Sunday, November 2, 2008

အခန်း (၆)

ကိုယ်တော်တစ်ပါး ဆွမ်းသပိတ်ကပ်ရင်းဖြင့် မဖြူတိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ ကိုးနာရီထိုးပြီ ဒီအချိန်ဆိုရင် ဦးပဉ္စင်းကြွလာနေကျပဲ၊ စိတ်စောနေသဖြင့် အိမ်ရှေ့ထွက်၍ လမ်းမဆီသို့ လှမ်းကြည့်မိသည်။ ကိုယ်တော်တစ်ပါးတော့ ကြွလာတယ်၊ ဒါပေမယ့် ဦးမဉ္စင်းမဟုတ်ဘူး၊ မျက်နှာကရင့်တယ်၊ ဦးပဉ္စင်းမျက်နှာက ကလေးလေးလိုနုနေတာပဲ စသည်ဖြင့်တွေးရင်း ဆက်ကြည်နေမိပြန်သည်။
ထိုအချိန်တွင် တခြားလမ်းမှ ကိုရင်တစ်ပါးကြွလာပြန်သဖြင့် ပြေးပြီးဦးချသည်။ ပြီးတော့ ဆွမ်းနှင့် ဆွမ်းဟင်းလောင်း၊ နောက်သပိတ်ကပ်၊ ဦးချပြီး တစ်ဖန်အိမ်ရှေ့သို့ထွက်ကာ ဦးသုမနကို မျှော်မိပြန်သည်။
“ဘုရား၊ တရား၊ သံဃာနဲ့ အသက်သိက္ခာဂုဏ်ဝါကြီးတဲ့ သူတွေကို ရှိခိုးဖို့၊ အရိုအသေပေးဖို့ ၀န်မလေးရဘူးနော် သိလားမဖြူ၊ ဘာဖြစ်လို့လည်းဆိုတော့ ရှိခိုးတဲ့သူ၊ အရိုအသေပြုတဲ့သူဟာ ဖြစ်ရာဘ၀ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်းဆိုတဲ့ ကောင်းကျိုးလေးမျိုးကို ရရှိခံစားရတယ်”
“အရှိခိုးခ့ရသူ၊ အရိုအသေအပြုခံရသူမှာတော့ ဘာကောင်းကျိုးမှ မရပါဘူး၊ ရှိခိုးခံထိုက်တဲ့၊ အရိုအသေပြုခံထိုက်တဲ့ သီလ၊ သမာဓိ၊ ပညာမရှိရင် တစ်ချို့ အပါယ်ငရဲတောင် သွားရသေးတယ်”
တန်ဖိုးဖြတ်လို့မရသည့် အတွေးအခေါ်ပါသော ဦးသုမန၏ သြ၀ါဒစကားလေးများကိုလည်း နားထဲတွင် တစ်ရစ်ဝဲ၀ဲ ကြားနေသည်။ မဖြူရပ်စောင့်နေသည်မှာ နာရီဝက်ခန့်ပင်ရှိနေပြီ။ ခြေထောက်များပင် ညောင်းကိုက်လို့လာသည်။ ထိုအချိန်မှာပင် လမ်းထိပ်ဘက်ဆီသို့ သူရင်းနှီးပြီးသား မျက်နှာတစ်ခုကို လှမ်းမြင်လိုက်သည်။ ဒါဦးခေမိန္ဒဖြစ်ရမယ်၊ သီးခေမိန္ဒတောင်ကြွလာရင် ဦးပဉ္စင်း မကြွတော့ဖူးနေမှာဟူ၍ စိတ်ကို လျှော့ချလိုက်သည်။
အိမ်ထဲကိုတော့ ပြန်မ၀င်ဖြစ်သေး၊ ဦးပဉ္စင်းဘာဖြစ်လို့ မကြွတာလည်းဆိုတာ သေချာမေးရဦးမယ်၊ အတန်ကြာတော့ ဦးခေမိန္ဒ မဖြူတို့အိမ်ရှေ့ ရောက်လာသည်။ မဖြူကမန်းကတန်းမေးမိသည်။
“ဦးခေမိန္ဒ ဦးပဉ္စင်းဘာဖြစ်လို့ မကြွတာလဲ”
ဦးခေမိန္ဒက မဖြူကို ငေးမှိုင်သောမျက်နှာဖြင့် ကြည့်ရင်း
“မဖြူ ဦးသုမန သူ့ရွာကိုပြန်သွားပြီ”
“ဟင်”
ဟူသော အလန့်တကြား အာမေဍိတ်အသံလေးက မဖြူနှုတ်မှ ခုန်ပေါက်ထွက်သွားသည်။
“ဘာ...ဘာဖြစ်လို့ ပြန်သွားတာလဲ ဘုရား”
“သူ့ရွာက ကျောင်းထိုင်ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ အရေးတကြီးပြန်ရတာပဲ၊ သူ့အဖေဆီက ထည့်လိုက်တဲ့စာကိုလည်း မဖြူမိဘတွေဆီ ပေးခိုင်းလိုက်တယ်။ ပြီးမှ မဖြူလည်း ဖတ်ကြည့်ပေါ့။ ရော့...ဒါက မဖြူရဲ့ မှတ်တမ်းစာအုပ် ဦးသုမနက မဖြူကို သေချာပေးပါလို့ မှာခဲ့တယ်”
မဖြူစာအုပ်လေးကို လက်ကမ်းယူလိုက်ရင်း မျက်ရည်မကျလာအောင် မနည်းထိန်းထားရသည်။ အိမ်ထဲ အမြန်ပြန်ဝင်ရင်-
“မေမေ ဒီမှာ သီးခေမိန္ဒက ပေးစရာရှိလို့တဲ့“
ဟု ဒေါ်ခင်ဝင်းကို အော်ပြောကာ သူ့အခန်းထဲ ပြေးဝင်လိုက်သည်။ တံခါးကို ၈ျက်ထိုးပိတ်ပြီးလျှင် စာအုပ်လေးကို ခပ်မြန်မြန် လှန်လိုက်သည်။ တခြားစာသားဘာကိုမှ မတွေ့ရ။ တစ်ကြောင်းနှင့် တစ်ကြောင်း ခပ်ခွာခွာရေးထားသော ကဗျာလေးတစ်ပုဒ်ကိုသာ တွေ့ရသည်။ ဝေ့တက်လာသော မျက်ရည်များကို မျက်တောင်ဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး ကဗျာကို သေချာ ဖတ်ကြည့်လိုက်သည်။
ပျိုမြစ်နုနယ်
လှမျိုးသွယ်ကို
ချစ်လျက်သာ
ခွဲရပါသည်
ကမ္မ၀ါထမ်း
ရွှေစာကျမ်းနှင့်
မောင့်မှာရဟန်း ဖြစ်သောကြောင့်။
မဖြူသိလိုက်ပါပြီ။ စိတ်နဲ့သာ ချစ်ခဲ့ကြ။ စိတ်နဲ့သာ စကားပြောခဲ့ကြသော သန့်ရှင်းဖြူစင်သည့် က္ကုနြေ္ဒရှင် ချစ်သူတွေရယ်ပါ။ အများကြီးပြောစရာ၊ ရေးစရာမလို စာပိုဒ်လေး ခုနှစ်ပိုဒ် ဖတ်ရသည်နှင့် သူတို့နှစ်ဦး ဒီဘ၀မှာဖြင့် ဘယ်တော့မှ မတွေ့ကြရတော့ဆိုသည်ကို အလိုလိုသိနေသည်။ စာအုပ်ကို မပိတ်လိုက်မိခင်မှာပင် မျက်ရည်နှစ်စက် ကဗျာစာကြောင်းများပေါ် ကျသွားပြီး အကွက်လေးနှစ်ကွက် ဖြစ်သွားသည်။
ချစ်သူနှစ်ဦး မဆုံဆည်းနိုင် နိုင်သော်ငြားလည်း မျက်ရည်စက်လေး စွန်းထင်းထားသော ကဗျာတစ်ပုဒ်ပေါ်တွင် မျက်ရည်စက်လေးခြင်း ဆုံဆည်းကျလေရာ ကဗျာတစ်ပုဒ်သာပါသည့် စာအုပ်လေးကို ပိတ်လိုက်ပြီး သည်နှင့် မဖြူတစ်ယောက် ခေါင်းအုံးပေါ်မျက်နှာအပ်ကာ အသံမထွက်အောင်ထိန်းပြီး တသိမ့်သိမ့်ငိုနေသည်။ တစ်သက်တာ ဝေးရပြီဟူသော အသိက နှလုံးသားကို ကြွေမွအောင် အဖျစ်ညှစ်ခံရသလို နာကျင်လှသည်။
အတော်လေးကြာတော့ ဒေါ်ခင်ဝင်းက မဖြူအခန်းတံခါးကို လာခေါက်ပြီး
“သမီးမဖြူ ထမင်းစားရအောင်လေ သမီးအခန်းထဲ အောင်းနေတာကြာလှပြီိ”
“မေမေသမီး နေမကောင်းလို့ ထမင်းမစားချင်ဘူး”
ဟူ၍သာ အသံကိုထိန်း၍ ပြန်ဖြေလိုက်သည်။ ထိုအခါဒေါ်ခင်ဝင်းက-
“အဲဒါဆို မေမေကြည့်ဦးမယ်လေ၊ သမီးတော်တော် ဖျားနေသလား”
“တအားမဖျားပါဘူး မေမေ၊ ခေါင်းအုံတာလောက်ပါ”
ထိုအခါကျမှ ဒေါ်ခင်ဝင်း ပြန်လှည့်ထွက်သွားသော အသံကို ကြားရသည်။ မဖြူဘယ်သူ့ကိုမှ မတွေ့ချင် တစ်ယောက်ထဲပနေချင်နေသည်။ ညစာစားချိန်ထိ သမီးဖြစ်သူထွက်မလာသော အခါတွင်ကား ဒေါ်ခင်ဝင်း စိတ်တအားပူသွားသည်။ သမီးအခန်းကို သွားပုန်ရပြန်သည်။
“သမီး မဖြူ ညနေစာစားကြမယ်လေ”
အခန်းထဲမှ ဘာသံမှထွက်မလာ၊ ဒေါ်ခင်းဝင်းက အသံကို မြှင့်လိုက်ကာ
“သမီးမဖြူ၊ အမေခေါ်နေတယ်လေ ကြားရဲ့လား”
အခန်းထဲမှကား တိတ်ဆိတ်နေမြဲ ဒေါ်ခင်ဝင်း စိုးရိမ်စိတ်ကြောင့် တုန်လှုပ်ခြောက်ခြား လာသည်။ တံခါးကို တအားထုပြီး ခေါ်ပြန်သည်။ အထဲမှ ဘာသံမှ ထွက်မလာသောအခါတွင်ကား ဦးသက်ထွန်းထိုင်နေသော ဧည့်ခန်းဆီသို့ အပြေးသွားသည်။ နူတ်မှလည်း-
“ကိုသက်ထွန်းလုပ်ပါဦး သမီးလေးကို ခေါ်လို့မရတော့ဘူး။ သူ့ အိပ်ခန်းတံခါးကြီးလည်း ပိတ်ထားတယ်”
“ဟေ...အိပ်များပျော်နေပါဦးမယ်ကွာ”
“ဘယ်ကအိပ်ပျော်ရမှာတုန်း၊ ကျွန်မတံခါးကို တအားပုတ်နှိုးတာ”
“ကဲ...အဲဒါဆိုမြန်မြန်လာ တံခါးကို သံတံရွင်းနဲ့ ကလန့်ပြီး ဖွင့်ရမှာပဲ”
ဒေါ်ခင်ဝင်းအော်သံကြောင့် တစ်အိမ်လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မဖြူအိပ်ခန်းဆီ စုပြုံရောက်သွားသည်။ ဦးသက်ထွန်းက ယောက်ျားအားဖြင့် အခန်းတံခါးကို တအားပုတ်ကာ မဖြူနာမည်ခေါ်ပြီး နှိုးကြည့်ပြန်သည်။ အချီးနှီးသာ၊ ဘယ်လိုမှ မရတော့သည့်အဆုံး လူဝင်တံခါးကို သံတူရွင်းနှင့် ခက်ခက်ခဲခဲ ကလန့်ပြီးဖွင့်ရတော့သည်။
အခန်းတံခါးပွင့်လာသည်နှင့် အရင်ဆုံးတိုးဝင်သွားသူက ဒေါ်ခင်ဝင်း၊ ကုတင်ပေါ်တွင်ကား ပက်လက်ကလေး အသက်ပျောက်နေသော မဖြူ၏ရုပ်အလောင်းကို တွေ့ရသည်။ ဆွမ်းလောင်းစဉ်က ယောဂီဝတ်စုံလေးဝတ်လျက်အတိုင်းပင်။
“အဖြစ်ဆိုးလှချည်လား သမီးရဲ့”ဟူသော ဒေါ်ခင်ဝင်းငိုသံက ည၏တိတ်ဆိတ်မှုကို ဖောက်ထွင်းထွက်ပေါ်လာသည်။ ဦးသက်ထွန်း မျက်ရည်များက တစ်ပေါက်ချင်း လိမ့်ကျလာသည်။ သမီးကို ရင်ခွင်ထဲ ပွေ့ယူရင်း အိပ်ယာဘေးမှ ပုလင်းတစ်လုံးကို တွေ့၍ ကောက်ယူ ကြည့်လိုက်သည်။
“အဆိပ်ပုလင်းပါလား”
ဟူသော ငြီးတွားသံနှင့်အတု ဦးသက်ထွန်းလက်ထဲမှ ပုလင်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ဦးသက်ထွန်းက မျက်ရည်များကြားမှ ဒေါ်ခင်ဝင်းကို လှမ်းကြည့်ရင်း
“သမီးမှာ ဘာစိတ်ညစ်စရာတွေများ ရှိနေသလဲကွာ”
“ကျွန်မသိသလောက်တော့ ဘာစိတ်ညစ်စရာမှ မရှိပါဘူး”
ထိုခဏမှာပင် မဖြူ၏ညာဘက်လက်က တစ်စုံတစ်ရာကို မလွတ်တမ်းဆုပ်ထားသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ဝင်းကလက်ကို ဖြေကြည့်သည်။
သူတစ်ပါးလုယူသွားမှာ စိုးသည့်အလား တင်းကြပ်စွာဆုပ်ထားသော လက်ချောင်းများကို ဒေါ်ခင်ဝင်းဖြေ၍မရပေ”
ဦးသက်ထွန်းနှင့် နှစ်ယောက်ပေါင်းဖြေကြည့်မှ ဆယ်ကြိမ်မြောက် သွေးလှူရှင် တံဆိပ်ရင်ထိုးလေး ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဦးသူမနပေးထားမှန်း နှစ်ယောက်စလုံးမသိကြ။ မဖြူသူငယ်ချင်း တစ်ယောက်ကပေးထားသည်ဟု ထင်ကြသည်။
ဦးသက်ထွန်းက ရင်ထိုးလေးကိုကိုင်ကြည့်ရင်း
“သမီးနှစ်သက်တဲ့ပစ္စည်းကို သမီးနဲ့အတူ ထည့်ပေးလိုက်မှပါကွယ်” ဟုဆိုပြီး မဖြူရင်ဘတ်မှာ တွယ်ပေးလိုက်သည်။ ဒေါ်ခင်ဝင်း၏ မချိတင်ကဲ ငိုကြွေးသံများက တစ်ညလုံး မစဲတော့ပါချေ။

No comments: