Thursday, August 7, 2008

ကျေးဇူးစကား ဆိုပါရစေလား


glitter-graphics.com
အမှတ်တမဲ့ ...
မင်းကိုတွေ့ရှိပြီးနောက်
ကျွန်မနှလုံးသားထဲမှာ
ချစ်တတ်တဲ့ သံယောဇဉ်တွေ
သန္ဓေတည် ပေါက်ဖွားလာခဲ့ပြီဆိုတာ
မင်းကတော့ မသိဘူးပေါ့လေ။

ကျွန်မကိုထားခဲ့ပြီး ...
ရင်ခွင်ထဲကနေ ရုတ်တရက်
မင်းထွက်ခွာသွားတဲ့နေ့ကပေါ့လေ။

စိတ်အစဉ်...
လေနှင်ရာ လွင့်မျောရင်း
ခြောက်ကပ်စွာ အသက်ရှင်ခဲ့ရတာ
ပျော်ရွှင်ချိန်ဆိုတာ မရှိ
မင်းယူဆောင်သွားတယ်ထင်ပါရဲ့။

ဖြေမဆည်းနိုင်ခဲ့တဲ့ စိတ်ဒုက္ခကို
အတားအဆီးမဲ့စွာ ကိုးကွယ်ခဲ့မိသလို
ကျွန်မအချစ်ကမ္ဘာမှာ ကန္တာရဖြစ်ခဲ့ရပေါ့။

ချစ်ရသူရယ်...
ငါ့ကိုမှအားမနာ နင်မို့ပြောထွက်လိုက်တာ
နင့်ကိုသိပ်ချစ်ခဲ့မိလို့
ရိုက်ကြီးတငင်ငင် ငိုကြွေးနေခဲ့ရတဲ့
ငါ့ရဲ့ နှလုံးသားငယ်ကို အငိုတိတ်အောင်
"ကဗျာ" တွေရေးရင်း
ဖြေဆေးတစ်ခုအနေနဲ့
ချော့သိပ်နေခဲ့ ရတာပါ။

ဒါကိုတောင်မှ...
ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်တာ
ကျွန်မသိပ်လေးစား သွားမိခဲ့ပေါ့။

ဘာတဲ့လဲ...
အစ်ကို့ကြောင့်...
"ကဗျာ" ဆရာမလေးတောင် ဖြစ်နေပြီလားတဲ့လေ။

တကယ်ကိုလှပတဲ့...
မင်းနူတ်ဖျားက ထွက်ကျလာတဲ့
စကားလုံးလှလှလေးတွေကို
ငါ့နှလုံးသားတစ်ထောင်မှာ
ထာဝရ သိမ်းထားလိုက်မယ်။

စာသားလှလှ ၊ စကာလှလှလေးတွေကို...
သိပ်ကြိုက်တဲ့မင်းကိုလည်း
ကျွန်မရင်ထဲက စာသားလှလှလေးနဲ့
နူတ်ဆက်လိုက်ပါရစေလား။

ခုလိုမျိုး...
"ကဗျာ" စာသားလေးတွေကို
ကာရန်မြောက်အောင်
အသည်းခွဲပေးခဲ့တဲ့ မင်းကို
ထာဝရ ကျေးဇူးပါ ဆိုတဲ့
တုန့်ပြန်စကာလေးနဲ့
"ကျေးဇူးစကားဆိုပါရစေ"လား။

No comments: