Sunday, November 2, 2008

အခန်း (၃)

ယခုလဆိုလျှင် ဦးသုမန ရန်ကုန်ရောက်တာ (၁)နှစ်ကျော်လာခဲ့ပြီ။
ရက်တွေ၊ လတွေ ကြာလာသည်နှင့်အမျှ က္ကုနြေ္ဒရှင် နှစ်ဦးတို့၏ ရင်မှ အုံပုန်းအချစ် တို့သည်လည်း ကြီးမားမှန်းမသိ ကြီးမာလာကြသည်။ စောင့်ထိန်းရမည့် သိက္ခာတရားကြောင့် သူတို့၏အချစ်ကို မျက်စေ့ဖြင့်သာ ပြသခဲ့ကြသည်။
ယနေ့လည်းကြည့်ပါ။ ဦးသုမနသည် မနေ့က သွေးလှူပြီး ရခဲ့သော ဆယ်ကြိမ်မြောက် သွေးလှူရှင် တံဆိပ်လေးကို ငွေရောင်ဗူးလေးဖြင့် သေချာထည့်နေသည်။ ငွေဗူးလေးပြင်ဆင်ပြီးသည်နှင့် သင်္ကန်းရုံပြီး ဆွမ်းခံစောစော ထွက်ခဲ့သည်။ မဖြူနှင့် တန်းတွေ့ပါစေဟုလည်း အကြိမ်ကြိမ်ဆုတောင်းမိသည်။ ထိုအချိန်တွင် မဖြူကလည်း ခပ်စောစောကတည်းက ဖီးလိမ်းပြင်ဆင်၍ ဦးသုမနကို တိုက်ပေါက်ဝက မျှော်လျက်ရှိသည်။
ဦးပဉ္စင်းငယ်ငယ်လေးများ တွေ့တိုင်း ထွက်ထွက်ကြည့်ရတာလည်း အမောဖြစ်နေသည်။ စိတ်ချင်းအဆက်အသွယ် ဖြစ်သည်ကား အံ့သြစရာကောင်းပေစွ။ ထိုအချိန်မှာပင် ဦးသုမနက ခပ်စောစောပင် လမ်းထဲသို့ဝင်လာရာ မဖြူက တိုက်ပေါက်ဝမှ အပြုံးဝေဆာစွာဖြင့် လှမ်းမျှော်ကြည့်နေသည်။ သူတို့နှစ်ဦး၏ အပြုံးနှင့် အကြည့်တို့က လမ်းမှာပင် အကြိမ်ကြိမ်ခလုတ်တိုက်မိကြသည်။
တိုက်ပေါက်ဝရောက်သည်နှင့် မဖြူက လက်အုပ်လေးချီပြီး ဦးသုမနကို လျှောက်သည်။
“တပည့်တော် အစောကြီးကတည်းက ဦးပဉ္စင်းကို မျှော်နေတာ”
“ဦးပဉ္စင်းကလည်း မဖြူနဲ့တန်းတွေ့ပါစေလို့ အစောကြီးကတည်းက ဆုတောင်းလာတာ”
မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဦးပဉ္စင်းက ဘာဖြစ်လို့ အဲဒီလို ဆုတောင်းလာတာလဲ”
“မဖြူကရော ဘာဖြစ်လို့ အစောကြီး မျှော်နေတာလည်း”
“ဟင့်အင်း၊ ဦးပဉ္စင်းအရင်ဖြေရမယ်”
“အင်း...ဒါဆိုရင်လည်း ဖြေရမှပေါ့”
ဟုဆိုကာ သပိတ်ကို စားပွဲပေါ်တင်ပြီးသည်နှင့် အိတ်ထဲမှ ငွေဗူးလေးကို ထုတ်ယူလိုက်သည်။ ပြီးတော့ မဖြူမျက်နှာလေးကို ကြည့်ကာ
“မဖြူကို ထူးထူးခြားခြား မွေးနေ့လတ်ဆောင် တစ်ခု ပေးချင်လို့ မဖြေူမွေးနေက ဘယ်နေ့လဲ”ဟုမေးလိုက်ရာ မဖြူက ၀မ်းသာမှုအရှိန်ဖြင့် မျက်နှာလေး ၀င်းထိန်သွားကာ
“မနက်ဖြန် မေလ(၁)ရက်နေ့မှာ တပည့်တော်မ အသက် (၁၉)နှစ်ပြည့်မှာလေ”
ဟုဖြေလိုက်သည်။ ဦးသုမနက
“အတော်ပဲပေါ့၊ အဲ့ဒါ မဖြူအတွက် ဦးပဉ္စင်း အမြတ်နိုးဆုံး မွေးနေ့လတ်ဆောင်”
ဟုဆိုကာ မဖြူကို ကမ်းပေးလိုက်သည်။ မဖြူက ၀မ်းသာအားရ ငွေဗူးလေးကို ဖွင့်လိုက်ရာ ဆယ်ကြိမ်မြောက် သွေးလှူရှင် အသဲပုံတံဆိပ် ရင်ထိုးလေးကို တွေ့လိုက်ရသည်။
မဖြူက တံဆိပ်လေးကို အမြတ်တနိုးကိုင်ကြည့်ရင်း
“ဦးပဉ္စင်းရယ်၊ ကိုယ့်သွေးနဲ့ ရင်းရတဲ့ ဒီပစ္စည်းမျိုးကို သူတစ်ပါးကို မပေးသင့်ဘူး၊ ကိုယ်ကိုယ်တိုင်ပဲ သိမ်းထားသင့်တယ်”
“မဖြူက သူတစ်ပါးမှ မဟုတ်ဘဲ”
ထိုစကားလုံးသည် ဦးသုမန၏ နူတ်မှ ဘယ်လိုထွက်သွားသည် မသိ။ နှလုံးသားမှ လာသော စကားဆိုသည်ကို ဦးသုမန လက်တွေ့ကြားဘူးခြင်းပင် ဖြစ်ပါ၏။ “မဖြူက သူတစ်ပါးမှ မဟုတ်တာဘဲ” ဟူသော ဦးသုမန၏ စကားအဓိပ္ပာယ်ကို မဖြူချက်ခြင်း နားမလည်။
“မဖြူက သူတစ်ပါးမှ မဟုတ်ရင်...”
ဟူသော စကားသံနှင့်အတူ သုံးရက်လ၊ ခုံးမျက်စလေးကို အပေါ်မြှင့်တင်လျက် တွေးတောနေသည်။ သူဆိုလိုသည့် အဓိပ္ပာယ်ကို အဖြူချက်ခြင်း သိသွားမှာကိုလည်း ဦးသုမနစိုးရိမ်သည်။ ထို့ကြောင့် မဖြူဆက်မတွေးဖြစ်အောင် စကားကို လမ်းကြောင်းပြောင်း ပေးလိုက်သည်။
“မဖြူ ဦးပဉ္စင်းကို စောင့်နေတဲ့ အကြောင်းကို ပြောပါဦး”
“သြော်...အဲ့ဒါကမှပိုပြီး ၀မ်းသာစရာကောင်းမှာ ဦးပဉ္စင်းတပည့်တော်ကို သေချာကြည့်စမ်းပါ၊ ဘာထူးခြားနေသလဲလို့”
မဖြူက ပြုံးချိုနေသော နူတ်ခမ်း၊ အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် ဦးသုမနကို စိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။ အတန်ကြာသည်အထိ ဦးသုမနထံမှ အဖြေထွက်မလာသောအခါ မဖြူက-
“ဦးပဉ္စင်းက သတိမထားမိဘူး ထင်တယ်၊ တပည့်တော် မျက်နှာမှာ မျက်မှန်မပါတော့ဘူးလေ”
“သြော်-ဒါလား၊ ဒါကိုတော့ သတိထားမိတာပေါ့၊ ခဏချွတ်ထားတာ မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ အမြဲတန်းကို ချွတ်ထားလို့ရပြီ၊ ဦးပဉ္စင်း ပြောတဲ့အတိုင်း လေ့ကျင့်လိုက်တာ မျက်စိပြန် အားကောင်းသွားပြီလေ၊ ဦးပဉ္စင်းကို သိပ်ကျေးဇူးတင်တာပဲ”
ဦးသုမန၏ မျက်နှာမှာလည်း ၀မ်းသာမှု အရှိန်ကြောင့် ၀င်းထိန်လို့သွားသည်။
“ဦးပဉ္စင်း ၀မ်းသာလိုက်တာ မဖြူရယ်၊ ပြောထားတဲ့အတိုင်း အမြဲတန်းသာ ဆက်လေ့ကျင့်သိလား၊ ကြာလေ၊ မျက်စေ့က ပိုကြည်လာလေ ဖြစ်သွားလိမ့်မယ်သိလား”
“တပည့်တော် ဆက်ကျင့်မှာပါ၊ ပြီးတော့ လျှောက်စရာ နောက်တစ်ခု ကျန်သေးတယ်”
“ဘာများပါလိမ့်“
“ဦးပဉ္စင်းကို တွေ့တဲ့နေ့ကစပြီး အိမ်ကရသမျှ မုန့်ဖိုးတွေကို တပည့်တော်စုထားတယ်၊ (၁)နှစ်ပြည့်တဲ့အခါမှာ ဦးပဉ္စင်း ဘာပဲလိုလို လိုတဲ့ပစ္စည်းကို လှူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အဲဒါအခု (၁)နှစ်ပြည့်လို့ ငွေတွေကို မေမေ့ကို ပြပြီး တိုင်ပင်ကြည့်တော့ ပရိက္ခရာရှစ်ပါး အပြည့်အစုံဝယ်ပြီး ဦးပဉ္စင်းကို သိက္ခာထပ်ပေါ့လို့ ပြောတယ်”
အရွယ်နှင့်မမျှအောင် ကြီးမားသော မဖြူ၏ စေတနာနှင့်သဒ္ဒါတရားကို ဦးသုမနသြချ၍ ယူရတော့သည်။ မဖြူ၏ စကားအတွက် ဦးသုမနမှာ ၀မ်းသာဝမ်းနည်း ဖြစ်ရသည်။ ၀မ်းသာသည်က မဖြူတစ်ယောက် သူ့အပေါ်တွင်ထားသော စေတနာ မေတ္တာကို သိခွင့်ရခြင်းကြောင့်ပင် ဖြစ်ပေသည်။
ဝမ်းနည်းသည်က သူ လူ့ဘ၀ပြောင်းခဲ့လျှင် ပစ္စည်းလေးပါး အလှူရှင် ရဟန်းဒကာ၊ ဒကာမများဖြစ်လာကြမည့် မဖြူ၏မိဘများကို မျက်နှာပူစရာကောင်းသောကြာင့် ဖြစ်သည်။ ထို့ကြောင့်လည်း -
“ဦးပဉ္စင်းမှာ အဲသလောက် မလိုအပ်ပါဘူး၊ မဖြူအတွက် လိုတာကိုသာ သုံးပါ”ဟုပြောမိသည်။ မဖြူက မရ။
“အို-တပည့်တော်က စစုကတည်းက ဦးပဉ္စင်းဖို့ပဲ မှန်းစုတာ၊ တပည့်တော် အတွက်လည်းမပါဘူး၊ တခြားသူအတွက်လည်း မပါဘူး”
ဟု ခါးခါးသီးသီး ငြင်းဆန်ပါတော့သည်။ ဦးသုမန ဘာတတ်နိုင်ပါမည်နည်း၊ မဖြူစိတ်ချမ်းသာဖို့ အဓိကမဟုတ်ပါလား၊ နောက်ဆုံးတော့ ခေါင်းငြိမ့်ခွင့် ပြုလိုက်ရသည်သာ ဖြစ်ပါ၏။

No comments: