Thursday, October 30, 2008

{မောင်အရင်လိုမဟုတ်တော့ဘူးလို့}

click to comment

• “ကုန်ကုန်ပြောရရင်လေ မောင်ဟာ နှင်း အတွက် ဘုရားတစ်ဆူ ဂူတစ်လုံးစဖွယ်ပါပဲ မောင်၊ မောင်ဟာ အချစ်အတွက် တစ်ဘ၀ပါ၊ မောင့်ကို အမြဲ ချစ်ခင် မြတ်နိုး၊ စုံမက်တဲ့ နှင်းရဲ့ ဗစ္စက္ခဘ၀ဟာ မောင်ရဲ့ သမုဒယ အကျဉ်းထောင်ထဲမှာ ထာဝရပျော်ပိုက်နေသူပါ မောင်၊ ခုတော့ မောင်ရယ်၊ နှင်း အပေါ်မှာ မောင်ရဲ့ ပြုမှု ဆက်ဆံပုံတွေဟာ မခင်မကြင် တမင်စိမ်းနေသလိုပါပဲ၊ နှင်းမှာ မောင်ငြိုငြင် ငြီးငွေ့စရာ တွေရှိလို့ ပါလဲဟင်၊ မောင်ရဲ့ပြုမှု ဆက်ဆံပုံတွေက အသည်းစပ် ကျွဲခတ်သလို အနေရခက်လိုက်တာ မောင်ရယ် သိရဲ့လား။
• “ချစ်ကြတဲ့သမုဒ္ဒယသစ္စာကို အရင်းခံပြီး တစ်ဦးနဲ့တစ်ဦး ချစ်တုံ့လှယ်ခဲ့ကြပြီး လက်တွဲမဖြုတ်ကြစတမ်း ချစ်ခရီးလမ်းကို တူပြိုင်လှမ်းကြမယ်လို့ ဆုံးဖြတ်ခဲ့တာတွေကို မေ့ပျောက်သွားပြီလား၊ သခင်ဘယ့်တွက် မုန်းရသလဲဆိုတာ နှင်း မတွေးတတ်တော့ဘူး မောင်ရယ်၊ ဒါမှ မဟုတ် ချစ်သခင်က အပြစ်မြင်လောက်အောင် အသစ်တွေ့နေလို့လား မောင်ရယ်၊ သိတယ်လေ သိပ်သိတာပေါ့၊ မောင့်ရဲ့ မျက်နှာကို မျက်တောင်မခတ်ဘဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေချင်တဲ့ နှင်းက သိပ်သိတယ်လေ၊ နှင်း အပေါ် မောင် ပြောင်းလဲသွားပြီဆိုတာ နှင်းနဲ့ မောင် ချစ်သဖြစ်လာတာ အချိန်တွေလည်း ကြာညောင်းလာတော့ အချစ်တွေ ဟောင်းသွားပြီလားလို့၊ နှင်း အပေါ် စိတ်ကုန်သွားဟန်ရှိတဲ့ မောင့်ရဲ့ မျက်နှာပေါ်မှာ အချစ်ရဲ့ ဆိတ်သုဉ်းခြင်းဆိုတဲ့ အနူတ်လက္ခဏာဟာ ပေါ်လွင်နေသလိုပဲ၊ ဘာကြောင့်သိလဲ သိလား၊ နှင်းက မောင်တစ်မျက်နှာကို တစ်ကမ္ဘာလို့ထင်နေမိလို့ပဲ မောင်ရယ်။
• နှင်း ချစ်သူ၏ အပြန်လမ်းကို မျှော်မှန်းရင်း တွေးလိုက် ဆွေးလိုက်နှင့် နှလုံးသားမှ ခံစားချက်များကို တီးတိုး ရေရွတ် နေလေသည်။ ဤနှယ် ခံစားရလောက်အောင်လည်း ချစ်သူမောင်၏ အပြုမှုများ ပြောင်းလဲသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ရွှေဖူးစာ ဂဟေဆက်၍ သွေမပျက်သည့် မေတ္တာနှင့် နှစ်ကိုယ်တူပြိုင် သစ္စာဆိုချစ်ခဲ့ကြသည့် ချစ်သူနှစ်ဦးမဟုတ်ပေမဲ့ မောင့်ကိုတော့ နှင်းတစ်သက်မှာတော့ တစ်ဘ၀မှာ တစ်ယောက်ဆိုသလို သစ္စာရှိစွာချစ်ခဲ့တာပါ မောင်။ မောင့်အပြုအမှုတို့သည် နှင်း အပေါ်ဝယ် မသိကျိုးကျွန် ပြုရာရောက် နေလေသည်။ သည်တော့ မောင်၏ မျက်နှာကို တစိမ့်စိမ့်ကြည့်၍ တသိမ့်သိမ့် ကြည်နှုးနေရသူ နှင်းအဖို့ တစ်ခုခုတော့ တစ်ခုခုကြောင့်ပဲဟု တွေးတော စိုးရိမ်မိပေမည်။ သြော်-မောင်အရင်လို မဟုတ်တော့ဘူးလို့။
• “ဟော-မောင့် နာမည် အွန်လိုင်းပေါ်ရောက်လာပြန်ပြီ”
• နှင်း နာမည်ကိုတွေ့လို့ စခေါ်မလားဆိုပြီး မသိသလို တိတ်တဆိတ် နေလိုက်သော်လည်း နှင်းအဖို့ ရွှေရင်လှိုင်းထရပြန်သည်။ ရင်ထဲတွင် မောင့်နာမည်လေးတွေ့လိုက်ရလို့ ကြည်နူးမှုနှင့်အတူ ပျော်ရွှင်ခြင်းဆိုသောအရာကို တစ်မုဟုတ်ချင်း ခံစားလိုက်ရပြန်သည်။ နှင်းသည်နောက်ဆုံး အလွန်နေနိုင်သော မောင့်ကိုသာ စတင်နူတ်ဆက်လိုက် မိတော့သည်။ ခါတိုင်းဆိုလျှင်လည်း မောင့်ကသာ နှင်းကို စတင်နူတ်ဆက် နေမြဲဖြစ်သည်။ နှင်းကို လည်း အမြဲတမ်းလို စောင့်နေမြဲဖြစ်သည် မဟုတ်ပါလား။ ခုတော့ နှင်းက မောင့်ကို စတင်နူတ်ဆက်လိုက် ရသော်လည်း မောင့်မှာပင် ကျောက်ဆစ်ရူပ်၊ တုတ်တုတ်မျှ မလှုပ်၊ နူတ်တော်ကလည်း မဖွင့်ဟ၊ တေမိပမာ ဆိတ်ဆိတ်သာ၊ ပြန်၍ နူတ်ဆက်ဖော်ပင် မရတော့။ သြော်-မောင်အရင်လို မဟုတ်တော့ဘူးလို့။
• မောင့်ရဲ့ ပြုမှုပုံတွေ မဆန်းလား၊ ကြင်နာသူက တမင်စိမ်းရက်လေခြင်းဟု သံသယ၀င်နေမိသူ နှင်းအဖို့ သွေးထွက်အောင် မှန်နေပေပြီ။ နှင်းရဲ့ ပထမအချစ်တွက် ရင်ထဲနင့်အောင် ခံစားလိုက်ရပြီး လှိုက်ဖိုသော ဝေဒနာဖြင့် ရိုက်ငိုပွဲသာ ဆင်လိုက်ချင်တော့သည်။ စိတ်အညစ်မှာတော့ သိပ်ဟစ်၍ ငိုလိုက်ချင်တော့သည်။ မောင်ရယ် ပြုရက်လေခြင်းရယ်လို့သာ။ Online ဆိုတာ လူတွေပြောသလို အပျော်ဆိုတာ အမှန်ဘဲလား။ အပျော်စကားကို ယုံစားသံယောဇဉ်ထားခဲ့မိသူမှာတော့ ခံစားနေရလေပြီပေါ့။ နှင်းက မောင့်ကို တစ်ကယ်ချစ်ခဲ့မိတာမို့ နောင်တဆိုတာ လုံးဝကို မရှိစေရပါဘူး။ ပျော်သလိုနေပါ မောင်။ မောင်ပျော်နေရင် နှင်းလည်းရင်ထဲမှာ ငိုရိုက်ရင်း ကျေနပ်နေမှာပါ။
• ပါးပြင်မို့မို့ပေါ်ဝယ် မျက်ရည်ဥများ စို့လာပြီ ဟီးလေး ခိုနေကြပြီ။ သမုဒယ မျက်ရည်မိုး ပါးပြင်တစ်ပြင်လုံး ပူလောင်နေသည်။ နှင်းအဖို့ အသည်းထဲက ကျသည့်မျက်ရည်။ နှလုံးသားထဲက ကျသည့် မျက်ရည်ဖြစ်၍ ပူလောင်လွန်းလှသည်။ နှင်းသည် နွမ်းလျသော စိတ်၊ နူံးလျသော ခန္ဓာ၊ လေးကန်သော ခြေလှမ်းများဖြင့် မိုးရေထဲ အပူသောကများကို ဆေးကြောရန် ဖြေးညှင်းသောခြေလှမ်းများဖြင့်သာ ရင်ထဲမှအပူတွေ အေးမြစေရန် မိုးရေလေးတွေကို အဖော်ပြုနေရပေါ့။ ထိုအချိန်မှာတောင် မောင်သိပ်ကြိုက်ပြီး နှင်းကို ဆိုပြနေမြဲဖြစ်တဲ့ (ရဲလေး-မိုး) သီချင်းလေးကို သတိရနေပါသေးတယ်။ မိုးတွေရွာနေတယ် ခုတော့ တစ်ယောက်တည်းပါ။ “အပြစ်မဲသော နှင်းကိုမှ ကျောခိုင်းသွား၇က်တယ်လား မောင်ရယ်၊ မောင်အရင်လို မဟုတ်တော့ဘူးနော်”
• မောင် ကိုစိမ်းကားကြီးက စိမ်းရက်ပြန်ချေပြီ။ မောင့်ကို တွေ့တော့ နှင်းလည်း မခေါ်မနူတ်ဆက်ဘဲ မနေနိုင်ပါ။ နှင်းက ချစ်ရသူမဟုတ်လား။ ဒါလည်းသူကဘဲစပြီး ချစ်ရေးဆိုခဲ့တာလေ။ နှင်းကိုက လူယုံးမှားခဲ့လေသလား။ နှင်းကလည်း ခင်မင်တာကြာတော့ သံယောဇဉ်တွေ ရစ်ပတ်မိခဲ့တာကိုလေ။ ဒါကိုက နှင်းရဲ့ ပထမအရူံးဘဲပေါ့။ ဒါတွေထားပါတော့။ ခုလည်းနှင်းက စခေါ်လိုက်လေကာမှ offline ဖြစ်သွားတယ်လေ။ တစ်ခုခုတော့ တစ်ခုခုပဲဟု တွေးတောရင်း ငိုချင်လျက်လက်တို့ဆိုသလို အခံရခက်လှသည်။ “မျက်စိရှေ့မှောက်တွင် ရှိနေသော နှင်းနာမည်ကို တွေ့မှ အောက်သွားရအောင် ချစ်သူတစ်ယောက်လုံးကိုပင် မေ့သွားလေပြီလား၊ နှင်းမှာ ဘာအပြစ်တွေများရှိနေလို့လဲ” ဟု မောင့်ကို မျက်နှာချင်းဆိုင် မေးပစ်လိုက်ချင်သည်။
• သို့တစေ နှင်းအဖို့ တစ်ကယ်မေးမြန်းရမည်ဆိုတော့လည်း မောင့်ကို ချစ်လည်းချစ်၊ ရိုလည်းရိုသေ၊ ကြောက်လည်းကြောက်၍ မမေးဝံ့ဘဲ သည်အတိုင်းကြည့်နေရရှာသည်။ နှင်း၏ ပူလောင်နေသော နှလုံးသားသည် တဆတ်ဆတ်တုန်နေသလား ထင်ရသည်။ မိမိ၏ ခန္ဓာကိုယ်ကို လဲကျမသွားအောင်တောင် အားယူ၍ ရပ်နေရသည်။ မောင်မှတစ်ပါး အခြားမရှိပြီဟု တွေးထင်မိခဲ့သော နှင်းအဖို့ မောင်၏အပြုမှုများကြောင့် အထင်နှင့်အမြင် ပါစင်အောင် လွဲချော်နေပြီဟု ယုံကြည်လိုက်မိသည်။ “သြော်-မောင်အရင်လို မဟုတ်တော့ဘူးလို့”
• ညသည်တိတ်ဆိတ်နေသည်။ နွေဦးကာလ၏ အကာလ ညတစ်ည၀ယ် လတပေါင်း၏ ရွက်ဟောင်းကြွေကျသံများသည် ဂီတသံနှယ် ထင်မှတ်နေရသည်။ ရွက်ခြောက်ကလေး များသည် ရှပ်တိုက် ပြေးလွှား ဆော့ကစားနေပုံရသည်။ တစ်ချက်တစ်ချက် ကသုန်ကရက် အပြေးအလွှား တိုက်ခတ်လာသော လေပြည်လေညင်းသည် ရင်ထဲစိမ့်နဲ့ အေးမြသွားအောင် ဖန်တီးပေးသလိုရှိနေသည်။ လရောင်သည် ပြတင်းပေါက်မှ ဖောက်ထွင်း ၀င်ရောက်လာ၍ အိပ်ခန်းဆောင်အတွင်း အလင်းရောင် ယှက်သန်းဖြာကျလျက်ရှိသည်။ “သြော်-ရွှေလသာသော ညတစ်ညပါ”
• ရင်ထဲတွင် ခံစားနေရသော ပူပင်သောက ဝေဒနာကြောင့် နွေဦးည၏ သြကာသအလှကို အကြည့်ုမြင်၊ မခံစားနိုင် ဖြစ်နေရသည်။ အေးမြသော လေပြည်လေညင်းသည် နှင်း၏ ပူလောင်မှုကို ဖြေသိမ့်နိုင်ခြင်းငှာ မစွမ်းနိုင်ပါချေ။ မချိသည့်ဘ၀င်၊ မရွှင်သည့် နှလုံးသား၊ နူံးလျသော အသည်းမှာ သမုဒယ အစွဲအလမ်းသည် ကဲ၍ကဲ၍သာလာသည်။ ဝေဒနာ အဖြစ်ဆိုးက တစ်ရစ်ပြီး တစ်ရစ် တိုး၍သာ လာနေသည်။ သခင်ဘယ့်အတွက် မုန်းရသနည်းဟူသော မေးခွန်းများသည် သူမ၏ နှလုံးသားတဲတွင် အကြိမ်ကြိမ် တီးတိုး ရေရွတ်နေမိသည်။ အဖြေမသိသော ထိုမေးခွန်းကို နှင်းကိုယ်တိုင် ဖြေဆိုနိုင်ခြင်းမရှိပါချေ။ မောင်၏ ထူးဆန်းစွာ ပြောင်းလဲသွားသော အပြုမှုများက သစ်စိမ်းချိုး ချိုးလိုက်သည်နှင့် ပမာတူနေသည်။
• နှင်းသည် မိမိကိုယ် မိမိဟန်မဆောင်နိုင်တော့သည့် အဆုံးတွင် မပြောမပြီး၊ မတီးမမြည်ဆိုသလို မောင်၏ သဘေားထားဆန္ဒကို ရှင်းရှင်းလင်းလင်း သိရှိရန် ဖွင့်ဟဆုံးဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ “မောင်စိတ်ဆိုးနေလား၊ ဒါမှမဟုတ်ရင် မိမိအပြင် အသစ်မြင်ကာ အချစ်ဝင်မိလို့ ငါးစိမ်းမြင်ငါးကင်ကို ပစ်ချင်နေလို့လား”ဟု ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိရအောင် မေးရပေတော့မည်။ မိမိမှာ“မောင့်ကို အသည်းနင့်အောင် ချစ်နေမှန်းသိလျက်နှင့် အပြစ်မဲ့တဲ့ အချစ်ရဲ့ ချစ်တတ်တဲ့အသည်းကို ခွဲလိုက်လေသလား ကိုစိမ်းကားကြီးရယ်” ဟုပင် မှတ်ချက်ချလိုက်မိသည်။
• နောက်တစ်နေ့တော့ မောင်တို့ကျောင်းပိတ်ရက်မို့ နှင်းသိလိုသော မေးခွန်းများမေးရန် စောင့်နေမိတော့သည်။ ဒီလိုနဲ့ ညနေပိုင်းလောက်ရောက်တော့ မောင် Online ပေါ်သို့ ရောက်လာသည်ပေါ့။ နှင်းမေးမည်ပြုစဉ် စတင်နူတ်ဆက်လိုက်ရာမှာတော့ အစ်ကိုမအားသေးဘူးနှင်းတဲ့ ကျွန်မလေးရင့်နင့်အောင် ခံစားရတယ်။ မောင့်ကို ချစ်ခဲ့မိတာနှင်းရဲ့ ပထမဆုံး အချစ်ဦး မဟုတ်ပေလား။ နှင်းသိလိုက်တာတော့ ကြာပါပြီ။ မောင်က ရုပ်ရည်လေးကနဲနဲရှိတော့ သိပ်ပွေတတ်တာကိုလေ။ နှင်းက စိတ်ထဲသိပ်ခံစားရလို့ မေးတာတောင် မောင်ကသရော်သလိုမျိုးနဲ့ အမြဲပြောတယ်။ မအားဘူုးလား၊ ကောင်မလေးတွေနဲ့ chat နေတာလားမေးတော့။ မောင့်အဖြေက အင်မတန် ပေါ့ပျက်ပျက်နိုင်လှသည်။ နှင်းရ ဟုတ်တယ်လေ။ ဘယ်သူနဲ့ပြောရမှန်းတောင် မသိတော့ဖူး။ ကောင်မလေးချောချော လေး တွေပေါလို့လေတဲ့။ ဘယ်သူကိုချစ်ရမှန်းကို မသိတော့ဖူး။ အစ်ကို့ကိုလာချစ်တဲ့ ကောင်မလေးတွေက သိပ်များနေတောလေတဲ့။ အော်- မောင်ရယ်လို့သာ ညည်းရုံမှအပ တစ်ခြားပြောစရာ မရှိအောင်ကို ပင်အသွားမိတယ်။
• ဘာသဘောလဲဟင်၊ လုပ်ရက်လိုက်တာ၊ နှင်းရင်ထဲ မချိအောင်ခံစားရတယ်။ ခုတော့မှ မောင့်ရဲ့ရင်ထဲက မပါတဲ့ အချစ်တွေတွက် နှင်း နောင်တရနေ သော်လည်း အချိန်ကနှောင်းခဲ့ပြီ မဟုတ်ပါလား။ နှင်း ဆိုတဲ့ ကျွန်မဟာ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်တတ်သလို၊ လွယ်လွယ်နဲ့လည်း မေ့ပစ်လို့မရဖူး။ ဒါကတော့ နှင်းရဲ့ အားနည်းချက် လို့ဆိုရမယ်ပေါ့။
• မောင်ဟာ နှင်းကို တစ်ကယ်မချစ်ဘူးဆိုးတာကြီးကို သိသိကြီးနဲ့တောင် မောင်စိတ်ညစ်တယ်လို့ ကြားရရင် ဟာသလေးတွေ ပြောပြလို့ မောင့်ကို အမြဲပြုံးရွှင်နေအောင် ထားခဲ့သူပါ။ နှင်းကိုတော့ ပျော်ရွှင်အောင် ဘယ်တုန်းက အချိန်ပေးလို့ စကားလေးတောင် ပြောခဲ့ဖူးသလဲ။ မောင်လိုအပ်မှသာ၊ ပျင်းနေမှ၊ စိတ်ညစ်မှသာ၊ နှင်းကို အပျင်းပြေသဘောထားပြီး စကားပြေ နေတာပါ။ မောင်က နှင်း အချစ်ကို တစ်ကယ်မသိတာလား၊ နှင်းကိုနားလည်မပေး နိုင်တာလား။ မောင်က နှင်းရဲ့ ဖြူစင်ရိုးသားတဲ့ အချစ်ကို နားမလည်နိုင်ရင်တောင်မှ နှင်း မောင့်ကို အမြဲနားလည်ပေးနေမှာပါ။ ခုတော့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်၊ အပြစ်မမြင်ချင်တော့၊ နောက်ဆုံးအပြစ်ရှိသူက မိမိဘဲမဟုတ်လား။
• နှင်းလေ မောင့်ကို blog ပေးတာရေတွက်လို့တောင် မရတော့ပါဖူး။ သို့ပေမယ့် အွန်လိုင်းပေါ်ရောက်လာတာနဲ့ မောင့်အသံလေးကို ကြားချင်နေမိတယ်။ ဒါကြောင့်လည်း Unblock တွေလည်းများနေပြီလေ။ မောင်ကတော့ နှင်းအတွက် ထည့်စဉ်းစားဖို့နေနေသာသာ စိတ်ထဲမှာတောင်မရှိလောက်ပါဖူး။ အစကတည်းက အပျော်သဘောနဲ့ ပြောခဲ့တော့ နှင်းဆိုတဲ့ နာမည်ဟာ သူ့အသည်းမှာတော့ အရည်ပျော်ကျခဲ့တာ ကြာလောက်ပေါ့။ နှင်းက သာ မေ့မရသေးတာပါ။ တစ်ခါတစ်လေတော့လည်း အရမ်းစိတ်နာမိတယ်။ ဒီလိုနဲ့ဘဲနှင်း ကြိုးစားပြီး မောင့်ကို မေ့ထားလိုက်တယ်။ မေ့ထားတယ်ဆိုပေမယ့်လို့ ရင်ထဲမှာ အမြဲအမှတ်ရနေတယ်။ မောင့်ကို သတိရမိတိုင်း “လွမ်းလိုက်တာ ” ဆိုတဲ့ စကားအစား “မုန်းလိုက်တာ” ဆိုတဲ့ စကားလေးကို အစားထိုးပြီး ဖြေသိမ့်လိုက်ပါတော့မယ်။ ခုတော့ မောင့်ကို နှင်းမေ့လိုက်ပါပြီ။ နှင်းမေ့နိုင်အောင်လည်း ကြိုးစားနေတယ်။ မောင့်စိတ်ထဲမှာလည်း နှင်းဆိုတဲ့ နာမည်ကို ထာဝရ block ပေးလိုက်ပါတော့လား။ နှင်းကို မောင်လိုအပ်မှသာ အရမ်းချစ်တာပဲ၊ သိပ်ချစ်တာပဲဆိုတဲ့ စကားတွေနဲ့ ထပ်မနှိပ်စက်ပါနဲ့တော့ မောင်။ တစ်ကယ်တော့ ကိုယ်ကစချစ်ရတာဟာ အင်မတန်ကို ပင်ပန်းလှပါတယ်။ အချစ်ဆိုတာကို သူငယ်ချင်းတွေပြောရင် ဟာသတစ်ခုလို ၇ယ်ခဲ့တဲ့ ကျွန်မ ခုတော့ ၀ဋ်လည်တာပါ။ ခုချိန်မှာ တစ်ချိန်ကသူငယ်ချင်း တစ်ယောက်ပြောပြတဲ့ သူ့ ခံစားချက်ကို နှင်း တစ်ယောက် ကိုယ်ချင်းစာနာတတ်ခဲ့ပါပြီ။
• ဒီလိုနဲ့ နှင်း ခုဆို မောင့် စကားသံလေးတွေ မကြားရလည်းဘဲ နေသားကျနေပါပြီ။ မောင်သာ ပျော်နေရင် နှင်း ကျေနပ်နေပါတယ်။ တစ်ခါတစ်လေတော့လည်း (ရဲလေး-မိုး) ဆိုတဲ့ သီချင်းလေးကို နားထောင်နေမိတယ်။ မောင်သိပ်ကြိုက်တဲ့ သီချင်းလေး မဟုတ်လား။ တစ်ကယ်တော့ (စိုင်းစိုင်း သီချင်း)လို အချစ်ဆိုတာဟာ ချစ်သူပျော်ရွှင်ဖို့ အရာရာကို စွန့်လွှတ်၊ ပေးဆပ် ၊ အနစ်နာခံခြင်း ရယ်ပါ။ အချစ်ဆိုတာ ချစ်နေဖို့ကသာ အဓိကဖြစ်လို့ မောင် ကျွန်မအနားမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ ကျွန်မ ကတော့ ဆက်ပြီးချစ်နေဦးမှာပါ။ ချစ်သူ တစ်ယောက် မဟုတ်တော့ပေမဲ့လို့။ အချစ်ဦးတစ်ယောက် အဖြစ်နဲ့ပေါ့ မောင်။
• နောက်ပြီး ကျွန်မယောကျာ်းတွေ ပါးစပ်က စကားဆိုလျှင် လုံးဝကို အထင်မကြီး မယုံတော့ပါ။ အတ္တကြီးတယ်လို့ ထင်ချင်ထင်ကြမယ်။ လူတိုင်း၊ ယောကျာ်းတိုင်း ဒီလိုလူမျိုးတွေ မဟုတ်ပေမယ့်လို့ ကျွန်မလိုမာနနဲ့ နေခဲ့တဲ့ မိန်းခလေးတစ်ယောက်ဟာ ဘာမဟုတ်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ အပျော်တမ်းစကားကို ယုံကြည် သံယောဇဉ်ထား မှားခဲ့မိတဲ့တွက် ခုလိုပညာပေးခံရတာ ဒါဟာပထမဆုံး နဲ့ နောက်ဆုံးဘဲ ဖြစ်မှာပါလို့ပြောရင်း ကျွန်မချစ်သူကို ကျွန်မအသည်း တစ်နေရာမှာ မြေမြုပ်လို့ထာဝရမြုပ်နှံ သဂြိုလ်လိုက်ပါပြီရှင်။ နောက်ဆုံးတော့ နှင်းပြောလိုက်မိတဲ့ စကားတစ်ခွန်းကတော့ “သြော်-မောင်အရင်လို မဟုတ်တော့ဘူးလို့” သာ။

No comments: