ဒီတစ်ခါမှာတော့ စစချင်း မြတ်စွာဘုရားလက်ထက်က တကယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်ဝတ္တုတစ်ပုဒ် ကိုပြောပြချင်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတို့ဟာ ကျောင်းအမကြီးဝိသာခါဆိုရင် သိကြမှာ ဖြစ်ပါတယ်။ အလွန့်အလွန်ကိုချမ်းသာတဲ့ ဓနဉ္စယသူဋ္ဌေးကြီးရဲ့ သမီးဖြစ်ပါတယ်။ အဲသည်သူ ဋ္ဌေးကြီး ချမ်းသာတာကတော့ ပြောရင် ဆုံးမှာတော့မဟုတ်တော့ သိပ်ချမ်းသာကြွယ်ဝလှပါ တယ်ဆိုတာလောက်ပဲ ပြောပါရစေတော့ကွယ်။ ကျောင်းအမကြီးဝိသာခါက ချမ်းသာပေမယ့် မာန်မာနတက်ကြွခြင်း မရှိဘူး။ ရတနာသုံးပါးကို ကြည်ညိုတယ်။ အလှူအတန်းရရက်ရော တယ်။ ပြေပြစ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အယူမှားနေတဲ့ ယောက္ခမကြီးကို အယူမှန်သွား အောင် ဆောင်ရွက်ပေးနိုင်လို့ ယောက္ခမကြီးက မိခင်အရာထားတဲ့အထိ လေးစားတာကိုခံခဲ့ရ ပြီး မိဂါရမာတာလို့လည်း အမည်တွင်ခဲ့ပါသေးတယ်။
ကျောင်းအမကြီးလိုပဲ သာသနာမှာ ထင်ရှားတဲ့ ကျောင်းဒကာကြီးတစ်ဦးလည်း ရှိပါသေးတယ်။ သူ့အမည်က အနာထပိဏ် သူဋ္ဌေးကြီးတဲ့။ အဲသည်အမည်က ငယ်မည်မဟုတ်ပါဘူး။ ရဟန်းပု ဏ္ဏားများ ဆင်းရဲသူများ ခရီးသွားများများကို ထမင်းစတဲ့ အစားအစာများ အလိုရှိသလောက် ပေးကမ်း လှူဒါန်းလို့ ထမင်းပေးသူလို့အဓိပ္ပာယ်ရတဲ့ အမည်နဲ့ တွင်လာတာဖြစ်ပါတယ်။ ထမင်းပေးတယ်ဆိုရာမှာ တောင်းသူရှိလာရင် မိမိအိမ်မှာရှိတဲ့ စားစရာကိုပေးတာမျိုး မဟုတ် ပါဘူး။ အလှူအတွက် ထမင်းဟင်းများချက်ပြီး ထမင်းရုံကြီးဆောက်ကာ နေ့စဉ်လောင်းလှူနေ တာမျိုး ဖြစ်ပါတယ်။
အဲသည်သူဋ္ဌေးကြီးရဲ့သားနဲ့ ၀ိသာခါရဲ့ညီမတို့ကို လက်ထပ်ထိမ်းမြားပေးလိုက်ကြပါသတဲ့။ ပြီးတော့ ၀ိသာခါရဲ့ညီမကို ခင်ပွန်းဖြစ်သူရဲ့အိမ်ကို ခေါ်လာတာပေါ့ကွယ်။ အဲသည်အမျိုးသမီး ရဲ့အမည်က “သုဇာတ”လို့ ခေါ်ပါတယ်။ သိပ်ချမ်းသာသလောက် သိပ်အလိုလိုက်ခံထားရတဲ့ သုဇာတဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ပေမဲ့ အစ်မကြီးလို မပြေပြစ်ပါဘူး။ ဖခင်အိမ် ကနေပြီး ယောက္ခမအိမ်ကို လိုက်သာလာရတယ်၊ ချမ်းသာလွန်းတော့ ပစ္စည်းပစ္စယများ၊ အ ခြွေအရံများစတဲ့ သူပိုင်ပစ္စည်းတွေ အများကြီးယူခဲ့လို့ အနာထပိဏ်သူဋ္ဌေးကြီးလို အိမ် တောင်မှ ပြည့်လုမတတ် ဖြစ်သွားပါသတဲ့။
လင်သားနဲ့ ယောက္ခမကို ပြုစုဖို့နေနေသာသာ မာန်မာနက ကြီးလွန်းတော့ မောက်မောက်မာ မာ ပြောဆိုတတ်ပါသတဲ့။ တစ်နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရဟန်းများနဲ့အတူ အနာထပိဏ်သူဋ္ဌေးအိမ်ကို ဆွမ်းပင့်ထားတာကြောင့် ကြွတော်မှုလာပါတယ်။ အနာထပိဏ် သူဋ္ဌေးကြီးက မြတ်စွာဘုရားရှင်ရဲ့တရားကို နာယူလိုတာကြောင့် မြတ်စွာဘုရားရှင်အနီးမှာ ကပ်ပြီးရိုသေစွာ ရှိခိုးနေတာပေါ့။ အိမ်တွင်းမှာတော့ သုဇာတက အလုပ်သမားတစ်ယောက်ကို ကက်ကက်လန်အောင် ပြောဆို ကြိမ်းမောင်းနေပါသတဲ့။ အဲသည်အိမ်ကလူတွေရော သူနဲ့ပါ လာတဲ့သူတွေရော သုဇာတရဲ့ အကြိမ်းအမောင်းနဲ့ လွတ်တယ်ပဲမရှိတော့ သူ့ကိုဆိုရင် ကြောက်ကြတာပဲရှိတယ်။ မချစ်ကြပါဘူးတဲ့။ သူ့အသံ စွာလန်တေးကို ကြားတဲ့အခါ ယောက္ခမ ဖြစ်သူအနာထပိဏ်က မြတ်စွာဘုရားရှင်ကို အားနာလွန်းလို့ အရှင်ဘုရား ဒီအိမ်က ချွေးမတစ် ယောက်က မလိမ္မာပါဘူးဘုရားလို့ လျှောက်ထားပါသတဲ့။ မြတ်စွာဘုရားက သုဇာတကိုခေါ် လိုက်စမ်းလို့ မိန့်တော်မှုတော့ သုဇာတက လာပါတယ်။ မြတ်စွာဘုရားက သူနဲ့သင့်တော်မယ့် အရာတစ်ပုဒ်ကို ဟောပြောလိုက်တာ သုဇာတ ချက်ချင်းငြိမ်သက် အေးချမ်းသွားပါသတဲ့။
အနာထပိဏ်သူဋ္ဌေးကြီးတို့ အိမ်မှာလည်း ငြိမ်သက်အေးချမ်းသွားတာပေါ့။ မြတ်စွာဘုရားရှင်နဲ့ အတူ ရဟန်းများလည်း ဆွမ်းအလှူမှာ ပါတယ်ဆိုတော့ မြတ်စွာဘုရားရှင်က တစ်ကြိမ်တည်း ဆုံးမရုံနဲ့ သုဇာတလိမ္မာသွားတယ်။ အံ့သြဖွယ်ကောင်းလေစွလို့ သတင်းဖြစ်ပွးနေခဲ့ပါတသတဲ့။ မြတ်စွာဘုရားက အဲသည်သတင်းနဲ့စပ်လျဉ်းပြီးတော့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောတော်မှုပါတယ်။
ရှေးအတီတေကာလတုန်းက ဘ၀တစ်ခုမှာ မြတ်စွာဘုရား အလောင်းတော်ရဲ့ မယ်တော်မိဖု ရားကြီးဟာ အင်မတန်မှမာန်မာနခက်ထန်ပါသတဲ့။ မာန်မာနခက်ထန်တဲ့သူများဟာ ဒေါသ လည်းကြီးတာပေါ့။ ရက်လည်းရက်စက်တာပေါ့။ နူတ်ထွက်ကလည်း ကြမ်းတမ်းတာပေါ့။ စေ တစ်လုံးပိုင်ရှင်များဖြစ်နေလေတော့ သူတို့နဲ့မပတ်သက်လို့မဖြစ်တာကြောင့် ပတ်သက်နေရ တဲ့သူများဟာ တော်တော်ပဲ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ခဲ့မှာပါပဲ။ သားတော်မင်းကြီးဟာ ခမည်းတော်ရှိစဉ်တုန်းက တက္ကသီလာကိုသွားပြီး ပညာသင်ယူခဲ့ပါတယ်။ ခမည်းတော် နတ် ရွာစံတဲ့အချိန်မှာတော့ မင်းကျင့်တရားဆယ်ပါးနဲ့အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မှုခဲ့ပါ တယ်တဲ့။ တစ်တိုင်းတစ်ပြည်လုံးကိုကောင်းစွာ အုပ်ချုပ်နိုင်ခဲ့ပေမယ့် မယ်တော်ရဲ့ စရိုက်ကြမ်း နေတာကိုတော့ ရုတ်တရက် တရားချပြီး မပြုပြင်နိုင်အောင် ဖြစ်နေပါသတဲ့။ သူက သား တော်ဆိုတော့ မာမာထန်ထန်ပြောလို့ကလည်း မသင့်တော်ဘဲကိုး။
အဲသည်လိုနဲ့ တစ်နေ့မှာတော့ မင်းမိဖုရားများ စုံစုံညီညီပါဝင်တဲ့ ပရိတ်သတ်ထဲမှာ မယ်တော် မိဖုရားကြီးလည်း လိုက်ပါပြီး ဥယျာဉ်ကစားထွက်ကြပါသတဲ့။ အခုခေတ်တော့ ပျော်ပွဲစားထွက် တယ်လို့ ဆိုရမှာပေါ့နော်။ အဲသည်လိုထွက်သွားကြတော့ လမ်းခရီးမှာ တီတီတွတ်လို့ခေါ်တဲ့ ငှက်တစ်ကောင်က သူ့ဘာသာဘာဝ အော်မြည်ပါသတဲ့။ အဲသည်ငှက်သံက တယ်ပြီးနားဝင် ဆိုးတယ်ဆိုပဲ။ မင်းပရိသတ်တစ်ခုလုံးဟာ ကိုယ်စီကိုယ်စီ ချက်ချင်းနားတွေပိတ်တဲ့ပြီး အ မယ်လေး၊ ဆိုးလိုက်တာ တော်ပါတော့လို့ အော်ကြပါသတဲ့။ ငှက်ကလည်း လူများတော့ ပျံပြေး သွားမှာပေါ့။
မင်းပရိသတ်များ ဆက်လက်ပြီး ခရီးထွက်ခွာလာတဲ့အခါ လမ်းမှာ ပင်လုံးကျွတ်ပွင့်နေတဲ့ အင် ကြင်းပင်ကြီးတစ်ပင်ကို မြင်ကြရတော့ သြော် ကြည့်ကြစမ်းပါဦး၊ ပန်းတွေက လှလိုက်တာနော် လို့ပြောကြပြီး ပန်းပင်ကြီးကို မော့ကြည့်ပြီး ပျော်ရွှင်ကြည်နူးနေကြတုန်းမှာ အင်ကြင်းပင်ပေါ်က ဥသြငှက်ကလေးက သာသာယာယာ တွန်ကျူးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အခုလိုနွေ ဦးကာလမှာ တွန်ကျူးတဲ့ ဥသြငှက်သံကလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ နားဝင်ချိုပြီး သနားဖွယ်ကောင်းလောက်အောင် ချိုသာကြည်မြတဲ့ အသံကလေးဖြစ်ပါတယ်။ လွမ်းစဖွယ် ကောင်းလောက်အောင် ချိုသာကြည်မြတဲ့ အသံကလေးဖြစ်ပါတယ်။ လွမ်းစဖွယ်လည်း ကောင်းပါရဲ့။ မင်းသားကြီးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ကွယ်လွတ်သူ မင်းသားကြီး ဦးဝင်းဦးက ဥသြသံကို မေကောမေကောလို့ ကြားတယ်လို့ သူ့ဝတ္တုတစ်ပုဒ်ထဲမျာ ထည့်ရေး ထားပါတယ်။ ပြောချင်တာကတော့ကွယ် ဥသြသံဟာ လူတွေနှစ်သက်တဲ့ အသံတစ်သံ ဖြစ်ပါတယ်။
မင်းပရိသတ်ကလည်း ဟယ် ဥသြကလေးရယ်၊ သင့်အသံကလေးက သာယာလိုက်တာ၊ ထပ်ပြိးတွန်ပါဦးလို့ပြောရင်း တချို့ဆိုရင် လက်အုပ်ကလေးများတောင်မှ ချီလိုက်ကြပါသေး သတဲ့။ အဲသည်က ဆက်ပြီးသွားကြတော့ မယ်တော်ကိုနားချဖို့ အကွက်ချောင်းနေတဲ့ မင်းကြီး က မယ်တော်၊ အစောပိုင်းက တီတီတွက်နှက်အော်သံဟာ နားဝင်ဆိုးလွန်းလို့ လူတိုင်းဟာ နားပိတ်ပြီး တော်ပါတော့၊ မအော်ပါနဲ့တော့လို့ပြောခဲ့ကြပါတယ်။ ဟော ဥသြငှက်ကလေး တွန်သံကြတော့ တွန်ပါဦး၊ မြည်ပါဦးလို့ တောင်းဆိုကြပါတယ်။ တကယ်တော့ မယ်တော်ရယ် ဥသြဆိုတာ အဆင်းမလှပါဘူး။ သို့ပေမဲ့ သူ့အသံက ချိုသာပြေပြစ်တော့ လူတိုင်းက ချစ်ကြပါ တယ်။ လူတွေက ချစ်စဖွယ်ပြောတတ်ပြီး ချိုသာပြေပြစ်မှသာ ချစ်တတ်ကြပါတယ်။ တီတီ တွက်ငှက်ကို လူမချစ်ဘဲ ဥသြငှက်ကို လူချစ်သလိုပေါ့ မယ်တော်လို့ နားချပြောဆိုပါသည်။
မယ်တော်က သားတော်ပြောသမျှကို ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေမဲ့ အဲသည်အချိန်ကစပြီး ရက်စက်ကြမ်းတမ်းတဲ့စကား၊ မောက်မာတဲ့စကား၊ သူတစ်ပါးစိတ်ကို ညှိုးရော်ပူပန်စေမယ့်စ ကားများကို မပြော သူတစ်ပါးစိတ်ကို အေးမြစေမယ့်စကားများကိုသာ ပြောပါတော့သတဲ့။
အဲသည်ပုံပြင်လေးထဲမှာ ပါတဲ့အမျိုးသမီးက တစ်ယောက်ထဲဖြစ်ပါတယ်။ တစ်ဘ၀မှာ မင်းကြီး ရဲ့မယ်တော်၊ နောက်တစ်ဘ၀မှာ သူဋ္ဌေးသမီး သုဇာတ ဖြစ်ပါတယ်။
အဲသည်ဇာတ်ဝတ္တုကို ပြေပြရတာကတော့ အလှအပဆိုတာ အရေပြားတစ်ထောက်စာ လောက်သာ လှလို့ မလုံလောက်ပါဘူး။ စိတ်နေသဘောထားက အရင်းခံအနေနဲ့ ကောင်း ရမယ်။ အဲသည်လို လူမျိုးဟာ သူတစ်ပါးကို ခက်ခက်ကျိတ်ကျိတ် နှိပ်နှိပ်စက်စက် လုပ်ချင် တဲ့သဘောထား နည်းပါးမယ်။ လူလူချင်းဆက်ဆံတဲ့အခါမှာ အရေးကြီးတဲ့ ဆက်သွယ်ရေး လမ်းကြောင်းက စကားပြောခြင်းဖြစ်ပါတယ်။ အဲသည်လို စကားပြောတဲ့အခါမှာ ချိုသာတဲ့စိတ် ထားထားနိုင်မယ်ဆိုရင် စကားအသုံးအနူန်းကလည်း ပြေပြစ်ယဉ်ကျေးမှာ ဖြစ်ပါတယ်။ အဲသည်လိုဆိုမှ မလှရင်လည်း ချစ်ခင်စရာအဖြစ်ကြောင့် လူတိုင်းက ကိုယ့်မြင်ရင် ကြည်နူး ပျော်ရွှင်သွားမှာ ဖြစ်ပါတယ်။ အဲသည်လိုမဟုတ်ဘဲ လှသလောက် မာန်တက်ခက်ထန်နေရင် ပူလောင်လိုက်တာကွာလို့ ပြောကြမှာ ဖြစ်ပါတယ်။
ချိုသာယဉ်ကျေးခြင်းနဲ့ ချွဲပျစ်ခြင်းတို့ကို မရောနှောစေချင်ပါဘူး။ လူတစ်ယောက် စကားပြော တဲ့အခါမှာ ကြားရတဲ့သူများက လေးစားချစ်ခင်လာဖို့ဆိုတာ ချိုသာရမယ်၊ ယဉ်ကျေးရမယ်၊ စကားအသုံးအနူန်း မှန်ကန်ရပါမယ်။ သို့ပေမဲ့ ချွဲချွဲပျစ်ပျစ်နဲ့ ညုတုတုစကားပြောတာကို လူအ များ နှစ်သက်လိမ့်မယ်လို့ အယူမှားနေကြတဲ့ မိန်းကလေးများရှိသလို၊ ချိုချင်လွန်းတော့ ယောက်ျားမ ပီသမှုအရာမှာ အားနည်းသွားတဲ့ ယောက်ျားလေးများလည်း ရှိတတ်ပါတယ်။ အဲသည်လို အယူတိမ်းစောင်းနေကြတဲ့သူများစာ လိုချင်တဲ့လေးစာျးစ်ခင်မှုကို မရဘဲ အထင်အ မြင်သေးခြင်းဆိုတဲ့ ဆန့်ကျင်ဘက်တုံ့ပြန်မှုကို ရတတ်ပါတယ်။
တချို့သူကလေးများဟာ သဘာဝမကျလောက်အောင် ချိုချွဲချွဲအသံနဲ့ စကားပြောတတ်တဲ့အ တွက် ကြားရတဲ့သူများက အမယ်လေးဟဲ့လို့ ထပြီးအောင်တာကိုတောင် ခံရပါသေးတယ်။ သူကတော့ မကြားဘူးပေါ့လေ။ သို့ပေမဲ့ ကြားရတဲ့သူများကတော့ ပြုံးစိစိဖြစ်ကုန်တော့တာပေါ့ ။ ကိုယ့်စိတ်က သဘောရိုးနဲ့ပြောတာပေမယ့် အဲသည်လိုပြောတာကို အားနည်းချက်တစ်ခုအ ဖြစ်နဲ့ သဘောထားပြီး မှားယွင်းစွာချဉ်းကပ်ခြင်းခံရရင် ကိုယ့်ဘက်ကရူံးတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
အရေးကြီးတာက စကားပြောရင် ကိုယ်ရည်ညွှနးပြောဆိုတဲ့သူရဲ့ အသက်အရွယ် ဂုဏ်များကို လေးစားသောအားဖြင့် လေးလေးစားစား ပြောဖို့လိုအပ်ပါတယ်။ သုံးနူန်းတဲ့ အာလုပ်စကား၊ ရည်ညွှန်းတဲ့ ဂါရ၀စကားများဟာ မှန်ကန်ရပါမယ်။ တချို့က မပြောတတ်တာနဲ့ ဆဲသလို ဆိုတဲ့ အနေထိ သက်ရောက်သွားပါတယ်။ အသုံးအနူန်း မမှန်ကန်ရုံသာမက စကားသံက တိဆတ် ဆတ်ဖြစ်နေတယ်ဆိုရင်လည်း ရိုင်းရန်ကောလို့ ပြောတာကို ခံရပါလိမ့်မယ်။ ရိုင်းတာက အလှကိုဖျက်တဲ့ တရားဖြစ်ပါတယ်။
ထို့အတူ သဘာဝမကျလောက်အောင် ညုသလို ချွဲသလိုမျိုး စကားပြောတာကလည်း လူအ များက အထင်အမြင် လွဲမှားနိုင်ပါတယ်။
ကိုင်း၊ အဲသည်တော့ ဘယ်လိုပြောလို့ ဘယ်လိုဆိုရမှာလဲလို့မေးရင် သဘာဝကျကျပြောဖို့က အရေးအကြိးဆုံးဖြစ်ပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။
အသက်ကြီးသူ ဂုဏ်ကြီးသူများကို ဂါရ၀တရားနဲ့ ယဉ်ကျေးဖွယ်ရာ ပြောဖို့လိုပါတယ်။ မိမိ ထက်ငယ်တဲ့သူများကိုလည်း ကြင်ကြင်နာနာ ချိုသာပျော့ပျောင်းစွာ စကားပြောဖို့သင့်ပါတယ်။ ငါက ဂုဏ်ကြီးတယ်။ ငါက အမျိုးမြတ်တယ်။ ငါက ဘာကြောင့်သူ့ကို ချိုချိုသာသာပြောနေရ မှာလဲလို့ စိတ်ထဲမှာတွေးမိတယ်ဆိုရင် ပြောချင်စကားတစ်ခု ရှိပါတယ်။ မိမိရဲ့ အပြုအမှု အပြောအဆိုများဟာ မိမိဂုဏ်ရဲ့လိုက်လျောညီထွေး ဖြစ်နေစေသင့်ပါတယ်။ တစ်နည်းပြောရ ရင် ကိုယ့်ဘက်ကရိုင်းစိုင်းလို့ကတော့ တစ်ဖက်သားထိခိုက်မှာက နောက်၊ ကိုယ့်ကိုထိခိုက်မှာ ကအရင်ပါပဲ။ အဲသည်တော့ မိမိအလှကို၊မိမိဂုဏ်ကို စောင့်ရှောက်သောအားဖြင့် သဘာဝကျ ပါစေ၊ ယဉ်ကျေးဖွယ်ရာရှိပါစေ။
အခုခေတ်မှာ တချို့သော သူများဟာ ရေလိုက်လွဲနေပါတယ်။ မြန်မာစကားကို နိုင်ငံခြားသူ များပြောသလို မပီကလာ ပီကလာ ပြောနေတာပါပဲ။ နိုင်ငံခြားသားများက အဲသည်လို ပြောနေတာကို ကြားရင် ဟားချင်မျာပါပဲ။ သူတို့က မြန်မာစကားကို ပီပီသသပြောတတ်အောင် ကြိုးစားနေတယ်။ မြန်မာလူငယ်လေးများက မြန်မာစကားကို ဟန်လုပ်ပြီးပြောနေတယ်၊ အင်း တကယ့်ကို ဟာသဖြစ်နေတော့တာပါပဲ။ မြန်မာမိန်းကလေးများဟာ “ရှင်” ကို “ရှိန်လိုလို၊ ရှင်လိုလို” ပြောနေတာ အဟုတ်အောက်မေ့နေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာစကားကို ကောင်းကောင်းမပြောတတ်ဘူးဆိုတာနဲ့ မျက်နှာဖြူမ ဖြစ်သွားမှာလည်း မဟုတ်ပါဘူး။ နိုင်ငံခြားကိုသွားပြီး အင်္ဂလိပ်စကား၊ ပြင်သစ်စကားစသည်ဖြင့် ရောက်ရာဒေ သကစကားကို အတော်ပြောတတ်တယ်ဆိုတာတောင်မှ မပီနိုင်တဲ့အသံကလေးတွေ ရှိနေ တတ်တာပါပဲ။ ဟိုနေရာမှာ ဟိုလူတွေလို ကျင့်ကြံရင်လည်းကိုယ့်ကို အစစ်ကလေးဟဲ့လို့ ထင်မှာမဟုတ်ပါဘူး။ အဲသည်တော့ အနည်းဆုံး မိမိအမေ အဖေ သင်ပေးထားတဲ့စကားကို ပီပီသသပြောတတ်ဖို့ လိုအပ်ပါတယ်။ မိမိကို အသက်ပေးခဲ့တဲ့ ဘ၀ပေးခဲ့တဲ့ အသိပညာပေး ခဲ့တဲ့ကျေးဇူးရှင်ကြီးများကို လေးစားသောအားဖြင့် သူတို့သင်ပေးတဲ့စကားကိုတော့ လေးလေး စားစား ပီပီသသပြောသင့်ပါတယ်။ မပီမသပြောရင်လည်း စကားပြောတဲ့နေရာမှာ ချို့ယွင်းနေ သလိုပဲလို့ ထင်စရာဖြစ်ပါဦးမယ်။ ဘယ်သူကမှ မျက်နှာဖြူမကလေးဟဲ့လို့ ထင်မှာမဟုတ်ပါ ဘူး။
အလှတရားဆိုတာ စစ်မှန်မှပဲ ဂုဏ်ရှိပါတယ်။ ပန်းဆိုတာအစ်မှ မွှေးသလိုပေါ့။ အတုက အရောင်လှတယ်လေ။ တာရှည်လည်းခံတယ်လို့ ပြောရင် နှင်းကလည်း ဖုန်တင်တော့ အရောင်မှိန်မယ်၊ တာရှည်ခံပေမယ့် ဟောင်းသွားရင် အမှိုက်ပဲဖြစ်သွားမှာပဲလို့ ပြောချင်ပါ တယ်။ အခုတင်ပြခဲ့တဲ့ အကြောင်းအရာတေါဟာ နောက်ပိုင်းရောက်လေလေ တချို့သော သူကလေးများက သဘောမကျလေလေ ဖြစ်ကောင်းဖြစ်ပါမယ်။ ဘယ်လိုပဲဖြစ်ပါစေ။ အလှ ပြင်တဲ့နေရာမှာ ပီပြင်စေချင်လို့ပြောတာဖြစ်တဲ့အတွက် ရင့်ကျက်တဲ့နေရာမှာ ပီပြင်စေချင်လိုီ့ ပြောတာဖြစ်တဲ့အတါက် ရင့်ကျက်တဲ့သူကလေးတေါ ဖြစ်လာတဲ့အခါ သြော် စေတနာနဲ့ပြော တာပါကလးလို့ သိလာပါလိမ့်မယ်။ နိုင်ငံရပ်ခြားကို ထွက်သွားတဲ့အခါမျာ ပိုပြီးးသိလာပါလိမ့် မယ်။
ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတို့ သူတစ်ပါးနှင့် စကားပြောဆိုဆက်ဆံရာတွင် တီတီတွက် ငှက်လို လူတွေအမြင်ကပ်နားပိတ်ထားခြင်အောင် မပြောဆိုဘဲ ရုပ်ဆိုးသော်လည်း ဥသြငှက် ကလေးလို အများနှစ်လိုဖွယ်သာယာနာပျော်ဖွယ် အသံများနဲ့ ပြောဆိုဆက်ဆံနိုင်ကြပါစေ လို့ နှင်း သတိပေးချင်ပါတယ်။
Thursday, November 6, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment