Thursday, November 6, 2008

#အမှီကောင်း #

• ကိုယ့်ကိုယ်ကို အားကိုးရမှာတော့ မှန်တယ်ဗျို့။ ဒါပေမယ့် လောကမှာ အမှီကောင်း၊ အကူအညီကောင်း၊ မရရှိဘဲ ဘယ်အရာမှ မပြီးစီး မထခြောက်ဘူး။ ဘ၀ချမ်းသာချင်ရင် အမှီကောင်း၊ အကူအညီကောင်း အမအစကောင်းကို ရအောင်ကိုရှာရမှာ ဖြစ်တယ်။
• အမှီကောင်းတွေ မရှိရင်၊ မိတ်ဆွေကောင်းတွေ ရှားရင် ပညာရှာရတာရော၊ ဥစ္စာရှာရတာ ရော၊ မိတ်ဆွေကောင်းရှာရ၊ လုပ်ရကိုင်ရတာတွေ ခက်လှပါတယ်။
• တစ်ယောက်တည်း နေရတာ၊ အမှီမရှိတာဟာ တူတစ်ချောင်းနဲ့တူတယ်လို့ တရုတ်စကားပုံ ရှိတယ်။ တစ်ချောင်းတည်းနဲ့ ဘာမှလုပ်မရဘူး။ သုံးမရဘူး။
• အောင်မြင်ကျော်ကြားသူတွေ၊ စီးပွားချမ်းသာသူတွေကို ကြည့်လိုက်ရင် အမှီကောင်းရသူ တွေချည်းပဲ၊ ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်လို့ ပြောကြတယ် မဟုတ်လား။ အမှီကောင်း ဟာ သည်ထိအောင် လိုအပ်လှတယ်။
• ကျောက်နီ၊ ကျောက်စိမ်း ပုလဲသန္တာစတဲ့ ရတနာတွေကို ရွှေနဲ့တွဲပေးမှ အသံလည်းမြည်၊ တင့်လည်းတင့်တယ်သတဲ့။ ခဲနဲ့ တွဲပေးကြည့်ပါလား၊ မြည်လည်းမမြည်၊ တင့်လည်းမတင့် တယ်၊ အဖိုးလည်း မတန်တော့ဘူး။
• လူ့လောကထဲမှာ တော်သူ၊ ကြိုးစားသူတွေ အများကြီးပါပဲ။ လူတော်တွေဟာ အမှီကောင်း မရလို့ မကျော်ကြား မအောင်မြင်ကြဘူး၊ စာရေးသူတော့ မကြာခဏဆိုသလို သည်လိုလူ တွေကို တွေ့ရပါတယ်။
• သီချင်းအဆို၊ သီချင်းအတီး၊ တကယ့်ကောင်းတယ်။ သူဟာ အမှီကောင်း၊ အဆက်အ သွယ်ကောင်းမရဘူး။ သည်တော့ ရှိစုမဲ့စုငွေလေးနဲ့ သီချင်းဆိုတယ်။ အဆိုတော်မဖြစ်၊ ဓာတ်ပြားတစ်ချပ်တောင်မရဘဲ ဖြစ်နေရှာတယ်။ အမှီကောင်းမှ မရဘဲ။
• ခရီးသွားရင် အမှီကောင်းရသွားတဲ့ လူတစ်ယောက်တော့ သည်နေ့နာမည်ကြီး အဆိုတော် ကြီးဖြစ်နေတယ်။ သူဟာ ဂီတလောကကို ၀င်ရတာ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး။ အမှီကောင်းကိုရတော့ အောင်မြင်မှုလည်း ရသွားတယ်။
• သည်လိုပဲ စာပေလောကထဲမှာ မြင်ဖူးတယ်။ ထုတ်ဝေသူ ကောင်းနဲ့တွေ့ပြီး ပိုက်ဆံတစ် ပြားမှမကုန်၊ စာအုပ်တိုက်အစုံကို စာမှုလိုက်မပြရဘဲ သည်နေ့ နာမည်ကြီး စာအုပ်တိုက်မှာ ရေးနေတဲ့ စာရေးဆရာမလေး ဖြစ်ပါတယ်။
• သူပြောတာကတော့ လွယ်လွယ်လေးပဲ။
• ရှင်ပြုတစ်ခုကိုသွားရင် ထုတ်ဝေသူလင်မယားနှစ်ဦးနဲ့ အသိအကျွမ်း ဖြစ်တယ်တဲ့။ နောက် တစ်နေ့မှာ ရေးထားတဲ့ ၀တ္တုရှည်တစ်ပုဒ် သွားပြရာကနေ စာရေးဆရာမ ဖြစ်လာတာပဲတဲ့။
• ခုတော့ စာအုပ်နှစ်ဆယ်ကျော် ထုတ်ပေးပြီးနေပြီလေ။ အမှီကောင်းမရတဲ့ စာရေးသူရဲ့ သူငယ်ချင်းမတစ်ဦးကတော့ အရေးကောင်းပါလျက် အမှီကောင်းကို မတွေ့သေးဘူး။ တစ်ခါတစ်လေ ဟိုမဂ္ဂဇင်းမှာတွေ့၊ သည်မဂ္ဂဇင်းမှာတွေ့နဲ့ သည်လောက်ပဲ။ သူ့မှာ ရေးပြီး ၀တ္တုရှည် ဆယ်ပုဒ်လောက်ရှိတယ်။ မတော်လို့ မဟုတ်ဘူးနော်။ ဟိုဝတ္တုရှည် ဆယ်ပုဒ် ကျော် ထုတ်ပြီးတဲ့သူက သူ့ဆီမှာ တပည့်ခံသင်ယူရတာ။ ဟိုစာရေးဆရာမက တစ်ပုဒ်တည်းရေးထားရာက နာမည်ရစာရေးဆရာမ ထဖြစ်တာ။
• အမှီကောင်းပဲ ပြောရမှာပဲ။ ဒါဟာ ကံကောင်းခြင်း တစ်မျိုးပေါ့လေ။
• အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ကိုယ်ရေးရာဇ၀င်ကို ရှာဖွေဂရုစိုက်ကြည့်ရင် ကြိုးစားမှုနဲ့အတု အမှီကောင်းတွေရတာကို တွေ့ရလိမ့်မယ်။
• နွယ်နဲ့သီးတဲ့ အသီးချင်းတူပေမယ့် ဘူးတို့ ကြက်ဟင်းခါးသီးတို့ကျတော့ အမြင့်မှာ တက် သီးတာပဲ။
• နွယ်နဲ့သီးပြီး မြေကြီးပေါ်မှာ သီးရတာတွေ အများကြီး။ အဓိပ္ပာယ်ကတော့ အမှီပဲ။
• မဟာစည်ဆရာတော်က ၀ါးခယ်မမြို့ရဲ့ မဟာစည် သာသနာ့ရိပ်သာ (၂၅) နှစ်မြောက်ပွဲမှာ ဟောတယ်။
• “သူတော်ကောင်းနဲ့ အတူတကွ နေထိုင်ရရင် သူတော်ကောင်းတရား ကြားနာရလိမ့်မယ်။ သူတော်ကောင်းတရား ကြားနာရလို့၊ သိရလို့ရှိရင် သိသလောက် တိုးတက်သွားတာပဲ။ မြင့် မြတ်သွားတာပဲ။ ယုတ်ညံ့သွားတာ မဟုတ်ဘူးတဲ့။ တောင်ပေါ်များ တက်ရသလိုပဲတဲ့။ တောင်ပေါ်တက်တော့ ခြေလှမ်းတိုင်းမြင့်သွားတာပဲ။ နိမ့်သွားတာ မဟုတ်ဘူးကွတဲ့။ တောင်ထိပ်ရောက်သည့်တိုင်အောင် တစ်ဆင့်တစ်ဆင့် မြင့်သွားတာပဲ။ အဲသည်လိုပဲ သူတော်ကောင်းနဲ့ ပေါင်းသင်းဆက်ဆံရလို့ရှိရင် သူတော်ကောင်းတရားကို ကြားသိပြီး တော့ သိတိုင်းသိတိုင်း တိုးတက်မြင့်မြတ်သွားတယ်” တဲ့။
• အဲသည်တော့ သူတော်ကောင်းတွေဟာ အမှီကောင်းပဲဗျာ။ ကျွန်တော်တို့ သူတော်ကောင်း တွေဟာ အမှီကောင်းပဲဗျာ။ ကျွန်ုပ်တို့ သူတော်ကောင်းတွေကိုရှာပြီး ကိုးကွယ်ဆည်းကပ် ကြရမယ်။
• ဒါမှ ဘ၀ချမ်းသာမယ်။ အောင်မြင်မယ်။ ကျော်ကြားမယ်။ လူဖြစ်ရကျိုး နပ်မယ်ပေါ့။ စာရေး သူသိတဲ့ လူတစ်ယောက်ရှိတယ်။ သည်လူဟာ ဆင်းရဲလွန်းလို့ ၀တ်စရာ အစုတ်အပြတ် နဲ့နေစရာမရှိဘဲ ဟိုအိပ် ၊ သည်အိပ်။ မိဘအိမ်ကလည်း လက်မခံဘူး။ ထမင်းကို နှစ်ရက် သုံးရက်မှ တစ်နပ်နှစ်နပ်စားရတဲ့အထိပဲ။ စာရေးသူက သူနဲ့တွေ့ရင် တစ်ကျပ်တော့ အမြဲပေးတတ်ပါတယ်။
• အဲသည်လူဟာ တစ်နေ့တော့ နောက်ဆုံးပေါ် ကားကြီးတစ်စီးပေါ်မှာ တောက်တောက် ပြောင်ပြောင် ပြည့်ပြည့်စုံစုံနဲ့ တွေ့တယ်။ ထောင်ကျော်တန်နာရီနဲ့ပေါ့။ စာရေးသူက လူမှားတယ်ထင်ပြီး တွေ့စမှာ မခေါ်ရဲဘူး။
• သူက ဘ၀မမေ့ဘူးဗျ။ စာရေးသူကို စခေါ်ပါတယ်။ အရင်လိုပဲဆရာလို့ ခေါ်တယ်။ အခြေအနေဆိုတာ အံ့သြစရာကောင်းတယ်နော်။ စာရေးသူဟာ သူ့ကို စကားပြောရတာ ရှက်ကိုရှက်ကန်း ဖြစ်နေမိပါတယ်။
• သူကပြောတယ်။
• “ကျွန်တော် အမှီကောင်းရသွားတယ်ဆရာ”
• လက်ဖက်ရည်ဆိုင်မှာ စကားထိုင်ပြောမိတော့မှ သူ့အဖြစ်ကို သိခဲ့တယ်။
• လမ်းမှာ အဘိုးကြီးတစ်ယောက် ချော်လဲတာ သူကထူပေးပြီး တွဲကူညီတယ်။ အဲသည်အ ဘိုးကြီးကို အိမ်အရောက် လိုက်ပို့ပေးတယ်။ ဟိုရောက်တော့် သူ့ကိုဘာလုပ်လဲ။ ဘယ်မှာ နေသလဲ မေးရာကနေ အလုံးစုံသိပြီး သူတို့ခြံထဲက ဒရ၀မ်တန်းလျားမှာ ထားတယ်တဲ့။
• ခြံလည်းမလုပ်တတ်၊ ကားလည်းမမောင်းတတ်တော့ ဟိုဟာလုပ်၊ သည်ဟာလုပ်ပေါ့။ တစ် လလောက် ကပ်နေရာမှ ညနေဆို အဘိုးကြီးကို နင်းနှိပ်ပေးရတယ်။ သည်လိုနဲ့ ရင်းနှီးမှုရ လာခဲ့ပြီး တစ်နေ့မှာ ပွင့်နေတဲ့ မီးခံသေတ္တာထဲက ဆေးလိပ်ဖိုးငွေ ငါးကျပ်ကို သူက နှိုက်ယူလိုက်မယ်တယ်။ ခိုးလိုက်တာပေါ့။ ဒါကို သူစိတ်မလုံဘဲ ညစာထမင်းစားအပြီးမှာ အဘိုးကြီးအိပ်ရာအောက် ပြန်ထားလိုက်သတဲ့။ သူဋ္ဌေးကြီး သိပြီး မိသွားတယ်။
• အဲသည်နေ့ကစပြီး သူဟာ သူဋ္ဌေးရဲ့ ပွဲရုံမှာ မန်နေဂျာအလုပ်ကို ရတာပဲတဲ့။ တစ်လ တစ်ထောင်စား မန်နေဂျာလေ။ အဖြစ်က သိပ်ဆန်းတယ်။ အမှီကောင်းကို ကြံကြံဖန်ဖန် တွေ့တာပေါ့။
• သည်နေ့သည်စာကို ရေးနေချိန်မှာတော့ သူဟာ သူဋ္ဌေးရဲ့ တူမတစ်ယောက်နဲ့ အိမ် ထောင်ကျပြီး ဆီစက်ပိုင်ရှင်လေးတစ်ယောက်ဘ၀ရောက်ပြီး ရန်ကုန်နဲ့ မိုင်တစ်ရာလောက် သာဝေးတဲ့မြို့မှာ နေထိုင်တယ်။
• စာရေးသူဟာ ဘိုင်ပြတ်ရင် သူ့ဆီ သုံးလတစ်ခေါက် ရောက်တယ်။ သူ့ကို စာရေးသူက ပြန်မှီရတယ်လေ။ အင်း...အမှီကောင်းဆိုတာ စိတ်ကောင်းထားမှ တွေ့ရတတ်တာမျိုးပါ။
• ဒါကြောင့် လူတိုင်းအပေါ်စိတ်ကောင်း၊ စေတနာကောင်းလေးထားပြီးမှ ဆက်ဆံရင်း ဘ၀ တွက် အမှီကောင်းတစ်ခု ရအောင် နေထိုင်ပြုမှု ပြောဆိုကြဆို့နော်။

No comments: