Sunday, October 19, 2008

{ မေတ္တာ နှလုံးသား }

click to comment

• ပူအိုက်သော နေ့တစ်နေ့တွင် ဖြစ်၏။ ကျေးတောသူ သားအမိ နှစ်ယောက်သည် တောထဲတွင် သစ်သီး သစ်ဥ ရှာဖွေနေကြသည်။ တောတောင်တို့သည် နေပူရှိန်ကြောင့် အခိုးအငွေ့များ ထနေ၏။ သစ်ပင် ချုံနွယ်တို့သည် ညှိုးနွမ်း ငြိမ်သက် နေကြ၏။ မကြာမီတွင် လေပြင်းနှင့်အတူ မိုးသည် ရုတ်တရက် သည်းထန်စွာ ရွာသွန်းလေသည်။ မိုးကြိုးလည်း ပစ်ခတ်သဖြင့် တောတောင်တစ်ခုလုံး တုန်ဟိန်းသွားလေ၏။
• “အမေ့”
• “သားလေး၊ လာ-မြန်မြန်”
• အမေဖြစ်သူ ကျေးတောသူသည် သူ့သားကလေးကို လက်ဆွဲခေါ်၍ သစ်ပင်ကြီး တစ်ပင်အောက် ပြေးဝင် ခုလှုံလိုက်ကြသည်။ သားကလေးသည် ကြောက်လန့်စွာဖြင့် အမေ့ကို ဖက်ထားသည်။ အမေကလည်း သားကလေးကို ဖက်ထား၏။ လေငြိမ်၍ မိုးနည်းသွားတော့မှ သားကလေးမှာ အကြောက်ပြေလေသည်။ တစ်စုံတစ်ခုကို စဉ်းစားမိ၍လည်း အမေ့အား မေး၏။
• “မိုးကြိုးပစ်တာ တောင်တွေ ပြိုကျသလား အမေ”
• “အပြိုပါဘူး သားလေးရဲ့”
• “တောင်တွေ ပြိုကျရင် သစ်ဥတွေပါ ပါသွားမယ်နော်”
• “အေးပေါ့”
• “ဒါဆို သားတို့ တူးဖို့ ကျန်မယ် မဟုတ်ဘူး၊ တော်သေး တာပေါ့နော်”
• “မတူးတော့ဘူး၊ မြေတွေ ရေစိုနေရင် တူးလို့မကောင်းဘူး သားရဲ့”
• မိုးစဲသွားပြီ ဖြစ်၍ သူတို့သားအမိသည် သစ်ပင်အောက်မှ ထွက်ခဲ့ကြရာ ချုံပုတ်တစ်ခုအောက်တွင် ဆတ်ကလေး တစ်ကောင်ကို မြင်တွေ့ကြလေသည်။
• “ဆတ်ကလေး တစ်ကောင်”
• သားကလေးသည် ခြေဆော့ လက်ဆော့ဖြင့် ဆတ်ကလေးကို အပြေးဖမ်းလိုက်သည်။ ဆတ်ကလေးသည် ထွက်ပြေး ရုန်းကန်ခြင်းမပြု။ သူ့ တစ်ကိုယ်လုံးမှာလည်း ရေတွေစိုနေ၏။ ဆတ်ကလေးမှာ မွေးကင်းစ လေး၊ ငါးရက်သားခန့်သာ ရှိဦးမည်။ သားကလေးသည် ဟိုသည် မျက်စိရှာကြည့်လျက် အမေသို့ ပြောသည်။
• “သူ့အမေ ဆတ်မကြီးလဲ မတွေ့ပါလား၊ အမေ”
• အမေကလည်း ဟိုသည်ကြည့်၍-
• “ဘယ်သိမလဲ”
• “ဆတ်ကလေး တုန်နေတယ် အမေ”
• သားကလေးသည် သူ့ခါးမှ လုံချည်ကလေးဖြင့် ဆတ်ကလေး ကိုယ်ပေါ်မှ ရေတွေကို သုတ်ပေးသည်။
• ဆတ်ကလေးမှာ ခုနက ရွာသွန်းခဲ့သော ကြောက်မက်ဖွယ် မိုးကြောင့် လန့်ဖျပ်၍ ပြေးမိ ပြေးရာ ပြေးကြရာမှ အမေ ဆတ်မကြီးနှင့် တကွဲတပြားစီ ဖြစ်ခဲ့ပုံ ရသည်။
• “သနားစရာလေး၊ အိမ်ယူကြမယ် အမေ နော်”
• “ဘာလုပ်မှာလဲ၊ ဒုက္ခရှာလို့ မယူဘူး”
• သားကလေးသည် ဆတ်ကလေးကို ချုံပုတ်အောက် ပြန်သွင်း ထားခဲ့လေ၏။ အမေနှင့် သားကလေးတို့ ခြေဆယ်လှမ်းမျှ ဝေးသည်တွင် ဆတ်ကလေးသည် သူတို့နောက် လိုက်လာသည်။
• “ဆတ်ကလေး လိုက်လာတယ် မေမေ”
• သားကလေးသည် ဆတ်ကလေးကို ပြေးဖက်လိုက်သည်။
• “လာပါ သားရဲ့” ဟု အမေက ခေါ်သည်။
• “သူ့ခမျာ တစ်ကောင်တည်း မနေရဲဘူးနဲ့ တူတယ်၊ အိမ်ယူကြမယ်”
• “မယုံဘူး ဆိုနေ၊ ဒုက္ခ မရှာချင်စမ်းပါနဲ့ကွယ်၊ ထားခဲ့၊ လာ-အိမ်ပြန် မိုးချုပ်နေမယ်ကွယ့်”
• “မိုးချုပ်ရင် သူ့ကို သားရဲတွေ ကိုက်စားသွားလိမ့်မယ်၊ သူ့ခမျာ သနားစရာလေးပါ အမေ”
• “သနားတော့ သနားစရာပေါ့ ဟဲ့၊ ဒါပေမယ့် အိမ်ယူလို့ ဖြစ်မယ် မဟုတ်ဘူး၊ သူ့ထိုက်နဲ့ သူကကံပေါ့ကွယ်၊ ကဲ-ထားခဲ့တော့”
• အမေနှင့် သားကလေးတို့သည် ခပ်သုတ်သုတ် ထွက်ခဲ့ကြသည်။ ဆတ်ကလေးမှာ နဝေတိမ်တောင်ကလေးဖြင့် ငေးကျန်ခဲ့သည်။ သားကလေးမှာ ဆတ်ကလေးကို ပြန်ကြည့် ပြန်ကြည့်ဖြင့် အမေ ဆွဲခေါ်၇ာ ပါခဲ့၏။
• တောလမ်းကွေ့ တစ်ခုသို့ အရောက်တွင် ဆတ်ကလေးသည် တစ်ဟုတ်ထိုး ပြေးလိုက်ခဲ့ပြန်သည်။ ဆတ်ကလေးသည် သူတို့ ထံပါး ရောက်သည်တွင် ဟပ်ထိုးဝပ်ကျသွားသည်။ ဟောဟဲ-ဟောဟဲ ဖြင့် နှာခေါင်းမှ အရည်များ ယိုစီးနေ၏။
• သားကလေးသည် အမေ့လက်မှ ရုန်းထွက်၍ ဆတ်ကလေးကို ကြင်နာစွာ ပွတ်သတ်ပေးသည်။ ဆတ်ကလေးမှာ တော်တော်နှင့် အမော အပြေနိုင်။ မတ်တတ် မဟန်နိုင်။ ခြေထောက်ကလေးတို့မှာ ယိုင်ခွေနေ၏။
• “အမေရယ်၊ သူ့ခမျာ သနားပါတယ်” ဟု ဆို၍ သားကလေးသည် ဆတ်ကလေးကို မရွက်လိုက်သည်”
• ဤအကြိမ်တွင်ဖြင့် အမေမှာလည်း မတားသာတော့ဘဲ ဆတ်ကလေးကို ယူဆောင်ခဲ့ကြလေသည်။
• သူတို့၏ တဲအိမ်ကလေးသည် တောအစပ် လယ်ကွင်းတစ်ဘက်တွင် ဖြစ်၏။
• ရက်သတ္တ နှစ်ပတ်ခန့ ရှိခဲ့ပြီ ဖြစ်သည်။ သားကလေးမှာ ဆတ်ကလေးကို ယူလာခဲ့သည့် နေ့မှ ဆတ်ကလေးနှင့်သာ အချိန်ကုန်နေလေ၏။ ဆတ်ကလေး စားဖို့ မြက်နု၊ သစ်နု ရှာဖွေရသည်မှာလည်း အမောပင် ဖြစ်လေသည်။ ညအိပ်သည့် အခါမှာလည်း ဆတ်ကလေးကို သူ့အပါးတွင် သိပ်သည်။ ဆတ်ကလေးမှာလည်း တစ်နေ့တစ်ခြား ပို၍ ပို၍ ချစ်စဖွယ် ကောင်နေ၏။ သားကလေးနှင့် ဆတ်ကလေးမှာ ကစားဖော်လည်း ဖြစ်နေ၏။ ဆတ်ကလေးသည် တစ်ခါတစ်ခါတွင် သားကလေးကို နောက်မှ နေ၍ ခေါင်းကလေးဖြင့် ထိခနဲ ဝှေ့ခတ်လိုက်ပြီး ရူတည်တည်ဖြင့် ရပ်နေ၏။ ထိုတွင် သားကလေးက သူ့ကို လှည့်ကြည်သည်။ သို့မဟုတ် သူ့ထံ လက်လှမ်း လိုက်သည် ပြုအံ့။ ထိုအခါ သူသည် ရိပ်ခနဲ လှည့်ထွက်လျက် စောင်းကန် စောင်းကန်ဖြင့် လွှားခနဲ ခုန်ပေါက် ပြေးလေသည်။ အကယ်၍သာ သားကလေးက သူ့ကို ဂရုမစိုက်ဟန် ပြုနေငြားအံ့။ ထိုအခါ သူသည် သားကလေးထံပါး အသာကလေး ၀ပ်နေတတ်ပြန်သည်။
• ထိုသို့ ရှိနေခဲ့ကြရာမှ သားကလေးအတါက် စိတ်မကောင်းစရာ တစ်ခု ပေါ်ခဲ့၏။ အခုတစ်လောတွင် နေညိုလာသည် ရှိသော် ဆတ်ကလေးသည် နားရွက်ကလေး စွင့်၍ တောတန်းဆီသို့ ငေးမျှော်နေသည်။ တောထဲမှ ဆတ်မြည်သံများ ကြားမိလေ၍လား။ တောတိရစ္ဆာန်တို့ ဘာသာဘာဝ တောထဲ တောင်ထဲ သွားနေလို၍ပေလား။ အကယ်၍များ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ဆတ်ကလေး ထွက်သွားခဲ့သော် စသည်ဖြင့် သားကလေးမှာ တွေးတောစိုးရိမ် ပူပန်ခြင်း ဖြစ်နေသည်။
• ယခင်ရက်များက ဆိုလျှင် သားကလေးသည် အမေနှင့်အတူ တောထဲ၊ ကိုင်းထဲ လိုက်ပါခဲ့သော်လည်း ယခုမှာဖြင့် လိုက်ပါမသွားနိုင်ဘဲ ဆတ်ကလေးကို သူ့မျက်စိအောက်မှ အပျောက်မခံနိုင်ဖြစ်နေရလေ၏။ လူမှာလည်း ပင်ပန်းနွယ်းနယ်၍ တစ်နေ့တခြား ပန်ချုံးလာသည်။ တစ်နေ့တွင်မှု သားကလေးသည် အပြင်းဖျားလေတော့သည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းလျက် ကိုယ်ပူရှိန်မှာလည်း သူ့ကိုယ်ပေါ် စပါးစေ့ တင်လျှင် ပေါက်မလားဟုပင် ထင်၇၏။ သားကလေးမှာ မပြော မဆိုဘဲ တုံးပကတိ ရှိနေ၏။
• အမေလုပ်သူမှာ သားကလေး အတွက် ရတက်မအေးဖွယ် သောကကြီးမားစွာ ဖြစ်ရလေသည်။ သူတိုတွင် မအေတစ်ခု၊ သားတစ်ခုသာ ဖြစ်လျက်။ ဖအေဖြစ်သူမှာကား သားကလေး နှစ်ခါလည်ကပင် အိမ်မှ ထွက်သွားလေရာ ဘယ်သွား၍ ဘယ်ရောက်မှန်းလည်း မသိ။ သေလေပြီလား၊ ရှင်နေလေလားလည်း မသိ။ အခုဆိုလျှင် လေးနှစ်ပင် ရှိခဲ့ပြီ ဖြစ်၏။
• အမေသည် တောဆေးမြစ်၊ တောဆေးရွက်တို့ဖြင့် သားကလေးကို ကုသပေးသည်။ နောက်နေ့ညနေတွင်မှ သားကလေးမှာ ကိုယ်ပူရှိန် လျော့၍ သတိပြန်ရလာ၏။ သတီရလာသည် တိုလျှင်ပင် “ဆတ်ကလေး ဘယ်မှာလဲ” ဟုမေးသည်။
• ဆတ်ကလေးမှာလည်း သူ့ အနားတွင် ၀ပ်လျက် ရှိနေ၏။
• “ဆတ်ကလေး ဒီမှာရှိတယ်” ဟုအမေသည် သားကလေး လက်ကို ဆတ်ကလေး ကိုယ်ပေါ် တင်ထားပေးလိုက်လေ၏။
• ထိုနေ့ ညဉ့်တွင့် သားကလေးသည် အိပ်မက်တစ်ခု မြင်မက်လေ၏။ လူကြီးတစ်ယောက်သည် ဆတ်ကလေးကို နွယ်ပင်ဖြင့် ချည်၍ ဆွဲယူသွားရာ ဆတ်ကလေးကို ပြန်ရရေး သူတို့ သားအမိ ပြေးလိုက်ကြ၏။ သူတို့ မမီခင်မှာ ထိုလူကြီးသည် ဆတ်ကလေးကို ခုတ်ဖြတ်ရန် သူ့လက်တွင် ၀င့်လိုက်၏။
• ထိုအချိန်တွင် သားကလေးသည် လန်ကဖျပ်၍ အိပ်ရာမှ နိုးလာခဲ့ရလေသည်။ ကြောက်ရွံ့၍ လည်း သူ့တစ်ကိုယ်လုံး တုန်နေ၏။
• နံနက် မိုးသောက်သည်တွင် သားလေးသည် အမေ့အား အိပ်မက် ပြန်ပြောသည်။ သားကလေး အခြေအနေကို အကဲခတ် စဉ်းစား၍ ဤသို့ ဆိုသည်။
• “ဒါကြောင့် သားကလေးကို ပြောခဲ့၇တာပေါ့၊ ဆတ်ကလေးကို မယူဖို့၊ အခု ကြည့်စမ်း၊ သူကအတွက် စိတ်မချမ်းသာ ဖြစ်နေရပြီ မဟုတ်လား၊ ကိုယ့်ကိုလဲ ပြန်ကြည့်စမ်းပါအုံး သားရဲ့၊ အရိုး ပြိုင်းပြိုင်းထနေတာ ကြည့်ရက်စရာတောင် မဟုတ်တော့ဘုး၊ ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ၊ နောက်တစ်ခါများ နေထိုင်မကောင်း ဖြစ်ခဲ့ရင် စားရေးသောက်ရေးကလဲတစ်ဘက်နဲ့ မခက်ပေဘူးလား၊ မိုးကျဖို့ကလဲ ဘယ်ဝေးတော့လို့လဲ၊ မိုးတွင်းမှာ စားသောက်ဖို့ တို့မှာ ဘာတစ်ခုမှလဲ စုဆောင်းထားတာ မရှိသေးဘူး၊ မဟုတ်လား၊ တကယ်လို့များ ငတ်မွတ်ကြမယ်တဲ့”
• အမေသည် သားကလေး၏ အခြေအနေကို ထပ်မံ၍ အကဲခတ်ကြည်ပြန်၏။ သားကလေးမှာ ဆတ်ကလေးကို ဖက်လျက် ရီဝေသော မျက်လုံးအစုံဖြင့် အမေ့ပြောစကားကို နားစိုက်နေသည်။
• “ငတ်ကြမယ်တဲ့၊ ဘယ်နှယ် လုပ်ကြမလဲ၊ အဲဒီအခါကျတော့ အင်း-သားလေးရဲ့ အိပ်မက်ထဲက ဟိုလူကြီးတင် မဟုတ်ဘူး၊ တို့ ကိုယ်တိုင်ကပဲ ဆတ်ကလေးကို-”
• “အား-ရက်စက်လှချည်လား အမေရဲ့၊ ရက်စက်လှချည်လား”
• သားကလေးသည် အမေ့ ပါးစပ်သို့ လက်ဝါးကလေးကာလျက် ငိုလေသည်။
• “ရက်စက်တယ်တော့ ဘယ်ဟုတ်ပါ့မလဲ သားလေးရယ်၊ အမေလည်း ဆတ်ကလေးကို ချစ်ပါတယ်၊ သနားပါတယ်၊ သူ ဒုက္ခဖြစ်မှာကို အမေ မလိုလားတာကတော့ အမှန်ပါပဲ၊ ကျိန်ပြော၇ဲပါတယ်၊ ဒါပေမယ့် ဒီလို နေကြလို့တော့ ဖြစ်မယ် မဟုတ်ဘူး၊ ဆတ်ကလေးလဲ ဒုက္ခမရောက်၊ သက်မပျောက်၇လေအောင်၊ သားလေးလဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မရှိရလေအောင် တစ်ခုခု စီစဉ်မှ ဖြစ်တော့မယ်။
• သားကလေးသည် ငိုနေသော မျက်လုံးအစုံဖြင့် အမေ့ကို စူးစိုက်ကြည့်၍ မေးသည်။
• “ဘယ်လို စီစဉ်မလဲ အမေ”
• “ဆတ်ကလေးကို တောထဲ ပြန်လွှတ်ဖို့ပဲပေါ့”
• “အဟင့်- အဟင့်၊ မလွှတ်နိုင်ဘူး အမေရဲ့”
• သားကလေးသည် ခေါင်းကလေး ခါခါဖြင့် တကြူကြူ ငိုကြွေးပြန်လေ၏။ သားကလေး ငိုကြွေးနေပြန်တော့လဲ အမေလုပ်သူမှာ ချော့မော့ ပြောရပြန်သည်။
• “အေးလေ၊ အမေက အားလုံးကောင်းဖို့ ပြောမိတာပါကွယ်၊ သားလေး နေကောင်အောင်နေနော်၊ အမေ ကိုင်းထဲ သွားလိုက် အုံးမယ်“
• အမေသည် ပေါက်တူးနှင့် တောင်းကို ယူ၍ ကိုင်းထဲသို့ ထွက်သွားလေ၏။ ထိုတစ်နေ့လုံး သားကလေးမှာ စိတ်နှလုံး မရွှင်မပျဖြင့် ည အိပ်ရာထဲတွင်လည်းအမျိုးမျိုး စဉ်းစားနေမိ၏။ အိပ်မက်ထဲမှ ထိုလူကြီးကို မျက်စိထဲမြင်မိပြန်၍လည်း ကြောက်ရွံ့မိပြန်သည်။ အမေပြောသကဲ့သို့ပင် ဆတ်ကလေးကို တောထဲ သွားလွှတ်လျှင် ကောင်းလေမလားဟု တွေး၍ စိတ်ကူးဖြင့် ဆတ်ကလေးကို တောထဲ လွှတ်ကြည့်နေမိသည်။
• နောက်နေ့တွင် သားကလေးသည် ဆတ်ကလေးနှင့် တစ်နေ့ခင်းလုံး ကစားနေ၏။ ညနေတွင် ဆတ်ကလေးကို တောထဲ သွားလွှတ်ကြမည် ဖြစ်သည်။
• ညနေချိန် ရောက်ခဲ့၏။
• သားကလေးတို့ သားအမိသည် ဆတ်ကလေးကို ယူဆောင်၍ တောထဲသို့ လာခဲ့ကြ၏။
• တော၊ တောင် တို့သည် နေစောင်းလာသည်နှင့် အမျှ တစ်စ တစ်စဖြင့် ညိုမှောင်၍ လာသည်။ နေညိုညိုအချိန် ရှိလာ၏။
• သားကလေး တို့မှာလည်း ဆတ်ကလေးကို မှုလ စတွေ့သည့်နေရာနှင့် နီးခဲ့၏။ ခပ်လှမ်းလှမ်းမှလည်း ဆတ်မြည်သံလိုလို ကြားလိုက်ကြသည်။ သားကလေးမှာ ပျော်သလိုလို ရှိသွား၏။ အမေသို့လည်း မေးလိုက်၏။
• “ဆတ်မြည်သံနော် အမေ”
• “ဟုတ်တယ် ထင်တယ်၊ ဒီကပဲ နေကြမယ်”
• သူတို့သည် ချုံပုတ် တစ်ခုအောက်သို့ အသာဝင်၍ အသံကြားလိုက်ရာ တောင်ကြားဘက်သို့ လှမ်းကြည့်နေကြသည်။ ဆတ်ကလေးမှုကား သားကလေး၏ ကိုယ်ငွေ့ကို လှုံ၍ ၀က်နေ၏။
• ခဏအကြာတွင် တောင်ကြားမှ ဆတ်မ တစ်ကောင် ဆင်းလာသည်။
• “ဟော ဟိုမှာ တွေ့လား အမေ”
• “သားလေး၊ တိတ်တိတ် ငြိမ်ငြိမ်လေး နေစမ်း”
• ဆတ်မသည် တစိုက်စိုက် ဆင်းလာခဲ့ရာမှ နှာခေါင်းဝကို ကားခါ ကားခါဖြင့် အနံခံသည်။ သူ့သား အနံ့ကို ခံမိသည်တွင် ပြေးဆင်းခဲ့၏။ သားကလေးတို့နှင့် မလှမ်းမကမ်း အရောက်တွင် တုံ့ခနဲရပ်ကာ နားရွက်နှစ်ဘက်ကို စွင့်ကား၍ ကြောက်ရွံ့သည့် အမှုအရာဖြင့် သားကလေးတို့ထံ စူးစိုက် ကြည့်နေသည်။ မသင်္ခါဖွယ်ရာ လူသားတို့ကို တွေ့မြင်ရ၍ ကြောက်ရွံ့သွားပုံ ရသည်။
• သားကလေးသည် ဆတ်မကို ငေး၍ ကြည့်နေမိ၏။ အမေသည်ဆတ်မ၏ အခြေအနေကို အကဲခတ်ကြည့်၏။ ဆတ်မမှာ နို့အုံ ဖောင်းတင်းနေသည်။
• ဆတ်ကလေးသည် သားကလေး ဖက်ထားရာမှ မတ်တတ်ထကာ ဆတ်မကို စူးစိုက်ကြည့်၍ အနံ့ခံနေသည်။
• အမေသည် အခြေအနေကို သုံးသပ်လျက် ဆတ်ကလေးကို လွှတ်ပေးလိုက်ရန် သားကလေးအားလက်တို့ အချက်ပေးလိုက်၏။
• ဆတ်ကလေးကို လွှတ်လိုက်ရတော့မည် ရှိလာသည်တွင် သားကလေး၏ ရင်ထဲ တစ်မျိုးကြီးဖြင့် တစ်ကိုယ်လုံး တုန်တုန်ယင်းယင် ၇ှသွားသည်။ သားကလေးသည် ဆတ်ကလေးကို အထပ်ထပ် နမ်းရူပ်လိုက်ပြီး မလွှတ်ချင် လွှတ်ချင်ဖြင့် လက်လွှတ်လိုက်၏။
• သို့ရာတွင် ဆတ်ကလေးမှုကာ ဆတ်မထံ ထွက်မသွားဘဲ ရပ်မြဲ ရပ်ကြည့်နေသဖြင့် အမေက အသာအယာလေး တွန်းပေးလိုက်ပါမှ တစ်လှမ်းချင်း ထွက်သွား၏။ ဆတ်မကလည်း ပြေးခဲ့ပြီး ဆတ်ကလေးကို လျှာဖြင့် အငမ်းမရလျက်၏။ ဆတ်ကလေးက် အမြီးကလေး တယပ်ယပ်ပြုကာ ဆတ်မဗိုက်အောက် ခေါင်းလျှို၍ နို့စို့မည်ပြု၏။ ထိုအခါ ဆတ်မသည် ကိုယ်ကို ချာခနဲ လှည့်၍ တောင်ကြားသို့ ပြန်တက်သည်။ ဆတ်ကလေးက ခုန်ပေါက် မြူးထူးလျက် မိခင် ဆတ်မကြီးနောက် လိုက်၏။
• ဆတ်သားအမိတို့ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသည်၌ သားကလေး၏ အသည်းနှလုံးတို့မှာ တဖျပ်ဖျပ်ဖြင့် ရင်ထဲ ဘလောင်ဆူလာ၏။ သူ၏ မျက်စိနှစ်လုံးတို့မှာ လည်း သွေးအတိ နီထွေးလျက် မျက်ရည်တသွင်သွင် ယိုစီးလာ၏။ ဆတ်ကလေးကို မလွှတ်ခင်ကဖြင့် သားကလေး၏ စိတ်နှလု့းတို့မှာဆွတ်ပျံ့ ကြည်နူးသလို ခံစားမိခဲ့သော်လည်း ယခုမှာဖြင့် သူ၏ စိတ်နှလုံးတို့သည် ညှိုးချုံးသွားရချေပြီ။ သားကလေးသည် အူတုန်အသည်းတုန်ဖြင့် အမေ့ကို အားကိုးပြု မေးလိုက်၏။
• “ဆတ်ကလေး ပြန်လာမယ်လားအမေ”
• သူ၏ အသံမှာ ကွဲအက်နေသည်။
• “ဆတ်ကလေးကို လွှတ်လိုက်ပြီပဲ သားလေးရယ်၊ သူ့အမေ ဆတ်မကြီးနဲ့ သူနဲ့ပြန်တွေ့သွားကြတာ သားလေး ၀မ်းမသာဘူးလား၊ ၀မ်းသာစမ်းပါကွယ်၊ သူပြန်လာဖို့ မမျှော်နဲ့တော့၊ သံယောဇဉ် ဖြတ်လိုက်ပါတော့ သားလေးရဲ့”
• အမေသည် သားကလေးကို ထွေးဖက်လျက် သားကလေး စိတ်သက်သာစေဖို့ ထိုသို့ ပြောပင် ပြောနေငြားသော်လည်း သူမကိုယ်တိုင်၌မှု ရင်ထဲ မချိအောင်ဖြင့် ဖြေမဆည်နိုင် မျက်ရည်တဖြိုင်ဖြိုင်ယိုစီး ငိုကြွေးလေသတည်း။

No comments: