Sunday, November 2, 2008

# မောင့်မှာရဟန်းဖြစ်နေသောကြောင့် #

click to comment
နာရီကိုလှမ်းကြည့်တော့ ည (၁၂)နာရီ ထိုးနေလေပြီ။ ဦးသုမနအဖို့ ယနေ့ညအိပ်လို့ ရတော့ဟန်မတူ။ မဖြူဟူသော နာမည်လေးကို အထပ်ထပ်ရွတ်နေမိသည်။ ဒီလောက်လှပြီး ချစ်စရာ ကလေးမျက်နှာလေးနဲ့ မိန်းကလေးမျိုး လောကမှာ ရှိသေးပါလားဟူသော အတွေးနှင့်အတူ မျက်ခုံးမျက်လုံးလှလှ၊ နှာတံပေါ်ပေါ်၊ ပွင့်ကာစ နှင်းဆီပွင့်လေးကဲ့သို့ စုဖူးဖူးနီရဲနေသည့် နှုတ်ခမ်းအလှပိုင်ရှင် မဖြူ၏ မျက်နှာလေးက ထင်ထင်ရှားရှားကြီး ပေါ်လာသည်။
ကာယအလှမယ်ကဲ့သို့ အချိုးအဆစ် ပြေပြစ်လှသော သူမ၏ ကိုယ်ခန္ဓာအလှကိုလည်း ဦးသုမနတစ်ယောက် မေ့ပျောက်၍မရ။ တကယ်တော့ ဦးသုမနသည် ရည်ရွယ်ချက်ကြီးသော ရဟန်တစ်ပါးသာဖြစ်၏။ စာချတန်းအောင်သည်နှင့် မဂ်ဖိုလ်ရသည်အထိ တရားအားထုတ်မည်။
မိမိအတွက် စိတ်ချ ရသောအခါတွင်မှ တရားပြမည်၊ တရားဟောမည်။ စာရေးမည်ဟူ၍ ပိုင်းဖြတ်ထားသည်။ ယခု ရဟန်း သုံးဝါရနေပြီ။ စာချတန်းလည်း အောင်ခါနီးနေပြီ။ ထိုအချိန်တွင်မှ မဖြူဆိုသော ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်ကိုတွေ့ပြီး ရည်ရွယ်ချက်တွေ ဖျက်ပစ်ရမလို ဖြစ်နေသည်။
မည်သည့်ယောကျာ်း၊ မိန်းမဆို တစ်သက်သာတွင် တစ်ခါတော့ ချစ်စိတ် ပေါ်ပေါက်ကြသည်သာ ဖြစ်၏။ ဘ၀ါဘ၀က ဖူးစာဖက်ဟု ဆိုရပေလိမ့်မည်။ ဗုဒ္ဓလက်ထက်က ခုနစ်နှစ်သားသမီးအရွယ် ကတည်းက သောတာပန်တည်ခဲ့သော စူဠ၀ိသာခါအမည်ရှိ သူဋ္ဌေးသမီးသည် အရွယ်ရောက်သောအခါ သားသတ်သမား မုဆိုးကြီးတစ်ယောက် နောက်သီု့ မိမိဘာသာလိုက်သွားပြီး ဇနီးမယားအဖြစ် ပြုစုလုပ်ကျွေးနေခဲ့သည်။
အင်္ဂလန်မှ မင်းသားတစ်ယောက်သည်လည်း ထီးနန်းကို စွန့်ပြီး အမေရိကန်သူ မုဆိုးမတစ်ယောက်ကို ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်သွားခဲ့ကြသည်။ ဤသို့ဖိုနှင့်မတို့၏ ချစ်စိတ်ပေါ်ရခြင်း၏ အကြောင်းနှစ်ခုကို ဗုဓမ္မပဒပါဠိတော်တွင် ဟောထားသည်မှာ-
ဗုဗ္ဗေ၀သန္နိဝါသေန၊
ပစ္စုပန္နဟိတေန ၀ါ၊
ဧ၀ံ တံဇာယတေပေမံ၊
ဥပ္ပလံဝယထောဒကေ။
အရင်ဘ၀က အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဘူးခြင်း ပစ္စုပ္ပန်ဘ၀၌ တစ်ယောက်အကျိုးတစ်ယောက် ဆောင်ရွက်ခြင်း၊ ဤအကြောင်းနှစ်ပါးကြောင့် အချစ်ဆိုသော သဘောတရားသည် ပေါ်ပေါက်လာရသည်။ ကြာပန်းသည် ရေနှင့် ရွှံညွန်နှစ်ခုကို အကြောင်းပြုပြီး ပေါ်ပေါက်လာသကဲ့သို့ တည်းဟူ၍ ဖြစ်သည်။ ယခုလည်း ရှေးအတိတ်ဘ၀က ဦးသုမနနှင့် မဖြူတို့သည် အတူတကွ နေထိုင်ဘူးသော အကြောင်းရှိ၍လော မဆိုတတ်၊ ဦးသုမနကား အစွဲလမ်းကြီး စွဲလမ်းနေပေပြီ။ ညက အိပ်မပျော်သော်လည်း မနက်ကား စောစောနိုးသည်သာဖြစ်၏။ အကြောင်းကာ မဖြူတိုအိမ်ကို ဆွမ်းခံ မြန်မြန်ကြွချင်နေသောကြောင့်တည်း။
မဖြူနှင့်မတွေ့မီက ဆွမ်းခံမကြွမီ ပါဠိတော် နိဿယ တစ်ခေါက်ပေါက်အောင် လှည့်သည်။ ပြီးမှ ရေချိုးပြီး ဆွမ်းခံထွက်သည်။ ယခုတော့ စာချဆရာတော်ပြောမှာ ကြောက်၍သာ စာလိုက်၇သည်။ စိတ်က စာထဲမှာမရှိ။ မဖြူနှင့်တွေ့ပါစေ။ တွေ့လျှင် ဘယ်လို စကားတွေပြောလိုက်မည် စသည်တို့ကို စိတ်ကူးရင်း စာဝါချိန်ပြီးသွားသည်။
စာဝါပြီးသည်နှင့် ရေချိုးကာ သင်္ကန်းရုံပြီး ဆွမ်းခံစောစော ထွက်လိုက်သည်။ ဆွမ်းမရချင်နေ မဖြူနှင့်တွေ့ရရင်ပြီးရောဟူသော စိတ်က ဘယ်ကဘယ်လို ပေါ်လာသည်ကို ဦးသုမနကိုယ်တိုင်မသိ၊ မဖြူတို့အိမ်ရှေရောက်ပါပြီ။ ရဟန်းတို့ ၀ိနည်းစည်းကမ်းက မြို့ရွာထဲကြွလျှင် ရှေ့ကို လေးတောင်ခန့်သာ ကြည့်ရသည်။
ဦးသုမနသည် လေးတောင်ခန့်သာ ကြည့်ပါသည်။ မဖြူတို့ အိမ်မရောက်မီက လက်လေးတောင်သာ ရှေ့ကိုကြည့်ခဲ့သော်လည်း မဖြူတို့အိမ်ရှေ့ရောက်သည်နှင့် ရိုးရိုးလက်လေးတောင်မဟုတ်ဘဲ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင်၊ ပုပ္ပားတောင်တို့ ဖြစ်ကုန်တော့သည်။
မဖြူဘယ်နားရှလေသနည်း ဟူသော အတွေးဖြင့် အိမ်ဝိုင်းအတွင်း အထက်အောက် အရပ်လေးမျက်နှာကို မျက်စိကစားပစ်လိုက်သည်။ အပေါ်ထပ် လသာဆောင်ပေါ်မှ မဖြူကလည်း အောက်ဘက်သို့ လှမ်းအကြည့် ဦးသုမနအကြည့်ကလည်း အပေါ်သို့ရောက်အသွား လမ်းခုလတ်မှာ အကြည့်ခြင်းဆုံသွားကြသည်။
နှစ်ဦးလုံး၏ နူတ်ဖျားမှ လှပသော အပြုံးပန်းလေးတစ်ပွင့်စီ ပွင့်သွားကြသည်။ မဖြူရင်ထဲ ရှိန်းကနဲ ဖြစ်သွားသလို ဦးသုမနရင်ထဲတွင်လည်း သိမ့်ကနဲ ဖြစ်သွားသည်။ အလွန်အမင်းလိုချင်နေသော အပြုံးပန်းတစ်ပွင့်ကို အလွယ်တကူ ရရှိလိုက်သောကြောင့် နှစ်သက်ချမ်းမြေ့မှု ပီတိဇောများက ဦးသုမနတစ်ကိုယ်လုံး ပြည့်ကျပ်လို့သွားသည်။
အပေါ်ထပ်မှ အပျိုဖြန်းမလေး မဖြူမျာလည်း သူ့ရင်ဘတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွလေးအုပ်ထားရင်း ငါဘယ်လိုဖြစ်ပါလိမ့်။ ရင်တွေကလည်း ခုန်လိုက်တာ မနေ့ကမှစတွေ့တဲ့ ကိုယ်တော်တစ်ပါးကို ငါဘာဖြစ်လိုက တအားခင်သွားပါလိမ့်။ ငါဟာ ယောကျာ်းလေးတွေကို မခင်တတ်ပါဘူးဟူသော အတွေးနှင့်အတူ အောက်ထပ်သို့ ဖြေးဖြေးခြင်း ဆင်းလာမိသည်။
လှေခါးအောက်ဆုံးထစ် ရောက်သောအခါ အိမ်ရှေ့ဧည့်ခန်းထဲသို့ ခပ်စောင်းစောင်း လှမ်းကြည့်လိုက်သည်။ ဘဲဥပုံကျသော မျက်နှာနှင့် ၀ါဝင်းသော အသားအရေတို့ကို နီညိုရောင်သင်္ကန်းလေးဖြင့် ပုံဖော်ထားသည်မှာ မြင်ရသူအားလုံးအတွက် အကြည်ညိုတက်စရာပင် ဖြစ်၏။ ထူထဲသောမျက်ခုံး၊ ပေါ်လွင်သော နှာတံ၊ ပိပိယိယိ နူတ်ခမ်းအစုံပိုင်ရှင် ဦးသုမန၏ နုနယ်ပျိုမြစ်သောအလှကို အဖြူတစ်ယောက် တမေ့တမော ကြည့်နေမိသည်။
အို-ကိုယ်တော်တစ်ပါး အပေါ်မှာ ငါဒီလိုစိတ်တွေ အပေါ်သင့်ဘူးဟု ကိုယ့်ကိုယ်ကို ဆုံးမကာ သူမအိပ်ခန်းထဲသို့ ကမန်းကတန်းဝင်သွားမိသည်။ ရှက်စိတ်ကြောင့် ဆွမ်းပင် ထွက်မလောင်းရဲတော့။ မေမေလောင်းလိမ့်မယ်ဟူသော အတွေးနှင့်အတူ အပြင်ဘက်က အသံများကို နားစွင့်နေမိသည်။
ဟော-အပြင်ဘက်က မေမေ့အသံနှင့် ကိုယ်တော်၏ အသံကို ကြားနေရပြီ။
“သြော်-မဖြူက ဆွမ်းလောင်းပါဆိုတာ ဘယ်ထွက်သွားပြန်တယ် မသိဘူး။ အရှင်ဘုရားရောက်နေတာ အတော်ကြာပြီလားဘုရား”
“မကြာသေးပါဘူး၊ ဒါယိကာမကြီး”
“အရှင်ဘုရား။ မနေ့ကမှ ဆွမ်းခံအိမ် လာဖိတ်ထားတာ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒါယိကာမကြီး”
“အရှင်ဘုရား၊ ဇာတိကကော”
“မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကပါ”
“အရှင်ဘုရားက မန္တလေးသားပဲ၊ အခု ရန်ကုန်မှာ စားလိုက်ရတာ အဆင်ပြေရဲ့လားဘုရား၊ လိုတာရှိရင်ပြောပါဘုရား၊ တပည့်တော်တို့ တက်နိုင်သောလက် လှူပါမယ်”
“အဆင်ပြေပါတယ် ဒါယိကာမကြီး ၊ လိုတာရှိရင်လည်း ပြောပါ့မယ်”
ဒေါ်ခင်ဝင်းက ဆွမ်းလောင်းသပိတ်ကပ်ပြီး ဦးချရင်းဖြင့်
“အရှင်ဘုရား ရဟန်းခ့ပြီးပြီလား”
“ပြီးပြီ ဒါယိကာမကြီး၊ အခု ရဟန်းသုံးဝါရနေပြီ”
“အင်း...ထင်တော့ထင်သား၊ သေချာအောင် မေးကြည့်လိုက်တာ၊ ဒါဆိုရင်လဲ ဦးပဉ္ဖင်းလို့ပဲ ခေါ်ရတော့မှာပေါ့။ ဦးပဉ္စင်း မျက်နှာက နုနုငယ်ငယ်လေး ဆိုတော့ မသိရင် ကိုယ်ရင်လေးလို့ထင်စရာပဲ”
အပြင်ဘက်က စကားသံဆုံးသည်နှင့် အိပ်ခန်းထဲမှ မဖြူတစ်ယောက် သူလိုရာ ဆွဲတွေးနေမိပြန်သည်။ “သုံးဝါဆိုတော့ (၂၃)နှစ်ပေါ့။ ဒါဆိုရင် ငါ့ထက် ငါးနှစ်လောက်ကြီးတယ်။ ယောကျာ်းနဲ့မိန်းမ ယောကျာ်းက အသက်ကြီးတာ ကောင်းပါတယ်။ ဒါမှ ငါကသူ့အပေါ် နွဲ့ဆိုးဆိုးလို့ရမှာ၊ ဟင် မဟုတ်သေးပါဘူး။ ငါဘာတွေလျှောက်တွေးနေပါလိမ့်။ ငရဲတော့ ကြီးတော့မယ်ထင်ပါတယ်” ဟု ကိုယ့်ကိုယ်ကို မနဲကြီး ဆုံးမလိုက်ရလေသည်။
.

No comments: