Thursday, October 30, 2008

[လူငယ်များနှင့်မနက်ဖြန်]

click to comment
• လူငယ်များ၏ အိတ်ကပ်တိုင်းတွင်“မနက်ဖြန်” ဆိုတာရှိနေခဲ့သည်။ ထို“မနက်ဖြန်”သည် လူကြီးဘ၀တွင် အလိုအလျောက် ကုန်ခမ်းသွားရမည့် သယံဇာတဖြစ်သည်။ လူကြီးဘ၀၏ ထာဝရ နှမြောတသနေရသော အသက်ဇီဝဖြစ်သည်။ လူငယ်များအပေါ် မနာလိုဝန်တိုး ဖြစ်ရခြင်း၏ အဓိက တရားခံလည်း ဖြစ်သည်။ လူကြီးတစ်ယောက် အတွက် အရာရာတိုင်းသည်“ယနေ့”အတွက်သာ ဖြစ်သည်။ သည့်ထက်ပို၍ ဘာအဓိပ္ပာယ်မှ မရှိနိုင်တော့။
• သို့သော်လည်း ထို“မနက်ဖြန်”သည် လူငယ်များအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုထက် ဘာမှ မပိုခဲ့။ မနက် အိပ်ရာထသည်မှ ညအိပ်ရာဝင်ချိန်ထိ“မနက်ဖြန်”အတွက် ထည့်သွင်း စဉ်းစားနေခဲ့ ရသည်။ ကိုယ်တက်မည့် ကျောင်းကို ရွေးချယ်ဖို့အတွက်လည်း “မနက်ဖြန်”ကို မျှော်ကြည့်ရသည်။ ကိုယ်ယူမည့် ဘာသာရပ်အတွက်လည်း“မနက်ဖြန်”ကို မျှော်ကြည့်ရသည်။ ကိုယ်ရွေးချယ်မည့် အလုပ်အကိုင် အတွက်လည်း “မနက်ဖြန်”ကို မျှော်ကြည့်ရသည်။ တကယ်တော့ လူငယ်ဆိုတာ ဘာမျှမဟုတ်၊ “မနက်ဖြန်”နှင့် တွေ့ဆုံဖို့ ချိန်းဆိုထားသော“ယနေ့”၏ ကိုယ်စားလှယ် တစ်ယောက် သာဖြစ်ပါသည်။ ဘာမှ မှတ်မှတ်သားသား မကျန်ရစ်သော အချိန်ကာလနှစ်ခု၏ ထင်ရှားသိသာသော စပ်ဆက်မှုလည်း ဖြစ်ပါသည်။
• အကူးအပြောင်းကာလ မှန်သမျှသည် တည်ငြိမ်မှုနည်းတတ်သော သဘောရှိပါသည်။ လူငယ်ဆိုသည်မှာလည်း ကလေးဘ၀မှ ကိုယ့်တာဝန်ကိုယ်ယူတတ်သော လူကြီးဘ၀သို့ ကူးပြောင်းတတ်သောကြားကာလတစ်ခုဖြစ်သဖြင့် အင်မတန်လှုပ်ရှားပြောင်းလဲမှုများသော ကာလဖြစ်နေခဲ့ပါသည်။ လူငယ်ဘ၀၏ မရေရာမှုများ၊ လူငယ်ဘ၀၏ စိတ်လှုပ်ရှားမှုများ၊ လူငယ်ဘ၀၏ ယုံကြည်မှုလွန်ကဲခြင်း များနှင့်ပတ်သက်၍ ဆရာမြင့်သန်းတင့် ဘာသာပြန်သော“လေလွင့်သူ” ၀တ္တုသည် အကောင်းဆုံးဖော်ပြနိုင်သော ၀တ္တုဖြစ်သည်။ ၀တ္တုထဲက ဇာတ်ကောင် လူငယ်လေးသည် မျှော်မဆုံးသော ဂျုံခင်းကြီးထဲတွင် ဘာတွေကိုများ လိုက်လံရှာဖွေ နေခဲ့ပါသနည်း။ ဘာတွေကိုများ ဆုပ်ကိုင်ဖို့ ကြိုးစားနေခဲ့ပါသနည်း။ မရေရာသော သူ့အနာဂတ်ကိုလား၊ ဒါမှမဟုတ် ခိုင်ခိုင်မာမာ မရှိသေးသောသူ၏ ဖြစ်ရှိနေမှုကိုလား၊ မည်သူမျှ အသေအချာမပြောနိုင်ပါ။
• အသေအချာပြောနိုင်သည်ကတော့ လူငယ်ဘ၀ဆိုသည်မှာ (၀တ္တုထဲက ညတစ်ညလိုပင်) အလွန်လျင်မြန်စွာ ဖြတ်သန်းကုန်လွန်သွားရသော ကာလတိုလေးသာ ဖြစ်ပါသည်။ လူငယ်တစ်ယောက်သည် လူငယ်ဘ၀ကို စတင်သာယာစပြုလာ ချိန်လေးတွင်ပင် လူကြီးတစ်ယောက်အဖြစ် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ကူးပြောင်းရောက်ရှိ သွားရပါတော့သည်။ သတိထားလိုက်မိချိန်တွင်တော့ သူသည် လူကြီးလုံးလုံး ဖြစ်နေခဲ့လေပြီိ။ သူဘယ်တုန်းကမှ စိတ်မကူးကြည့်ခဲ့ဖူးသော တာဝန်နှင့်ဝတ္တရားများသည် သူ၏ အ၀တ်အစားများသဖွယ် ကိုယ်ခန္ဓာနှင့် တစ်သားတည်းဖြစ်နေသည်ကို အလန့်တကြား သိရှိသွားရသောအချိန်တွင် သူ၏ လူငယ်ဘ၀သည် နှမြောတသဖွယ်ရာ ကုန်ဆုံးပျောက်ကွယ် သွားခဲ့ပြီဖြစ်ကြောင်း စိတ်မပါ့တပါနှင့် ၀န်ခံလိုက်ရပါတော့သည်။
• နောက်ဆုံးအနေနှင့် ပြောချင်သည်မှာ လူငယ်ဆိုသည်မှာ မိုးရွာပြီးစနှင့် နေပူကာစပေါ်လာသော သက်တံတစ်ခုနှင့် တူပါသည်။ သူ၏အလှကို အားကျမနာလို ဖြစ်နိုင်ပါသည်။ တကယ်အရှိ တရားမဟုတ်ဟု ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါသည်။ သို့သော် ၄င်းကိုဖျက်ဆီး၍ မရသလို ဖန်တီး၍လည်း မရနိုင်ပါ။ သို့သော်မကြာမီ ပျောက်ကွယ်ကုန်ဆုံးသွား ရတော့မည် ဆိုတာကိုတော့ သတိချပ်ဖို့ အရေးကြီးလှပါတော့သည်။

No comments: