Sunday, October 19, 2008

{{ လူဖြစ်ရကျိုးနပ်မည့် စိတ်ထား }}

click to comment

၁။ “အမွန်မြတ်ဆုံးအရာ မေတ္တာစိတ်”
မေတ္တာစစ်သည်သာလျှင် အကောင်းဆုံး၊ အမွန်မြတ်ဆုံး ဖြစ်သည်။ ကိလေသာ မေတ္တာမှာ ပို၍ကောင်းသယောင်၊ လေးနက်သယောင်၊ ပို၍တန်ဖိုးရှိသယောင် ထင်ရသော်လည်း စင်စစ်မှာ ဖန်တီးထားသော အတုအယောင်များသာ ဖြစ်၏။

၂။ “ အသိစိတ်”
မသိကမှား၏။
မှားက ဘ၀မအောင်မြင်။
မအောင်မြင်က စိတ်ဆင်းရဲမည်။

၃။ “ဥပေက္ခာစိတ်”
“အသက်တောင်သေရသေးတာပဲ။ ဒီလောက်ဆုံးရူံးတာ ဂရုမစိုက်စမ်းပါနဲ့” ဟု ပြောနိုင်သူများကိ ဥပေက္ခာစိတ်ဓာတ် ရှိသူများဖြစ်၏။
“ ဘုရားတောင် ဝေဖန်ခံရ၊ ပဉ္စ၀ဂ္ဂီငါးဦး စွန့်ပစ်သွားခံရသေးတာ၊ တို့ကို ဝေဖန်ကဲ့ရဲ့တာ မဆန်းပါဘူး။ ဟုတ်ရင်ခံ၊ မှန်ရင် ဖြေရုံပဲ ရှိတယ်” ဆိုသော လူသည် ဥပေက္ခာပြုနိုင်သူ ဖြစ်၏။

၎။ “ထူးချွန်စိတ်”
ထူးချွန်လိုစိတ်ကို စိတ်ကူးယဉ်နှင့်သာ မရပ်နှင့်။
ထူးချွန်လိုစိတ်သည် မနောကံသာဖြစ်၏။
ထူးချွန်လိုစိတ်ရှိလျှင် လက်တွေ့လုပ်ရပ်ရှိရမည်။
ထူးချွန်လိုစိတ်ထက်သန်လျှင် ထူးချွန်မှုမှာ မခဲယဉ်း။

၅။ “မခံချင်စိတ်”
မခံချင်စိတ်သည် စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ညံ့ အမျိုးအစားထဲတွင် မပါ။ လူတစ်ယောက်တွင် မခံချင်စိတ်သည် ရှိသင့်ရှိထိုက်သော စိတ်မျိုး ဖြစ်သည်။ လူ့ဘ၀တွင် မခံချင်စိတ်သည် အရေးပါသော စိတ်တစ်မျိုး ဖြစ်သည်။

၆။ “တက်ကြွစိတ်”
တက်ကြွစိတ်သည်လည်း အစွန်းရောက်သွားလျှင် လမ်းလွှဲတတ်၏။ ခုတ်ရာတလွဲ၊ ရှရာတလွဲ ဆိုသလို အလွဲလွဲ အမှားမှား ဖြစ်ကုန်လိမ့်မည်။ မတက်ကြွသင့်သော ကိစ္စမျိုးတွင် တက်ကြွက ခက်လှသော အကျိုးဆက်တွေ ရကုန်တက်၏။

၇။ “ အတုယူစိတ်”
လောက၌ သနားစရာကောင်းသောသူကို ဖော်ပြပါဆိုလျှင် အတုယူမှားသောသူကို ဖော်ပြရမည်ဟု အီဂျစ်စကားပုံ ရှိ၏။ လူလိမ္မာ၏ အမှန်ကို အတုယူရသလို၊ လူမိုက်၏ အမှားကိုလည်း အတုယူရပေမည်။ ဖားကိုတု၍ ခရုခုန်လျှင် အိုင်ပျက်ရုံသာ ရှိမည်။ အတုယူ၌ သဘာဝတူသူ၊ အခြေအနေ နီးစပ်သူ၊ ဖြစ်နိုင်ဖွယ်ရှိမှာသာလျှင် တုသင့်၊ ပြုသင့် ပေသည်။ မတူလျှင်မတုနှင့် ဟူသော ဆိုရိုးစကားကို မှတ်သား၍ မတူလေသည်ကို ဇွတ်အတင်းလိုက် မတုပါလေနှင့်။

၈။ “သည်းခံစိတ်”
လုပ်မှ ဖြစ်သည်။
ရှာမှ ရသည်။
စားမှ ၀သည်။
သွားမှ ရောက်သည်။
သင်မှ တတ်သည်။
ကြည့်မှ မြင်သည်။
မေးမှ သိသည်။
သည်းခံစိတ်ထားမှ စိတ်ချမ်းသာမည်။

၉။ “ယုံကြည်စိတ်”
ယုံကြည်မှုမှာ မှန်သည် ရှိ၏။
ယုံကြည့်မှုမှာ မှားသည် ရှိ၏။
ယုံကြည်ထားသည့် အတိုင်း ဖြစ်လာသည်။ ဖြစ်ခဲ့သည်လည်း၇ှိ၏။ ယုံကြည်ထားသလို ဖြစ်မလာသည်လည်း ရှိ၏။ လောက၌ အချစ်ရေး ဖြစ်စေ၊ စစ်ရေး ဖြစ်စေ၊ စီးပွားရေး ဖြစ်စေ၊ ကြီးပွားရေး ဖြစ်စေ၊ ယုံကြည်မှုရှိရန် လိုအပ်သည်။
ယုံကြည်မှု ရှိမှ ထိုယုံကြည်မှုအတိုင်း မရမနေ ဆောင်ရွက်သည့် လုံ့လ၊ ၀ီရိယ၊ ဇွဲ တို့ ဖြစ်လာမည်။

၁၀။ “မိတ်ဆွေစိတ်”
အပေါင်းအသင်းထားမှသာ အကြောင်းအခြင်းများဖြေရှင်းရ လွယ်ကူမည်။ အကျိုးတူရာ ပေါင်းဖွဲ့ဆက်ဆံတတ်သော အလေ့အထရှိရမည်။ အသိဥာစ်နှင့် ယှဉ်သော ပူးပေါင်းဆောင်ရွက်မှုမျိုးမှာ အလွန်တိုးတက် ထွန်းကားခြင်း အခြေခံတရားပင်။



၁၁။ “ထကြွလုံ့လ ၀ီရိယရှိခြင်း”
လူမဟန် ကံပုံချလို့ မဖြစ်ဘူး၊ ကံမရှိဥာဏ်ရှိတိုင်းမွဲ ဆိုတာလည်း မဟုတ်ပါဘူး။ ကံယုံပြီး အိပ်နေကြည့်ပါလား၊ ငတ်နေမှာပဲ၊ မွဲနေမှာပေါ့။ စကားပုံမှာတော့ ကံကောင်းချမ်းသာ၊ တိုင်းထွာကိုယ်ကျိုး၊ အဆိုးမရှိ လို့ဆိုတယ်။ ကံကိုယုံ ဆူးပုံမနင်းနဲ့လို့လည်း ရှိတယ်။ ပြီးတော့ က့ပေါ်မှာပေါ်လွင်၊ ဥာဏ်ရှိမှု မြော်မြင်လို့လည်း ဆိုပြန်ပါတယ်။
လောကမှာကံ၊ ဥာဏ်၊ လုံ့လ၊ ၀ီရိယ ညီမျှမှ ချမ်းသာမယ်။ ကံမကောင်းရင် ဘာလုပ်၇မလဲ။ ထကြွဝီရိယနဲ့ အလုပ်ကို ပိုလုပ်ကြရမှာပေါ့။

၁၂။ “မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း“
သိုးအုပ်က ခွဲထွက်သွားတဲ့ သိုးကို ၀ံပုလွေက ဖမ်းစားနိုင်တယ်။ နွားကွဲရင် ကျားဆွဲတယ်။ ကိုယ့်မိသားစုသော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းသော်လည်းကောင်း အုပ်စုကွဲရင် အကြံသမား သို့မဟုတ် ၇န်သူက နိုင်သွားနိုင်တယ်လို့ အာရပ်ပညာရှိ တစ်ဦးက ဆိုတယ်။
ဒါကြောင့် မိတ်ကောင်းရမှ ချမ်းသာရလို့ မိတ်ကောင်းဆွေကောင်းကို ဘယ်လောက်ဝေးဝေး တွေ့အောင်ရှာပြီး ပေါင်းကြရမယ်ဗျို့။

၁၃။ “ကိုယ်ကျင့်တရားနှင့် ပြည့်စုံခြင်း”
ဆင်းရဲလွန်းလို့ အကျင့်ပျက်သလို ချမ်းသာလွန်းပြန်ရင်လည်း အကျင့်ပျက်တာပဲ။ အဲဒါကြောင့် အကျင့်ကောင်းတာ ဆင်းရဲချမ်းသာနဲ့လည်း သိပ်မဆိုင်ပါဘူး။ သူ့ကိုယ်ကျင့်တရားနဲ့ ကိုယ်ဖြစ်ကြတာ။ အကျင့်ကောင်းရချင်ရင် လေ့ကျင့်ရတယ်။ ကောင်းတဲ့ အလေ့အကျင့်ကို လုပ်ရင် ကောင်းတဲ့အကျင့်ရတာပေါ့။
တစ်ကယ်တော့ ဆင်းရဲတာ ရှက်စရာ မဟုတ်ပါဘူး။
ကိုယ်ကျင့်တရား ဆင်းရဲတာကမှ ရှက်စရာကြီးပါ။

၁၄။ “အ၀င်အထွက်အင်အားကို တိုင်းထွာသုံးစွဲမှုနှင့် ပြည့်စုံခြင်း ”
ဝမ်းနူတ်ဆေး နှစ်ကျပ်နဲ့ဝယ်စားရမှာ နှပြောလို့ မကြာခင် ဆေးရုံတက်ရတာမျိုးလည်း ရှိတယ်။ သုံးသင့်တာကို သုံးရာမှာ တစ်ကျပ်မှာ မကျန်လည်းသုံးပါ။ ဒါပေမယ့် တစ်ကျပ်သုံးရမယ့်နေရာကို တစ်ဆယ်အကုန်မခံပါနဲ့။ သုံးတာနဲ့ဖြုန်းတာ ခွဲနိုင်ရမယ်။
မှတ်ဥာဏ်ကိုလည်း အရမ်းမသုံးစွဲရဘူး။ အစီအစဉ်နဲ့ သုံးစွဲရတယ်။ မှတ်ဥာဏ်ကို သူ့နေရာနဲ့သူ သုံးစွဲမှ ငွေကိုလည်း သူ့နေရာနဲ့သူ သုံးတတ်လိမ့်မယ်။

၁၅။ “ပစ္စည်းဥစ္စာကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံခြင်း”
အိတ်ပေါက်နှင့် ဖားကောက်တာ၊ ပလိုင်းပေါက်နဲ့ ဖားထည့်တာ၊ ရေပုံးပေါက်နဲ့ ရေခပ်တာဟာ ပင်ပန်းပြီး အကျိုးများတဲ့ လုပ်ရပ်ပဲ။ ရှာတာ မလွယ်သလို ထိန်းသိမ်းတယ်ဆိုတာလည်း ခက်တယ်။ ထိန်းသိမ်းတာက ပညာရပ်တစ်ခုပါ။ ထိန်းသိမ်းစောင့်ရှောက်မှု မလုံခြုံရင် ရှိပြီးသားဥစ္စာဟာ ကိုယ်မှာ ခံစားခွင့် သုံးစွဲခွင့် မရတော့ဘူး။
ဒါကြောင့် ပိုက်ဆံဟာ လာစဉ်က ထီးဆောင်း၍လာကာ ပြန်သောအခါတွင် ငှက်ပျောရွက် ခေါင်းဆောင်း၍ ပြန်သွားတတ်တယ်။ ငါးပိကုန်လျှင် ဆားနှင့် စား၍ရတယ် ဆားကုန်တော့ ဘာမျှ စားရန်မရှိဘူးလို့ စကောကရင် စကားပုံတစ်ခုက ဆိုတယ်။

၁၆။ “ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံခြင်း”
ခက်တာက လူ့သဘာဝမှာ ကျေးဇူးသိတတ်ခြင်မှ သိတတ်ကြတယ်။ ခင်ချင်မှလည်း ခင်တတ်တယ်။ သစ္စာမဲ့ချင်ရင် မဲ့တာပဲ။ ကိုယ်က စေတနဲ့ ပြောခဲ့၊ လုပ်ခဲ့၊ ပေးကမ်းခဲ့ပေမဲ့ ကျေးဇူးရှိသူတွေကို ကိုယ်ကပြန်ပေးနိုင်တာလောက် လောကမှာ ၀မ်းသာစရာကောင်းတာ မရှိပါဘူး။

၁၇။ “ယုံကြည်မှုနှင့် ပြည့်စုံခြင်း”
ကိုယ့်ဘာသာတရားကိုလည်း ကိုယ်ယုံကြည်ရမယ်။
အမှန်တရားကိုလည်း ယုံကြည်ရမယ်။
မိမိကိုယ်မိမိလည်း ယုံကြည်နိုင်အောင် ကြိုးစားရမယ်။
လူ့ဘ၀မှာ ယုံကြည်မှုရှိမှ၊ ယုံကြည်မှုနဲ့ ပြည့်စုံမှသာ ဘ၀တန်ဖိုးရှိမယ်။
ယုံကြည်ချက်ခိုင်မာမှုတွေဟာ လူတွေလေးစားစရာကောင်းတယ်။
မယုံရင် မလုပ်သင့်ဘူး၊ မဟုတ်ရင် မခံသင့်ဘူး။
မိမိကိုယ်မိမိ ယုံကြည်မှုရှိလာရင် အောင်မြင်ရေးစခန်းကို တက်လှမ်းနိုင်တယ်။
မယုံမကြည်နဲ့ စမ်းတ၀ါးဝါးဆိုရင် ဘာအလုပ်မှ မကောင်းဘူး၊ ပြတ်လည်းမပြတ်သားဘူး၊ အောင်မြင်မှာလည်းမဟုတ်ဘူး။
လူတွေမှာ သံသယဆိုတာ ရှိတက်တာ သဘာဝပါ။
ဒါပေမဲ့ ဖြောင့်မတ်မှန်ကန်ခြင်းတွေနဲ့ပတ်သက်လာရင်တော့ ဘာသံသယမှ ၀င်နေစရာ မလုပါဘူးကွယ်။

No comments: