ကိုယ့်ဘ၀ကလေး ချမ်းသာချင်ရင် အေးအေးလူလူနေချင်ရင် လူကြည့်ပေါင်းရမယ်။ လူပေါင်း ဖို့ ကိစ္စမှာလည်း အလွန်သတိထားရမယ်။
ဟောသည်လို လူမျိုး(၁၁)ဦးကို မပေါင်းမိဖို့ အရေးကြီးပါတယ်။ မပေါင်းရမယ့် လူတွေက တော့....
• အမျက်ဒေါသကြီးတဲ့သူ
• အလိုကြီးလွန်းတဲ့သူ
• မာန်ယစ်လွန်းသူ
• သိပ်ထောင်လွှားတဲ့သူ
• ငြူစူစောင်းမြောင်းသူ
• ကုသိုလ်ကောင်းမှုမှာ မေ့နေသူ
• ဆေးလိပ်၊ သေအရက်သောက်ကြူးသူ
• ကျေးဇူးကန်းပြီး အအိပ်ကြူးသူ
• ကျေးဇူးကိုချေတတ် ကန်းတတ်တဲ့သူ
• ပြီးတော့ ၀န်တိုမစ္ဆယ ရှိသူပါပဲ။
လူဟာ တစ်ဦးတစ်ယောက်တည်း နေလို့ရတာ မဟုတ်ဘူး။ အဖွဲ့အစည်း အပေါင်းအသင်းနဲ့ နေရတာလေ။ သည်တော့ တစ်ယောက်တည်းလည်း နေလို့ရတာ မဟုတ်တော့ ပေါင်းကို ပေါင်းသင်း ဆက်ဆံရမှာပါပဲ။ သည်တော့ သတိထားပြီး ပေါင်းကိုပေါင်းရမှာ။
စာအုပ်တစ်အုပ်ကနေ ဖတ်မှတ်ထားတာ တစ်ခုရှိတယ်။ လူ့ရဲ့တက်လမ်ဟာ လောကကြီးနဲ့ အမြဲတိုက်နေရတဲ့ လမ်းဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ဟာ အဘယ်မျှပင် အခွင့်တရားရှိ စေသော်လည်း ထိုအခွင့်တရားကို တစ်ဦးတည်း ရှိနေတဲ့အခါ မပြုနိုင်ပါဘူး။ အစည်းအရုံးနဲ့ သာလိုချင်တဲ့ အခွင့်အရေးဖြစ်အောင် ပြုလုပ်အားထုတ်ရမယ်တဲ့။
လောကမှာ ခက်နေတာက ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူတွေ ရောနှောနေကြတာပါပဲ။
မကောင်းတဲ့လူနဲ့ အဖော်ပြုနေရတာထက် တစ်ဦးတည်းနေတာ ပိုကောင်းပါတယ်။
ဒါပေမယ့် တစ်ဦးတည်းနေရတာထက် ကောင်းတဲ့လူများနဲ့ အတူနေရရင် ပိုကောင်းပြန်ပါရော။
ဘယ်လိုလူမျိုးကို ရှာပေါင်းရမလဲ။ ဟောသည်အောက်ပါ အချက်ခုနှစ်ချက်နဲ့ ညီတဲ့လူကို ရှာပြီးပေါင်းစမ်းပါ။
• ထက်မြက်တဲ့ဥာဏ်ရှိသူ
• ခိုင်မြဲသောဆန္ဒနဲ့ အာရုံစူးစိုက်မှုရှိသူ
• တိကျသော ရည်မှန်းချက်နဲ့ ယုံကြည်မှုမှန်သူ
• မေတ္တာတရား ရှိသောသူ
• ကျယ့်ပြန့်တဲ့ ဗဟုသုတရှိပြီး ရိုးသားသူ
• ကိုယ့်အရည်အသွေးကို အမြဲဂရုစိုက်နေသူ
• ဘာသာတစ်ခုခုကို သက်ဝင်ယုံကြည်ကိုင်းရိုင်းသူ
အဲသည်လို လူမျိုးကိုတေါ့ရင် ကိုယ်က လိုက်လံပေါင်းရမှာပဲ။ သူနဲ့မတွေ့နိုင်ရင်တော့ မတွေ့တွေ့ရအောင် လိုက်တွေ့နေရမယ်။ သူတို့နဲ့ပေါင်းမိပြီဆိုရင် ကိုယ်လည်းတိုးတက် လာမှာပါပဲ။
ကမ္ဘာပေါ်မှာ လူမှတစ်ပါး အကြီးမားဆုံး အရာမရှိပါဘူး။ ဒါကြောင့် လူတွေကို ဂရုတစိုက် လိုက်ရှာပေါင်းကြရမယ်။
လူမှာ ကြောက်ရမယ့် အရာတစ်ခုရှိတယ်။ အဲဒါကတော့ လုပေါင်း မမှားမိဖို့ပဲ။ လူပေါင်းမှား ရင်တော့ ကောင်းစားဖို့ ဝေးရောတဲ့။
“တစ်ကယ် လူဖြစ်ချင်ရင် တကယ့်လူတွေကို ရှာပြီးပေါင်း” လို့ စာရေးသူတို့ အကြိမ်ကြိမ် ဆုံးမခဲ့ဖူးပါတယ်။ အရင်ကတော့နားမလည်ခဲ့ဘူး။ ပေါင်းချင်ရာ နီးစပ်ရာ တွေ့မြင်ရာရာ လျှောက်ပေါင်းတာပဲ။ သည်တော့ အပေါင်းအသင်းကြောင့် ဒုက္ခတွေလည်း အကြိမ်ကြိမ် ဖြစ်ခဲ့တာပေါ့။
ဒုက္ခဖြစ်တော့မှ တစ်ဦးတည်းမှိုင်နေခဲ့ရပြီး ငါလူပေါင်းမှားပါပကောလို့ တွေးခဲ့ရဖူးတယ်။
• အချို့က လူတော်တွေ၊
• အချို့က လူကောင်းတွေ၊
• အချို့က တော်တယ် မကောင်းဘူး။
• အချို့က ကောင်းတယ်၊ မတော်ဘူး။
• အချို့လူကောင်ကြီးတွေဟာ ပညာအရည်အချင်းနည်းပါးလို့ လူရိုးလူကောင်း ဖြစ်ကြပေ မယ့် လူတော်ဖြစ်မလာကြဘူး။
• အချို့တော့ လူတော်လူကောင်းပါပဲ။ လူပေါင်းမှားတော့ လူဆိုးစားရင်း ၀င်ကုန်ကြရပါ ရော။
ဒါကြောင့် လူတော်လူကောင်း ဖြစ်မလာရင်တောင် လူကောင်းသူမြတ် ဖြစ်အောင် တော့ ကြိုးစားပြီး ပေါင်းသင်းနေထိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မှားဖူးမှ မှန်တတ်တယ်။ နှေးဖူးမှ လျင်တတ်တယ်။ ညှိုးဖူးမှ ရွှင်တတ်တယ်။ မကောင်းတဲ့လူနဲ့ ပေါင်းဖူးမှလည်း မကောင်းမှန်း သိတတ်ကြတယ်။
“ဒီလူက အပေါင်းအသင်း သိပ်ကောင်းတယ်” ပြောခံရတဲ့လူတွေကို ဂရုပြုပြီးကြည့်ရင် အဲသည်လူဟာ ပေါင်းသင်းတဲ့နေရာမှာ သူ့နေရာနဲ့သူ၊ သူ့ခွင်နဲ့သူပေါင်းတတ်တဲ့ လူဖြစ် နေတာကို တွေ့ရတတ်တယ်။
အင်္ဂလိပ်စကားပုံရှိတယ်။ အ၀တ်ကောင်း အစားကောင်း ၀တ်ထားတာထက် ဘေးနား မှာ အပေါင်းအသင်းကောင်းတာပိုပြီး ကောင်းပါတယ်တဲ့။
မကောင်းတဲ့လူနဲ့ ပေါင်းတာကတော့ ဘေးဥပဒ်အန္တရာယ်ကို မိတ်ဖွဲ့တာနဲ့ တူပါသတဲ့။
လူငယ်ဖြစ်ပေမယ့် လူကြီးတွေနဲ့လည်း ဂရုတစိုက် ပေါင်းတတ်ရမယ်။ ဒါမှာ အဘိုးကြီး အဘွာကြီးတွေဆီက အကြံကောင်းတွေကို ရနိုင်ကြမှာပါ။
အစွမ်းအစ ပညာဥာဏ်ရှိတဲ့လူရဲ့နောက်မှာ အခြားအစွမ်းအစ ပညာဥာဏ်ရှိသူတွေ အများကြီးရှိပါတယ်။
အဲသည်တော့ အစွမ်းအစ ပညာဥာဏ်ရှိသူ တစ်ယောက်ကို အရင်ဆုံးရှာပြီး ပေါင်းကြပေါ့။
ဘ၀နဲ့ အပေါင်းအသင်းကောင်းနဲ့ တွဲမိရင် ဒုက္ခလိုက်ပြီး လက်တွဲလို့ မရပါဘူး။
ရွှေကျင်ဆရာတော်ဘုရားကြီးက ပြောဖူးတယ်။ သူတော်ကောင်းနဲပ ပေါင်းမှသာ ပစ္စုပ္ပန် သံသရာမြတ်သတဲ့။
သည်တော့ သူတော်ကောင်းဆိုတာ မတွေ့သေးရင်တောင် တွေ့အောင်လိုက်ရှာပြီး ပေါင်းကြရတာ။
ပုထုဇဉ် လူသားတွေဟာ အမှားမကင်းကြပါဘူး။ သည်တော့ သေးသေးဖွဲဖွဲမှားဖူးတဲ့ လူကိုတော့ ခွင့်လွှတ်ပြီး ပေါင်းပါ။ အမှားကို အမှားမှန်းသိလို့ ပယ်လိုက်တဲ့လူကိုတော့ ပေါင်းပါ။
တောရပ်ကိုမှီကြတဲ့ သူတော်စင်ပုဂ္ဂိုလ်တို့ကလွဲလို့လူဟာ အဖော်အပေါင်း အသိုက်အ ၀န်းနဲ့နေမှ ပျော်စရာကောင်းမယ်၊ လုံခြုံမယ်။ အဲသည်တော့ အပေါင်းအသင်း အဖွဲ့အစည်းနဲ့ နေချင်ရင် အဲသည်အဖွဲ့အစည်း အသိုက်အ၀န်း မပျက်စီးအောင် ဆောင်ရွက်ကြရမှာပဲ။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း ကောင်းစားရေးအတွက်လည်း ကူညီဆောင်ရွက်ကြရမှာပဲ။ အများအကျိုးစာ တစ်နည်းအားဖြင့် ကိုယ့်အကျိုးပါ။ ဘ၀ဆိုတာဟာလည်း တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ထောက်ပံ့မှုပါ။
အရင်းရှိမှ အမြတ်အစွန်းမြင်မယ်။
အသွင်အပြင်ရှိမှ လူရိုသေမယ်။
အပေါင်းအသင်းရှိမှသာ အမှုကိစ္စအားလုံး ညီညွတ်မယ်၊ မေတ္တာတရားမှာ စုန်ရေဆန် ရေ သဘောမျိုး ရှိပါတယ်။ ကိုယ်က မေတ္တာထားပေါင်းရင် သူကလည်း မေတ္တာထား ပေါင်းမှာပဲ။ ကိုယ်က ကူညီရင် သူကလည်း ပြန်ပြီးကူညီမှာပဲ။
အများလက်ကို လှမ်းစေချင်ရင် ကိုယ့်လက်က အလျင်ကမ်းပေါင်းပေါ့ မိတ်ဆွေ၊ သူငယ်ချင်းတို့ အရမ်းအရေးကြီးလှတဲ့ မိမိတို့ဘ၀ကို ကောင်းမွန်ပြီးပြည့်စုံ လိုရာပန်း တိုင်ကို အခက်အခဲမရှိအောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့က မပေါင်းလည်းခက် ၊ ပေါင်းလည်းခက်တဲ့ လူပေါင်းမမှားအောင် လူကြည့်ပေါင်းတတ်ဖို့လိုတယ်နော်လို့ သတိပေးလိုက်ပါရစေ။
Wednesday, November 12, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment