Sunday, October 19, 2008
& အချစ်ဝတ္တု &
• နှင်းစာမရေး ဖြစ်သည်မှာကြာပြီ။ ကြာဆို တော်တော် ကြာပါပြီ။ နေ့ရက် အတိအကျတော့ မမှတ်မိ။ ပြီးခဲ့သည့် မိုးတွင်းထဲကကို စာတစ်လုံးမှ မရေးဖြစ်။ အားအားရှိ စာချည်းလှိမ့်ဖတ်နေသည်။ စာက လည်း ဖတ်၍မကုန်၊ မှတ်၍မခန်း ဖြစ်နေသည်။ ဟိုစာအုပ် သည်စာအုပ်၊ ဟိုမဂ္ဂဇင်း သည်မဂ္ဂဇင်း၊ ဖတ်တော့လည်း အများကြီး။ ဘာဘဲဖြစ်ဖြစ် နှင်းကတော့ စာမရွေး။ ကောင်းတာ မကောင်းတာ နောက်မှကြည်ရှင်း၊ လောလောဆယ်တော့ တိရစ္ဆာန်လေးများအကြောင်းတော်တော်လေးရေးဖြစ်နေသည်။
• ထားပါ။ ဒါတွေ အကြောင်းမဟုတ်။ အကြောင်းက နှင်းစာမရေး ဖြစ်သည့်အကြောင်း။ ဘာကြောင့် ညာကြောင့်ရယ်ဟူ၍ မည်မည်ရရ လည်းမရှိ။ တချို့စာရေးဆရာတွေလို အရှည်ကိုင်နေ၍ အတိုကိုခဏ ဆိုင်းထားခြင်းမျိုးလည်း မဟုတ်။ တခြားလုပ်ငန်းလည်း သည်လောက်မရူပ်ထွေး။ အမှန်ကတော့ စာမရေးဖြစ်တာ ဘယ်သူ့တရာခံ ရှာရမှန်းမသိပုံမျိုး ဖြစ်နေသည်။
• အခု ပြန်တွေးကြည့်တော့မှ နှင်းစာမရေးဖြစ်သည့်နေ့ကို သွားသတိရမိသည်။ ထိုနေ့က အိမ်မှာ ကြောင်(ဒီလုံး) လေး ခွေးကိုက်ခံရသောနေ့ ပင်ဖြစ်သည်။ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် နှင်းအဒေါ်က မြို့မရွာမှ ခွေးပေါက်စလေး (တစ်လသားပဲ ရှိအုံးမည်) လာပေးသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
• နောက်တစ်ခု ထူးဆန်းတာက ထိုခွေးပေါက်စကလေးမှာ ခွေးကိုက်၍ သေသွားသော ကြောင် (ဒီလုံး) လို အနက်ကျား၊ အဖြူပြောက် ဖြစ်နေ၍ ထိုနေ့မှာပင် ထိုခွေးလေးကို နှင်းတို့မိသားစုတစ်သိုက်က ဒီလုံးဟု အမည်နာက တပ်ပေးလိုက်လေသည်။ ဟုတ်ပါရဲ့။ နှင်း စာမရေးဖြစ်သည်မှာ ထိုနေ့မှစကြောင်း ခုမှ တွေးမိလေသတည်း။
• အမှန်ကလည်း ခွေးမွေး၊ ကြောင်မွေး ဆိုသည်မှာ လွယ်ကုလှသည့် တော့မဟုတ်။ အလွန်ကရိကထများသော အလုပ်ဖြစ်သည်။ ခွေးကြောင် ချစ်တတ်မှဖြစ်သည်။ မချစ်လျှင် ကြောင်ချေး၊ ခွေးချေးသည် ဘယ်လိုမှ အနံ့ ခံရက်စရာမရှိ။ ကြောင်ချစ်မှ ကြောင်ချေးကို ခံနိုင်သလို ခွေးချစ်မှ ခွေးချေးကို ခံနိုင်လေသည်။
• နှင်းတို့ မိသားစုကတော့ ဘယ်ရှေး ရေစက်ထဲက ပါရမီဆုတောင်း အကြောင်းသင့်ခဲ့ကြသည်မသိ။ နှင်း မေမေကချစ်သလ၊ို နှင်းဖေဖေ နှင့် ညီအစ်မများကလည်း ကြောင် ခွေး ကို စုံမက်သည်။ ယုတ်စွအဆုံး ဖေဖေ အမေကြီးကတောင် သားနှင့် ချွေးမ ချစ်ကြသည်ဆိုတော့ သူလည်း ပညတ်သွားရာ ဓာတ်သက်ပါပြီး လိုက်ချစ်လာရလေသည်။
• ထို့ကြောင့် နှင်းအိမ်မျာ ကြောင် ၅-ကာင်ရှိ၍ ခွေး ၁-ကောင်(ဒီလုံး) ရှိလေသည်။ ယခု နှင်းပြောပြချင်သည်မှာ ကြောင် ၅-ကောင်အကြောင်းမဟုတ်ဘဲ မြို့မှယူလာသည့် ခွေး ဒီလုံးအကြောင်းသာတည်း။
• ဒီလုံး ရောက်လာခါစက တကယ့် စုတ်တီး စုတ်ဖတ် ခွေးလေးဖြစ်ပါသည်။ ဘာ ဗိုလ်ခွေး၊ ကုလားပဲခွေးမျိုးလည်း မစပ်။ အယ်လ်ဇေးးရှင်း ခွေးမျိုး ဖြစ်ဖို့ကတော့ ဝေလာဝေး။ ဟို- တောကြို တောင်ကြားက ခွေး။ ဘယ်မြို့နေ အယ်လ်ဇေးရှင်းနှင့် တူနိုင်၊ တုနိုင်ပါ့မည်နည်း။
• သို့သော် ဒီလုံး မျိုးရိုးဇာတိ ဘယ်ကဟု မသိနိုင်သော်လည်း အမဲလိုက် ခွေးမျိုးထဲက လာကြောင်းတော့ ငယ်ငယ်ကတည်းက ဇာတိပြလေသည်။ အဲ- သူ့ ဇာတိပြတာက ထားဦး။ အရင် သူ့အိမ် လာရောက်၍ သူ့ကို နှင်းတို့အိမ်မှ ကြောင်ဘွားအေကြီးဟု ခေါ်ရမည့် မိဝါက အရင် ပညာပေးလိုက်လေသည်။
• ပညာပေးသည် ဆိုခြင်းမှာ တခြားမဟုတ်။ ဒီလုံး၏ မျက်နှာကို လက်သည်းဖြင့် ကုတ်ခြစ်လိုက်ခြင်း ဖြစ်သည်။
• “ခူး-ခူး၊ ကိန်-ကိန်”
• “ဟဲ-ဟဲ၊ တယ်-ဒီကြောင် သွားစမ်း၊ ဒါတို့မွေးထားတာ၊ နင်မသိဘူးလား”
• အမေက လှမ်းတားလိုက်မှ မိဝါ ဒီလုံးကို မကျေမနပ်ကြည့်၍ နေရာမှ ခွာသွားခဲ့လေသည်။ ပထမဦးဆုံး ဒီလုံး ညာဘက်ပါးမှာ သေရာ ရှင်ရာ အမာရွတ်ကြီးတစ်ခု ထင်သွားခြင်းကပင် ဒီလုံး ဇာတ်လမ်း စသည်ဟု ဆိုနိုင်ပေတော့သည်။
• “ဒီလုံး-ဒီလုံး၊ အို့-အို့”
• ဒီလုံးကို ထမင်းကျွေးဖို့ မေမေက ခေါ်သံပင် ဖြစ်သည်။ ခေါ်လိုက်တိုင်း အမြီးတနန့်နန့်၊ ခေါင်းတလှုပ်လှုပ် လုပ်တတ်သော ဒီလုံးကို တစ်မိသားစုလုံး ၀ိုင်းချစ်ကြသည်။ အထူးသဖြင့် နှင်းက အလုပ်မှ ပြန်လာတိုင်း မုန့်တစ်ခုခု ၀ယ်လာပြီး ဒီလုံးကို ကျွေးလေ့ ရှိရာ နှင်း အလုပ်ပြန်ချိန်ရောက်လျှင် ဒီလုံး အဆင်သင့် အိမ်ပေါက်ဝက စောင့်ကြိုနေတတ်သည်။
• ဒီလုံးမှာ ကောင်းသော အကျင့်တစ်ခုရှိသလို မကောင်းသော အကျင့်တစ်ခုလည်းရှိသည်။ အကျင့် တစ်ဆင်စာလို့ဆိုလည်း ရနိုင်ပါသည်။ အဲ့ဒါက တခြားမဟုတ်။ သေးပေါက်၊ ချေးယိုလုပ်သည့်အခါတိုင်း အိမ်ခြံထဲကထွက်၍ အပြင်မှာ ထွက်ပေါက်၊ ထွက်ယို လုပ်သလို ခွေးကတက်မှာ သူ့အိပ်ရာ လုပ်ပေးသော်လည်း မအိပ်ဘဲ အိမ်ပေါ်သို့ တက်အိပ်တတ်ခြင်းတည်း။ အတင်း ရိုက်နှက်၍ ခေါးကတက်သို့ ပို့သော်လည်း သူမသွား။ အသားနာလွန်း၍ သွားရသည့်တိုင် တစ်ညလုံးတအီအီ တအာအာနှင့် လူကိုနှိုး၍ တံခါးဖွင့်ခိုင်းနေတတ်သည်။ ကြာတော့ နှင်း တို့မိသားစုပဲ သူ့ကို အရူံးပေးလိုက်ရသည်။
• “ကဲကွာ၊ ဒီကောင် လူနဲ့နီးစပ်တယ်ကွ၊ ဒါကြောင့် လူနား နေချင်တာ၊ ဖွင့်ပေးလိုက်ပါကွာ”
• ထိုသို့၊ ထိုပုံ ကိုယ်တော်ချော ငဒီလုံးကား ခွေးကတက်မှသည် အိမ်ပေါ်ဆီသို့ ဂျန့်ပရိုမိုးရှင်း တက်သွားလေတော့ သတည်း။
• ဒီလုံးကို အိမ်ပေါ်မှာ အိပ်ခွင့်ပေးလိုက်သည်နှင့် အိမ်ပေါ်မှာ တပ်စွဲ နေရာယူထားကြသည့် မိဝါတို့ (ကြောင်) အုပ်စုနှင့်ပြသနာ ဖြစ်တော့သည်။ မိဝါကလည်း ခုမှ ကြောင်သားလေးတွေ ပေါက်ခါစ အချိန်။ ထို့ကြောင့် ဒီလုံးကို ကြည့်၍ အမြဲတမ်း မာန်ဖီနေသလို သူ့သားငယ်များကို အခန်းထဲရွှေ့လိုက်၊ အိမ်ပေါ် တင်သွားလိုက်နှင့် ဗျာများနေသည်။
• ဒီလုံးကတော့ ခုမှာ ရောက်လာသည့်သူဆိုတော့ ကြောင်အားလုံးကို အရူံးပေး ဆက်ဆံသည်။ ကြောင်တွေ ထမင်းကျွေးချိန် ဒီလုံး မျက်စိအတင်းမှိန်၍ အိပပျော်နေသည်။ အမှန်က သူအိပ်တာ မဟုတ်။ တမင်ဟန်လုပ်၍ သူမရူပ်ကြောင်း နှင်းတို့ကို မျက်စိ စုံမှိတ်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် မေမေက-
• “အကိုရေ၊ နှင်း ဒီလုံးက ခွေးလည်၊ ဟိုမှာကြည့်လေ၊ ဒီမှာကြောင်တွေ ထမင်းကျွေးနေတာ သူမသိသလို လုပ်နေတယ်၊ ဟုတ်သားပဲ၊ ဒီလုံးလဲ ဆာရောပေါ့၊ လာ-လာ၊ ဒီလုံး ပန်ကန်နဲ့ ဒီမှာထမင်းလာစား-လာ”
• နှင်း ပန်ကန်ထဲ ထမင်းထည့်ကျွေးမှ ဒီလုံးခပ်တည်တည် ထစားလေသည်။ ထိုစဉ် မိဝါကလေး (ကြောင်မည်း) လေး တစ်ကောင် ဒီလုံး စာနေသည့် ထမင်း ပန်ကန်ကို ၀င်နှိုက်စားသည်။ နှင်း စာဖတ်နေရာက လှမ်းမြင်၍ စိတ်ထဲ ဒီလုံးများ ဟပ်လိုက်မလားဟု စိုးရိမ်သွားသည်။ သို့သော် နှင်း မြင်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ရသည်နှင့်အမျှ ရင်ထဲလည်း ချမ်းမြေ့ သွားရလေသည်။
• ထိုမြင်ကွင်းကာ တခြားမဟုတ်။ ဒီလုံးက သူ့ထမင်းပန်ကန် လာနှိုက်စားနေသော ကြောင်ကလေးကို လက်ဖြင့် ခေါင်းကို ဖိ၍ ဟိုလျက် သည်လျက် လုပ်ပေးနေခြင်းပင် ဖြစ်သတည်း။
• သည်လိုနှင့် ဒီလုံးလေးသည် ငါးခြောက်လသား၊ အလွန်ထွားလာသည်။ မြို့မှာနေတော့ ခွေးနေမှု အဆင့်အတန်း မြင့်မားလာသည်လား မပြောတတ်။ အရောင်အသွေးကအစ တောက ရောက်ခါစလို စုတ်တိစုတ်ပြတ် မဟုတ်တော့။ တသွေး တမွေးနှင့် လှပနေသည်။ တတ်လိုက်တာလည်း မပြောနှင့်တော့။ ဖေဖေ ရုံးဆင်းချိန်ဆို လာကြိုနေတတ်သလို နှင်း ဈေးက ပြန်လာလျှင်လည်း ခုန်ပေါက်ပြေးလွှား ကြိုတတ်သည်။
• “ဒီလုံး ညာလက် ပေးအုံး”
• ဒီလုံးက သူ့ညာလက်ကို ပေးသည်။
• “ဘယ်လက်၊ ဘယ်လက်”
• သူ့ ဘယ်လက် ထုတ်ပေးသည်။
• “ဟေ့-လျှာကြီး အပြင်မထုတ်နဲ့၊ အထဲထည့်ထား”
• သိသလိုပဲ။ သူ့လျှာကို ကမန်းကတန်း ပါးစပ်ထဲ ပြန်ထည့်သည်။ နှင်း စားသည့်မုန့်မှန်သမျှ သူတောင်းစားသည်။ ယုတ်စ အဆုံး ရေခဲမုန့်က အစ မအေးမပြု တောင်းစားတတ်သည်။ ဒီလုံးအမြဲတမ်း တော့ဆော့သောကြာင်ကား မိလုံးသား အကြီးကောင် ငနက်ပင်ဖြစ်သည်။ ငနက်နှင့် ဒီလုံး အလွန်တည့်သည်။ ကိုက်ဖို့နေနေသာ ငနက်ကို တခြားကြောင်များက ကိုက်တာတောင် ဒီလုံးမကြိုက်။ သူ့ရှေ့မှာ ငနက်ကို တစ်စုံ တစ်ယောက်က လုပ်နေတာ မြင်လျှင် ဒီလုံး တ၀ုတ်ဝုတ်နှင့် လိုက်ဟောင်တတ်သည်။ အထူးခြားဆုံးက ကြောင်ငနက်ကလည်း ကြောင်အုပ်စုထဲမှာမနေ။ ဒီလုံး နားမှာနေ၍ ညညအိပ်လျှင် သူ့အမေမိဝါနှင့် မအိပ်။ ဒီလုံးရင်ဘတ်ထဲ တိုးဝှေ့ ၀င်အိပ်တတ်သည်။ ထို့ကြောင့် နှင်းတို့အိမ် လာလည်သူမှန်သမျှ ခွေးနှင့် ကြောင်။ သည်လောက် ချစ်ခင်စုံမက်နေကြာင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရသဖြင့် ရင်သပ်ရှုမော ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ရလေသတည်း။
• တစ်နေ့၊ ထိုနေ့သည် နှင်း အတွက်ရော၊ ဒီလုံးအတွက်ပါ နေ့ထူး နေ့မြတ် အဖြစ် မှတ်တမ်းတင်ရမည့် နေ့ဖြစ်ပါသည်။ ထိုနေ့က နျင်း အလုပ်ပိတ်ရက်မို့ စာတစ်အုပ်နှင့် အိမ်အောက် ဒန့်သလွန်ပင်ရိပ်မှာ ပက်လက် ကုလားထိုင်ချ၍ စာဖတ်နေသည်။ ဒီလုံးနှင့်ငနက်သေလေး အိမ်ရှေ့ လမ်းပေါ်မှာ ကစား နေကြသည်။ ထိုစဉ် တစ်ဘက်အိမ်က ခေါးဆိုးအောင်နက်က ငနက်လေးကို အတင်း ၀င်ဆွဲသည်။ ၀င်ဆွဲချိန်မှာ ဒီလုံး ချုံဘေးမှာ သေးပန်းနေချိန်။
• “ညောင်-ညောင်...”
• အသံကြား၍ ဒီလုံး လှမ်းကြည့်လိုက်သည်။ အောင်နက်သည် ဒီလုံးထက် အသက် အများကြီး ကြီးသည်။ မိန်းမပင် ၃၊ ၄ ဆက်ရပြီးပြီ။ ဒါပေမယ့် ရပ်ထဲမှာ ဘယ်ခွေးနှင့်မှ မတည့်။ ကြောင်ဆိုလျှင် အရိပ်မြင်သည်နှင့် လိုက်သည့် ခေါးဆိုးဖြစ်သည်။ ထိုခွေးဆိုးကာ အလစ်တွင် ငနက်ကို ၀င်ဆွဲလေပြီ၊ ဒီလုံး မဟောင်တော့ ဟောင်ဖို့ပင် သူသတိရဟန်မတူ။ အောက်နက် နောက်ကို အတင်း ပြေးလိုက်၍ အောင်နက်ကိုယ်ပေါ်သို့ လွှားခနဲ ခုန်ဝင်လိုက်သည်။ အောင်နက်က ဟပ်ထားသော ငနက်ကလေးကို လွှတ်ချ၍ ဒီလုံးကို လက်နှစ်ဘက်ဖြင့် ဘယ်ညာပြန်လွှဲရိုက်သည်။
• ဒီလုံး အရှောင် ကောင်းသည်။ ကိုယ် ကို နောက်တစ်ချက် ယို့၍သာမန် ခွေးထက် ကြီးမားသော သူ့ခေါင်းကြီးဖြင့် အောင်နက် ရင်ဘတ်ကို ပြေးဆောင့်သည်။
• “ကိန်-ကိန်.....”
• အောင်နက် အရိုက်ထိသွားဟန် တူသည်။ “ကိန်” သံ ထွက်သါားသည်။ သို့သော် လူကြီးကို (အဲ-ခွေးကြီး) ကို ခွေးငယ်က ရာရာစစ လာအန်တုလို့ ဘယ်ရမလဲဟူသော မျက်နှာပေးဖြင့် ဒီလုံးကို အတင်း ၀င်ဆွဲသည်။
• ဒီလုံးကလည်း သတ္တိကောင်း။
• အောက်နက် ၀င်အဆွဲမှာ နှာနုကို သူ့ ညာလက်ဖြင့် ပင့်၇ိုက်လိုက်သည်။ တစ်ချက်တည်း အောင်နက် ဖင်ထိုင်ကျသွားလေသည်။
• “ကိန်-ကိန်-ကိန်.....”
• ကြောက်ပါပြီဗျာ ဟူသော အဓိပ္ပာယ်လားမသိ။ တကိန်ကိန်နှင့် အောင်နက် အော်ပြေးပါလေတော့သည်။ ထိုစဉ် ဒီလုံးသည် သူ့ကြောင်လေး (ငနက်ကလေး) ကို လမ်းမပေါ်မှ အသာငုံ၍ ချီလာသည်။ ပြီးတော့ နှင်းကို မော့် ကြည့်သည်။ ငနက်လေးကို လျှာနှင့်လျက်ပေးသည်။ ငုံထားရုံဆိုတော့ ဘာဒဏ်ရာမျှမရှိ။ ငနက်ကေးလက ကလေးဆိုတော့ ဒီလုံးကို ကုတ်ခြစ်ဆော့ ကစားသည်။ ဟိုပြေး သည်ပြေး လုပ်သည်။ သည်တော့မှ ဒီလုံးက နှင်းကို မော့်ကြည့်ပြိး ငနက်လေးဘက် လှည့်ကာ တ၀ုတ်ဝုတ်နှင့် ဟောင်ရင်း အသံမှာတိတ်သွား၍ မျက်စိမှိတ်ကာ မိမိချစ်ခင်ရသူတွက် အသက်ပေးရင်း လောကကြီးတစ်နေရာမှ ထာဝရ ထွက်ခွာသွားပါတော့သည်။
• ဒါကြောင့် လူတွေမပြောနှင့် တိရစ္ဆာန်ပင်လျှင် အချစ်ကို ကိုးကွယ်မိပြီဆိုပါက ၊ မိမိသခင် တစ်စုံတစ်ယောက် တစ်ဦးတစ်ယောက် အပေါ် သံယောဇဉ်ထားမိခဲ့ပါက အသက်ကိုပင်ပေးဆက်လျှက် သစ္စာရှိတတ်သော တိရိစ္ဆာန်တစ်မျိုးမှာ “သစ္စာရှိသော ခွေး” ပင်ဖြစ်သည်ဟု ဆိုကြရခြင်းပင်တည်း။ ခွေးဆိုသော တိရစ္ဆာန်မှာ သခင်ကျွေးသောအရိုးအရင်း များကို စာပြီး မသေမချင်း သခင့်အပေါ် သစ္စာရှိစွာနဲ့ ကာကွယ်စောင့်ရှောက်ပေးတတ်၍ အလွန်သစ္စာရှိသော “ခွေး” ကို “နှင်း” အချစ်ဆုံးပင်ဖြစ်သည်။
• “၀ုတ်-၀ုတ်-၀ုတ်........”
• သူငယ်တန်းဖတ်စာမှာ “လူ့စကားသူမသိ၊ သူ့စကားလူမသိ” ဟု ဆိုသော်လည်း ယခု ဒီလုံးပြောသည့် စကားကို နှင်း နားလည်လိုက်ပါသည်။ ထိုစကားကို ဘာသာ ပြန်ပေးနိုင်ခဲ့သူရှိလျှင် ကောင်းလေမည်ဟု သာတွေးနေမိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment