Thursday, January 1, 2009

♥♥ အပြုံး ♥♥

လူတိုင်းပြုံးရမယ်။ မပြုံးတဲ့လဟာူ မအောင်မြင်ပါဘူး။ ကိုယ်ဘာလဲ မေ့လိုက်ပါ။ မမေ့နိုင်တဲ့လူ မအောင်မြင်ပါ။ မပြုံးတတ်လျှင် ဆိုင်မဖွင့်ပါနဲ့ဆိုတဲ့စကားဟာ အလွန်ပင်မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ဥပမာ- ဈေးဝယ်သွားတယ်ဆိုကြပါစို့ ကိုယ်ဝယ်မဲ့ဈေးဆိုင်က ဈေးသည်ဟာမိမိကို အပြုံးဖြင့်နှုတ်ဆက်တာရယ် မျက်နှာတင်းတင်း မာမာနဲ့ နှုတ်ဆက်တာရယ် ဘယ်ဟာကိုသင်သဘောကျပါသလဲ။ လူတိုင်းဟာ အပြုံးကို နှစ်သက် ကြပါတယ်။ မျက်နှာကျောတင်းမာမှုမရှိပဲ အမြဲတမ်းပြုံးရွှင်စွာဖြင့် နေတတ်တဲ့ လူဟာ မိတ်ဆွေကောင်းအလွန်ပေါများပါတယ်။ လူတစ်ယောက်ကို ပြုံးပြလိုက်တာဟာ ဘာတစ်ခုမှ လျှော့မသွားပါဘူး။ ပြုံးသူမှာ လျှော့မသွားသလို ပြုံးခံရသူမှာ များစွာကျေနပ်မှုရရှိသွားပါတယ်။ ကိုယ်ကဖြတ်ခနဲ ပြုံးလိုက်တဲ့ အပြုံးဟာထာဝရ တည်မြဲသွားတတ်ပါတယ်။ ငွေကြေးဘယ် လောက်ပင် ချမ်းသာတဲ့လူပဲဖြစ်ဖြစ် အပြုံးမပါပဲ ဘ၀ခရီးကို လေဆာက်လှမ်းလို့ မရနိုင်ပါဘူး။ ကိုယ့်မှာဘယ်လောက်ပင် ဆင်းရဲမွဲတေနေပါစေ အပြုံးရဲ့ ကျေးဇူးကြောင့် ဆင်းရဲခြင်းဒုက္ခမှ လွတ်မြောက်သွား နိုင်ပါတယ်။ ကိုယ့်မိသားစုနှင့် ပတ်ဝန်ကျင်းလည်း စိတ်ချမ်းသာကြရပါ တယ်။ နှစ်လိုခင်မင်ဖွယ် ပြုံးတတ်တဲ့လူဟာ မိတ်ဆွေအပေါင်းအသင်းများရဲ့ ဆီးကြိုခြင်း၊ ထောက်ခံအားပေးမှုကို ရရှိစေပါတယ်။ ကိုယ့်မှာရောဂါ ဝေဒနာမသက်သာလို့ အိပ်ယာထဲလဲ စဉ် အပြုံးပိုင်ရှင် တစ်ယောက်အနားရောက်လာပြီး အားပေးစကားတစ်ခွန်း ပြောလိုက်တာဟာ နတ်ဆေးတစ်ခွက်သောက်ရသည့်ပမာ အားအင်ပြည့်ဝကျန်းမာချမ်းသာလာခဲ့ပါတယ်။
အားငယ်နေသူ၊ စိတ်ဓာတ်ကျနေသူတွေဟာ ပြုံးရအင်တတ်တဲ့ လူကို တွေ့ဆုံရသည့်အခါဝယ် အေးချမ်းပြီးမင်္ဂလာရှိသော ပန်းတစ်ပွင့်ကို တွေ့ရသည့်ပမာ ခံစားရပါတယ်။ သူတို့မှာရှိတဲ့ အပူတွေဟာလည်း အဲဒီလူကို မြင်လိုက်တဲ့ အခိုက်မှာပင် ပျောက်ကွယ်သွားပါတော့တယ်။ အပြုံးဟာ အသပြာ ပေးဝယ်လို့မရပါဘူး။ တောင်းယူ၍လည်းမရပါ။ ချေးငှား၍လည်းမရပါ။ ခိုးယူ၍လည်းမရပါ။ လူတွေအနှစ်သက်ဆုံးအရာဟာ အပြုံးပင်ဖြစ်ပါတယ်။ အပြုံးမျက်နှာဖြစ် အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ ညာဘက်လက်ညိုးနှင့်လက်မ ထိပ်ချင်းပူးလိုက်ပါ။ ပါးစပ်ဟပြီး အတွင်းထဲကိုထည့်လိုက်ပါ။ စိတ်ထဲကလည်း ရွတ်ဆိုပါ။ စိတ်ထဲကနေ ငါအမြဲ တမ်းပြုံးသည်။ ပါးစပ်ထဲကလက်ကို ပြန်ထုတ်လိုက်ပါ။ ပြိးလျှင်ပါးစပ်ဟပြီး ကွေးထားတဲ့လက် ကိုပြန်ထည့်ပါ။ စိတ်ထဲကနေ ငါဘယ်တော့မှ ဒေါသမထကါလို့ ရွတ်ဆိုလိုက်ပါ။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် မျက်နှာမှာတင်းမာနေတဲ့အကြောတွေ လျှော့လာပါလိမ့်မယ်။ မနက်တစ် ကြိမ် ညတစ်ကြိမ် ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် မှန်ရှေ့မှာ လေ့ကျင့်ခန်းသဖွယ် ပြုလုပ်ရ မည် ဖြစ်ပါတယ်။
(၁) ငါသည်အမြဲတမ်းပြုံးသည်။
(၂) ငါသည်ဘယ်တော့မှ ဒေါသမထွက်
(၃) ငါ့ကိုလူတွေအားလုံး ခင်ကြသည်။
(၄) ငါပြောသမျှ လူတွေအားလုံး လက်ခံကြသည်။
(၅) ငါသည်တကယ်အောင်မြင်တဲ့လူ ဖြစ်သည်။
(၆) ငါသည်တကယ် ချမ်းသာကြွယ်ဝတဲ့လူ ဖြစ်သည်။
(၇) ငါ့ကိုငါ အမြဲချစ်သည်။
(၈) လူတွေအားလုံးကလည်း ငါ့ကိုအမြဲချစ်သည်။
(၉) ငါသည်မေတ္တာရှင်၊ စေတနာရှင်ဖြစ်သည်။
ဟု မနက်တစ်ကြိမ် ညတစ်ကြိမ် အထက်ပါ(၁၀)ချက်ကို ကြွေးကြော်ရမည်ဖြစ်သည်။ ဒီလိုနဲ့ နှစ်ပတ်ကြာတဲ့အခါမှာ သင့်မျက်နှာပြုံးလာလိမ့်မယ်။ ကိုယ့်ရဲ့အပြုံးဟာ တခြားလူတွေကို အေးချမ်းစေပါတယ်။ အပြုံးရှိသူရဲ့နောက်မှာ အခွင့်မလမ်းတွေ တသီကြီးလိုက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့အပြုံးတိုင်းဟာ ရန်သူဟူသမျှကို စေ့စပ်ပေးနိုင်ပါတယ်။ ပြုံးလိုက်တဲ့အခါတိုင်းမှာ ကိုယ်ကိုယ်ကို ဆန်းစစ်ကြည့်ပါတယ်။ ပြုံးစရာကြုံလာလို့ သဘာဝအလျောက် ပြုံးမိသည့် အခါ မျိုးတွင်ဖြစ်စေ ရှေ့ပိုင်းက ပြောခဲ့တဲ့အတိုင်း လက်ညိုးနှင့်လက်မကွေးပြီး ပါးစပ်ထဲထည့်၍ လုပ် ကြည့်သည်ဖြစ်စေ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများဟာ တောင့်တင်းမှု လျော့ပါးသွားပြီး မျက်နှာတင်းမာမှု မရှိတော့ကြာင်းတွေ့ရလိမ့်မယ်။ ခန္ဓာကိုယ် အတွင်း၌လည်း ဇီဝဓာတု ပြောင်းလဲမှုများဖြစ်ပေါ်စေပြီး အဲဒီပြောင်းလဲမှုကြောင့်ပင်လျင် ချက်ချင်းဆိုသလို နေရထိုင် ရကောင်းလာကြောင်း သိပ္ပံသုတေသီတို့က ဆိုကြပြန်ပါတယ်။ ပြုံးခြင်းဟာ လူတိုင်းရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေပြီး ကိုယ့်ရဲ့စိတ်ဓာတ်ကို တက်ကြွလန်းဆန်းစေပါတယ်။ လုပ်ဖော်ကိုင် ဖက်များ၊ အထက်အောက် လူကြီးများကို အမြဲပြုံး၍နှုတ်ဆက်ခြင်းဟာ ကိုယ့်ရဲ့ မေတ္တာစိတ်ကို ဖော်ပြတာနှင့် တူပါတယ်။ ပြုံးခြင်းဟာ စိတ်ချမ်းသာမှု၊ ကျေနပ်မှုကို ပြသည့် သင်္ကေတပင်ဖြစ်တယ်။
မိမိကိုယ်ကိုယ်မိမိလေးစာ ယုံကြည်ခြင်း၊ သူတပါးရဲ့ယုံကြည် လေးစားမှုကိုခံရခြင်း၊ လူအများရဲ့လက်ခံမှုကို ဖြစ်ပေါ်စေခြင်း၊ သူတပါးရဲ့အပူကို ကင်းစင်စေခြင်း၊ မိမိနှင့်သူတစ်ပါး နှစ်ဦးစလုံးအတွက် အကျိုးရှိမှာဖြစ်တဲ့ အတွက်ကြောင့် လှိုက်လှိုက်လှဲလှဲ ပြုံးပြတတ်အောင် လေ့ကျင့်ထားရမည် ဖြစ်ပါတယ်။ သူတပါးကို အပြုံးဖြင့် နှုတ်ဆက်တတ်တဲ့ သင့်ကို လူအမျာကလည်း အပြုံးဖြင့်ပြန်လည်နှုတ်ဆက် တုန့်ပြန်ကြမည်သာဖြစ်သည်။ ပြုံးခြင်းဟာ ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာ၊ လူတိုင်းအမြင်ချင်ဆုံးနှစ်သက်ဖွယ် အပြုံးကို သင် အမြဲတမ်း ဆောင်ထားခြင်းအားဖြင့် ချစ်စဖွယ်ကောင်းသော အပြုံးပိုင်ရှင်အဖြစ် လူအများက သင့်ကို လေးစားချစ်ခင်ကြမည်သာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာအောင်မြင်ဖို့အတွက် ပြုံးဖြစ်အောင် ပြုံးပါလို့ အကြံပြုချင်ပါတယ်။ မိတ်ဆွေအပေါင်းတို့လည်း ထာဝရအပြုံးပန်းခလို့ လှပပြီး လူအများနှစ်လို ချစ်ခင်စဖွယ် အပြုံးမျက်နှာကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။

No comments: