Monday, August 25, 2008

မလှဘူးဆိုရင် ငိုချင်သူများသို့


glitter-graphics.com

မလှဘူးဆိုရင် ငိုချင်တယ်တဲ့
ဖွဲ့နွဲ့ကာပြော ချောချင်သူကို
သည်လိုမေးလိုက်ချင်ပါရဲ့။

မျက်နှာသွင်ပြင် ယဉ်နူချောမွှတ်
ပန်ပွတ်ရုပ်တု စံပြုစရာ
သင့်မှာလှသည်ထားပါတော့။

ကိုယ်ဟန်နွဲ့ရှင်း လဲ့ဝင်းနူသား
ရွှေမှုန်စား၍ ဖွားသလားပင်
ထင်ရလောက်အောင်
ဆင်းရောင်တောက်ပ
သင့်အလှလည်း
စာဖွဲ့ရသည်ထားပါတော့။

ကြိုးကြားသံလား စကားနူတ်ချို
သင်ပြောဆိုက နားဝင်လှ၍
ပီယ၀ါစ အသံမှာလျှင်
ဆွဲလည်းလွင်သို့
စံတင်ရသည်ထားပါတော့။

သို့ပါသော်ငြား
သင့်သဘောထား သူများတွေကို
မနာလိုတတ် ဓာတ်ခံညံ့ယုတ်
စိတ်ပုတ်မွေးကာ ၀တ်တိုပါလျှင်
သင့်မှာလှနေပါမည်လော။

အများအကျိုး မသယ်ပိုးဘဲ
ကိုယ်ကျိုးအတွက် လိပ်လိုယက်လို့
ဝီတက်လောဘ များလွန်းကလည်း
သင့်မှာ လှနေပါမည်လော။

တကယ်တော့ကာ
အလှဆိုတာ သေချာကြည်ငြား
အရေပြားမှာ တစ်ခဏတာ
အရောင်ဖြာ၍တက်စွာမရှိပါဘူးလေ။

သွေးရောင်သားရောင် ဘယ်မျှပြောင်လို့
ခုနှစ်ဆောင်ခန်း မီးမထွန်းတောင်
လင်းရောင်ဆောင်စေ စိတ်နေညံ့က
လှပျက်စွာ့တည့်။

အလှဆိုတာ မေတ္တာပေးဝေ
စိတ်နေမြင့်မြတ် အတ္တအကျိုး
မမျှော်ကိုးဘဲ အမျိုးဘာသာ
မြတ်နှိုးစွာဖြင့် သမာဓိဓာတ်
လွှမ်းခြုံပတ်၍ မပြတ်သီလ
မြတ်ဒါနဖြင့် အမျှပေးဝေ
စိတ်နေဖြူမှ သင့်အလှသည်
တိပပီပြင်လိမ့်မည်တည်း။

အို….
မလှဘူးဆိုရင် ငိုချင်သူရဲ့
တကယ့်အလှဤှမျှဆိုလျှင်
သင်သိလောက်ပြီထင်ပါပြီ။

No comments: