Thursday, January 1, 2009

" ဘ၀တွေအောင်မြင်ဖို့ လိုအပ်ချက်လေးတွေ"

အရာရာကိုအကောင်းမြင်ပါ
လူသားတိုင်းကို နဂိုထက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါ။ ကိုယ်မျှော်လင့်ထားတဲ့ အတိုင်းပို၍ တော်မလားဘူး၊ ဖြစ်မလာဘူးဆိုလျှင်လည်း စိတ်မပျက်ပါနဲ့၊ ဆက်ပြီးမျှော်လင့် အားပေးခြင်းဖြင့် သူ့ဘ၀ကို တိုးတက်အောင် ဆက်လက်ကြိုးစားနိုင်ဘို့အတွက် အထောက်အ ကူပြု အားပေးနေခြင်းသာဖြစ်တယ်လို့ မှတ်ယူလိုက်ပါ။

ပုံစံပြောင်း
သင့်အနေနဲ့ လူတစ်ယောက်ကို ပုံစံပြောင်းပြီး ထိန်းကျောင်းချင်ပါသလား။ သူ့ဘ၀ကို ပိုပြီး ကောင်းးလာအောင်လုပ်ချင်တဲ့စိတ်ဟာ အလွန်ကောင်းပါတယ်။ ကျွန်ုပ်လဲသဘောတူပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို သင့်ကိုယ်သင်စပြီး လုပ်ကြည့်ပါလား။ ကိုယ်ကျိုးသက်သက် စမ်းလုပ် ကြည့်ပါ။ တစ်ခြားလူတွေ ပိုပြီးကောင်းလာအောင် လုပ်ပေးရတာထက် မိမိကိုယ်ကိုပိုပြီး ကောင်းအောင်လုပ်ရတာက ပိုပြီးတွက်ချေကိုက်ပါတယ်။ အဲ...ပိုပြီးတော့လည်း အန္တရာယ် ကင်းပါတယ်လို့ အကြံပြုချင်ပါတယ်။

ပုံစံခွက်
လူတိုင်းမှာ ပုံစံခွက်ရှိပါတယ်။ နေရာတကာမှာ ကိုယ့်ရဲ့ပုံစံခွက်ကြီးကို ရှေ့တန်းတင်ကာ ထုတ် ထုတ်ပြီးမပြပါနဲ့။ ဆိုလိုတာက လက်ရှိကိုယ်ပိုင် လုပ်ငန်းရှိနေတဲ့လူကို သူ့လုပ်ငန်းမကောင်း ကြောင်းပြောပြီး ကိုယ့်လုပ်ငန်းကောင်းကြောင်း ပြောတာမျိုးကို ဆိုလိုတာပါ။ သူ့ပုံစံခွက် မကောင်းသည့် တိုင်အောင် သူ့လုပ်ငန်းအကြောင်းကို ချီးမွမ်းပါ။ ကိုယ်က ချီးမွှမ်းလိုက်ပြီ ဆိုတာနဲ့ သူ့လုပ်ငန်းအပေါ် ထားရှိတဲ့စိတ်ထား မှန်သမျှတွေကို ကြားသိရပါလိမ့်မယ်။ အဲဒီလို ကြားသိမှုအပေါ်မှာ သူ့ပုံစံခွက်ကောင်းလျှင် ကောင်းတဲ့အကြောင်း၊ မကောင်းလျှင် မကောင်း တဲ့အကြောင်း ရှင်းပြပါလိမ့်မယ်။ ကိုယ့်အနေနဲပ သူပြောသမျှကို စိတ်ရှည်စွာနားထောင်ပြီး မိမိလက်ရှိ လုပ်ငန်းနှင့်နှိုင်းယှဉ်ကာ ရှင်းပြနိုင်ပြီဆိုလျှင် ကိုယ့်မိတ်ဆွေက မကောင်းတဲ့ ပုံစံခွက်ကို လွှင့်ပစ်ပြီး ကောင်းတဲ့ပုံစံခွက်ကို သိမ်းပိုက်ပါလိမ့်မည်။ ကိုယ့်ပုံစံခွက်ကို သဘော ကျလျှင် ကိုယ့်ပုံစံခွက်ထဲ ရောက်လာပါလိမ့်မယ်။

ကိုယ်စိတ်ကိုစစ်ပါ
လူတိုင်းကို အပြစ်မတင်ပါနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့၊ ဝေဖန်အပြစ်မပြောပါနဲ့၊ ကိုယ် ကိုယ်တိုင်လည်း အပြစ်တင်တာ၊ ဝေဖန်တာမခံနိုင်ဘူး၊ ဝေဖန်အပြစ်ပြောခြင်းဟာ ဘယ်သူ့ကို မှ အကျိုးမပြုဘူး၊ ဥပမာ- လူတစ်ယောက်ကို ဝေဖန်ကြည့်၊ သူ့ကိုယ်သူကာကွယ်ခုခံဖို့ အသင့် ပြင်ဆငိခိုင်းလိုက်သလိုဖြစ်သွားတယ်။ သူလုပ်တာကိုင်တာ အမှန်အကန်ဖြစ်တယ်လို့ သူပြော ဆိုတော့မယ် မဟုတ်လား၊ ဝေဖန်ရေးလုပ်တဲ့သူကို အန္တရာယ်တွေဝန်းရံလာလိမ့်မယ်။ ဝေဖန် ရေးဟာ လူတစ်ယောက်ရဲ့အတ္တကို ဒဏ်ရာရသွားစေနိုင်ပါတယ်။ သူ့ကိုယ်သူ အရေးပါအရာ ရောက်သူလို့ ယူဆနေတာကို ထိခိုက်သွားစေတယ်။
ဒါဆိုဘယ်သူက ကျေနပ်မှာလဲ၊ ကိုယ့်ကိုမကျေမနပ်ဖြစ်ပြီပေါ့ ကိုယ်ကဘယ်လောက်ပဲ ဝေဖန်အပြစ်တင်မှုတွေလုပ်လုပ်၊ အပြစ်ရှိသူကတော့ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ဘယ်တော့ မှ ယူဆမှာမဟုတ်ဘူး။ နောင်တဆိုတာမျိုးတော့ ဝေလာဝေး၊ ဒါဟာ လူ့သဘာဝပဲ၊ ပြစ်မှု ကျူးလွန်သူတစ်ဦးဟာ သူ့ကိုယ်သူကလွဲပြီး တစ်ခြားလူအားလုံးကိုသာ အပြစ်တင်မယ်၊ ကျွန်ုပ် တို့အားလုံး ဒီလိုချည်းပါပဲ။ နောက်ဆုံးဝေဖန်သူကို အပြစ်ပြန်တင်မယ်။ ရန်သူအဖြစ် သတ်မှတ်လိမ့်မယ်၊ ကိုယ်လဲသူတို့လို အခြေအနေမျိုးနဲ့ကြုံရင် ဒီလိုလုပ်မိ မှာပဲဆိုပြီး စာနာထောက်ထားမှုပေးလိုက်ပါ။ လူတိုင်းက အမှားမကင်းတတ်ကြပါဘူး။ ခဲတံမှာ ခဲဖျက်တပ်ထားတာဟာ လူတိုင်းအမှားမကင်းတတ်ကြလို့ပါ။ ကိုယ့်စိတ်ကိုစစ်၊ ကိုယ့်အပြစ်ကို ရူ၊ သူ့အပြစ်ကိုမရှုနဲ့၊ အဲဒါတစ်ကယ့် ဘေးလုံခြုံတဲ့လူပဲလို့ ပြောချင်ပါတယ်။

မေတ္တာတရား
ကိုယ့်ရဲ့စိတ်ထားတွေကို ပြင်လိုက်ကြရအောင်။ လူတွေကို အပြစ်တင်ရူံ့ချတာထက် သူတို့ကို နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားကြရအောင်။ လူကောင်းမှာပဲဖြစ်ဖြစ်၊ လူဆိုးမှာပဲဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်းထားရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထဲကလူဖြစ်ပြီး လူ့အ သွေးအသားနဲ့ တည်ဆောက်ထာလို့ပါ။ ဒါကြောင့် တရားကျင့်ကြတဲ့ဆရာတော်ကြီးတွေဟာ လူသားတွေကို မေတ္တာပို့တဲ့အခါမှာ ဤသူတော်ကောင်း ဘေးရန်ကင်းပါစေ၊ ဤသူတော် ကောင်း စိတ်ဆင်းရဲခြင်းမှ ကင်းပါစေဆိုပြီး မေတ္တာပို့ကြတယ်။ ကိုယ်ကမေတ္တာတရားထားမှ သူတို့ကလည်း မေတ္တာစိတ်ဖြစ်လာကြလိမ့်မယ်။ ခက်ထန်ကြမ်းတန်း ဒေါသကြီးတဲ့ လူကိုစာ နာမေတ္တာစိတ်ဖြင့် ဆက်ဆံကြည့်လျှင် နှုးညံ့သိမ်မွေ့လာပါလိမ့်မယ်။ လူတစ်ဦးချင်းစီရဲ့ အ ကြောင်းကို သိလျှင် အားလုံးအားလုံး သနားစရာတွေချည်းပါပဲ။ အားလုံးကိုသိရင် အားလုံးကို ခွင့်လွှတ်တတ်လာပါလိမ့်မယ်။

အလျင်စလို
တစ်ဦးနှင့်တစ်ဦးစတွေ့စဉ်မှာ မစူးစမ်းအစင်ခြင် မလေ့လာပဲနဲ့ ဘယ်အကြောင်းအရာကိုမှ အ လျှင်စလို မလုပ်မိပါစေနဲ့။ အလျှင်စလိုဆုံးဖြတ်မိလျှင် နောင်သောအခါမှာ ပူပန်မှုအထွဋ်အထပ် ရောက်တက်ပါတယ်။ သူတစ်ပါးထိခိုက်နစ်နာပြီး အကျိုးမရှိတဲ့စကားကို အလျှင်စလို မပြောမိ အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါ။

ချီးမွှမ်းပါ
ချီးမွှမ်းစကားဆိုရင် လူတိုင်းကြားချင်ကြပါတယ်။ လူတွေငါ့ကို အားမပေးကြဘူး။ ငါကရောလူ တွေကို အားပေးလို့လား။ လူတွေငါ့ကိုအကောင်း မမြင်ကြဘူး။ ငါကရောလူတွေကို အားပေး လို့လား။ လူတွေက ငါ့ကိုမေတ္တာမထားကြဘူး။ ငါကရောလူတွေကို မေတ္တာထားလို့လား။ ကိုယ်ကလူတွေကို အကောင်းမြင်မှ လူတွေကလည်း ကိုယ့်ကိုအကောင်း မြင်ကြလိမ့်မယ်။ ချီး မွှမ်းတယ်ဆိုတာ အားပေးခြင်းတစ်မျိုးပဲဖြစ်တယ်။ အလုပ်သမား ၁၀၀ မှာ ၉၉ ယောက်သော အလုပ်သမားတွေဟာ သူတို့ကိုဆက်ဆံလျှင် ချီးမွှမ်းအားပေးပြီး ဆက်ဆံပါက အလုပ်မကြိုး စားတဲ့သူ တစ်ယောက်မှမရှိဘူး။ လူဆိုတာဝေဖန် အပြစ်ပြောတာထက် ချီးမွှမ်းတာကိုပဲ ခံယူ ချင်ကြပါတယ်။ ဒါကြောင့် သူတပါးကြားချင်တဲ့ စကားကို အမြဲပြောပေးပါ။

မြှင့်တင်ခြင်း
လူတစ်ဦးချင်းရဲ့ဘ၀ကို မြှင့်တင်ပေးချင်လျှင် သူ့ရဲ့တန်ဖိုးကိုသိပြီး တန်ဖိုးရှိတဲ့အကြောင်းထုတ် ဖော်ပြောပါ။ ချိးမွှမ်းစရာရှိလျှင် သူ့ရဲ့လုပ်ဆောင်ချက်ကို ချက်ခြင်းချီးမွှမ်းပါ။ သူ့ရဲ့စိတ်ဓာတ်ကို ရင့်ကျက်ကောင်းမွမ်လာအောင် လေ့ကျင့်ပေးပါ။ အချိန်တိုင်းမှာ သူ့ရဲ့ကောင်းကွက်ကိုအမြဲ တမ်းဂုဏ်ယူပြီး ပြောကြားပေးပါ။ အပြစ်တွေ့လျှင်အပြစ်ကို ထုတ်မပြပဲ ဒါကဒီလိုလေးရှိတယ် ဆိုပြီး အပြုသဘောဆောင် မေတ္တာစိတ်ဖြင့် နားလည်အောင်ရှင်းပြပေးပါ။ ကိုယ့်ပါးစပ်ပြော သမား သူကလက်တွေ့ သမား။ နဖူးတွေ့ ဒူးတွေ့ အခက်အခဲကို လက်တွေ့သမားက ၇င်ဆိုင် ဖြတ်သန်းရတာပဲဖြစ်တယ်။ ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့သမားဟာ ပိုပြီးရင့် ကျက်တယ်။ မင်းဟာတကယ်အားကိုးထိုက်တယ်။ မင်းဟာ အချိန်နာရီနဲ့အမျှ တိုးတက်လာ တယ်။ အဖက်ဖက်မှာပိုပြီးပြည့်စုံ ကောင်းမွန်လာတယ်။ မင်းဟာ ငါ့အတွက် စိတ်အချရဆုံး။ အယုံကြည်ရဆု့း။ အကောင်းဆုံးတန်ဖိုးရှိတဲ့ မရှိမဖြစ်လူသားပဲ ဖြစ်တယ်။ ငါထင်တယ်။ မင်း ဟာ ဒီထက်ဒီထက် ထပ်ပြီးတော်လာလိမ့်အုံးမယ်။ အဲ့ဒါကြောင့် မင်းနဲ့တွေ့ရတာ ငါအရမ်းကံ ကောင်းတယ်လို့ ပြောပေးခြင်းဖြင့် မြှင့်တင်ပေးပါ။

ညည်းညူခြင်း
တစ်ချို့လူတွေဟာ အပြစ်ပြောခြင်း၊ ညည်းညူခြင်းဆိုတဲ့ အလုပ်တွေကို ရေးကြီးခွင်ကျယ် သေရေးရှင်ရေးပမာ ပြောတတ်ကြတယ်။ အပြစ်ပြောပြီး ညည်းညူတတ်တဲ့လူတွေဟာ အဆိုးမြင်သူတွေသာ ဖြစ်တယ်။ မျက်နှာ ကြည်လင်မှုမရှိ။ မီးကဲ့သို့ ပူလောင်သောသူများ ဖြစ်တယ်။ သူတို့မှာ မိတ်ဆွေကောင်းဆိုတာ မရှိနိုင်တော့ပါဘူး။ မိတ်ဆွေကောင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံရသဖြင့် အခွင့်အလမ်းကောင်းများနှင့်လည်း လွဲကြရပါတယ်။ အပြစ်ပြောပြီး ညည်းညူတတ်တဲ့လူနားကို လူမပြောနှင့်ခွေးတောင် မကပ်ချင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော ညည်းညူပြီး အပြစ်ပြောတတ်တဲ့သူနားကို နေလိုတဲ့ စိတ်ရှိလို့လား? ။ နောက်ဘယ်တော့မှ မညည်းညူပါနှင့် မိမိသူတစ်ပါးနှစ်ဦးစလုံး မကြိုက်တဲ့ ဒီအကျင့်ဆိုးတွေကို ဖျောက်ဖျက်ကြရ အောင်။

ကိုယ့်ကိုယ်ကို သုံးသပ်ခြင်း
မျက်စိနှစ်လုံးဟာ သူတစ်ပါးကို ကြည့်ရန်သာမဟုတ် မိမိကိုယ်ကို မိမိပြန်ကြည်ရန်လည်း လိုအပ်ပါတယ်။ နားနှစ်ဖက်ဟာ သူများပြောတာကို နားထောင်ရန်သာမဟုတ်။ မိမိပြောတာကို လည်း ပြန်လည်နားထောင်ရန် လိုအပ်ပါတယ်။ နှာခေါင်းနှစ်ပေါက်ဟာ သူများအနံ့ကို သိရန် သာမဟုတ်။ ကိုယ့်အနံ့ကို သိရန်လည်းလိုအပ်ပါတယ်။ ပါးစပ်တစ်ပေါက်ဟာ သူများကို အပြစ်ပြောရန်သာမဟုတ်။ မိမိကိုယ်ကို မိမိပြန်ပြောရန်လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မျက်လုံး ကိုယ့်ပါးစပ်တွေဟာ သူတစ်ပါးကိုကြည့်ပြီး အပြစ်ပြောဖို့အတွက်ကိုသာ အသုံးချခဲ့ မယ်ဆိုရင်သင့်ရဲ့အနားမှာ မိတ်ဆွေစစ် မိတ်ဆွေကောင်း ဘယ်တော့မှ ရောက်မလာနိုင်တော့ ဘူးဆိုတာကို သင်ဘယ်တော့မှ မမေ့ပါနဲ့။ အချိန်တိုင်းမှာ သင့်ကိုယ်သင်အမြဲ သုံးသပ်ပါ။

မပြုံးနိုင်လျှင် သင်ဟာအရူံး
လူ့ဘ၀ဆိုတာ လူ့ဘောင်အဖွဲ့အစည်းဖြင့် ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တယ်။ တစ်ဦး တစ်ယောက်တည်း ခွဲထွက်နေလို့ အကျိုးစီးပွားများစွာ မဖြစ်ထွန်းနိုင်ပါဘူး။ လူသားရဲ့ အရင်း အမြစ်ကို နားလည်ကြတဲ့ ကမ္ဘာ့ စီးပွားရေးသိပ္ပံပညာရှင်များဟာ တစ်ဦးတစ်ယောက်တည်းနဲ့ ကိုယ်လိုချင်တာတွေကို လုပ်ယူလို့မရမှန်းသိကြတဲ့အတွက် လူသားအရင်းအမြစ် အဖွဲ့အစည်း ကို စုစည်းတည်ထောင်လိုက်ကြပါတယ်။ ကိုယ်သွားလိုရာ ပန်းတိုင်ကိုလိုချင်သည့်အရာကို ရအောင် ထုတ်ယူနိုင်စွမ်းရှိခဲ့ကြပြီးဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ကိုယ့် ရဲ့ ဘ၀ခရီးသွားဖော်တွေပဲ ဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ်မှာ ဖော်ရွေပျူငှာစွာ အပြုံးဖြင့် ဆက်ဆံနိုင်ကြရမည်။ အတက်ခရီးမှာ တွေ့ဆုံကြုံရတဲ့ ဘ၀ခရိးဖော်တွေကို မထေ မဲ့မြင် မလေးမစား မဆက်ဆံကြရဘူး။ ဘာကြောင့်လည်းဆိုတော့ အဆင်းခရီးကျလျှင် သူတို့နဲ့ ပြန်ဆုံဦးမှာပဲဖြစ်တယ်။ တစ်ချို့လူတွေကျတော့ ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်တွေကို ကိုယ့်ဘ၀ ခရီးဖော်တွေက မကူညီမဖန်တီးနိုင်ကြဘူးဆိုလျှင် အမုန်းတရားတွေဖွဲ့ပြီး အမုန်းတရားဖြင့် ခွဲခွာသွားကြတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံကြရင်လည်း အပြုံးနှင့် မနှုတ်ဆက်နိုင်တော့ဘူး။ အပြုံးနဲ့ တွေ့ဆုံကြပြီး အမုန်းနဲ့ခွဲခွာ ကြမည်ဆိုရင်တော့ ကိုယ်ဟာ အရူံးသမားဖြစ်ပြီပေါ့။ ဒါကြောင့် ကိုယ်ဟာ ဘယ်သူနဲ့တွေ့တွေ့ အရူံးသမား မဖြစ်စေရတော့ဘူးဆိုတဲ့ စိတ်ကိုမွေးမြူ ရမယ်။

သင့်ရဲ့ပါးစပ်
လူတွေဟာ ပါးစပ်တစ်ပေါက်၊ နားနှစ်ပေါက်ရှိပေမဲ့ နားနှစ်ပေါက်ကိုသိပ်ပြီး အသုံးမပြုတတ်ကြ ဘူး။ လူတစ်ယောက်နှင့်တွေ့ပြီဆိုလျှင် နားထောင်ဖို့ထက် စိတ်ကူးတည့်ရာ တွေးထင်ယူဆ ချက်တွေကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ကြတယ်။ ပါးစပ်ကိုပဲ စိတ်စေရာ စေခိုင်းတတ်ကြ တယ်။ လူမှာ ပါးစပ်တစ်ပေါက်ထဲ ရှိလို့သာတော်သေးတယ်။ ရှိသမျှအပေါက် (၉) ပေါက်စလုံး သာ ပြောလို့ရမယ်ဆိုရင် မနားတမ်းပြောကြမှာ အမှန်ပဲဖြစ်တယ်။ လူတစ်ယောက်နှင့် တွေ့ပြီ ဆိုရင် စကားတွေကို မရပ်မနားပြောတတ်ကြတယ်။ မလွှဲသာလို့ နားထောင်ကြပြီဆိုရင်လည်း နားထောင်ချင်ယောင်ဆောင်ပြဲီး စိတ်ကူးတည့်ရာ တွေးနေတတ်ကြတယ်။ နောက်ထပ် ကိုယ် ပြောရမဲ့ စကားကိုသာ ဆက်ပြောဖို့တွေးနေ စဉ်းစားနေတတ်ကြပါတယ်။ အဆိုအမိန့်တစ်ခု ရှိတယ်။ မင်းရဲ့လျှာက သူများနားနှစ်ဖက်ကိုသွားပြီး မပိတ်မိပါစေနဲ့တဲ့။ ကိုယ်ပြောတဲ့စကား သူမကြားချင်တော့ဘူးဆိုရင် ကိုယ့်လျှာနှစ်ဖက်ကိုသွားပြီး မပိတ်မိပါစေနဲ့တဲ့။ သူ့ဆီက ကိုယ် လိုချင်တဲ့အခွင့်အလမ်း ဘာတစ်ခုမှ ရတော့မျာမဟုတ်တော့ဘူး။ သူပြောနေစဉ်ကလည်း ကိုယ့်စိတ်အာ၇ုံတွေဟာ တခြားစကြ၀ဠာကို ရောက်နေသည့်အလား ဘာတစ်ခုမှလေးလေး နက်နက် မှတ်သားမှုမရှိပါဘူး။ ပြောသူနဲ့ နားထောင်သူအကြားမှာ ကမ္ဘာကမ္ဘာ အဝေးဖြစ်ပြီ ပေါ့။ ဒါကြောင့် သင်တကယ်သူ့ဆီက အခွင့်အလမ်းကိုလိုချင်လျှင် နားနှစ်ဖက်ကိုဖွင့်ပါ။ မလို အပ်လျှင်သင့်ပါးစပ်ကို ပိတ်ထားလိုက်ပါ။ ဒါဟာ သင့်အတွက် အကောင်းဆုံးအခွင့်အလမ်း ယူနည်းပဲ ဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။

ကောင်းကွက်
လူတိုင်းမှာ မြင်နိုင်တဲ့ကောင်းကွက်၊ မမြင်နိုင်တဲ့ကောင်းကွက်ဆိုတာ ရှိနေတတ်ကြပါတယ်။ လူအများစုက လူတွေကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တက်ကြတယ်။ ပြဿနာဖြစ်တယ်ဆိုတာ ကလည်း သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိ အတွင်းစိတ်ရင်းသဘောက မမှန် တာတွေပြောကြလို့ ပြဿနာဖြစ်ကြရတာပါ။ အတွင်းစိတ်ရင်း သဘောအမှန်ကိုသာ သိကြ မယ်ဆိုလျှင် ပြဿနာဖြစ်စရာအကြောင်း မရှိတော့ပါဘူး။ ဘယ်လိုပင် ကိုယ်ကျင့်တရား မကောင်းတဲ့လူပဲဖြစ်ဖြစ် သူ့မှာကောင်းကွက်တော့ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာပြုရလျှင် သင့်ကိုယ်သင် ပြန်ဆန်းစစ်ကြည့်ပါ။ သင်ကိုယ်တိုင်ပင်လျှင် ကောင်းကွက်၊ မကောင်းကွက်ရှိ နေတာကို သိရပါလိမ့်မယ်။ ကိုယ့် ပတ်ဝန်းကျင်က မိတ်ဆွေတွေမှာလည်း သင့်ရဲ့မကောင်း ကွက်ကို ခွင့်လွှတ်ပေးသလို ကိုယ့်မိတ်ဆွေတွေကိုလည်း နာလည်ခွင့်လွှတ်ပေးတတ်ရမယ်။ သင့်ကိုလည်း လူတွေအားလုံးက နားလည်မှုအပြည့်ရှိတဲ့ မိတ်ဆွေကောင်းလို့ သတ်မှတ်ကြပါ လိမ့်မယ်။ ကိုယ့်မိတ်ဆွေတွေကို နောင်တစ်ချိန်မှာ နောင်တရစေမဲ့ စိတ်လွတ်ကိုယ်လွတ် အပြစ်တင်စကားတွေကို အပြစ်တင်မစောမိပါစေနဲ့။ ပုံပြင်ေးလတစ်ခု ပြောပြဦးမယ်။
တစ်ခါတုန်းက စာရေးဆရာတစ်ဦးဟာ သူ့ရည်းစားနဲ့ မြစ်ကမ်း နံဘေးမှာလမ်းလျှောက်လာကြ တယ်။ အဲ့ဒီအခါမှာ စာရေးဆရာကညရဲ့ ရူခင်းတွေမှာ မီးရောင်တွေကြောင့် ကြည့်ရတာသိပ် ကိုသာယာ လှပတာပဲနော်လို့ ပြောတယ်။ အဲဒီအခါမှာ သူ့ရည်းစားက မြစ်နဘေးက ရေတွေ မြောင်းပုပ်တွေကို ကြည်ရတာ အင်မတန်စိတ်ညစ်စရာကြီးလို့ ပြောတယ်။ လမ်းလျှောက်ရင်း အမြင်တွေက ကွာခြားနေတယ်။ စာရေးဆရာနဲ့ သူ့ရည်းစားဟာ မကြာခင်မှာပဲ ကွဲသွား ကြတယ်။ အမြင်မှမတူတာကိုး အဆိုးမြင်တတ်တဲံ စိတ်ဟာ မိမိအတွက် အကျိုးစီးပွား တွေ ပျက်စီးနိုင်သလို၊ မိတ်ဆွေကောင်းတွေနဲ့လည်း လမ်းခွဲသွား ကြရလိမ့်မည် ဖြစ်သည်။ အကောင်းမြင်စိတ်ဟာ စိတ်ချမ်းသာမှုကို ဖြစ်စေပြီး အဆိုးမြင်စိတ်ဟာ စိတ်ဆင်းရဲမှုကို ဖြစ်စေခဲ့တယ်။ ဒါကြောင့် နောက်ငါဘယ်တော့မှ အဆိုးမြင်စိတ်မမွေးတော့ဘူး။ ကောင်းစိတ် ကောင်းကွက်ကို ပဲရှာတော့မယ်လို့ ဆုံဖြတ်လိုက်ပါ။

No comments: