Friday, August 15, 2008

လွယ်အိတ်လေးတစ်လုံးရဲ့ ခံစားမှု


glitter-graphics.com
ကျွန်မဆိုတဲ့ကောင်မလေးက
သူထည့်ပေးတဲ့
အချစ် ၊ အမှန်း ၊ အလွမ်း ၊ အဆွေးစတဲ့
သူ့ပေးတဲ့ စိတ်ကြိုက်ပပစ္စည်းလေးတွေကို
ကျေနပ်စွာ သယ်ဆောင်ပေးရင်း
သူခေါ်ရာ သူစေရာ သူသွားရာလိုက်ပါလို့
သူသက်သာအောင် အလေးအပင်တွေမပေးရတဲ့
လွယ်အိတ်လေး တစ်လုံးပေါ့။

ဒါပေမဲ့သူဟာလေ...
အင်မတန် အဖိုးတန်ပြီး လှပတဲ့
အခြားလွယ်အိတ် အသစ်လေးတွေကို
မျှော်ငေးရင်း မလွဲသာလို့ထင်ပါရဲ့
ညစ်စုတ်စုတ်နဲ့ အရောင်ဖျော့နေတဲ့
လွယ်အိတ်လေး ကျွန်မကို
မရှိသုံးသုံးနေလေရဲ့။

တစ်ချိန်တုန်းကတော့...
ကျွန်မဟာလည်း မင်းအတွက်
အင်မတန်လှခဲ့တဲ့ လွယ်အိတ်လေးပါ
မင်းစေရာသွား မင်းခေါ်ရာလိုက် မင်းစေရာသယ်ဆောင်ရင်း
အရောင်ဖျော့လာခဲ့ပေမယ့်
ယခုထိတော့ ခိုင်ခံနေဆဲပါ။

ကျွန်မဟာ အရင်လိုမလှပတော့လို့
သူ့အတွက် ဂုဏ်ကျက်သရေတွေ
မပေးနိုင်တော့ဘူးလို့ မင်းထင်နေပေမဲ့
မင်းပေးသမျှ အလေးအပင်တွေမရင်း
မင်းဆန္ဒတွေ ပြည့်ဝစေမှာပါလို့
ငါ့ကိုယ့် ငါယုံကြည်တယ်။

သူမလွယ်ချင်းဘဲ သုံးနေရတဲ့
လွယ်အိတ်လေး ကျွန်မက
ရင်နာနာနဲ့ တာဝန်ကျေစွာ
လိုက်ပါဆန္ဒဖြည့်ဆဲဆိုပေမယ့်
မျက်နှာ ငယ်ငယ်လေးနဲ့ပေါ့လေ။

တစ်နေ့တော့...
အချစ်ဝန်ထုပ် ၀န်ပိုးတွေနဲ့
အင်မတန်မောပန်းလှတဲ့ ကျွန်မကို
မြန်စွာဖြုတ်လို့ခါချ ပစ်ချလိုက်ပေါ့။

အမှတ်တမဲ့...အင်မတန်နာကျင်သွားရ
ဘာကြောင့်များ အင်မတန်သစ္စာရှိခဲ့တဲ့ကျွန်မ
ဘာအတွက် ခုလိုတုန့်ပြန်သလဲမသိ
အဖြေရှာကြည့်လိုက်တော့
အော်...သူအင်မတန်သဘောကျလှပလှတဲ့
လွယ်အိတ်အသစ်လေးရနေပေါ့။

ဒီလုနဲ့ဘဲ အသည်းထောင့်တစ်နေရာကျ
ခွေခွေလေးနဲ့ လွယ်အိတ်လေးကျွန်မ
ပစ်ချခံခဲ့ရပေါ့.

တစ်ခုတော့ရှိတယ်...
အသစ်ဘယ်လောက်ကောင်းကောင်း
အဟောင်းတလည်လည်ဆိုသလိုမျိုး
မင်းရဲ့လွယ်အိတ်အသစ်လေး
တစ်နေ့ကြိုးပြတ်သွားခဲ့ရင်တောင်မှ
မင်းပစ်ချလို့ ထောင့်တစ်နေရာမှာ
ဖုန်တင်ညစ်ပေနေတဲ့ ကျွန်မကတော့
"ထာဝရ "ခိုင်ခံနေဆဲပါ။

No comments: