ဦးသုမနရောက်လာတော့ အုန်းပင်တောတစ်ရွာလုံး ၀မ်းသာကြသည်။ ကျောင်းထိုင်ဆရာတော်ကြီးကလည်း စိတ်ချရအောင်ကျောင်းကို ဦးသုမနအား တစ်ခါတည်း လွှဲအပ်လိုက်သည်။ ကျောင်းသာယာရေးကိစ္စ၊ ကျောင်းသားများ ပညာရေးကိစ္စ၊ သာရေး နာရေး ကိစ္စများဖြင့် တရစပ် အလုပ်များနေရာ ရန်ကုန်မှလာသော နှလုံးသားဒဏ်ရာက သက်သာစပြုသလိုရှိလာသည်။
ထိုအချိန်မှာပင် သက်သာစပြုနေသော ဒဏ်ရာကို ဓားနှင့် ဆွသလိုဖြစ်စေသည့် အကြောင်းတစ်ခု ပေါ်ပေါက်၍ လာသည်။ ပေါ့စေလိုလို ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေးဟူသော စကားပုံအတိုင်းဖြစ်စေမည့် စာတစ်စောင်က ဦးသုမနဆီကို ရောက်လို့လာသည်။ ဦးခေမိန္ဒဆီမှ ရေးလိုက်ခြင်းဖြစ်သည်။ စာပေးသူပြန်သွားသည်နှင့် ဦးသုမနက စာအိတ်ကို ချက်ခြင်းဖောက်ပြီးဖတ်လိုက်သည်။
သို့
ဦးသုမန
သတိတရစာသ၀ဏ်လွှာပါးလိုက်ပါတယ်။ အကြောင်းထူးရှိလို့ ရေးလိုက်ရတာပါ။ ဒီအကြောင်းကို ဦးသုမနဆီ ရေးသင့်၊ မရေးသင့် တပည့်တော်နဲ့ ဦးသီလာစာရတို့ အထပ်ထပ်အခါခါ ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံး အသိပေးသင့်တယ်လို့ယူဆလို့ ဒီစာကို တပည့်တော်ရေးလိုက်တာပါ။
ဦးသက်ထွန်းတို့ ဒေါ်ခင်ဝင်းတို့ကလည်း ဒီအကြောင်းကို အရှင်ဘုရားဆီ အကြောင်းကြားပေးဖို့ လျှောက်ထားလာတယ်။ အရှင်ဘုရားရဲ့ ရဟန်းအမလို့လည်းခေါ်နိုင်၊ ဆွမ်းအမလို့လည်းခေါ်နိုင်တဲ့ မဖြူတစ်ယောက ဆေးသောက်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားရှာတယ်။
“ဟင်”
“ဖြစ်မှဖြစ်ရလေ မဖြူရယ်”
ဟုပြီးတွားရင်း စာရွက်ကလေးသည် ဦးသုမနလက်ထဲမှ လွတ်ကျသွားသည်။
“ငါမှားတယ်၊ ငါမှားတယ်၊ ဘာအကျိုးအကြောင်းမှမပြောပြဘဲ သူရဲဘောကြောင်ပြီး လက်လွတ်ပြေးခဲ့တဲ့ ငါ့ရဲ့အမှားပဲ”
“တခြား ဘာအကြောင်းမှ မရှိပါဘူး မဖြူရယ်၊ မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ”
“မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူ”
“မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူ”
ဦးသုမနသည် ထိုစကားဝါကျကိုသာ အထပ်ထပ်အခါခါ ပြောနေသည်။ စာတက်ချိန်ကျ၍ ကိုင်ရင်ကျောင်းသားများ သူ့ကုလားထိုင်ဘေးမှ ၀ိုင်း၍ ထိုင်နေကြသော်လည်း သူကား သတိထားမိဟန်မရှိ။ အထက်ပါ စကားဝါကျကိုသာ ခပ်ကျယ်ကျယ်ကြီး ဆက်ကာဆက်ကာ ပြောနေသည်။
သေချာစိုက်ကြည့်လျှင် သူ၏ မျက်စိသူငယ်အိမ်သည် ၀ဲလှည့်သလိုလည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဦးသုမနက စာမချဘဲ သူတို့ကို စိုက်ကြည့်ပြီး ပြောချင်ရာ ပြောနေသောအခါ ကိုရင်ကျောင်းသားများ ထပြေးကြပြီး လူကြီးများကို သွားခေါ်ကြသည်။
ရပ်ရွာလူကြီးများသည် တခြားအိမ်က လူနာကိုလာကြည့်သော ဆရာဝန်ကိုပင် အကျိုးအကြောင်းပြောပြပြီး မေတ္တာရပ်ခံကာ ခေါ်လာကြသည်။ လူကြီးများခေါ်ဆောင်မှုဖြင့် ဦးသုမနသည် သူ့အခန်းက ကုတင်ပေါ်ရောက်ပြီး ပက်လက်ကလေးဖြစ်နေသည်။ သို့သော် ဦးသုမနကား အထက်ပါစကားဝါကျကို အဆက်မပြတ် ပြောနေဆဲသာဖြစ်၏။
ဆရာဝန်က မျက်ခွံတွေကိုပါ လှန်ကြည့်လိုက်ပြီး
“စိတ်တော်တော် ထိခိုက်သွားတယ်၊ လအတော်ကြာအောင် စိတ်ငြိမ်ဆေးတိုက်ပေးရမယ်”
ဟူသော စကားသည် အုန်းပင်တောရွာသားများ ရင်ကို ခြေနှင့် ကန်လိုက်သလို ဖြစ်သွားသည်။ ဦးသုမနကား တခြားဘာအသိမှမရှိတော့”
“မောင် ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူရယ်”
ဟူ၍သာ အထပ်ထပ်အခါခါ ပြောနေလျှက်...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment