Sunday, November 2, 2008

အခန်း(၄)

ဦးသုမနအတွက် ဘယ်နေရာကြည့်လိုက် ကြည့်လိုက် လောကကြီးသည် သာယာနေသည်။ ဘယ်သူ့ကိုပဲ တွေ့ရတွေ့ရ ချစ်စရာကောင်းနေသည်။ သူချစ်ခင်တွယ်တာမိခဲ့သော မဖြူက သူ့အချစ်တွေသွန်အန်ချဖို့ရန် လမ်းဖွင့်ပေးခဲ့ပြီ မဟုတ်ပါလား၊ မနက်ခင်းက ဖြစ်ရပ်လေးက ယခုညရောက်သည့် အချိန်ထိ ပျောက်၍ မသွား၊ မျက်စေ့ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်နေရတုန်းပင် ဖြစ်သည်။
သူ့ကို ဆွမ်းလောင်းပြီးတော့ မဖြူက လှပသပ်ရပ်သော မှတ်တမ်းစာအုပ်လေး တစ်အုပ်ကို သူ့အားကမ်းပေး၇င်း
“ဦးပဉ္စင်းရဲ့ အထွေထွေမှတ်စုထဲက တပည့်တော်အတွက် အသုံးတည့်တာတွေ ရေးပေးမယ်လို့ ပြောတာမှတ်မိသေးတယ် မဟုတ်လား၊ အခုစာအုပ်ဝယ်လာပြီ ရေးပေးတော့”
ဟုပြောလာသည်။ သူက မဖြူမျက်နှာလေးကို သေချာကြည့်လိုက်ရင်း
“မှတ်စုထဲကတင်မကဘူး၊ တခြားအကြောင်းအရာတွေလည်း ရေးချင်တယ်၊ မဖြူက ဖတ်မှာလား” ဟုမေးလိုက်တော့ သူပြောတဲ့ အဓိပ္ပာယ်ကို ရိပ်မိလို့ပဲလားတော့ မသိ။ မဖြူက-
“ဦးပဉ္စင်းရေးတာဆိုရင် အကုန်ဖတ်မှာပေါ့“
တဲ့။ ဒါဆိုရင် သူငါ့ရင်ထဲကဖြစ်နေတာကို နားလည်မှာပါ။ ယောကျာ်းကလေးဖြစ်တဲ့ ငါက ဖွင့်ပြောဖို့ပဲ လိုတော့တယ်။ ထိုအချိန်မှာပင် တစ်ခန်းတည်းနေ ဦးခေမိန္ဒနှင့် ဦးသီလာစာရတို့ သူ့ကုတင်ပေါ် ရောက်လာကြသည်။ ဦးခေမိန္ဒက လှပသပ်ရပ်သော မှတ်တမ်းစာအုပ်လေးကို ကောက်ကိုင်ရင်း
“ဦးသုမန၊ ဒါ မဖြူက လှူလိုက်တာ မဟုတ်လား၊ တပည့်တော် ဆွမ်းခံကြွရင်း မြင်လိုက်ပါတယ်”
ဟုမေးလာသည်။ ဦးခေမိန္ဒလည်း မဖြူတို့အိမ်ဆွမ်းခံကြွသူပင်၊ ဦးသုမနထက်ပင် ခြောက်လခန့် ဦးသေးသည်။ ဦးသုမနက ရှင်းပြလိုက်သည်။
“တပည့်တော်ကို လှူတာမဟုတ်ဘူး၊ ဗဟုသုတ မှတ်စုလေးတွေ ကူးပေးဖို့ အကူအညီတောင်းတာ”
ထိုအခါ ဦးသီလာစာရက
“ဒါဆိုရင် ပထမကြီးတန်း အလင်္ကာကျမ်းထဲက ဂါထားလေး တစ်ဂါထာကို မြန်မာပြန်ပါထည့်ရေးပေးလိုက်ပေါ့”
ဦးသုမနက အဟုတ်မှတ်၍
“ဘယ်ဂါထာလည်း ဦးသီလာစာရ”
“ဂါမ္မဒေါသသင့်တဲ့ ဂါထာလေးလေ၊ တပည့်တော် အလွတ်ရပါတယ်၊ အဲ...ဘာတဲ့...
ကညေကာမယ မာနံမံ
နကာမယသိ ကိန္ဒိဒံ-တဲ့ မြန်မာပြန်အနက်က
ကညေ၊ ဟယ် အပျို၊ ကာမယမာနံ၊ နင့်ကိုချစ်နေသော၊ မံ၊ ငါ့ကို၊ တွိ၊ သင်သည်၊ နကာမယသိ၊ မကြိုက်၊ က္ကုဒံ၊ ဤသို့ ငါက နင့်ကိုကြိုက်နေပါလျက်၊ နင်က ငါ့ကိုမကြိုက်ခြင်းသည်၊ ကိနု၊ အဘယ်ကြောင့်ပါနည်း တဲ့”
“ဟာ...ဦးသီလာစာရကလည်း တပည့်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ၊ အရှင်ဘုရားက နောက်နေတာပဲ”
ဦးသီလာစာရနှင့် ဦးခေမိန္ဒက ဦးသုမနကိုကြည့်ပြီး တဟားဟားရယ်သည်။ ထိုဂါထာသည် အလင်္ကာကျမ်းထဲတွင် တကယ်ပါပါသည်။ အရယ်ရပ်သည်နှင့် ဦးခေမိန္ဒက တစ်စခန်းထပြန်သည်။
“မဖြူတို့အိမ်ကို တပည့်တောက် အရင်ကြွတာ ဦးသီလာစာရရဲ့၊ ဦးသုမနက နောက်မှကြွတာ၊ ဒါတောင် မဖြူတို့ မိသားစုက တပည့်တော်ကျတော့ သိက္ခာမထပ်ဘူး၊ နောက်ကျမှ ရောက်လာတဲ့ ဦးသုမနကျမှ သိက္ခာထပ်တယ်၊ အဲဒါ ဘာ့ကြောင့်လို့ ထင်သလဲ ဦးသီလာစာရ”
“အမိန့်ရှိစမ်းပါဦး”
“ဦးသုမနက မာယာပိုကောင်းလို့ပေါ့ ဘုရား၊ စကားရှိတယ် မဟုတ်လား၊ မိန်းမ မာယာသံကိုးဖြာ ဆိုတာလေ၊ ယောက်ျားမာယာကျတော့ မန် ကျည်းကိုးပင် ထပ်ထည့်ရမယ်ဆိုတာ”
ဦးခေမိန္ဒက သူ့စကားကို ဆက်သည်။
“တပည့်တော်ဖတ်ဖူးတယ်၊ တစ်ခါတော့ ဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ နေမကောင်းလို့၊ ခေါင်းမှုးလို့ အဲဒီလို အကြောင်း အမျိုးမျိုးပြပြီး မကြာခဏ ဆွမ်းသွားစားနေသတဲ့၊ ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါပျက်လာသတဲ့၊ တစ်ရက်တော့ ဘုန်းကြီးက ဗိုက်နာလို့ ဆွမ်းခံမထွက်နိုင်ဘူးဆိုပြီး ဆွမ်းစားရအောင် သွားပြန်သတဲ့”
ဒီတစ်ခါတော့ ဒကာမက ဒီဘုန်းကြီးပျင်းကို ဆွမ်းမတင်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်လို့ ကြိမ်းဝါးပြီး ခုလိုပြောသတဲ့၊ အရှင်ဘုရား တပည့်တော်အိမ်မှာ ဆန်ပြတ်နေလို့ ဆွမ်းကပ်စရာ မရှိဘူး၊ ဒါပေမယ့် တခြားအိမ်မှာ ရှိလို့ရှိငြား ထွက်ချေးကြည့်ဦးမယ် ဘုရားဆိုပြီး ဗန်းကလေးဆွဲ ထွက်သွားသတဲ့”
“ဘုန်းကြီးးက အလည်ဆိုတော့ ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ် ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေး လုပ်တာပေါ့။ အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အပြည့်တွေ့ ရတယ်၊ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား၊ ကြံချောင်းကြီးတစ်ချောင်းကို တောင် နံရံမှာ ထောင်ထားတာတွေ့သွားသတဲ့”
“ဒကာမကတော့ သူ့လုပ်ရပ် အပိုင်ပဲဆိုပြီး တခြားအိမ်က ခဏနေတော့ ပြန်လာတယ်၊ အိမ်ရောက်တော့ တပည့်တော်ဆန်ချေးလို့လည်း မရဘူးဘုရား၊ ဒါ့ကြောင့် ဒီနေ့တော့ ဆွမ်းမကပ်နိုင်တော့ပါဘူး ဘုရားဆိုတော့ အဲဒီဘုန်းကြီးက ထင်သားပဲ ဒါ့ကြောင့်လမ်းမှာ မဟုတ်တာကြီးနဲ့ ကြုံရတာပဲလို့ပြောတော့ ဒကာမက ဘာမဟုတ်တာကြီးနဲ့ ကြုံရတာလဲဘုရားလို့ မေးလိုက်တယ်”
“ဘုန်းကြီးက ကျူပ်ဒီအိမ်ကို အလာလမ်းမှာ မြွေဟောက်ကြီးတစ်ကောင်နဲ့ တွေ့တယ်ဗျာ ရှည်လိုက်တာဗျာ မပြောပါနဲ့တော့ ဒကာမမီးဖိုချောင်ထဲက ကြံချောင်းကြီးလောက် ရှည်တယ်လို့ ဖြေလိုက်တော့ ဒကာမလည်း“ဟင်”ဆိုပြီး အံ့သြသွားတာပေါ့”
“တစ်ခါဆက်ပြီး ပြောတယ်၊ ကျုပ်ကိုမြင်တော့ဗျာ၊ မြွေဟောက်က ဒေါသတကြီးနဲ့ ပါးပျဉ်းကြီးကို ထောင်ပြလိုက်တာ အဲဒီပါးပျဉ်းကြီးက ဒကာမကြီးမီးဖိုချောင်ထဲက ငါးရံ့ခြောက်ပြားကြီးလောက် ရှိတယ်ဆိုတော့ ဒကာမကြီးလည်း ဟောတော့ဆိုပြီး အံ့သြသွားသတဲ့”
“တစ်ခါ မြွေဟောက်ကြီး ကျုပ်ကို ပေါက်မယ်ဆိုပြိး အစွမ်ကိုဖြီးဖြီးပြတယ်၊ အဲဒီအစွမ်က ဒကာမကြီးဆန်အိုးထဲက ငကျွဲဆန်စေ့လောက်တော့ ရှိတယ်လို့ ဆိုလိုက်တော့ ဒကာမကြီးလည်း ကဲ ကိုယ်တော်ဘုရား အေးအေးပဲနေပါတော့ တပည့်တော်မ ဆွမ်းချက်ကပ်ပါတော့မယ်လို့ လျှောက်ရရှာသတဲ့”
ဦးသီလာစာရနှင့် ဦးသုမနမှာ ဦးခေမိန္ဒ စကားအဆုံးတွင် တဟားဟားဖြင့် သဘောကျ နေကြသည်။ ဦးသီလာစာရကလည်း တစ်မျိုးလာပြန်သည်။
“ယောက်ျားမာယာက မိန်းမမာယာထက် သာတာတော့ အမှန်ပဲ၊ ညောင်ကန်ဆရာတော် လုံးလုံးမကြည့်တဲ့ ကျမ်းစာတစ်အုပ်ရှိတယ်၊ အဲဒီကျမ်းကို သံပျင်ဋီကာ လို့ခေါ်တယ်၊ ဘာဖြစ်လို့ မကြည့်တာလည်း ဆိုတော့ ဏှာပူးကျပြီးရေးတဲ့ ကျမ်းမိုလို့ မကြည့်တာလို့ ဆိုတယ်”
သီးသုမနနှင့် ဦးခေမိန္ဒတို့က စိတ်ဝင်တစားပြိုင်တူမေးလိုက် မိကြသည်။
“ဘယ်လိုဏှာပူးကျတာလဲ”
“ပုဂံခေတ်ကပေါ့။ ပိဋကတ်သုံးပုံနိကာယ်ငါးရပ်ကို ကျကျနန တတ်မြောက်ကျွမ်းကျင်လို့ ကျစွာလို့အမည်ရတဲ့ မည်းကြီးတစ်ပါး ပေါ်ဖူးတယ်၊ သဒ္ဒါငယ် ၁၅စောင်ထဲက သဒ္ဒါဗိန္ဓုကျမ်းဆိုတာ ကျစွာမင်းကြီးရေးသားခဲ့တာပါ။ အဆင့်မြင့်တယ်၊ ပါဠိဂါထာတွေနဲ့ ရေးထားတာ”
“ဒီမင်းကြီးမှာ သူ့လိုပဲ ပိဋကတ်ကို ကျွမ်းကျင်တဲ့ သမီးတော်တစ်ပါး ရှိတယ်၊ သံပျင်မင်းသမီးလို့ ခေါ်တယ်၊ သမီးတော်ကလည်း ဘယ်လောက်စာတတ်သလဲဆိုရင် ရဟန်းတော်တွေကိုတောင် စာချပေးရတယ်၊ အမျိုးသမီးနဲက ရဟန်းတွေဆိုတော့ မြင်နေရင်မသင့်တော်လို့ တင်းတတိမ်ကန့်လန့်ကာပြီး စာပေပို့ချပေးတယ်”
“ဒီအချိန်တုန်းက ပေရွက်တွေပဲ ရှိသေးတာပေါ့၊ ရဟန်းတော်တွေက ပါဠိလိုရေးထားတဲ့ ပေရွက်တွေကို ကြည့်နေရတယ်၊ သမီးတော်က တင်းတိမ်ဟိုဘက်ကနေ အနက်၊ မြန်မာပြန်ပြီး အဓိပ္ပာယ် ရှင်းရတာပေါ့၊ အဲဒီစာသင်သား ရဟန်းတော်တွေထဲက အသက်ငယ်ငယ်ရဟန်းတော် တစ်ပါးဟာ မင်းသမီးအသံကို ကြားရတာနဲက စိတ်ဝင်စားပြီး ချစ်ခင်သွားသတဲ့”
ထိုစကားအရောက်တွင် ဦးသီလာစာရနှင့် ဦးခေမိန္ဒတို့က ဦးသုမနကို အကဲခတ်ကြည့် လိုက်ကြသည်။ သူတို့ နှစ်ဦးသည် ဦးသုမနကို ကာမဂုဏ်နွံထဲနစ်မှာ စိုးသောကြောင့် သူတို့တတ်နိုင်သမျှ သွယ်ဝိုက်ပြီး သတိပေးနေကြခြင်း ဖြစ်သည်။ အချစ်မှိုင်းမိနေသော ဦးသုမနကား ဘာမျှသတိမထားမိသေး၊ သူနှင့်မဖြူတို့ စတင်ခင်မင်အောင် ကြိုးစားခဲ့ပုံကို ပြန်သတိရလာသဖြင့် မျက်စေ့မှိတ်ကာ ခပ်ပြုံးပြုံးလေးဖြစ်သွားသည်ကို တွေ့ကြရသည်။ ဦးသီလာစာရကသူ့စကားကိုဆက်သည်။
“ဒီတော့ အဲဒီကိုယ်တော်က ဘု၇င့်သမီးတော်ကို မြင်ဖူးချင်တော့ နောက်တစ်နေ့ စာတက်အလာမှာ ပေရွက်ထဲစာကြောင်း တစ်ကြောင်း သူ့ဖာသာေ၇းထည့်ထားတယ်၊ သူရေးထည့်လာတဲ့ ပါဠိက ဟိဇာလေ ဟေဟေယျုံတဲ့၊ အဲဒီနေ့ စာတက်ပြီးလို့ တခြားကိုယ်တော်တွေ ပြန်သွားတော့ သူက တစ်ပါးတည်းကျန်မျာ တင်းတိမ်ထဲက မင်းသမီးကိုအသံပြုလိုက်သတဲ့”
“မင်းသမီး အနက်ပြန်ရအောင် စာတစ်ကြောင်း ကျန်နေပါတယ်ဆိုတော့ မင်းသမီးက ဒီပေစာကို တပည့်တော်ပို့ချနေတာ ကြာပါပြီ၊ မကျန်ပါဘူးဘုရားလို့ လျှောက်တော့ အကြံသမားကိုယ်တော်က မယုံရင် အသင်မင်းသမီး ကိုယ်တိုင်ကြည့်ပါလို့ ပြောတော့ မင်းသမီးလည်း ရုတ်တရက်တင်းတိမ်ကို မ,ပြီး ကြည့်မိသ တဲ့”
“စာကြောင်းကိုတွေ့တာနဲ့ ထပ်ဖြည့်ထားမှန်း မင်းသမီးက သိပါသတဲ့၊ ဒါပေမယ့် ကိုယ်တော်ကျေနပ်အောင် အနက်ကတော့ ပေးလိုက်ပါတယ်၊ ဟိ၊ တံငါသည်တို့သည်။ ဇာလေ၊ ကွန်ယက်ကို။ ဟေဟေကျုံ၊ ပစ်လွှတ်ကြကုန်၏တဲ့။ မင်းသမီးကတော့ အနက်ပေးပြီး သူ့နေရာသူ ပြန်သွားတယ်။ ဘာမှမဖြစ်ဘူး။ မင်းသမီးကို မြင်သွားတဲ့ ကိုယ်တော်မှာတော့ အဲဒီနေ့ကစပြီး ရာဂမီးလောင်နေလိုက်တာ စားလည်းမစားနိုင် ဆွမ်းလ်းမစားနိုင်တော့ဘူးတဲ့”
ထိုစကားအရောက်တွင် ဦးခေမီန္ဒက စကားတစ်ချက် ထောက်ပေးသည်။
“ဦးသီလာစာရ၊ မိန်းမဆိုတာ ရဟန်းတော်တွေ သတိထားသင့်တဲ့အန္တရာယ်တစ်ခုပါဘဲလား”
“ဟုတ်တာပေါ့ ဦးခေမိန္ဒ၊ ဒါကြောင့် ရှေးပညာရှင်များက ဘိက္ခု သေမင်း၊ ဓားနှစ်စင်းလို့ ဆိုထားကြတယ်။ မိန်းမနဲ့ငွေဟာ ရဟန်းဘ၀က လူ့ဘ၀ရောက်အောင် သေအောင် သတ်ဖြတ်တတ်လို့ ဓားနှစ်စင်းလို့ နာမည်ပေးခဲ့တာပေါ့”
ထိုအချိန်ကျမှ ဦးသုမနသည် မိတ်ဆွေရဟန်းများက သူ့ကို သတိပေးတရား မသိမသာ ဟောနေခြင်းဖြစ်ကြောင်း ရိပ်မိလာသည်။ မိတ်ဆွေရဟန်းများ၏ စေတနာကိုလည်း လေးစားမိ၏။ ဦးသီလာစာရက သူ့စကားကိုဆက်သည်။
“ဒါနဲ့နောက်ဆုံး ကျစွာဘု၇င်ကြီးသိသွားတော့ အသက်တစ်ချောင်းတော့ အလဟဿမဆုံးရူံးပါစေနဲ့၊ သမီးတော်ကို လိုချင်ရင် ဋီကာ ကျမ်းတစ်ကျမ်းကို အဆင့်မီအောင်ရေးပြီး ဆက်သွင်းပါလို့ အမိန့်ချတော့ အဲဒီရဟန်းလည်း ကျမ်းမျိုးစုံကို မွှေနှောက်ခြောက်ခြားပြီး ရေးလိုက်တာ အခုပြောနေတဲ့ သံပျင်ဋီကာ ဆိုတာ ဖြစ်သွားတာပေါ့”
“ကတိအတိုင်း ကျစွာမင်းကြီးကလည်း ရဟန်းတော်ကို လူဝတ်လဲစေပြိး သမီးတော်နဲ့ ပေးစားခဲ့ပါတယ်”
“သြော်...ဒါ့ကြောင့် ဆရာတော်ဦးဗုဓ်က ဏှာပူးကျပြီး ရေးတဲ့ကျမ်း မဖတ်ချင်ပါဘူးလို့ ဆိုတာကိုး”
“ဟုတ်တာပေါ့။ ဒီဖြစ်ရပ်မှာ အပေါ်ယံကြည့်ရင်တော့ ၇ဟန်းတော်ဟာ သူလိုချင်တဲ့ ဘုရင့်သမီးတော်ကို ရသွားလို့ ၀မ်းသာစရာပေါ့။ နက်နက်နဲနဲ ကြည့်ရင်တော့ ၀မ်းနည်းစရာကြီးပါ”
“ဘယ်လို ၀မ်းနည်းစရာလည်း ဦးသီလာစာရ”
ဦးသုမနပင် စိတ်ဝင်တစား မေးလိုက်မိသည်။ ဦးသီလာစာရက
“ဦးသုမန စဉ်းစားကြည့်လေ ဂေါတမမြတ်စွာဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တဲ့ အချိန်အတွင်းမှာ ရဟန်းဘ၀ကို ကိုးဘ၀ပဲ ရခဲ့တယ်။ အရှင်ဘုရားတို့ တပည့်တော်တို့လို သူလိုကိုယ်လို လူတွေမှာတော့ ရဟန်းဘ၀တစ်ဘ၀တောင် ရဖို့မလွယ်ပါဘူး”
“ဒါကြောင့်လည်း အင်္ဂုတ္တိုလ်ပါဠိတော်မှာ ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော ရဟန်းဘ၀ကို ရခဲတယ်လို့ ဘုရားက ဟောတာပေါ့။ ဒီလောက်ရခဲတဲ့ ရဟန်းဘ၀ကို စွန့်ပြီး မင်းသမီးကို ယူလိုက်တယ်ဆိုတာ သာသနာမျက်စေ့နဲ့ ကြည့်ရင် သူ့အတွက် ဆုံးရူံးသါားတာဖြစ်လို့ ၀မ်းနည်းစရာကြီးပါ”
“ဥပမာ ရိုင်းရိုင်းပေးရရင် သလေးထမင်းနဲ့ ခွေးအန်ဖက်ကို လဲစားရသလိုပဲပေါ့။ လူုတွေဟာ အရလွယ်တဲ့အရာကို အထင်သေးတတ်တာဟာ ဓမ္မတာပါပဲ။ အရှင်ဘုရားတိုက တပည့်တော်တို့ မြန်မာပြည်က ရဟန်တော်တွေဟာ ရဟန်းဘ၀ကို လွယ်လွယ်ကူကူ ရခဲကြတော့ တန်ဖိုးမထားကြဘူး၊ အထင်သေးကြတယ်”
“နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားကနေ ဗုဒ္ဓဘာသာ ရန်းတော်ဖြစ်လာ၇တဲ့ အီတာလျှံလူမျိုး ဦးလောကနာထဆိုရင် သူ့ဦးလေးက အီတလီကနေ မြန်မာပြည်ကို ပြန်ခွင့်မပေးဘူး။ သာသနာပြုခွင့်မပေးဘူးလိုက အကျပ်ကိုင်တော့ အစာငတ်ခံပြီး ဆန္ဒပြတယ်”
“လေးငါးခြောက်ရက် သေခါနီးမြော့မြော့ကျန်တဲ့အထိ ဆန္ဒပြမှ သူ့ဦးလေးက အလျှော့ပေးပြီးမြန်မာပြည်ကို ပြန်ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ပညာရှိနှိပ်စက်နည်းနဲ့ လမ်းစရိတ်တစ်ပြားမှ မထောက်လိုက်ဘူး။ ရဟန်းတော်ဆိုတော့ ဘယ်ကမှလည်း ငွေမရနိုင်လို့ ဦးလောကနာထဟာ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတေးလျ၊ ပါလက်စတိုင်း၊ အိန္ဒယစတဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံကို ခြေကျင်ကျော်ဖြတ်ပြီး မြန်မာနိုင်ငံကို အရောက်ပြန်ခဲ့တယ်”
“မြန်မာပြည်က ပြင်ဦးလွင်မြို့မှာဘဲ ပျံလွန်တော်မှုတဲ့အထိ သီတင်းသုံးသွားခဲ့တယ်။ ရဟန်းဘ၀ကို ဘာဖြစ်လို့ ဒီလောက်ထအောင် တန်ဖိုးထားရသလဲဆိုရင် နောက်ဘ၀မှာ
“လူဖြစ်ဖို့၊ ယောက်ျားဖြစ်ဖို့ ၊ မြန်မာပြည်မှာဖြစ်ဖို့၊ ဗုဒ္ဓဘာသာဖြစ်ဖို့၊ ရဟန်းဖြစ်ဖို့
ဆိုတဲ့ အချက်ငါးချက်နဲ့ ပြည့်စုံဖို့မလွယ်လို့ဆိုတာ သေချာသိထားလို့ဘဲ။ အရှင်ဘုရားတို့ တပည့်တော်တို့လည်း ရဟန်းဘ၀ကို လွယ်လွယ်ရခဲ့တာဆိုပြီး အထင်မသေးသင့်ဘူး။ နောက်ဘ၀မှာ ဒီအချက်ငါးချက်နဲ့ ပြည့်စုံဖို့ဆိုတာလည်း တော်တော်ခဲယဥင်္းတာ မဟုတ်လား”
ဦးသီလာစာရက စကားအဆုံးတွင် ဦးသုမနကို အကဲခတ်ကြည့်လိုက်သည်။ ဦးသုမနမျက်နှာတွင် လေးလေးနက်နက် တွေးတောနေသော အမှုအယာကို တွေ့ရသဖြင့် မိမိနေရာသို့ အသာအယာပင် ဦးခေမိနှင့်အတူ ထပြန်သွားကြသည်။ ဦးသုမနအဖို့ ဒီတစ်ည ကောင်းကောင်း အိပ်ရဖို့မလွယ်။ သလေးထမင်းနှင့် ခွေးအန်ဖတ်တို့ စစ်ခင်းရဦးမည် မဟုတ်ပါလား။

No comments: