Sunday, November 2, 2008

လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ

click to comment
စကားချီး။ ။ မန္တလေး မစိုးရိမ်ကျောင်းတိုက်၊ မဟာနာယက အဂ္ဂမဟာပဏိတ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ပဋ္ဌာန်းဆရာတော်ဘုရားကြီး အရှင်ဝိသုဒ္ဓါဘိဝံသက အများသူငါ အမြဲနှလုံးသွင်းဖို့ ဆုံးမတော်မှုခဲ့တဲ့ ဆုံးမစာတစ်ပုဒ်ကို ကောက်နုတ်တင်ပြလိုပါတယ်။
ကောက်နုတ်ချက်မျာကတော့-
“တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ကိုယ့်အောက်တွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်က္ကုသာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊ ပြင်ဆင်တိုင်းလှ၊ ပြုတိုင်းရ၊ သုခန်ဗ္ဗာနတိုင်လိမ့်မယ်” လို့ ဖြစ်ပါသည်။
များသောအားဖြင့် ကလေးများ လူငယ်များ တက်ရောက်ကြတဲ့ ယဉ်ကျေးမှုသင်တန်းများမှာ အဲသည်ဆုံးမစာမျိုးတွေကို သင်ကြားပေးလေ့ရှိပါတယ်။
သေသေချာချာ နှလုံးသွင်းရင်း ရွတ်ဆိုပူဇော်ရင် စိတ်ကိုများစွာ အေးချမ်းသွားစေတဲ့ ဆုံးမစာဖြစ်ပါတယ်။
လက်တွေ့လုပ်ဆောင်နိုင်ရင် ပိုပြီးအကျိုးရှိမှာ ဖြစ်ပါတယ်။ အဲသည်ဆုံးမစာကို အင်မတန်မှလည်း သဘောကျနှစ်ခြိုက်ပါတယ်။ လူတွေဟာ စိတ်ကိုအလှပြင်ရင် ရုပ်လည်း ပိုမိုလှပလာတယ်ဆိုတာကို သတိမေ့မေ့နေတတ်ပါတယ်။ အထူးသဖြင့် ပျိုပျိုမျစ်မျစ် ချစ်စရာ့အရွယ် သားသမီးကလေးများဟာ သူ့အရွယ်နဲ့သူ လှပအောင်ပြင်ချင်လေ့ ရှိပါတယ်။
အဲသည်လူငယ် လူရွယ် မိန်းကလေး ယောက်ျားကလေးများအတွက် စိတ်ညွှတ်ပြီး စာကလေးနည်းနည်းရေးကြည့်ချင်လို့ ဆရာတော်ကြီးရဲ့ ဆုံးမစာထဲက “ရုပ်ကိုလည်းပြင် စိတ်လည်းပြင်” ကိုမှီးယူလိုက်ရပါတယ်။
လာပြန်ပြီ။ အလှပြင်တာကိုလည်း ဘုရားစာထဲက မှီးပြန်ပြီလို့ ပြောမယ့် သူတွေလည်း ရှိချင်ရှိမှာပဲလေ။ မှီးရမှာပေါ့၊ မြတ်စွာဘုရား အဆုံးအမပဲဟာ။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က တပည့်သာဝကများကို တင့်တယ်အောင် သင်္ကန်းအစရှိသည်တို့ကို ၀တ်ဆင်ကြဖို့ မိန့်တော်မှုခဲ့ပါတယ်။ တကယ်တော့ ပြုပြင်ပြောင်းလဲနေရတဲ့ လောကကြီးထဲမှာ ကိုယ့်ရုပ်ကိုရော ကိုယ့်စိတ်ကိုရော ပစ်စလက်ခတ်ထားလို့ မဖြစ်ပါဘူး။ သင့်တင့်အောင် ပြုပြင်နေရမှာ ဖြစ်ပါတယ်။ သင်္ကန်းကို ၀တ်ရုံတဲ့အခါမှာ အ၀န်းအ၀ိုင်းညီအောင် ၀တ်ဆင်ကြဖို့လည်း ပညတ်တော်မှုခဲ့ပါတယ်။ တစ်ခုတော့ သတိထားရပါလိမ့်မယ်။ ၀တ်ဆင်သင့်တဲ့ သင်္ကန်းနဲက မသုံးစွဲသင့်တဲ့ ပစ္စည်းများကိုလည်း ၀ိနည်းသိက္ခာပုဒ်များနဲ့ ပညတ်တားမြစ်ပြီးသား ဖြစ်ပါတယ်။ အဲသည်လို တားမြစ်ထားတဲ့ သင်္ကန်း၊ အဲသည်ပစ္စည်းကို မြတ်စွာဘုရားရှင်ရဲ့ သာဝကများက မသုံးဘဲ ရှောင်ရှားတော်မှုကြရမှာ ဖြစ်ပါတယ်။ အားလုံးဟာ အနိစ္စချည်းပဲ။ မမြဲမှမမြဲတာဆိုတဲ့ ဆင်ခြေကိုပေးပြီး ညစ်ပေနံစော်နေတဲ့ သင်္ကန်းကို မသေမသပ် ၀တ်ရုံသွားလာနေရင် အာပတ်သင့်ပါတယ်။
လူမှာတော့ အာပတ်နဲ့ ပညတ်ထားတာ မရှိဘူးပေါ့။ သို့သော် လူအများနဲကနေထိုင်နေရတဲ့ ပတ်ဝန်းကျင်ထဲမှာ ကိုယ်ထင်သလို နေထိုင်လို့ မဖြစ်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ကိုယ့်အတွက်လည်း သန့်ရှင်းပြီး စိတ်ရောလူပါ ရွင်လန်းကာ ကျန်းမာစေပါတယ်။ ထို့အတူ ကိုယ့်ကို မြင်ရတဲ့သူများမှာလည်း စိတ်အနှောက်အယှက် မဖြစ်တောူ့းပေါ့ ဆံပင်က ဖရိုဖရဲပွရူပ်နေပြီး အ၀တ်ကလည်း အကောင်းစားဖြစ်ပေမယ့် ကိုယ်ပေးမှာ မသမေသပ်ဖြစ်နေရင် လူတွေအဖို့ စိတ်အနှောက်အယှက်ဖြစ်မှာ သေချာပါတယ်။ အဲသည်လိုပြောတာဟာ မိန်းကလေးရော ယောက်ျားကလေးပါ ပါရှိတယ်နော်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်ဘဲ အနံ့တထောင်းထောင်းနဲ့ နေတဲ့သူများကို လူတွေက မတတ်သာလို့သာ ပေါင်းသင်းဆက်ဆံနေရတာပါ၊ နှစ်လိုခင်မင်ခြင်းတော့ မရှိတတ်ပါဘူး။
ရေမွှေးတော့ သုံးပါရဲ့၊ သန့်ရှင်းအောင် ရေချိုးခြင်းမလုပ်ဘဲ ရေမွှေးသုံးရင် ရေမွှေးနံ့နဲ့ ပေါင်းစပ်လိုက်မှ သူများမှာ ပိုပြီး ဒုက္ခရောက်သွားစေတဲ့အနံ့ကို ရတတ်သေးလို့ သတိထားရပါတယ်။ ရေသေသေချာချာချိုးပြီး သန့်ပြန့်တဲ့အ၀တ်အစားကို အရွယ်နဲကရောသွားမယ့်နေရာနဲ့ရော လိုက်လျောအောင်ဝတ်တတ်မှ ကြည့်လို့လှပပါတယ်။
ကြီးကြီးတို့ငယ်ငယ်က ကြီးကြီးတို့ထက်ငယ်တဲ့ မိန်းကလေးတစ်ယောက်ဟာ အပျိုကြီးဂိုက်ဖမ်းပြီး ပြင်ဆင်လေ့ရှိပါတယ်။ သူက သူ့ခေတ်နဲ့သူ လိုးလားနှစ်သက်ဖွယ်ကောင်းတဲ့ အရာရှိတစ်ယောက်ကို မှန်းနေတာကို။ နောက်တော့ သူသာဘူးသီးနုနု အမွှေးသပ်ထားသလို ဖြစ်သွားပါတယ်။ အရာရှိက ကန်ကုန်ပြန်သွားရော။ တကယ်တော့ သူ့အရွယ်နဲ့သူဝတ်ဆင်နေထိုင်မှ စိတ်ဝင်စားစရာကောင်းမှာ ဖြစ်ပါတယ်။ ပြီးတော့ မဆွတ်ခင်က ညွှတ်ချင်နေတာကို သိသာအောင်ပြသခြင်းဟာလည်း စိတ်ဝင်စားမှုကို လျော့ပါးစေပါတယ်။
အ၀တ်အစားဝတ်တဲ့ နေရာမှာလည်း အထက်မှာပြောခဲ့သလို ကိုယ်နဲ့မလိုက်ဖက်တဲ့ ကိုယ့်အရွယ်နဲက မလိုက်ဖက်တဲ့ အ၀တ်အစားကို ကြီးသူရော ငယ်သူပါ မ၀တ်သင့်ပါဘူး။ အထူးသဖြင့် ကြီးကြီးတို့ဆိုရင် အရွယ်နဲ့ မလိုက်ဖက်ဘဲဖြစ်နေမှာကို သတိထားရပါတယ်။ မိမိအသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အဆင်အသွေး၊ ဖက်ရှင်နဲ့ အဆင်တန်ဆာတွေကလည်း တွဲလွဲဆွဲနေသေးတယ်ဆိုရင်တော့ လှလာမှာထက် ကလက်သွားမှာက သေချာသလောက် ဖြစ်နေပါတယ်။ ပါဠိလိုလည်း ဝေါဟာရတစ်ခု ရှိပါတယ်တဲ့။ အဲသည်လို အရွယ်နဲ့မလိုက် ၀တ်ဆင်ပြီး အချိုးမပြေဖြစ်နေတဲ့ အဘိုးတွေ အဘွားတွေဟာ ဥမ္မတကော ၀ိယ၊ အရူးနဲကတူတယ်တဲ့။ မှတ်ကရော။
လူပျို အပျိုအရွယ် သမီးတို့ သားတို့ အရွယ်ကတော့ ကလက်သွားမှာ မစိုးရပါဘူး။ သို့ပေမဲ့ ပျက်တက်တက်အသွင်ကို ဆောင်သွားမှာ စိုးရပါတယ်။ အခုခေတ်က ဆန်းသည်ထက်ဆန်းတဲ့ ဖက်ရှင်တွေကိုထွင်ပြီး ၀တ်နေကြတော့ ကိုယ်နဲ့လိုက်သလား၊ မလိုက်ဘူးလားဆိုတာကို မစဉ်စားတော့ဘဲ ဆန်းတယ်ဟေ့ဆိုရင် ကိုယ်ပေါ်တင်ချင်တတ်ကြပါတယ်။ အဲသည်တော့ လုံခြုံအပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများက မလုံခြုံတော့ဘဲ အမြင်မှာ မတင့်တယ်အောင် ဖြစ်သွားတတ်ပါတယ်။
မြ၀တီရုပ်မြင်သံကြားက လွှင့်သွားတာကြာပြီ ဖြစ်ပေမယ့် မှတ်မိနေကြဦးမယ့် ဇာတ်ကားလေးတစ်ကားလေ။ “ဖန်ခြေနင်းနဲက ယမင်းရွှေစင်” ဆိုရင်မှတ်မိကြမှာပါ။ ဂျန်ဂျယ်ဟော့၊ ဂင်ထယ်နီး၊ လီဆောင်းဦးနဲ့ ဆွန်ဟီးတို့ပါတဲ့ ဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ လီဆောင်းဦးဟာ လူဆိုးမကလေးဖြစ်တဲ့ ဆွန်စီကို လှတဲ့နေရာမှာ နည်းနည်းကလေးမှ မမီပါဘူး၊ ဆွန်ဟီးက လှပါတယ်။ သို့ပေမဲ့ သူ့ဇာတ်ရုပ်ကလို သူပီပြင်အောင် မလုံမလဲ ဖရိုဖရဲအ၀တ်အစားတွေကို ၀တ်ထားရတော့ သူ့ပင်ကိုယ်လှတာက မပေါ်လွင်တော့ဘဲ ပျက်တက်တက်ဖြစ်နေပါတယ်။ ဆောင်းဦးကတော့ သူ့ဇာတ်ရုပ်ကို ရုပ်နဲကမထိန်းဘဲ (ဒါရိုက်တာက ခိုင်းတာောတ်တာလည်းပါမှာပေါ့) တက်ကြွဖျတ်လတ်မှု၊ ကြည်သာရွှင်လန်းမှု၊ အ၀တ်အဆင် ရိုးသားပြေပြစ်မှုတို့နဲ့ ထိန်းထားတာကို ကြီးကြီး သတိထားမိလိုက်ပါတယ်။
တချို့သောကလေးတို့က ဆွန်ဟီးလိုမဖြစ်အောင် အပြုမှုနဲ့ ထိန်းလို့ရပါတယ်လို့ ဆင်ခြေပေးကောင်းပေးပါလိမ့်မယ်။ အ၀တ်ကဖျက်၊ ဆံပင်အပြင်အဆင်က ဖျက်ပြီးရင်တော့ တည်ကြည်တဲ့ ကြည်စင်ရွှင်လန်းတဲ့ အလှမျိုးကို ရဖို့ခက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့လည်း ဟီရိသြတပ္ပနည်းပါးတဲ့ အ၀တ်အဆင်နဲက မိန်းမသားကို လူတော်တော်များများက မလေးစားတတ်ပါဘူး။ တကယ်တော့ အ၀တ်အစားဝတ်တယ်ဆိုတာ ယဉ်ကျေးမှုတိုးတက်တဲ့ သဘောကိုဆောင်တာပါပဲ။ အပူအအေးက လုံခြုံအောင်၊ အရှက်မရအောင်၊ လှပအောင်ဆိုတဲ့ ပဓာနရည်ရွယ်ချက်တွေနဲ့ အ၀တ်ဝတ်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ လှပတာ၊ နျစ်သက်စဖွယ်ဖြစ်တာ၊ လေးစားဖွယ်ဖြစ်တာတွေဟာ ကာယကံရှင်ရဲ့ သဘောထား မဟုတ်ပါဘူး။ ရူမြင်သူများရဲ့ သဘောထားဖြစ်ပါတယ်။ အခုခေတ်မှာ ခေတ်မီမှ လူကြိုက်တာ၊ ပုံတုံးရင် လူမကြိုက်ဘူးလို့ ဆင်ခြေပေးရင်လည်း ရပါတယ်။ သို့သော် အဲသည်လို ကိုယ်ခေတ်မီနေတာကို ကြိုက်တဲ့သူရဲ့ စိတ်နေသဘာဝနဲ့ ရင့်ကျက်မှု ဆင်ခြင်တုံတရား ရှိမှုတို့ကိုပါ ထည့်သွင်းစဉ်းစားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
သမီးတို့ သားတို့မှာ အလှရတနာတစ်ခု ရှိနေပြီးသားပါ။ အရွယ်၏ကောင်းခြင်းဆိုတဲ့ ရတနာဟာ ၀ယ်လို့ မရပါဘူး။ ကြီးကြီးတို့လို အိုမင်းသွားတဲ့သူမျိုး မပြောနဲ့၊ လူလတ်ပိုင်းကို ရောက်သွားတဲ့သူမျိုးတောင်မှ သမီးကလေးတို့လို ပျိုပျိုရွယ်ရွယ်ကလေးများကို တုပလို့မဖြစ်ပါဘူး။ အဲသည်လိုလှပတဲ့အရွယ်မှာ လှပအောင် ပြင်ဆင်ခါင့် အပြည့်အ၀ရှိပါတယ်။ လှပအောင် ပြင်တဲ့နေရာမှာ ကာလ ဒေသနဲ့ လိုက်လျောစွာ တင့်တယ်နေသင့်ပါတယ်။
ခေတ်က ပြောင်းသလို ၀တ်ဆင်မှုလည်း ပြောင်းသွားတာပါပဲ။ တစ်ခါတုန်းက ပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်တဲ့ကလေး တစ်ယောက်က မြန်မာအ၀တ်အစားကို ရိုးရာအ၀တ်အစားဖြစ်လို့ ကြိုက်ပါတယ်လို့ ဖြေခဲ့ပါတယ်။ ကလေးဆိုတော့ သင်ထားတဲ့အတိုင်း ဖြေတာဖြစ်ပါတယ်။ တကယ်တော့ မြန်မာတို့လည်း အခြေအနေ အချိန်အခါအလိုက် ၀တ်ဆင်ပုံ ပြောင်းလဲသွားတာပါပဲ။ ဟိုတုန်းကလို ဘီးဆံထုံးကြိး ထုံးပြီး ထဘီခြေဖျားခတ်နဲ့ မနေနိုင်တော့ပါဘူး။ ထိုင်မသိမ်းဆိုရင်လည်း ဝေလာဝေးပေါ့။ အဲသည်လို အ၀တ်အဆင်ပြောင်းရတာက လူနေမှုစနစ် ပြောင်းလဲသွားတာကြောင့်လည်း ပါတာပေါ့။ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားကလေးပဲဖြစ်ဖြစ် သုတ်သုတ်သွား သုတ်သုတ်လာကြရတာလေ။ အဲသည်လို သုတ်သုတ်သွားလာနေတာတောင်မှ ပုဆိုးနဲ့ ထဘီနဲ့ ၀တ်ဆင်လို့က အတော်အဆင်ပြေနေပါတယ်။ ပူအိုက်လို့ ချွေးစိုတာပဲဖြစ်စေ၊ မိုးမိတာပဲဖြစ်စေ ထဘီတို့ ပုဆိုးတို့က လှည့်ဝတ်လို့ရပါတယ်။ ပူလွန်းရင် လူမမြင်တဲ့နေရာမှာသွားပြီး လုံကွင်းကိုလှည့်ပြီး အပူအအိုက် သက်သာအောင် ခါထုန်နိုင်ပါသေးတယ်။
အင်္ကျီဝတ်တဲ့အခါမှာ မိမိနဲ့လိုက်လျောတဲ့ အဆင်၊ ပုံစံမျိုးများကို ချုပ်လုပ်ပြီး ၀တ်နိုင်ပါတယ်။ သို့ပေမယ့် အမိအဘ မောင်ဖားများနဲ့ ဦးကြိး ဦးလေးများရှေ့မှောက်မှာ သိုသိပ်စွာဝတ်ဆင်နိုင်တဲ့ပုံ ဖြစ်သင့်ပါတယ်။ ရင်ဟိုက်ထားတဲ့ အင်္ကျီကို ၀တ်ပြီး အဲသည်လိုလေးစားရမယ့် သူများရှေကမှာ မနေသင့်ပါဘူး။
အထူးသဖြင့်သတိပေးချင်တာက အမျိုးသမီးကလေးများဟာ လုပ်ငန်းခွင်များမှာ ဖြစ်စေ၊ သူငယ်ချင်းများနဲက လွတ်လပ်စွာ သွားလာလည်ပတ်တဲ့အခါမှာ ဖြစ်စေ ၀တ်လေ့ရှိတဲ့စကတ်အကွဲတွေ ဂျင်းဘောင်းဘီအပါအ၀င် ဘောင်းဘီတွေကို ၀တ်ပြီး ဘုရားကျောင်းကန်များကို မသွားသင့်ပါဘူး။ ထိုင်းမှာဆိုရင် သူတို့မြဘုရားကို ဖူးမယ့် အမျိုးသမီးများကို ထဘီလို လုံခြုံတဲ့အ၀တ် ၀တ်လာရင်တော့ ခွင့်ပြုတာ၊ စကတ်ဝတ်လာရင် လုံချည်လိုပတ်ပြီး ၀တ်လို့ရတဲ့ အစတစ်စကို သူတို့ဆီက ငှားပြီး ၀တ်ရပါတယ်။ ခြေညှပ်ဖိနပ်တောင်မှ ခွင့်မပြုဘဲ ခြေအိတ်နဲကရူးဖိနပ်ကို အစီးခိုင်းပါတယ်။ ကြီးကြီးတို့ ရွှေတိဂုံဆံတော်ရှင် စေတီတော်ကြီး လို အထင်ကရ သာသနိက အဆောက်အဦးကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ နိုင်ငံခြားသူများက ထိုင်းမှာလို အတင်းအကျပ်ဝတ်ခိုင်းတာမဟုတ်ဘဲ သတို့ဘာသာသူတို့ ၀ယ်ပြီး ၀တ်လာတဲ့ ရိုးရာဆင် ထဘီနဲ့ တက်လာကြတာကို မြင်ပြီး စိတ်ချမ်းသာမယ် ကြံကာရှိပါသေးတယ်၊ မြန်မာအမျိုးသမီး ကလေးများက ဘောင်းဘီနဲ့တစ်မျိုး တော်တော်ခွဲထားတဲ့ စကတ်နဲ့တစ်ဖုံ တက်ရောက်လာတာကို မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။
တကယ်တော့ ဘုရားကိုတက်ပြီး ငရဲယူတာပါပဲ။ အဂါရ၀ ဖြစ်ပါတယ်။ စာနဲ့ရေးပြီး တားမြစ်ထာတာကိုလည်း ဂရုမစိုက်၊ ဘုရားရုပ်ပွားတော်ရှေ့တော်မှောက်မှာလည်း မလုံမခြုံနဲက မြတ်စွာဘုရားရှင်ကိုပင် ဂရုမစိုက်ရာကျနေပါတယ်။ ရုပ်ပွားတော်ပဲလို့ မလေးမစားမလုပ်ပါနဲ့။ တကယ်တော့ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး ကန်တော့ရတာ ဖြစ်ပါတယ်။ ကလေးတို့ရေ၊ ကိုယ်ယဉ်ကျေးမှုကိုတောင်မှ ကိုယ်ကမလေးစားရင် ကိုယ့်ကိုယ်လည်း သိတတ်နားလည်တဲ့သူများက ဘယ်မှာ လေးစားကြပါမလဲ။ စဉ်းစားကြစေလိုပါတယ်။
ကြီးကြီးကတော့ စိတ်အားဖြင့်လည်း တဖြည်းဖြည်းအေးချမ်းပြီး ယဉ်ကျေးဖွယ်ရာ အမှုအရာရှိတဲ့ သူကလေးတွေအဖြစ် ရောက်တဲ့နေရာမှာ အဆင်ပြေပြေဖြစ်စေချင်တာပဲ။ အလုပ်ခွင်မှာ လိုအပ်လို့ ၀တ်ဆင်ရတာ။ အားကစားပြိုင်ပွဲတွေ၊ ခြေလျင်တောင်တက်တဲ့အခါတွေမှာ ၀တ်ကြစမ်းပါ။ ကြီးကြီးတို့ ပုပ္ပားရောက်တုန်းက ဘူမိဗေဒကျောင်းသူကလေးတွေ ကျောင်းသားကလေးတွေ ကွင်းဆင်းလာလိုက်ကြတာ ဘောင်းဘီရှည်တွေနဲက တင့်တယ်လို့ပါပဲ။ ဘယ်လိုပဲ ယောက်ျားကလေးများနဲ့ ရင်ဘောင်တန်းသည်ဖြစ်စေ စကားဝါပန်းကုံးကလေးတွေကို ၀ယ်လာကြတာ မြင်ရတော့ ကြီးကြီးက သဘောကျမိပါသေးတယ်။ မိန်းကလေးဆိုတာ ပန်းကိုကြိုက်တတ်ရမှာပေါ့။
သူ့နေရာနဲ့သူ ၀တ်ဆင်တဲ့အခါမှာ သားတို့သမီးတို့ရဲ့ အမှုအရာများကလည်း သဘာဝကျကျ ပြေပြစ်ဖွယ်ရာ ဖြစ်နေတတ်ပါတယ်။ စိတ်လည်းလုံခြုံနေတော့ ကြည့်ရတာကိုက တင့်တယ်နေတာပါပဲ။ ကြီးကြီးက မေတ္တာရှေ့ထားပြီး ရေးသားထားတာကို လက်ခံသင့် လက်မခံသင့် စဉ်းစားစေချင်ပါတယ်။ ဘယ်ကိစ္စမဆို ကိုယ့်မှာ ခိုင်မာတဲ့ခံယူချက်ရှိရှိနဲက လုပ်တာဆိုရင်တော့ တစ်ကွေ့ကွေ့မျာ ပြဿနာနဲ့ကြုံရင် ဖြရှင်းဖိုက ခက်သွားတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်မှာ ကိုယ်ပိုင်အဖြေမရှိတတ်လို့ပါပဲ။ အားလုံး စဉ်းစားကြည့်ကြစေလိုပါတယ်။
ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ။
ဒေါက်တာမတင်ဝင်း

No comments: