Sunday, November 2, 2008

အခန်း (၅)

“ဆွမ်းခံထွက်ခါနီးတွင် ညက တစ်ညလုံးရေးထားသော မဖြူ၏ မှတ်တမ်းစာအုပ်လေးကို ပြန်ဖတ်နေမိသည်။
သို့
မဖြူ........
တရားဝင်အချစ်တောင်းခံလွှာ စာတစ်မျက်နှာ ရေးလိုက်ပါတယ်။ တို့မျက်စေ့နဲ့ မဖြူရဲ့အချစ်ကို တောင်းခံနေတာတော့ ရက်ပေါင်း (၇၃၀) ကျော်ခဲ့ပါပြီ။ ဒီတောင်းခံမှုကိုတော့ အများက လက်ခံတာမဟုတ်လို့ အခုလိုစာရေးတောင်းခံရတာပါ။
တို့ရဲ့ဆယ်ကြိမ်းမြောက် သွေးလှူရှင်တံဆိပ်လေးပေးတော့ မဖြူက ပြောတယ်လေ ကိုယ့်သွေးနဲ့ ရင်းရတဲ့ ဒီပစ္စည်းမျိုးကို သူတစ်ပါးကို မပေးသင့်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ သိမ်းထားသင့်တယ်တဲ့။ ဒီတော့ တို့က ပြန်ပြောလိုက်တယ် မဟုတ်လား။ မဖြူက သူတစ်ပါးမှ မဟုတ်တာလို့
အဲဒီစကားထဲမှာ တိုကပြောချင်တဲ့စကားတွေ အကုန်ပါသွားပါပြီ။ မဖြူကို သူတစ်ပါးလို့ သဘောထားလို့ မရတော့ဘူး။ တို့ခန္ဓာကိုယ်ဖြစ်အောင် တည်ဆောက်ပေးတဲ့ အသွေးအသားနဲ့ ထပ်တူထပ်မျှ မဖြူကို ချစ်နေပြီလို့ ပြောလိုက်တာပါ။
မဖြူဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေလေးဟာ တို့ဘ၀မှာ ဆက်လက် ရှင်သန်စေလို့ အခွင့်ပေးလိုက်သလိုပါပဲ။ တို့လူ့ဘ၀မှာ ဆက်လက်ရှင်သန်နေပါရစေ။ မဖြူဆီက အဖြေကို မျှော်လင့်နေတဲ့
တို့
သူရေးထားသော စာကိုဖတ်ပြီး ဦးသုမနက ပြုံးလိုက်သည်။ ယနေ့ဘယ်အိမ်ကိုမှ မကြွတော့ မဖြူတို့ ကအိမ်တစ်အိမ်ကိုဘဲကြွပြီး ကျောင်းကိုပြန်တော့မည်။ ဘယ်အိမ်မှလည်း က္ကုနြေ္ဒရစွာကြွလို့ ရလိမ့်မည်မဟုတ်။ အခုပင် တဒိန်းဒိန်းခုန်နေသောရင်၊ တုန်လှုပ်ခြောက်ခြားနေသော စိတ်တို့ဖြင့် ဂဏှာမငြိမ်စွာ သွားနေရသည် မဟုတ်ပါလား။ မဖြူဆီ စာပေးပြီးလျှင် ယခုထက်ပိုဆိုးပေလိမ့်မည်။
မှုမမှန်သောစိတ်ကြောင့် လူကလည်း က္ကုနြေ္ဒမရ မဖြူတို့အိမ်ထဲ ရောက်သည်နှင့် စားပွဲဘေးကုလားထိုင်တွင် အသင့်ထိုင်နေသော မဖြူကို တွေ့လိုက်ရသဖြင့် ၀မ်းသာသွားသည်။ ဦးသုမန ထိုင်ခုံပေါ်မှာပင် မထိုင်မိ မတ်တပ်ရက်လျက်ကပင် စာအုပ်လေးကို လှမ်းပေးလိုက်သည်။ စကားလည်း မပြောမိ။
အံ့သြစရာကောင်း၏။ မဖြူလက်ထဲ စာအုပ်ပေးနေသော အချိန်မှာပင် မဖြူအဖေ ဦးသက်ထွန်း အခန်းထဲက ထွက်အလာနှင့် ပက်ပင်းတိုးနေသည်။ ဦးသုမန၏ မျက်နှာသာ ပုံမှန်အတိုင်းဆိုလျှင် ဦးသက်ထွန်း ရိပ်မိစရာမရှိ။ ယခု ပုံပျက်နေသော ဦးသုမနကို မြင်လိုက်သည်နှင့် မသင်္ကာသော စိတ်တို့က ဦးသက်ထွန်းကို သတိပေးလိုက်သလို ဖြစ်သွားသည်။
ဦးသက်ထွန်း အချိန်မဆွဲတော့ မဖြူလက်ထဲမှ စာအုပ်ကို ဆတ်ကနဲဆွဲယူပြီး ဖွင့်ဖတ်လိုက်သည်။ သွားပြီဟူသော အတွေးနှင့်အတူ ဦးသုမနတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြား သွားသည်။ စာဖတ်ပြီးသည်နှင့် ဦးသက်ထွန်းမျက်နှာကြီး မဲပုပ်သွားကာ မျက်စေ့က မီးဝင်းဝင်းတောက်သကဲ့သို့သော အရောင်ဖြင့် ဦးသုမနကို စိုက်ကြည့်လိုက်သည်။
ဦးသုမနကား အားဆေးထည့် ခံရသကဲ့သို့ ဘာမှမပြောနိုင်၊ ဦးသက်ထွန်းက စာအုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်ပြီး-
“ကြည့်စမ်း၊ ကိုယ်တော်က ပစ္စည်းလေးပါး အလှူရှင် ဒကာ၊ ဒကာမတွေအပေါ် ကျေးဇူးဆပ်တာပေါ့လေ။ သင်္ကန်းကို အားနာလို့ နို့မို့ဆိုရင် ဒီနေရာမှာတင် ကိုယ်တော်ကို အသေသတ်ပစ်တယ်။ နောက် ကိုယ်တော်ဒီအိမ်ကို ဘယ်တော့မှ မလာနဲ့”
“နင်လဲ ဒီနေ့ကစပြီး ဘယ်ကိုယ်တော်ကိုမှ ဆွမ်းမလောင်းရတော့ဘူး။ ငါတို့အမျိုးထဲမှာ ကျောင်းကြီးဖျက်မ တစ်ယောက်မှ မရှိစေရဘူး လာခဲ့”
ဟုဆိုကာ မဖြူကို တရွတ်တိုက် အခန်းထဲဆွဲခေါ်သွားသည်။ ဦးသုမန ချာကနဲအိမ်ထဲမှ အမြန်ထွက်လာခဲ့မိသည်။ ရှက်လိုက်တာ ကိုယ့်မျက်နှာကို ဓားနဲ့လှီးပစ်ချင်သည်။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်တော့။ သေခြင်းတရားကို သာ မက်မက်မောမော တမ်းတမိသည်။ အသက်နှင့် လူလုပ်တာမဟုတ်။ အရှက်နှင့် လူလုပ်တာ ဟူသော စကား၏အဓိပ္ပာယ်ကိုလည်း ပြည့်ဝစွာ နားလည်သွားသည်။
သူနေသော သုံးထပ်တိုက်အပေါ်ဆုံးအခန်းကို ဘယ်လိုကဘယ်လို ရောက်လာသည်မသိ။ သပိတ်ကို ကုတင်ပေါ်တင်ပြီးသည်နှင့် ပြူတင်းတံခါးပေါက် ဘောင်ပေေးတက်ပြီး ဆောင့်ကြောင့် ထိုက်လိုက်သည်။ လေများက တရွှီးရွှီးဖြင့် သူကမျက်နှာနှင့် ရင်ဘတ်ကို တိုးဖြတ်လို့နေသည်။ မျက်လုံးကိုမှိတ်ပြီး ခုန်ချဖို့ အသင့်ပြင်လိုက်သည်။
အကြောက်တရား တစ်ခုပေါ်လာသည်ကို အံ့သြစွာတွေ့ရသည်။ သေခြင်းတရားတော့မဟုတ်။ မဖြူနှင့်သေကွဲကွဲရခြင်း။ အို...နောက်ဘ၀မှပဲ ပေါင်းကြပါစို့ မဖြူရယ်။ အသံတိတ်ပြောမိရင်း အောက်သီု့ ဆတ်ကနဲခုန်ချလိုက်တော့သည်။ သူ့ခန္ဓာကိုယ်သည် မြေ၏ဆွဲအားအတိုင်း ဒယောသောပါး ကျဆင်းသွားသည်။
သုံးထပ်တိုက်အောက်ခြေမှ ကွန်ကရစ်အခင်းတို့က သူ့မျက်နှာနှင့် နီးသထက်နီးလာပြီးနောက် ရင်ထဲတွင် အေးကနဲ ဖြစ်သွားသည်။ သူ့နဖူးနှင့် ကွန်ကရစ်အခင်းတို့၏ ပြင်းထန်သော ရိုက်ခတ်သံနှင့်အတူ နာနာကြည်းကြည်း အော်လိုက်သော“အား”ဟူသော အသံက သူ့နူတ်မှ အလိုလိုထွက်သွားသည်။ ထို့နောက်သူသည် မဲမှောင်သော အမှောင်ထုတွင်းသို့ ၀င်ရောက်သွားသည်။
“ဦးသုမန” “ဦးသုမန”ဟူသော ခေါ်သံတို့က အဝေးမှတစ်ဆင့် တဖြေးဖြေးနီးလာသည်။ သူမျက်စေ့ကို အားယူဖွင့်လိုက်သောအခါ ဦးသီလာစာရနှင့် ဦးခေမိန္ဓကို သူ့ဘေးမှာ တွေ့လိုက်ရသည်။ ပူနေသော သူ့နဖူးကို လက်နှင့်စမ်းပြီး ကြည့်လိုက်တော့ ပူနွေးနွေး အရည်တချို့ကို ကိုင်မိသည်။ လက်ကို အောက်ယူကြည့်လိုက်တော့ နီးစွေးစွေးသွေးစများ။
သူ့ဘေးကို ဝေ့၀ိုက်ကြည့်လိုက်တော သုံးထပ်တိုက်အောက်က ကွန်ကရစ်အခင်းပေးမှာတော့ မဟုတ်။ သူ့ ကုတင်ဘေးမှ ကြမ်းပြင်ပေါ်မှာသာဖြစ်၏။ သြော်- အိပ်မက်ပါလားဟု သိလိုက်ရသော အခါတွင်မှ သူ့ရင်ထဲမှ အပူလုံးကြီးကျသွားသည်။ သူသည် ခုန်ချသည်ကတော့ ဟုတ်ပါ၏။ သို့သော် သုံးထပ်တိုက်ပေါ်မှမဟုတ်၊ သူ့ကုတင်ပေါ်မှသာ ဖြစ်သည်။
သူ့နဖူးကို ရိုက်မိသည်မှာလည်း ကွန်ကရစ်အခင်းနှင့်မဟုတ်၊ ကုတင်ဘေးနားတွင် ချထားသော သံသေတ္တာ အစွန်းနှင့်သာ ဖြစ်သည်။ ဦးသီလာစာရက အံ့သြသော မျက်နှာနှင့်မေးလာသည်။
“ဦးသုမန အိပ်မက်က တော်တော်ဆိုးတယ်ထင်တယ်။ ဘယ်လိုဟာတွေ မက်လို့လည်း”
“တော်တော်တော့ ဆိုးတယ်ဘုရား”
သီးသူမနဒါပဲ ဖြေနိုင်သည်။ ဒီထက်ပိုလည်း မပြောချင်။ အိပ်မက်သည်ပင်လျှင် ရှက်စရာကောင်းလှပြီ။ တကယ်များဖြစ်သွားမည်ဆိုလျှင် ဦးသုမနရှေ့ဆက်၍ပင် မတွေးရဲတော့။ အိပ်မက်ထဲက စိတ်ဆင်းရဲမှုသည် အပြင်ဘက်ထိ ဂယက်ရိုက်လျက်ရှိသည်။ သူတစ်ခုခုကို ဆုံးဖြတ်ရတော့မည်။ ရှေ့တိုးမည်လား၊ နောက်ဆုတ်မည်လား။
ဖြစ်ချင်ရာဖြစ် ရှေ့တိုးလုပ်မည်ဆိုလျှင် သူ့ဆရာနှင့် မိဘများ မျက်နှာပျက်ကြမည်။ သာသနာသိက္ခာကျမည်။ သူအင်မတန် မြတ်နိုးသော မဖြူကိုလည်း ပတ်ဝန်းကျင်က ကျောင်းကြီးဖျက်မဆိုပြီး ကဲ့ရဲ့ရူတ်ချကြမည်။ နောက်ဆုတ်လျှင်တော့ သူနဲ့မဖြူတို့ နှစ်ယောက်သား စိတ်ဆင်းရဲရမည်။
အပျိုနှင့်လူပျို ချစ်ခင်ပေါင်းသင်းကြခြင်းသည် လောကအလိုအာဖြင့် ဘာမျှအပြစ်မရှိသော်လည်း သာသနာအလိုအားဖြင့် စာရိတ္တဖောက်ဖျက်မှုကြီး တစ်ခုသာဖြစ်၏။ စူးစိုက်ပြီးတွေးတောနေရာ နဖူးမှဒဏ်ရာကိုပင် သတိမရ၊ ခဏကြာတော့ ဦးခေမိန္ဒက ဆားကို အမှုန့်ကြိတ်ပြီး ဒဏ်ရာမှာလာသိပ်ပေးရင်း-
“ဦးသုမန အရှင်ဘုရားစိတ်တွေ သိပ်လှုပ်ရှားနေတယ်ထင်တယ်၊ ဒီနေ့ ဆွမ်းခံမထွက်နဲ့တော့ နားလိုက်ပါ”ဟု ပြောလာသည်။ ဦးသုမန ခေါင်းငြိမ့်ပြရင်း အိပ်ရာပေါ် အသာလှဲလိုက်သည်။ ဘာကိုမှ တိတိကျကျ မဆုံးဖြတ်နိုင်ပဲ သို့လောသို့လော တွေးတောရင်းဖြင့် အချိန်တွေကုန်လာသည်။ ဦးသီလာစာရနှင့် ဦးခေမိန္ဒတို့ပင် ဆွမ်းခံထါက်သွားကြပြီိ။ နာရီကိုလှမ်းကြည့်လိုက်တော့ နံနက်(၉)နာရီခွဲ၊ ထိုအချိန်မှာပင် အောက်ထပ်မှာ ကိုယ်တော်တစ်ပါး တက်လာပြီး-
“ဦးသုမနရှိသလား၊ တောင်သာက စာလာတယ်”ဟု ပြောသဖြင့် “ရှိပါတယ်” ဟုပြောပြီး စာကိုလှမ်းယူလိုက်သည်။
စာအိတ်နောက်ကျောကို ကြည့်လိုက်သည်နှင့် အဖေ့လက်ရေးမှန်း သိလိုက်သည်။ စာကို ကမန်းကတန်း ဖောက်ဖတ်လိုက်သည်။
သို့
သားမောင်ပဉ္စင်း
ဒကာကြီးစာရေး လျှောက်ထားလိုက်ပါတယ်။ အကြောင်းထူးရှိလို့ ရေးလိုက်တာပါ။ တောင်ဘက်ရွာက ကျောင်းထိုင်ဘုန်းကြီး ဦိးသောမ အမျိုးသမီးတစ်ယောက်နဲ့ ထွက်ပြေးသွားပြီ။ တစ်ရွာလုံး စိတ်ဆင်းရဲကျန်ခဲ့ကြတာပေါ့။ အဆိုးဆုံးကတော့ ဦးသောမမယ်တော် ဒေါ်အိကြီးပါပဲ၊ သားဘုန်းကြီး ရှိစဉ်တုန်းကတော့ ရဟန်းမယ်တော်ကြီးဆိုပြီးအတော်မျက်နှာကြီး ခဲ့တာကလား။
အခုသားဘုန်းကြီးက အမျိုးသမီးနဲ့ ထွက်သွားတယ်လည်းဆိုရော တော်တော်ကို စိတ်ထိခိုက်သွားဟန်တူတယ်။ အိပ်ယာထဲ လဲတော့တာပဲ၊ ဘာရောဂါမှလည်း ရှာလို့မတွေ့ဘူး၊ လေးရက်ပဲခံတယ်။ အခုဆုံးသွားရှာပြီ။ ဒေါ်အိအဖြစ်ကိုကြည့်ပြီး မောင်ပဉ္စင်းမယ်တော်က သူလည်း ဒီအဖြစ်ဆိုးကြုံမလားဆိုပြီး တော်တော် စိုးရိမ်ပူပန်နေတယ်။
မောင်ပဉ္စင်းသာ မိန်းမတစ်ယောက်နဲ့ဖောက်လွဲဖောက်ပြန် ဖြစ်သွားခဲ့ရင် သူလည်း ဒေါ်အိလိုသေမှာပဲလို့ ဒကာကြီးကို ပြောတယ်။ အဲဒါေ မောင်ပဉ္စင်းကိုလည်း မိန်းမတွေနဲ့ အနေအထိုင်ဆင်ခြင်ဖို့ သတိပေးခိုင်းလိုီ့ ဒီစာကို ရေးလိုက်ရတာပဲ။ မောင်ပဉ္စင်းလည်း ဗုဒ္ဓစာပေတွေ အများကြီးသင်နေရတာပဲ၊ ဒကာကြီး အထူးသတိပေးစရာ လိုမယ်မထင်ပါ။
ပညာရှ သတိဖြစ်ခဲဖြစ်မှာစိုးလို့ တစ်ခုတော့ သတိပေး လျှောက်ထားပါရစေ၊ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မှုခါနီးတော့ မရှင်းမလင်းတာကို ငါဘုရား ပရိနိဗ္ဗာန်မ၀င်စံခင် မေးကြလို့ မိန်တော်မှုတဲ့အခါ အရှင်အာနန္ဒာက-
“မြတ်စွာဘုရား၊ အမျိုးသမီးနဲ့ပတ်သက်ပြီး ရဟန်းတော်များ ဘယ်လိုနေထိုင ကျင့်သုံးရမယ်ဆိုတာ သိချင်ပါတယ်ဘုရား”
လို့လျှောက်တော့ မြတ်စွာဘုရားက
“အာနန္ဒာ အမျိုးသမီးများနဲ့ မတွေ့အောင်နေပါ”လို့ မိန့်တော်မှုပါတယ်။ ငါ့စိတ်ငါနိုင်ပါတယ်လေဆိုပြီး အနီးကပ်ရှောင်ရင် မလွတ်ဘူး၊ အဝေးကရှောင်မယ်ဆိုတာကို သိစေချင်လို့ ဒီစကားကို မိန့်တော်မှုတာပေါ့ မောင်ပဉ္စင်း၊ မောင်ပဉ္စင်းလည်း ရှောင်မယ်ဆိုရင် အဝေးကရှောင်ပါ။
နောက်တစ်ခါ အာနန္ဒာက-
“မတွေ့မဖြစ်လို့ တွေ့ရရင် ဘယ်လိုကျင့်သုံးရမလဲ ဘုရားလို့“ ဆက်မေးတော့ ဗုဒ္ဓက
“အာနန္ဒာ အမျိုးသမီးများကို မတွေ့မဖြစ်လိုက တွေ့ရရင် စကားမပြောပါနဲ့”တဲ့။
တစ်ခါအာနန္ဒာက စကားမပြောမဖြစ်လို့ ပြောရရင်ကောဘုရားလို့ မေးလျှောက်တော့ ဗုဒ္ဓက“စကားကို အပြောမဖြစ်လို့ ပြောရရင် အမေအရွယ်ကို အမေလို၊ နှစ်မအရွယ်ကို နှစ်မလို၊ အစ်မအရွယ်ဆို အစ်မလို သဘောထားပြောပါတဲ့”
စိတ်အချရဆုံးကတော့ အမျိုးစမီးကို မတွေ့အောင်နေရင်တော့ အကောင်းဆုံးပေါ့ မောင်ပဉ္စင်းရယ်၊ အခုရွာက ကျောင်းထိုင်ဆရာတော်ကြီးဟာ သက်တော်တအားကြီးလာတော့ ကျန်းမာရေးမကောင်းတော့ဘူး၊ အိပ်ယာထဲလဲနေတဲ့အချိန်ကများတယ်၊ ဟောပြောဆုံးမှုလည်း မလုပ်နိုင်တော့ဘူး၊ ဒကာမကြီးတို့ မိသားစုအပါအ၀င် တစ်ရွာလုံးက မောင်ပဉ္စင်းကို မြန်မြန်ပြန်လာစေချင်ကြပြီ။
တခြားရွာက ကိုယ်တော်လေးတွေ ရွာကျောင်းဆရာတော်နဲ့ ရွာသူရွာသားတွေရဲ့ အထောက်အပံ့တွေကြောင့် မြို့တက်စာသင်ပြီး စာမေးပွဲတွေ အောင်ကြတယ်၊ မြို့လည်အနေကြာရော ဇီးသီးသည်မဗျိုင်း ဖြစ်ကုန်တာပဲ၊ မဗျိုင်းအမည်ရှိတဲ့ တောသူမဇီးသီးသည် တစ်ယောက်ဟာ ဘုရင်က တော်ကောက်သွားလို့ မြို့မှာ မိဖုရားကြီး ဖြစ်သွားတာပေါ့။
မိဖုရားလည်းဖြစ်သွားရော မာနတွေထောင်ပြီး ဘ၀မေ့သွားတယ်၊ တစ်နေ့ ဘုရင်ကလာဆက်သတဲ့ ဇီးသီးမျိုးကောင်းတွေစား မယ်လုပ်တော့ မိဖုရားဖြစ်နေတဲ့ မဗျိုင်းကမေးသတဲ့၊ မောင်တော် အဲဒါဘာသီးတွေလည်းတဲ့ အဲဒီမှာတင် ဘုရင်က ဘ၀မေ့တဲ့ မဗျိုင်းကို မိဖုရားအရာကချပြီး တောရွာပြန်ပို့လိုက်သတဲ့။
အခုလည်း မြို့ပေါ်ရောက်နေတဲ့ တောသားရဟန်းတော် အတော်များများဟာ ဘ၀မေ့ပြီး ကိုယ့်တောရွာ ကိုယ်ပြန်ပြီး သာသနာမပြုချင်ကြတော့ဘူး။ ရွာသူရွာသားတွေခမျာ ငယ်ဖြူ ကိုယ်တော်တွေ ပြန်မလာတော့ ဘာမှမတတ်၊ မသိတဲ့ တော်ထွက်ကြီးတွေပဲ ဆရာတော်လုပ် ကိုးကွယ်ရတော့တာပေါ့။
တောထွက်ဆိုတာ များသောအားဖြင့် သာသနာကြီးပွားလိုစိတ် မရှိကြဘူး၊ လာဘ်လာဘ တစ်ခုပဲ အရေးထားတယ်။ ဒီတော့ ကျောင်းသားမရှိဘူး၊ စာမှသင်မပေးပဲကိုး၊ ကျောင်းသားမရှိတော့ ကိုရင်မရှိဘူး၊ ကိုယ်ရင်မရှိတော့ ဘယ်မှာလာရှိတော့မှာလဲ ရဟန်း၊ ရဟန်းတွေ အလျင်မီအောင်မရှိရင် ဒီသာသနာ အနှေးနဲ့အမြန်ကွယ်ရတော့မှာပေါ့”
ဒကာကြီးလည်း မြို့မှာနေခဲ့ဖူးပါတယ်၊ မြို့ပေးလူတန်းစားဆိုတာ များသောအားဖြင့် သာသနာကို အသုံးချပစ္စည်းတစ်ခုလောက်သာ တန်ဖိုးထားကြတာပါ။ အလှူလုပ်ချိန်၊ အသုဘချချိန်လောက်တင် သာသနာကို သတိရိကြတာပါ။ ကိုယ့်သားသမီးကို ရဟန်း၊ သာမဏေဘ၀ရောက်ောအင် အားပေးသူဆိုတာ မရှိသလောက်ရှားပါတယ်။
တစ်ချို့ဆို၇င် ပါရမီရှိလို့ ကိုရင်ဘ၀မြဲနေတဲ့သားကိုတောင် ပညာရေးစကောစက ဖြစ်မယ်ဆိုတဲ့ စွဲချက်နဲ့ သင်္ကန်းကို အတင်းဆွဲချွတ်တဲ့ မိဘများကိုတောင် တွေ့ဖူးတယ်၊ ဒကာကြီးတို့ တောသားတွေကတော့ သားမွေးပြီဆိုတာနဲ့ ဘုန်းကြီးဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတော့တာပဲ။
အခု ၂၀၀၃ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးသံဃာတော်ပေါင်း လေးသိန်းခန့်ရှိတယ်။ ဒကာကြီးပြောရဲတယ်၊ အဲဒီလေးသိန်းထဲက သုံးသိန်းကိုးသောင်းကိုးထောင်လောက်ဟာ တောသားတွေချည်းပါ။ မြန်မာပြည်သာသနာကို အသက်ဆက်ပေးနေတာ တောသားတွေပါ။
မောင်ပဉ္စင်းကို ခုလိုမြို့တက်ပြီး စာတတ်ပေတတ် ဖြစ်အောင် ရွာက ကျောင်းထိုင်ဆရာတော်ဘုရားကြီး အနစ်နာခံခဲ့ရတာပါ။ သူလည်း မြို့မှာ အဆက်အသွယ်ရှိတာပဲ၊ မနေခဲ့ရှာပါဘူး၊ အခု မောင်ပဉ္စင်းတို့ အလှည့်ရောက်ပြီ၊ တာဝန်သိသူအတွက် တာဝန်ရှိပါတယ်။ ရဟန်းဆိုတာ ဘာသာရေးမှာ ခေါင်းဆောင်ပါ။
ကိုယ့်တစ်ဘ၀တာ သာယာရေးကိုကြည့်ပြီး ရပ်ရွာသာသနာရေးကိစ္စတွေမှာ ခေါင်းမရှောင်သင့်ပါဘူး။ အခုဆိုရင် မောင်ပဉ္စင်း စာချတန်စာတွေ ပြည့်ပြည့်စုံစုံလိုက်ပြီးနေပြီပဲ၊ ကိုယ့်ရွာကိုယ်ပြန်နေပြီး သာသနာပြုရင်း စာမေးပွဲဖြေလည်းရပါပြီ။
သားမောင်ပဉ္စင်း ဘုရားသားတော်ပီပီ ဘုရားရှင်ကဲ့သို့ လောကကို မိမိအတွက်အသုံးမချပဲ မိမိကိုသာ လောကအတွက်အသုံးချသော ပါရမီရဓှင် သူတော်ကောင်းကြီးဖြစ်ပါစေ။
ဒကာကြီး ဦးဖိုးစ
အုန်းပင်တော၇ွာ
တောင်သာမြို့နယ်၊ မန္တလေးတိုင်း။
ဖခင်ကြီး၏စာသည် ဦးသုမနရင်ကို နင့်ကနဲဖြစ်သွားစေသည်။ သြော်...ငါဟာ ဆရာတော်နဲ့ ရပ်ရွာရဲ့ ကျေးဇူးကို မသိရုံတင်မကဘူး၊ ကျေးဇူးကန်းဖို့ပါ အားထုတ်နေမိတာပါလား၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါဒီနေ့ပဲ တောင်သာကို ပြန်တော့မယ်၊ ဒကာကြီးပြောသလို ငါမဖြူကို ဝေးဝေးကရှောင်မှပဲဖြစ်မယ်ဟု ဆုံးဖြတ်ပြီး ပစ္စည်းပစ္စယများကို ခရီးဆောင်အိတ်ကြီးထဲ အမြန်ထည့်နေမိသည်။
ပြီးသည်နှင့် ကျောင်းထိုင်ဆရာတော်ကြီးအား ရွာကိုအပြီး ပြန်တော့မည့်အကြောင်း သွားရောက် လျှောက်ထားလိုက်သည်။ မဖြူကို ဘယ်လိုအသိပေး၇မည်နည်းဟူသော ပြဿနာက ခေါင်းထဲဝင်လာသည်။ ထိုအတွေးနှင့် အတူ မဖြူနှင့်တစ်သက်လုံး ခွဲရတော့မှာပါလားဟူသော အသိက ရင်ထမြှာ အလုံးကြီးတစ်လုံးဆို့သလို ဖြစ်လာသည်။ မနေတတ်မထိုင်တတ် ဖြစ်လာသဖြင့် လမ်းထလျှောက်သော်လည်း အလုံးဆို့နေခြင်းက ပြေမသွား၊ ငါဘယ်လို ဖြစ်တာပါလိမ့်ဟု တွေးသော်လည်း တွေးမရ။
ကုတင်ပေါ်ပြန်ထိုင်ပြီး မဖြူပေးထားသော မှတ်တမ်းစာအုပ်လေးကို ဖွင့်လိုက်သည်။ ဘယ်တုန်းက ရထားမှန်းမသိသော ကဗျာလေးတစ်ပုဒ်ကို ကောက်ကာငင်ကာ ရေးလိုက်သည်။ ကဗျာရေးဆဲမှာပင် သူ့မျက်လုံးမှ မျက်ရည်ပေါက်ကြီးနှစ်ပေါက်က စာအုပ်ပေါ်ကျသွားသည်။ ကဗျာရေးပြီးသွားတော့ အလယ်စာကြောင်း တစ်ကြောင်းပေါ်မှာ ကျလာသော မျက်ရည်နှစ်စက်ကြောင့် အကွက်နှစ်ကွက်ဖြစ်သွားသည်။
သူစာအုပ်ကို ခေါင်းအုံးဘေးချကာ ကုတင်ပေါ်လှဲချရင်း သင်္ကန်းကိုခေါင်းမြီးခြုံ၍ ကလေးတစ်ယောက်လို ရိုက်ကြီးတငင် ငိုနေမိသည်။ သူတသိမ့်သိမ့်ကြာအောင် မည်မျှငိုနေမိသည် မသိ၊ ခေါ်သံတစ်သံကြားမှ သင်္ကန်းကို ဖွင့်ကြည့်လိုက်ရာ ညှိးငယ်သောမျက်နှာများနှင့် ရပ်နေကြသော ဦးသီလာစာရနှင့် ဦးခေမိန္ဒတို့ကို တွေ့ရသည်။
သူ့ခေါင်းအုံး၊ သင်္ကန်းနှင့် မျက်နှာတို့တွင် မျက်ရည်တို့ဖြင့် စိုရွှဲနေသည်။ သူ့ရင်ထဲတွင် ဆို့နေသောအလုံးကြီးသည်လည်း ပြေသွားသည်ကို အံ့သြစရာကြုံရသည်။ မျက်ရည်သည် နှလုံးသားဝေဒနာကို ကုစားခြင်းတစ်မျိုးပါလားဟု သဘောပေါက်သွားသည်။
ဦးသီလာစာရက သူ့ကို နားလည်စွာကြည့်ရင်း
“ဦးသုမန ဆွမ်းစားရအောင် ၁၁ နာရီတောင်ခွဲ နေပြီ”
“တပည့်တော် ဆွမ်းစားလို့လည်းရမှာ မဟုတ်တော့ဘူး၊ ဒီနေ့မှီရာနဲ့ဘဲ ရွာကိုပြန်တော့မယ်၊ ဦးသီလာစာရစကားကိုလည်း တပည့်တော် နားထောင်တော့မှာပါ၊ ဒီမှတ်တမ်း စာအုပ်လေးကိုတော့ ဦးခေမိန္ဒက မဖြူကိုပေးလိုက်ပါ။ မဖြူမိဘတွေကိုတော့ အကျိုးအကြောင်းသိသွားအောင် ဒကာကြီးရေးလိုက်တဲ့စာကိုပဲ ပေးဖတ်လိုက်ပါ၊ အရှင်ဘုရားတို့လည်း ဖတ်ကြည့်လိုက်ပေါ့။ ကဲ...တပည့်တော်သွားပြီ။”
ခရီးဆောင်အိတ်ကြီးကိုဆွဲ၍ လှေကားမှ တစ်ထစ်ချင်း ဆင်းလာခဲ့သည်။ ကျောင်းအပြင်ရောက်သည်နှင့် ကားလမ်းမပေါ်ရောက်ပါပြီ။ ကက တက်စီကို လက်ပြတားပြီး တက်စီးလိုက်ပါသည်။
ကားပေါ်ရောက်သည်နှင့် ဒရိုင်ဘာက
“ဘယ်ကိုပို့ရမလဲ ဘုရား”
“စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ကိုသွားမယ်၊ ဒါပေမယ့် အေးရိပ်မွန်အိမ်ရာ ၅လမ်းဘက်ကနေ မောင်းပါ”
“အဲဒါဆိုရင် လမ်းမတည့်ဘူးဘုရား၊ ပြည်လမ်းအတိုင်းမောင်းမှပဲ လမ်းတည့်မယ်”
ဒရိုင်ဘာက အူတိအူကြောင်လှမ်းကြည့်ကာ သူပြေသည့် အေးရိပ်မွန်အိမ်ရာလမ်းအတိုင်း မောင်းပေးသည်။ ငါဘာဖြစ်လို့ မဖြူတို့အိမ်ရှေ့က ဖြတ်မောင်းခိုင်းပါလိမ့်၊ ဦးနှောက်၏ မတရား ညှင်းပန်းနှိပ်စက်မှုအောက်မှ နှလုံးသား၏ရှိသည့် အင်အားဖြင့် နောက်ဆုံး တော်လှန်မှုလေးတစ်ခုဖြစ်ကြောင်း သူသဘောပေါက်သွားသည်။
ရွာကို ချက်ခြင်းပြန်ရမယ်၊ ဤကား ဦးနှောက်၏အမိန့်ပေးမှု၊ မဖြူကို နောက်ဆုံးမြင်သွားချင်သေးတယ်၊ ဤကားနှလုံးသား၏ဆန္ဒ၊ မဖြူတိုကအိမ်ကို နည်းနည်းကျော်ပြီး ခပ်လှမ်းလှမ်းတွင် ကားကိုရပ်ခိုင်းလိုက်သည်။ သီလရှင်ဆယ်ပါးခန့် ဆွမ်းဆန်ရပ်နေသည်။ လာပါပြီ ဆွမ်းလောင်းချိန်တိုင်း ၀တ်လေ့ရှိသည့် ယောဂီထမီ၊ အဖြူရောင် လက်ရှည်အင်္ကျီလေးနှင့် မဖြူကို တွေ့လိုက်ရသည်။
သီလရှင်များကို ဆွမ်းဆန်နှင့် ၀တ္တုငွေတစ်ပါးခြင်းလှူနေသည်ကို ကြည်နူးဖွယ်မြင်နေရသည်။ ယောဂီရောင် တဘတ်ကလေးကိုလည်း ပုခုံးပေါ်တင်ထားသည်ကို တွေ့ရသည်။ နာမည်နှင့်လိုက်အောင် ဖြူဝင်းနုစိုနေသော မျက်နှာလေးကို နောက်ဆုံးကြည့်ခြင်း အနေဖြင့် သူမွတ်သိပ်စွာ ကြည့်နေမိသည်။ သူတို့နှစ်ဦးသည် စိတ်ကူးနှင့် ချစ်ခဲ့ကြပြီး ကိုယ်နှင့် ထိစပ်ငြိတပ်ခြင်းမရှိခဲ့ကြပေ။
ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး စိတ်ဆက်သွယ်မှုတွင် အခြားသော ချစ်သူများထက် မြန်ဆန်လွယ်ကူလေသလောမသိ၊ ယခုလည်း အတော်ခပ်လှမ်းလှမ်းမှကြည့်နေသော ဦးသုမန၏ စိတ်ကို မဖြူက အလိုလိုသိသွားသည်။ သီလရှင်တွေလောင်းပြီးသွားသည်နှင့် ဦးပဉ္စင်းကို သတိရလိုက်တာဟူသော အတွေးနှင့်အတူ ဦးသုမနစီးလာသောကားကို အိမ်ထဲမ၀င်သေးဘဲ လှမ်းကြည့်မိသည်။
ချစ်သူနှစ်ဦးနောက်ဆုံးအနေဖြင့် အကြည့်ချင်းဆုံကြခြင်းပင်၊ သို့သော် ဦးသုမနက မဖြူမှန်းသိသော်လည်း မဖြူက ဦးသုမနမှန်းမသိ ရဟန်းတစ်ပါးဟု သာမာန်လောက်သာ သိသည်။ ဦးသုမန မျက်တောင်မခတ်မိဘဲ စိုက်ကြည့်နေရင်းက မဖြူ၏ပုံစံက မပီသတော့ဘဲေ၀၀ါးလာသည်။ အိုဘယ်လိုဖြစ်တာပါလိမ့်ဟု တွေးပြီး မျက်တောင်ခတ်လိုက်သောအခါတွင်မှ မျက်ရည်ဥကြီးနှစ်လုံး သူ့ပါးပေါ်ပြုတ်ကျသွားသည်။
သြော်...ငါ့နှလုံးသားက ဒုတိယအကြိမ် ငိုနေပြန်ပါမကောဟု သိလိုက်ချိန်မှာပင် မဖြူတစ်ယောက် ဆန်ထည့်သော ဇလုံလေးကိုပင် အိမ်ထဲပြန်မထားနိုင်ဘဲ သူတို့ကားဆီလျှောက်လာသည်ကို တွေ့ရသည်။ သူကမန်းကတန်း မျက်ရည်သုတ်ပြီး ကားဆရာကို မြန်မြန်မောင်းထွက်ရန် ပြောလိုက်သည်။
ကားထဲက ဦးပဉ္စင်းပဲ ဖြစ်ရမယ်။ ငါတို့ အိမ်ထဲမ၀င်ဘဲ ဘာဖြစ်လို့ အဝေးကြီးမှာသွားရပ်နေတာလည်း မသိဘူးဟူသော အတွေးနှင့်အတူ မဖြူကားလေးဆီသို့ ခပ်သွက်သွက်လျှောက်သွားမိသည်။ သို့သော် သူကားနားရောက်ခါနီးမှာပင် ကားက ဂူကနဲမောင်းထွက်သွားသည်။
ကားမောင်းထွက်သွားသည်နှင့် မဖြူရင်ထဲ ဟာကနဲကျန်ခဲ့သည်။ ဘာဖြစ်လို့ ကားကို မောင်းထွက်သွားတာပါလိမ့်၊ ဦးပဉ္စင်း မဟုတ်လို့ဘဲလား၊ ဦးပဉ္စင်းမျက်နှာကို ဘယ်လောက်ဝေးဝေးက ကြည့်ကြည့် ငါမှတ်မိတယ်၊ ငါက မျက်စေ့နဲ့တင်မကဘူး၊ နှလုံးသားနဲ့ပါ ကြည့်လိုက်တာ မှားစရာမရှိဘူး၊ အို...အတွေးရခက်လိုက်တာ။
မဖြူဆက်မတွေးတက်တော့သဖြင့် ဆွမ်းဆန်ဇလုံကို ပိုက်ကာ လေးကန်သော ခြေလှမ်းများဖြင့် တိုက်ထဲသို့ ပြန်ခဲ့ရတော့သည်။

No comments: