Thursday, November 6, 2008

စိတ်မပျက်နဲ့

ဘာတွေဘယ်လိုပျက်မလဲ၊ ပျက်ပါစေ။ ကျန်းမာရေး ပျက်မလား၊ စီးပွားရေး ပျက်မလား။ ပျက်ခြင်တာတွေ ပျက်ပါ။ အရေးကြီးတာက စိတ်မပျက်ဖို့ပဲ။
စိတ်ပျက်ရင်တော့ မိတ်ဆွေတို့ဘ၀ ပျက်ပြီပဲဗျို့။ အခုလူတွေပြောကြတဲ့ “ဘ၀ပျက်တယ်၊ ဘ၀ ပျက်တယ်” ဆိုတာ ဘ၀တွေက ပျက်သွားသေးတာ မဟုတ်ဘူး။ မသေမချင်း ဘ၀က မပျက်ပါ ဘူး။ မသေသေးရင် ဘ၀ဆိုတာ ရှိနေသေးတာပဲ။ ပျက်သွားကြတာက စိတ်ပါ။ ကြိုးစားဖို့ စိတ်ပျက်သွားကြတာ။
စိတ်ကောင်းနဲ့ စာရိတ္တကောင်းဟာ လူရဲ့ အဓိကဥစ္စာပဲ။ အဲသည်နှစ်ချက်ရှိနေရင် ဘ၀ကို ပြန် တက်လို့ ရသေးတယ်။
စိတ်ရဲ့ စွမ်းရည်သတ္တိတွေ ယိုဖိတ်သွားတာကို ဘ၀ပျက်တာလို့ ထင်နေတယ်။ လောလော ဆယ်မှာ စိတ်ရဲ့စွမ်းရည်တွေ ကျပြီး ဘ၀ပြောင်းသွားတာပါ။ အဆင်မပြေမှုနဲ့ ငွေရှားပါးမှုဟာ ခဏရယ်လို့မတွက်ဘဲ ဘ၀ပျက်ပြီလို့ ထင်လိုက်ကြတော့ ပိုပြီးအားငယ်မှုတွေ ၀င်လာတာပေါ့။
ကျွန်မကတော့ ဘ၀ပျက်ပြီလို့ ပြောတဲ့လူတေါကို ဂရုစိုက်လေ့လာကြည့်တဲ့အခါ စိတ်ပျက်သွား ကြတာကို တွေ့ပါတယ်။ စိတ်ပျက်၊ စိတ်လေလွင့်ပြီး တဖြည်းဖြည်း တကယ်ကို အဖတ်ဆယ် မရအောင် ဘ၀ပျက်သွားသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ဖူးပါတယ်။
ဘယ်လောက်ပဲ အောက်တန်းကျနေနေလေ။ အဲသည် အောက်တန်းကျနေတဲ့ စီးပွားရေး အခြေအနေမှာလည်း စိတ်မပျက်ဖို့ တွေ့ဖူးပါတယ်။
အဓိမာန စိတ်ဓာတ်နဲ့ မဖြစ်မနေ ဇွဲသတ္တိ အစွမ်းကို အသက်တော်မငဲ့ဘဲ စွန့်စားလုပ်ဆောင် ရင်ပြန်ပြီး ဘ၀ချမ်းသာတွေ၊ အခြေအနေတွေ ပြန်ရနိုင်ပါတယ်။
မန်းကျည်းပင်ဟာ ခုတ်လေ အိုလေပါ။ ဆီးကတော့ ခုန်လေပျိုလေ။ ခုတ်လေ အပင်သန်လေ ပဲ။ တစ်ခါခုတ်ရုံနဲ့အိုတဲ့ မန်ကျည်းပင်လို စိတ်ပျက် အားမငယ်ဘဲ ဘ၀ခရီးကို အခက်အခဲတွေ့ တိုင်း ဆီးလိုပဲ ခုတ်တိုင်းခုတ်တိုင်း ပြန်ရုန်းထွက်နိုင်ဖို့ လိုပါတယ်။
စိတ်တိုတာ၊ စိတ်ပျက်တာ ပျက်စီးရာပါပဲ။ လောကဓံတရားဆိုတာ မရှိဘဲ မနေပါဘူး။ ရှိနေတာ ပါပဲ။ ဒါကြောင့် ဘာဖြစ်လို့ စိတ်ပျက်နေကြရမှာလဲ။
“ငါဘယ်တော့မှ စိတ်မပျက်ဘူး”လို့ ကြုံးဝါးပြီး ရှိသမျှ အားအင်သတ္တိတွေ ထုတ်စမ်းပါ။ ကျိုးနေ ကန်းနေသူတွေတောင် စိတ်မပျက်ဘဲရှိနေကြတာ မြင်ရတတ်ပါတယ်။
တိုက်ကနေ ပျဉ်ထောင်အိမ်နေရရင် စိတ်ပျက်ပြီ။ ပျဉ်ထောင်အိမ်ကနေ တဲဆင်းနေရရင် စိတ်ပျက်ပြီ။ ကိုယ်ပိုင်ကား မစီးနိုင်လို့ ဘတ်စ်ကားစီးရရင် စိတ်ပျက်ပြီိ။
အဲသည်လို စိတ်ပျက်ကြပြီး ကြံမိကြံရာကြံတော့ စာရိတ္တတွေ ပျက်ကုန်ရော။ စိတ်ပျက်တာဟာ စာရိတ္တပျက်ဖို့ အစပဲနော်။ သိပ်ဂရုစိုက်ရမယ်။
ယောက်ျားလေးတွေ စိတ်ပျက်တာထက် မိန်ကလေးတွေ စိတ်ပျက်ရင် ပိုဆိုးတယ်။
တွေးကြည့်ပါ စိတ်ပျက်စရာ မလိုဘူး။ မွေးတုန်းကလည်း ဘာပါလာလို့လဲ။ လက်ကိုင်ပ၀ါလေး တစ်ထည်တောင် ပါလာခဲ့လို့လား။ မပါခဲ့ပါဘူး။ ကျန်တဲ့ရွှေငွေတော့ မပြောနဲ့တော့။
သေတော့ကော ဘာယူသွားမျာလဲ။ ဘာမှ ယူမသွားနိုင်ပါဘူး။ သည်အတိုင်း သွားရမှာပဲ။
သည်တော့ စိတ်မပျက်ပါနဲ့။ စာရိတ္တမပျက်ပါနဲ့။ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန် ပျက်မှာပါပဲ။ ကိုယ်ကဘာလုပ်ဖို့လဲ။ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေပေါ့။ လောကတစ်ခုလုံးရဲ့ အလုံးစုံသော ဓမ္မသဘောမှာ စိတ်ကသာ အစိုးရတာဖြစ်တယ်။
စိတ်ပျက်ရင် အားလုံးပျက်မှာပဲ။
စိတ်ပျက်ရင် ဘ၀တွေပျက်မှာ။ ပျက်သထက် ပျက်ကုန်မျာကို ပူစမ်းပါ။ ဒါကြောင့် စိတ်ပျက်ဖို့ ကို ဘယ်တော့မှ မစဉ်းစားပါနဲ့မိတ်ဆွေတို့။
ကိုယ်ပျက်လို့ မရူးဘူး။ ခြေလက်တွေပျက်လို့ မရူးဘူး။ စိတ်ပျက်ရင် ရူးတတ်တယ်နော်။ ဒါကြောင့် စိတ်မပျက်ဘဲ အမြဲစိတ်တက်ကြွစွာ ကြိုးစားနေကြရမယ်နော်။

No comments: