဲ့ လူတစ်ယောက်အတွက် ဂုဏ်တော်တွေကို မြန်မာလို ပွားများ တာ အကောင်းဆုံးပါပဲ။ ကြည်ညိုဝမ်မြောက်စိတ်လည်း ပိုအားကောင်းသလို ဓာတ်ကူးစက်မှု လည်း ပိုနက်ရှိုင်းပါတယ်။
ဒါကြောင့် ယနေ့မှစ၍ လူလောကရဲ့ အရူပ်အထွေး၊ အချစ်၊ မမုန်း၊ အငြိုး အတေး၊ မနာလိုမှုတွေဟာ စိတ်ကိုပင်ပန်းစေပြီး အင်မတန်ပူလောင်တဲ့အရာတွေမို့ “ကိလေးသာစိတ် ကင်းစင်းအောင်” နေကြရမယ်နော် မိတ်ဆွေတို့။
အရှင်ဆန္ဒာဓိက

No comments: