Tuesday, November 4, 2008

[အလှ အချစ်နှင့် သိက္ခာ]

click to comment
သူငယ်ချင်းတို့ရေ...
အချစ်ဂျာနယ်ကို ဖတ်တဲ့ စာဖတ်ပရိတ်သတ်ထဲမျာ လူငယ်တွေ အများကြီးပါသလို လူလတ် ပိုင်း လူကြီးပိုင်းကလည်း အများကြီးပါတာကို သိရပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အလှပြင်ဆင်ခြင်းကို သိပ်လည်း မကျွမ်းကျင်ပါဘူး။ နှင်းကတော့ အလှပြင်တာဆိုရင် သနပ်ခါး လိမ်းတာကလွဲလို့ ဘားမှမပြင်တတ်ပါဖူး။ ပြီးတော့ အလှပြင်ဆင်ခြင်းဟာ ခေတ်ပြောင်းတာနဲ့ အမျှလိုက်ပြီး ပြောင်းလဲနေတတ်တာကြောင့် ဘယ်လိုအလှပြင်ပါလို့ ပြောရတာလည်း ခက်မယ်ထင်ပါတယ်။
ခုတစ်ခါမှာတော့ နှင်းပြောပြချင်တာက အချစ်ဇာတ်လမ်းကလေး တစ်ပုဒ်ဖြစ်ပါတယ်။ ရှေးရှေး က ဇာတ်လမ်းဖြစ်ပါတယ်။ နှင်းကို အချစ်ဇာတ်လမ်းမှာ ဘုရားစာတွေကို ရေးနေတယ်လို့ အပြစ်တင် မစောစေချင်ပါဘူး။ ခေတ်အမျိုးမျိုးက လူတွေအကြောင်းကို ပြောနေတယ်လို့ပဲ လက်ခံသုံးသပ်စေချင်ပါတယ်။ အခုပြောမယ့်ဇာတ်လမ်းက အလှ၊ အချစ်နဲ့သိက္ခာလို့ အမည် ပေးရရင် ကောင်းမယ်ထင်ပါတယ်။ ဇာတ်တော်များမှာပါတဲ့ သိဝိမင်း၊ အဘိပါရကစစ်သူကြီးနဲ့ ဥမ္မာဒန္တီအကြောင်းကို ပြောမှာဖြစ်ပါတယ်။ ဇာတ်ကြောင်းထဲက စိတ်ပါဝင်စားစရာကောင်းတဲ့ ပုဂ္ဂိုလ်များရဲ့ စိတ်နေသဘာဝနဲ့ ပတ်သတ်လို့ ရှင်းလင်းချက်ပါတယ်။ ပြီးတော့ လူငယ်များ အ မှတ်များနေကြတာကို တစ်ပါးတည်း ရှင်းပြချင်ပါတယ်။
ဥမ္မာဒန္တီဆိုတာ ပါဠိလိုခေါ်ဆိုတဲ့အမည် ဖြစ်ပါတယ်။ မြန်မာလိုတော့ မြင်သူရူးအောင် လှတဲ့သူ လို့ ပြန်ဆိုရမှာ ဖြစ်ပါတယ်။ ဥမ္မာဒန္တီဖြစ်မလာခင် ဘ၀တစ်ဘ၀မှာတုန်းက အင်မတန်မှ ဆင်းရဲ တဲ့ အလုပ်သမကလေး ဖြစ်ခဲ့ပါတယ်တဲ့။ ၀တ်စုံတစ်စုံဝယ်နိုင်အောင် တစ်နှစ်ပတ်လုံး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ခဲ့ရတဲ့ သူငယ်မကလေးဟာ ပန်းဆီရောင်ဝတ်စုံကလေးကို ချပြီး ရေကန် တစ်ကန်ထဲမှာ ရေချိုးပါသတဲ့။ သန့်ရှင်းသွားတော့ အ၀တ်သစ်ကို ၀တ်တော့မယ်လို့လည်း ဟန်ပြင်ရော တစ်ကိုယ်လုံး သစ်ရွက်များနဲ့ ပတ်ထားရတဲ့ သူဆင်းရဲတစ်ယောက်ကို မြင်ပါလေရောတဲ့။ အဲသည်တော့ သူငယ်မကလေးက ဘာဖြစ်လို့အဲသည်လို သစ်ရွက်တွေကို ၀တ်ထားရတာလဲလို့ မေးတဲ့အခါ အဲသည်ပုဂ္ဂိုလ်က သူဟာ တောမှီရဟန်းတစ်ပါးဖြစ်ကြောင်း၊ ဓားပြမျာက သူ့ကိုယ်ပေါ်မှာရှိတဲ့ တစ်စုံတည်းသော သင်္ကန်းသုံးထည်ကို လုယက်ယူငင်သွား လို့ အဲသည်လို ဖြစ်နေ၇တဲ့အကြောင်းများကို ပြောကြားခဲ့ပါတယ်။ အဲသည်မှာတင် ကလေးမ ကလေးက သူ့မှာရှိတဲ့အ၀တ်သစ်ကို စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူလိုက်ပါတယ်တဲ့။ သူက တော့ အ၀တ်ဟောင်းကိုပဲ ပြန်ဝတ်တာပေါ့လေ။ အဲသည်လိုလှူတဲ့အခါမှာ ဤကဲ့သို့ တစ်နှစ် ပတ်လုံး အလုပ်ပင်ပန်းစွာလုပ်ပြီး ရထားတဲ့အ၀န်ကို သင်္ကန်းလျာအ၀တ်အဖြစ် လှူရသောအ ကျိုးကြောင့် ဖြစ်လေရာဘ၀ဘ၀မှာ မြင်တဲ့သူယောက်ျားများ ရူးမတတ် လှပါရစေလို့ ဆုတောင်းခဲ့ပါသတဲ့။ သူ့ဆုတောင်းလည်း ပြည့်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်က သိဝိမင်း ဖြစ်နေတဲ့အချိန်၊ အရှင်အာနန္ဒာ အလောင်းတော်က အဘိပါရက စစ်သူကြီးဖြစ်နေတဲ့ အချိန်မှာ သူကလည်း ဥမ္မာဒန္တီအမည်နဲ့ သူဋ္ဌေးသမီး ဖြစ်လာပါသတဲ့။ ဘုရင်မင်းမြတ်ရဲ့ သား တော်ဟာ မင်းဖြစ်လာပြီး၊ စစ်သူကြီးသာတော်က စစ်သူကြီးဖြစ်လာတာပါတဲ့။ မင်းနဲ့ စစ်သူကြီး ဟာ တက္ကသီလာမှာ ကျောင်းနေဘက်ဖြစ်ပြီး အချင်းချင်းလည်း အလွန်ချစ်ခင်ကြပါသတဲ့။
သူဋ္ဌေးကြီးကလည်း သူ့သမီးကို ချောလွန်းလှလွန်းတော့ မင်းနဲ့သာ ထိုက်တန်တယ်ဆိုပြီး သိဝိမင်းကို သိမ်းပိုက်တော်မှုပါရန် တောင်းပန်ပါသတဲ့။ သိဝိမင်းကလည်း သူ့ပုဏ္ဏားတော် များကိုလွတ်ပြီး သူဋ္ဌေးသမီးကို လေ့လာဖို့ စေခိုင်းပါသတဲ့။ သမီးးကညာ ဆက်သတိုင်းလည်း မလေ့လာဘဲ ကောက်လို့မဖြစ်ဘူးလေ။ သိဝိမင်း စေလွှတ်လိုက်တဲ့ ပုဏ္ဏားများကတော့ ဥမ္မာ ဒန္တီကိုမြင်တာနဲ့ ရူးကြောင်မှုးကြောင်ဖြစ်တော့တာပါပဲတဲ့။ သူဋ္ဌေသမီးကလည်း အဲသည်လိုဖြစ် ရကောင်းလားဆိုပြီး ပုဏ္ဏားများကို နှင်ထုတ်တဲ့အခါမှာ ပုဏ္ဏားများက စိတ်ဆိုးကြပါတယ်။ အ သည်တော့ မိဖုရားအဖြစ်ကို မရအောင်လုပ်မယ်လို့ တည်တည်းဆုံးဖြတ်ပြီး ဥမ္မာဒန္တီဟာ မိဖုရားဖြစ်ထိုက်တဲ့ ရုပ်ဆင်းအင်္ဂါမရှိတဲ့သူ ဖြစ်ပါတယ်လို့ သိဝိမင်းကို လျှောက်ထားလိုက်ကြ ပါသတဲ့။ အဲသည်တော့ ဥမ္မာဒန္တီကို သိဝိမင်းက တော်မကောက်တော့ဘူးပေါ့။
သူဋ္ဌေးကြီးက မင်းကြီးက တော်မကောက်ရင် နေပါစေ၊ စစ်သူကြီးကို ဆက်သမယ်ဆိုပြီး စစ်သူကြီးကိုဆက်သတော့ ဥမ္မာဒန္တီဟာ အဘိပါရက စစ်သူကြီးကတော် ဖြစ်လာခဲ့ပါသတဲ့။ တစ်ခုထူးခြားတာက ဥမ္မာဒန္တီဟာ အဘိပါရကရဲ့ ဇနီးဖြစ်လာတာကို သိဝိမင်း မသိခဲ့တာပါပဲ။ သူ့ခေတ်သူ့အခါမှာ ကတော်မယားများဟာ နန်းတော်ထဲကို ၀င်စရာမလိုဘူးထင်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တိုင်းရေးပြည်ရေးကိစ္စကို သီးသန့်ထားတဲ့ခေတ် ဖြစ်ဟန်တူပါ တယ်။
အဲသည်လိုနဲ့ တစ်နေ့မှာတော့ မြို့တော်မှာ နက္ခတ်ပွဲသဘင် ကျင်းပပါတယ်။ လူတွေကလည်း စုရုံးပျော်ရွှင်လို့ပေါ့။ အဲသည်လိုနက္ခတ်ပွဲသဘင် ဆင်ယင်တဲ့အခါမှာ မင်းကြီးနဲ့တကွ စစ်သူကြီးအပါအ၀င် မှူးကြီးမတ်ရာများအနေနဲ့လည်း မြို့တော်ကိုပတ်ပြီး ကြည့်ကြပါသတဲ့။ အဲသည်လိုကြည့်ကြတော့ သူ့ရထားနဲ့သူစီးပြီး အစဉ်အတိုင်း လှည့်လည်ကြတာပေါ့။ ရထား ထိန်း သုနန္ဒာမောင်းနှင်တဲ့ မြင်းလေးကောင် ကထားတဲ့ရထားကို သိဝ်မင်းက ရှေ့ဆုံးကနေပြီး စီးသွားပါတယ်။ အဲသည်လိုရထားတွေ စီတန်းမောင်းနှင်လာတဲ့အထဲမှာလည်း စစ်သူကြီးအ ဘိပါရကရဲ့ အဆင်မပြေတဲ့ဇာတ်လမ်းကို သိလို့ပဲလား၊ သူ့ကတော်က လှပလွန်းလို့ မဖြစ် သင့်တာတွေ မဖြစ်အောင်လားဆိုတာကို စာထဲမှာ မဖတ်ဖူးလို့ သေသေချာချာတော့ မသိ ပါဘူး။ သေချာတာကတော့ ဥမ္မာဒန္တီကို ပြတင်းကထွက်ပြီး အပြင်ကိုမကြည့်ဖို့ သေသေချာချာ မှာခဲ့တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
ဥမ္မာဒန္တီကတော့ သူ့အလှကိုလည်း သူကိုးစားတယ်။ သိဝိမင်းကိုလည်း တော်ကောက်မယ် လေးဘာလေးနဲ့ တကယ့်တကယ်ကျတော့ ရှောင်ဖယ်သွားတာလည်း ကလဲ့စားချေချင် ဟန်တူပါတယ်။ ခင်ပွန်းဖြစ်သူ အဘိပါရက မှာထားပါလျက်နဲ့ ရထားတွေလာမယ့်လမ်းက ပြတင်းနားမှာ ပန်းထည့်ထားတဲ့ ဖလားကိုကိုင်ပြီး စောင့်နေပါသတဲ့။ ပထမရထား လာနေပြီ ဆိုတာကို သူ့အထိန်းမိန်းမက ပြောလိုက်တာနဲ့ ပြတင်းကိုဖွင့်ပြီး ပန်းကြဲချလိုက်ပါသတဲ့။ မြို့တော်အရပ်ရပ်ကို စေ့စေ့စပ်စပ် လေ့လာကြည့်ရူနေတဲ့ သိဝိမင်းရဲ့မျက်ဝန်းထဲကို ဥမ္မာဒန္တီရဲ့ အလှတရားဟာ စူးရှစွာတိုးဝင်သွားတော့တာပါပဲ။
အဲသည်အချိန်မှာ ပြတင်းက ပိတ်သွားပြီ ဖြစ်ပါတယ်။ မင်းကြီးက သုနန္ဒာရထားထိန်းကို ပန်း ကြဲတဲ့သူက ဘယ်သူလဲ၊ အဲသည်အိမ်က ဘယ်သူ့အိမ်လဲလို့ မေးလိုက်ပါတယ်။ မှန်ပါ၊ စစ်သူကြီးကတော် ဖြစ်ပါတယ်။ အိမ်ကလည်း အဘိပါရက စစ်သူကြီးအိမ် ဖြစ်ပါတယ် အရှင်လို့ ရထားထိန်းက မင်းကြီးရဲ့အမေးကို ဖြေလိုက်ပါတယ်။
သိဝိမင်းစာ အင်မတန်မှ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါပဲ။ စာထဲမှာပါတဲ့အတိုင်း ပြောရရင် တစ်ယောက်ယောက်က လက်နဲ့တို့လိုက်တဲ့အခါမှာ ထိကရုန်းဆူးခက်ကလေးများ ခွေကျ သွားသလို ခွေကျသွားပါတယ်တဲ့။ ပြီးတော့ မြို့တော်ကို ဆက်ပြီးမကြည့်တော့ဘူး။ နန်းတော် ကိုပြန်မယ်ဆိုပြီး ရထားကိုအလှည့်ခိုင်းကာ နန်းတော်ကို ပြန်သွားပါသတဲ့။
နက္ခတ်ပွဲသဘင်ကို လှည့်လည်ကြည့်ရူနေတဲ့ မှူးမတ်များကလည်း မင်းကြီးရထားနောက်က လိုက်လာတာ နန်းတော်ကို ပြန်ရောက်လာပါတယ်။ သို့ပေမဲ့ မင်းကြီးဟာ သူ့အဆောင်ထဲဝင် ပြီး အတွင်းက တံခါးကိုပိတ်ထားပြီး ငြိမ်ငြိမ်သက်သက်ကြီး ဆွေးနွေးပါသတဲ့။ တစ်ခါတစ်ရံကျ တော့လည်း တီးတိုးညည်းညူတဲ့အသံ ထွက်လာပါသတဲ့။ အခြားသော မှူးမတ်များက အိမ်ကိုပြန်နိုင်ပေမယ့် အဘိပါရက စစ်သူကြီးကတော့ မပြန်နိုင်ပါဘူး။ နေရင်းထိုင်ရင်း အခန်း တံခါးပိတ်ပြီး လူတွေ့မခံတော့ဘူး။ တစ်ခါတစ်ရံမှာလည်း တီးတိုးစကားလေးများပြောပြီး တီးတိုးညည်းညူတယ်ဆိုတော့ အင်း တစ်ခုခုတော့ မှားနေပြီဆိုပြီး ရထားထိန်းကို မေးပါတယ် တဲ့။ ရထားထိန်းက ဘာဖြစ်တယ်ရယ်လို့တော့ မသိပါဘူးအရှင်၊ အရှင့်အိမ်ရှေ့ကိုရောက် တော့ အရှင့်ဇနီးက ပန်းထွက်ကြဲပါတယ်။ မင်းကြီးက သူက ဘယ်သူလဲ၊ အိမ်က ဘယ်သူ့အိမ် လဲလို့မေးတော့ ကျွန်တော်မျိုးက ပန်းထွက်ကြဲတာ အရှင့်ဇနီးဖြစ်ပါတယ်။ အိမ်က အရှင့်အိမ် ပါလို့ ဖြေလိုက်ပါတယ်အရှင်။ အဲသည်နောက် နန်းတော်ကိုပြန်မယ်၊ ရထားကိုပြန်လှည့်လို့ မင်းကြီးက မိန့်တော်မှုတာပါပဲလို့ ဖြေပါသတဲ့။
အဆောင်ထဲမှာတော့ သိဝိမင်းက မယ်ဥမ္မာကို ငါရနိုင်ခဲ့ပါလျက် ပုဏ္ဏားမိုက်တွေ လိမ်ညာ လျှောက်ထားကြလို့ လက်လွှတ်ရတာပါကလားလို့ ကြေကြေကွဲကွဲကြီး တွေးနေပါတယ်။ အ ဘိပါရကကတော့ သူ့သူငယ်ချင်း သူ့အရှင် သူသိပ်ချစ်ခင်လေးစားတဲ့ မင်းမြတ်အတွက် ရ တက်မအေးလို့ မေးလိုက်တော့မှ ဥမ္မာဒန္တီအချောအလှကလေးက သူ့စကားကို နားမထောင် မထောင်ပါကလားလို့ သိလိုက်တော့တာပေါ့။ သူဟာ အိမ်ကိုပြန်သွားပြီး ချစ်လှတဲ့ဇနီးကို ယု ယစွာပါးချင်းအပ်ကာ မယ်ဥမ္မာရယ်၊ မင်းပန်းကြဲတာ မင်းကြီးကို တွေ့လိုက်သေးသလားလို့ မေးသေးတာပါတဲ့။ အဲသည်တော့ ဥမ္မာဒန္တီက ဥပဓိကောင်းတဲ့ သူတစ်ယောက်ကိုတော့ မြင် လိုက်ပါတယ်။ မင်းကြီးလား၊ ဘာလားတော့ မသိပါဘူးမောင်မောင်လို့ ဖြေပါသတဲ့။
ကိုင်း အဘိပါရက စစ်သူကြီးမှာတော့ ဆွေးတာထက်ပိုပြီး ဗျာများရပါပြီ။ မင်းကြီးက အဆောင် ထဲကကို မထွက်တော့ဘဲ နေတော်မှုပြီဆိုတော့ တိုင်းပြည့်တာဝန်ကို သူကယူရတော့မယ်။ နိုင်ငံတစ်ဝှမ်းလုံးကို သူကကြေညာတာကတော့ မင်းကြီး မကျန်းမမာဖြစ်တော်မှုနေတယ်။ အဲ သည်အတောအတွင်းသူက ခေတ္တခဏ တာဝန်ယူအုပ်ချုပ်ရမယ်ပေါ့။ တစ်ပြည်လုံးက လူတွေ က မင်းကြီးအတွက် ဗေဒင်တွက်ကြ၊ ယတြာချေကြ၊ ဆုတောင်းပွဲတွေ ကျင်းပကြ၊ ဆေးတွေ ဖော်ကြနဲ့ မင်းကြီးအတွက် ပူပန်ကြီးစွာနဲ့ ဆောင်ရွက်ကြတယ်ဆိုတော့ မင်းကြီးကို တိုင်းသူ ပြည်သား လူအများက ချစ်ကြတယ်ဆိုတာ သိသာပါတယ်။ အဲသည်လို တိုင်းပြည်သားများ ချစ်တာထက် အဘိပါရက စစ်သူကြီးက ပိုချစ်တာ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ချစ်ဇနီးမယ်ဥမ္မာကြောင့် သိဝ်မင်းကြီး ဆွေးသွားတ်ယဆိုတာ သိပြီးကတည်းက မယ်ဥမ္မာကို သိဝ်မင်းလက်ထဲ ထည့်ဖို့ပဲ စိတ်ကူးနေတော့တာပါတဲ့။ အခန်းထဲက မင်းကြီးက မထါက်လာဘဲ နေတော့ အဘိပါရကစစ်သူကြီးက ညောင်စောင်းနတ်ကို ပူဇော်မယ်ဆိုပြီး ညောင်ခေါင်းထဲမှာ သူကလူယုံတစ်ယောက်ကို ထည့်ထားလိုက်ပါသတဲ့။ ပြီးတော့မှ မင်းကြီး မကျန်းမမာဖြစ်နေ တာဘယ်လို ရောဂါမျိုး ကျရောက်လို့ပါလဲလို့ မေးတာပေါ့။ သူနဲ့အတူ အခြားသူများလည်း ပါတာပေါ့လေ။ အဲသည်လူတွေပါ ကြားလောက်အောင် ညောင်ခေါင်းထဲကလူက စစ်သူကြီး သင်ထားတဲ့အတိုင်း ဥမ္မာဒန္တီကိုမြင်ပြီး စွဲလမ်းသွားလို့ပါလို့ ဖြေလိုက်သတဲ့။ စစ်သူကြီးက လည်း ကောင်းပေပြီလို့ပြောပြီး သူတစ်ယောက်တည်း သိဝ်မင်းအောင်းနေတဲ့ အဆောင်ရှေ့ ကိုသွားပါတယ်။ အဘိပါရက လာပါတယ်လို့ အသံပေးပြီး ညောင်စောင့်နတ်ပြောလို့ ကျွန် တော့်ဇနီးမယ်ဥမ္မာကို အရှင်မင်းမြတ်မြင်ပြီး စွဲလမ်းနေကြောင်း သိရပါတယ်။ ကျွန်တော်ကြည် ဖြူစွာနဲ့ မယ်ဥမ္မာကို အရှင့်လက်ထဲကို ထည့်လိုပါတယ်လို့ လျှောက်ထားလိုက်သတဲ့။
အခန်းထဲက နားထောင်နေတဲ့ သိဝိမင်းဟာ အဲသည်စကားကို ကြားလိုက်တာနဲ့ အင်မတန်မှ ရှက်သွားပါသတဲ့။ ကြည့်စမ်း မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူး။ ညောင်စောင့်နတ် တောင်မှသိသွားပြီဆိုတော့ တယ်ပြီးရှက်စရာ ကြောက်စရာကောင်းပါကလားလို့ တေါးမိပါ သတဲ့။ သိဝိမင်းဟာ မြတ်စွာဘုရားအလောင်းတော် ဖြစ်ပါတယ်။ ပါရမီခံရှိပြီးသားဖြစ်တော့ အခိုက်အတန့်အားဖြင့်သာ တဏှာကျွန်ဖြစ်သွားတာပါ။ အဘိပါရကစစ်သူကြီးက သူ့ဇနီးကို ပေးချင်ပါတယ်ဆိုတော့ သိဝိမင်းက ငြင်းဆန်ခဲ့ပါတယ်။ သူတစ်ပါးသားမယား မပြစ်မှားသင့် ဘူးဆိုတဲ့အကြောင်းကို ပြောပြီးငြင်းတော့ စစ်သူကြီးက သူကမယ်ဥမ္မာကို ဇနီးအဖြစ်ကစွန့် တော့မှာ ပိုင်ရှင်မရှိတော့ရင် မင်းကြီးကယူလို့ရတာပါပဲ ဆိုတာမျိုးကစပြီး တစ်ဦးက ငြင်း၊ တစ်ဦးကပေးနဲ့နောက်ဆုံးတော့ အသင် အဘိပါရက၊ ငါဟာ ဘုရင်မင်းမြတ်ဖြစ်တယ်။ သင့်ကို ငါ မင်းမိန့်နဲ့ စကားဆက်မပြောဖို့ တားမြစ်တယ်။ ငါမယ်ဥမ္မာကို မယူဘူးဆိုပြီး အပြီးသတ် တားမြစ်လိုက်ပါတယ်။ တော်တော်တန်တန့် သက်ဦးဆံပိုင်မင်းဆိုရင် သူလိုချင်တာကိုရအောင် ဥာဉ်နီဥာဏ်နက်တောင်ထုတ်ပြီး ယူဦးမှာပါ။
အဲသည်ဇာတ်ကို မြတ်စွာဘုရားရှင် ဟောတော်မှုရတာက မိန်းမတစ်ယောက်ကို တပ်မက်မိလို့ ရဟန်းဘ၀ကိုငြီးငွေ့တဲ့ ရဟန်းတစ်ပါးကို အကြောင်းပြုပြီး ဟောတော်မှုရတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းကို ငါကိုယ်တိုင် နုစဉ်အခါတုန်းက အဲသည်လိုတပ်မက်မှားခဲ့ တယ်ဆိုပြီး ဟောတော်မှုခဲ့တာဖြစ်ပါတယ်။
အဲသည် သိဝိဇာတ်မှာ သိဝိမင်းဟာ အင်မတန်မှ သိက္ခာစောင့်စည်းတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူတစ်ပါးအိမ်ရာကို စိတ်နဲ့ပြစ်မှားမိတာတောင်မှ အလွန်ရှက်တော်မှုခဲ့ပါတယ်။ ကြောက် တော်မှုခဲ့ပါတယ်။ သို့ပေမဲ့ မြန်မာဇာတ်သဘင်များက အမှားကို ကပြကြ၊ ရုပ်ရှင်တော်မှ ဦးဖိုးပါကြီးကို သိဝ်ဇာတ်ရုပ်စီးစေပြီး ဆင်ပေါ်ကနေထိုးကျတဲ့ ကာတွန်းမျိီုးကိုလည်း ဆွဲတတ်ကြပါတယ်။ သိဝိမင်းက ဆင်မစီးပါဘူး။ မြင်းရထားပဲ စီတော်မှုပါတယ်။ မယ်ဥမ္မာ ကြောင့် ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် ခံစားရတဲ့တိုင်အောင် သူတစ်ပါးအမြင်မခံဘဲ ကျိတ်ပြီး ဖြေတော်မှုပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာများဟာ အမှားများကိုပယ်ပြီး အမှန်ကို သာ ပြောဆိုရေးသားကြဖို့ လည်းလိုအပ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ရဲ့အကြောင်းကို မဟုတ်မမှန်ဘဲ သရော် ပြီးပြောရင် အပြစ်လည်းကြီးပါတယ်။ ဘာသာကွဲ လူမျိုးကွဲများက မဟုတ်မမှန်ညဲ ကိုယ့်ဘုရား လောင်းတော်ကို အပြစ်ပြောရင်လည်း စိတ်မကောင်းစရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကအမှန် ကိုသိထားမှဖြစ်ပါမယ်။
ခရစ်နှစ် ၁၇၆၅-၁၈၄၀ ခန့်က ရေးဖွဲ့ခဲ့တဲ့ ဦးရွှန်း(ဘွဲ့အမည်မဟာမင်းလှမင်းခေါင်) ရေးဖွဲ့ခဲ့တဲ့ ဥမ္မာဒန္တီပျို့မှာပါတဲ့ စာသားကလေးက ကောင်းလွန်းလို့ ထည့်လိုက်ပါတယ်။
“စိတ်မဲတဏှာ စွန်းငြိရာကို က၀ါ (ခ၀ါ) သံဝေ ဖွပ်လျှော်လေက ပြေလိမ့်စိတ်မှာ ဖြူစင်ရာ၏” တဲ့။
သည်ဇာတ်တော်ဟာ သိပ်လှပပါတယ်။ ဥမ္မာဒန္တီကလည်း လှလည်လှတယ်။ အနာလည်းရှိ တယ်ဆိုတော့ မိန်းမပီပီ ဥာဏ်ကလေးကူပြီး အကြောင်းပြလိုက်တာပေါ့။ အလှဆိုတာ ဦးတည် ချက်မကောင်းရင် အဆိပ်အတောက်ဖြစ်စေပါတယ်။ အချစ်ဆိုတာ တပ်မက်စွဲလမ်းခြင်း ဖြစ်ပါ တယ်။ ပုထုဇဉ်တိုင်းမှာတော့ မကင်းနိုင်ဘူးပေါ့။ သို့ပေမဲ့ ဖြူစင်တဲ့စိတ်ထားနိုင်အောင် သတိ နဲ့ ကွပ်ကဲထိန်းချုပ်တဲ့ သိက္ခာကြီးမားတဲ့ မင်းယောက်ျားများမှာတော့ ရုပ်ရည်အလှအပထက် စိတ်ကောင်းစိတ်မြတ်နဲ့ သိက္ခာ သမာဓိရှိခြင်းဟာ ပိုပြီးကြည်ညိုလေးစားစရာ ကောင်းပါတယ် ။ သိက္ခာကြီးမားစွာ မိမိတို့ကိုယ်ကိုယ် မိမိတို့ကောင်းစွာ ဆောက်တည်တဲ့ လူငယ် လူလတ် များလည်း နှင်းတို့ လူမှုအသိုက်အ၀န်းထဲမှာ များစွာရှိပါတယ်။ ၀မ်းသာ ဂုဏ်ယူဖွယ်ပါပဲ။ သတိပေးချင်တာကတော့ တစ်ကယ်တော့ အချစ်ဆိုတာဟာ တစ်ဘ၀လုံးမဟုတ်ပါဖူး အချစ် ဟာ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသသာဖြစ်လို့ ပျောက်ဆုံးသွားတဲ့အချစ်တစ်ခုအတွက် ဘ၀တစ် ခုလုံးပျက်သုဉ်းသွားစရာ အကြောင်းမရှိပါဖူးလို့ နှင်းက လူငယ်၊ သူငယ်ချင်း၊ မိတ်ဆွေများကို သတိပေးချင်ပါတယ်။
မိမိက လူတစ်ယောက်ကို ချစ်မိရင် အလှ အချစ်နှင့် သိက္ခာတို့နဲ့ ပြည့်စုံသော ချစ်ခြင်းနှင့်သာ ထာဝရပိုင်ဆိုင် ချစ်နိုင်ကြပါစေလို့ ဆုတောင်းလျှက်...
နှင်း

No comments: