Tuesday, September 16, 2008

သူမ၏ ဒိုင်ယာရီ

click to comment

ကျွန်တော် ကျောင်းထဲကို အပြေးဝင်လာမိသည်.. ချိန်းထားတာ နောက်ကျတော့မည်…. သူစိတ်ဆိုးသွားလို့ မဖြစ်… သူ ကျွန်တော်ကို စိတ်မဆိုး တတ်ဘူးဆိုရင်တောင်… ကျွန်တော် သူ့ကို စိတ်ကသိကအောက်ကလေးတောင် မဖြစ်စေချင်… သူကို ကျွန်တော် ပျော်စေချင်သည်.. သူအနားကျွန်တော် နေချင်သည်…. သို့သော် .. ကျွန်တော် သူနဘေး နေရာလေးနှင့် မထိုက်တန်.. ကျွန်တော် က မနက်ဝယ် ညရိုး စိတ်ထားမျိုးရှိတဲ့ အရာရာကို အရိုးလွယ်တဲ့ကောင်… သူကတော့ တစ်သက်မှာ တစ်ယောက် ဆိုလောက်အောင်.. အချစ်ကို တန်ဖိုးထားတဲ့သူ …. ထားခဲ့သူကိုတောင် အပြစ်မမြင် ဆက်ချစ်မယ့်သူ.. သူ့အချစ်ကို သူတန်ဖိုးထားသလို ကျွန်တော်လဲ တန်ဖိုးထားသည်…. ထို့ကြောင့် မတည်ငြိမ်တဲ့ ကျွန်တော် အချစ်ကို ဘေးဖယ်.. သူ့ဘေးနား သူငယ်ချင်း ဘ၀နဲ့ပဲနေချင်တော့သည်…



ထင်တဲ့အတိုင်း နောက်ကျခဲ့ပါသည်….သို့သော် ကျွန်တော် ထင်သလို သူငယ်ချင်းများမရှိ.. သူနဲ့ကျွန်တော် နှစ်ယောက်တည်းသာဖြစ်နေသည်… ကျွန်တော် အသင့်ပါလာတဲ့ သူ့အတွက်လက်ဆောင် ကျွန်တော်ပေးလိုက်သည်.. သူ့ အတွက် ၁၈ နှစ်ပြည့် မွေးနေ့လက်ဆောင်ပေါ့…. သူ ဖွင့်ကြည့်သည်… သူလိုချင်သော အရုပ်ကလေးပါ… သူကြည်နူးသွားသည်.. သူသိပ်ပျော်သွားသည်.. ကျွန်တော်တို့ နှစ်ယောက်တည်းလျှောက်သွားကြသည်… ရုပ်ရှင်ကြည့်ကြသည်.. မုန့်ဝယ်စားကြသည်…. ထိုနေ့ သည် ကျွန်တော့် ဘ၀အတွက် တသက်တာ မေ့မရမဲ့ နေ့ရက်လေးပါပဲ….



နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ပြောင်းပေမယ့် .. သူဘေးနား ကျွန်တော် သူငယ်ချင်းတစ်ယောက်အဖြစ် မပြောင်းမလဲ ရှိနေခဲ့သည်…. ဆိုးတိုင်ပင် ကောင်းတိုင်ပင် .. သူဘေးနား အပူအပင် တွေ အတူတူ ဝေမျှရင်း .. ကျွန်တော် ပျော်နေခဲ့ဘူးသည်… ကျွန်တော် သူ့အနား နေရင်း ချစ်တယ်လို့ ဖွင့်ပြောမိမှာတော့ စိုးသည်… ဖြူစင်တဲ့ သူငယ်ချင်းအချစ်ကို စော်ကားသည်ဟု သူထင်ပြီး ကျွန်တော့်ကို မုန်းသွားမှာ ကြောက်သလို… ကျွန်တော့်အချစ်ကို သူအချစ်တစ်ခုနှင့် ပြန်လည်တုံပြန်မှာကိုလဲ ကျွန်တော် ကြောက်သည် …ကျွန်တော် ဟာ ရိုးတတ်လွန်သည် မဟုတ်ပါလား.. သူ၏မပြောင်းလဲတဲ့ အချစ်တစ်ခုကို ကျွန်တော့် လက်ထဲ တန်ဖိုးမထားသလို ဖြစ်မှာ ကြောက်နေမိသည်…



နောက် သူ့ကို ဘယ်သူလက်ထဲမှ အပါမခံနိုင်.. ကိုယ် ပိုင်ဆိုင်ခွင့် မရှိသိတိုင်.. သူ ကို ဘယ်သူလက်ထဲမှ ကျွန်တော်စိတ်ချ လက်ချ မထားနိုင်.. ကျွန်တော် လောဘကြီးလာသည်… သူ့ကို ကျွန်တော် ပိုင်ဆိုင်ချင်လာသည် … သို့သော် .. ကျွန်တော်၏ မရေမရာ ဝေး၀ါးနေတဲ့ အတွေးတွေထဲ ကျွန်တော် ဝေခွဲ မရဖြစ်ခဲ့သည်… ပိုင်ဆိုင်ခွင့်ရခဲ့လျှင်လဲ ကျွန်တော် သူ့ကို အခုလို တန်ဖိုးမထားတော့မှာ တွေးကြောက်လာသည် … တကယ်တော့ ကျောင်းအတူတူ တက်ခဲ့ကြတဲ့ နှစ်တွေမှာ .. သူ့ကို ဘယ်သူတွေ ၀င်ယူမလဲ.. ဘယ်သူတွေ ကျွန်တော့ ဘ၀ထဲကနေ သူ့ကို ဆွဲထုတ်သွားမလဲ … ကျွန်တော် တွေးကြောက်ခဲ့ရသည် … တကယ်တော့ ကျွန်တော် ဟာ ဒီနှစ်တွေအတွင်း သူနဘေး ကောက်ရိုးပုံ စောင့်ခဲ့သလို ဖြစ်ခဲ့ရသည် ……



နှစ်တွေ ကြာတော့ ကျောင်းနဲ့လဲ ခွဲရပြန်ပြီ.. ကျွန်တော် အခု အချိန်အထိ သူ့သူငယ်ချင်း အဖြစ်ဆက်ရှိနေသေးသည်… ဘွဲ့ယူတဲ့နေက ဖွင့်ပြောဖို့ ကြိုးစားခဲ့သည်… သို့သော် ကျွန်တော် အနှစ်နှစ် အလလ က ၀တ်ချင်ခဲ့သော ဘွဲ့ဝတ်စုံကို ရင်ခုန်ခြင်းမဲ့ ၀တ်လိုက်ရတော့ ကျွန်တော်သိလိုက်သည်…. ကျွန်တော် အနှစ်နှစ် အလလ လိုချင်ခဲ့သော သူ့အချစ်လဲ ကျွန်တော့်လက်ထဲရောက်လာရင် ကျွန်တော် ရင်ခုန်ခြင် မဲ့မည်သာ… ရိုးမည်သာ ဖြစ်တော့သည်… ဒါကြောင့် နောင်တွေ့ဖို့ ခက်မှန်းသိပေမယ့်… ကျွန်တော် အပြုံးမပျက်လမ်းခွဲခဲ့သည်… သူက သူ့အချစ်ကိုတန်ဖိုးထားသည်… ကျွန်တော်လဲ သူ့အချစ်ကိုတန်ဖိုးထားခဲ့ပါသည်…



- (၂) -



ထုံးစံအတိုင်းကျွန်တော် နောက်ကျပြန်ပြီ……. ကျွန်တော် ဆရာကတော့ပွဲ ကို စောရောက်ချင်သည်… မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများကိုတွေ့ချင်သည်.. အထူးသဖြင့် သူ့ကိုတွေ့ချင်သည်.. နှစ်တွေ ကြာတော့ ဘယ်လိုပြောင်းလဲသွားမလဲသိချင်သည်… သူနဲ့ ကျွန်တော်က တနယ်စီဝေးနေ ခဲ့ကြသည်… တွေ့ချင်သွားခွင့်ရှိပေမယ့်.. တွေ့လျှင် မနေနိုင်.. ချစ်တယ်လို့ပြောမိမှာလဲ .. စိုးနေမိသည်… ဒါကြောင့် သူ့အဝေး ကျွန်တော် နေပြီး.. သူ့အကြောင်းတွေ ကျွန်တော် နားစွင့်နေခဲ့သည်…. တစ်ကိုယ်ထဲ အပျိုကြီး ဘ၀ နဲ့ နေ နေတဲ့ သူနဘေးမှာ ကွန်တော် ဘ၀ကို တည်ဆောက်ချင်သည်…. မျက်နှာချင်းဆိုင် ၁၀ ကြိမ်တောင် မပြည့်တပြည့်တွေ့ခွင့်သာရခဲ့သော ၁၀ နှစ်ကျော်ကာလကိုတောင် ကျွန်တော် နှမြောမိသည်….



အခုတော့ သူ့ကိုတွေ့ခွင့်ရပါပြီ.. ရင်ကျက်တဲ့အလှနဲ့ သူတမျိုးလှနေသည်…. မတွေ့တာကြာ ခဲ့ပြီမို့ ပြောစရာ စကားက သိပ်များနေသည်.. သူနဲ့ မတွေ့ဖြစ်တဲ့နောက်ပိုင်း ကျွန်တော့် အခက်အခဲတွေ သူ့အရှေ့မှာ မငြီးညူချင်.. သူ့ကို အပူတွေ မကူးစက်စေချင် …. ကျွန်တော် သူ့ကို ဘယ်လောက် သတိရကြောင်း ပြောပြချင်သည်.. သို့သော် သင့်တော်ပါမည်လား… သူအကြောင်းတွေလဲ ကျွန်တော် မေးနေမိသည်… သူအဆင်ပြေရဲ့လား… မေခွန်းတွေ သိပ်များသွားတော့ .. သူစိတ်ပျက်သွားမလား… သူ့အရှေ့ရောက်တော့.. ကျွန်တော် အသက်နဲ့ မလိုက်အောင် တည်ငြိမ်မှုတွေ ပျောက်ပျက်ကုန်သည်.. ကျွန်တော် ရင်တွေ ခုန်နေသည်…



မတည်ငြိမ်တဲ့ ကျွန်တော် စိတ်ထဲ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်တစ်ခု ချမိသည်… ကျွန်တော် သူ့ဆီက လက်ထပ်ခွင့် တောင်းမည်….. ကျွန်တော် အရင်လို အရိုးမြန်အုံးမှာလား… မထင်မိတော့ပါ… ကျွန်တော် နှစ်ပေါင်းများစွာ မေ့မရ..သတိရခဲ့တဲ့သူ့ကို ..ကျွန်တော် တစ်ရက်မှ မရိုးဖူးခဲ့ပါ… ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်.. ကျွန်တော် ဖွင့်ပြောတော့မည်…. ချစ်တယ်လို့ ဖွင့်ပြောလိုက်မည်.. အသက်အရွယ်အရ သင့်တော်ပါ့မလားလို့ .. မတွေးချင်တော့… နှစ်ပေါင်းများစွာ.. သိမ်းထားခဲ့တဲ့ ဒီအချစ်တစ်ခုကို သူအသိအမှတ် ပြုစေချင်သည်…. သူလက်ခံလျှင် လက်ထပ်မည်… ငယ်တော့သည်မဟုတ်တော့သော ကျန်ရှိတဲ့ သက်တမ်းမှာ ဘ၀ကို သူနဲ့သာတည်ဆောက်လိုတော့သည်… ညတိုင်းကို ကြယ်ပွင့်ပေါင်းများစွာ ရေတွက်ရင်း သူနဲ့သာ အတူတူ ကုန်ဆုံးချင်သည်… နေ့သစ်တိုင်းကို အပြုံးကိုယ်စီနဲ့ အတူတူ နိုးထချင်သည်…



ကျွန်တော့်အတွေးထဲ အိမ်မက် ကမ္ဘာတစ်ခု နဲ့ ကြည်နူးခဲ့ပေမယ့်… ကျွန်တော့်လက်ထဲ ရောက်လာသော ရုပ်ထုလေး တစ်ခုကြောင့် ကျွန်တော့် အတွေးတွေ ပြောင်းလဲသွားပြန်ပြီ…. ကျွန်တော့် သူငယ်ချင်း ယခု ပေးလိုက်သော ကျွန်တော် ငယ်စဉ်ကတည်းက လိုချင်ခဲ့သော …. ဒီနေ့မနက်ကတောင် တောင့်တမိခဲ့သော အရာ.. အခု လက်ထဲ ရောက်လာပြီ.. ကျွန်တော် ပိုင်ဆိုင်ခွင့်ရှိနေပြီ.. နောက်ထပ်တောင့်တစရာ မျော်လင့်စရာ မလိုတော့.. သို့သော်… ထို အရာကို ကျွန်တော် မြတ်နိုးမှုမရှိတော့.. လိုချင်မှုမရှိတော့… အခု… ကျွန်တော် သိလိုက်ပြီ… ကျွန်တော် သူ့ကို ရခဲ့လျှင်လဲ ရိုးသွားမည်သာ… သူ့ကို ကျွန်တော် မရိုးသွားချင်.. ကျွန်တော့် ဘ၀နဲ့ထပ်တူ တန်ဖိုးထားသည်… သူက အချစ်ကို တန်ဖိုးထားသည်… ကျွန်တော် ရိုးသွားလျင် သူခံစားရမည်… ဒီအသက်အရွယ် မှ သူ့ကို စိတ်ဆင်းရဲမပေးချင်တော့.. ကျွန်တော် လက်လျှော့လိုက်ပြီ… ကျွန်တော် ကျေနပ်စွာ နောက်ဆုတ်ခဲ့သည်… ရင်ထဲ က တောင့်တမှုတစ်ခုကို မျိုသိပ်ထားလိုက်ပြီ...



တကယ်တော့ ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်တာထက် … သူပျော်ရွင်တာကို ပိုလိုလားခဲ့သည်… သူ့ကို ကျွန်တော် နဘေးထား စိတ်ဆင်းရဲမှုတွေ ပေးမယ့်အစား … ကျွန်တော် အဝေးမှာ အပူအပင်ကင်းစွာ သူပျော်နေတာပဲ ကြားချင်သည်.. မြင်ချင်သည်.. ကျွန်တော့် ၀မ်းသာမှုထက် … သူ့ပျော်ရွင်မှုက အရေးကြီးသည်…. ကျွန်တော် ကျောခိုင်းခဲ့ပြန်သည်.. နောက်တကြိမ် ဝေးကြရပေအုံးမည်… ဘယ်အချိန် ပြန်တွေ့နိုင်မလဲ မသေချာတော့ ပေမယ့်.. အသေအချာ တစ်ခုတော့ သိနေသည်.. ကျွန်တော် သူ့ကို ချစ်သည်……

(၃)



နောက်ကျတတ်သော ကျွန်တော်ကို ကံကြမ္မာက ဘယ်တော့မှ စောခွင့်မပေးတော့ပြီလား… ဒီခရီး အဝေးကို ကျွန်တော် စောစီးစွာထွက်လာခဲ့သည်.. သို့သော်.. အကြောင်းကြောင်း ကြောင့်လို့ ပြောရအောင် ပြသနာပေါင်းစုံခဲ့သည်… နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်တော် နောက်ကျခဲ့ပြန်သည်… သူ့ကို မြင်တော့ မျက်ရည်တွေ ဖြေမဆည်နိုင်အောင် ကျွန်တော် ငိုမိသည်… ဒီအသက်အရွယ်ကြီးကျမှ ကျွန်တော် ကလေးတစ်ယောက်လို ၀မ်းနည်းစွာငိုနေရသည်…. သူ အရင်လို လှနေဆဲပါ… အခုအချိန်အထိ သူကျက်သရေအပေါင်းနဲ့ ပြည့်စုံဆဲပါ… သို့သော် သူကို ကျွန်တော် နောက်ထပ်မတွေ့နိုင်တော့… ဘယ်တော့မှ ချစ်တယ်လို့ပြောခွင့်မရှိတော့… သူ့ကို ကျွန်တော် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့… သူဒီကမ္ဘာကြီးကနေ စွန့်ခွာသွားခဲ့ပြီ…. အပြုံးမပျက် မျက်နှာလေးနှင့် လှဲလျောင်းနေသော သူ့ကို ကျွန်တော် နောက်ဆုံးအကြိမ်ကြည့်ပြီး.. ကျွန်တော် ကျောခိုင်းလိုက်သည်…



သူနဲ့ ကျွန်တော် အကြိမ်ပေါင်းများစွာ ဝေးခဲ့ရဖူးသည်… ဒီတကြိမ်တော့ ပြန်မဆုံနိုင်တော့…. အခုဆို သူ့ကို ကျွန်တော် တစ်နေ့မှ မေ့မရအောင် ချစ်ခဲ့တာ နှစ်ပေါင်း ၂၅ ကျော်ပြီ… ကျွန်တော် တစ်နေ့မှ မေ့မရသလို… သူ့ကို မြင်လိုက်တိုင်းအရင်ထက်ပို ချစ်မြဲ… သူအနားမှာ ကျွန်တော် နေချင်မြဲ.. ကျွန်တော့် ဘ၀ကို သူနဲ့ တည်ဆောက်ချင်မြဲ…



အခု ကျွန်တော် လက်ထဲ စာအုပ်တစ်အုပ် သူချန်သွားခဲ့သည်.. ကျွန်တော်နဲ့ ပတ်သတ်သော.. သူ၏ အမှတ်တရပေါ့… အဖြူရောင် အဖုံးလေနဲ့ စာအုပ်လေးကို ကျွန်တော် ယုယစွာကိုင်နေမိသည်… ဒါကျွန်တော့်အတွက် သူချန်ခဲ့သော အရာ… သူရဲ့ အငွေ့အသက်တွေ အများကြီး ရှိမည်… ကျွန်တော် စာအုပ်ကလေးကို ကြည့်ရင်း သူ့ကို ပိုသတိရလာမိသည်… ဘာတွေ ရေးထားမလဲ….



ကျွန်တော် စာအုပ်ကလေးကို ဟိုနဲနဲ ဒီနဲနဲ လှန်ကြည့်လိုက်သည်… နေ့ရက်တိုင်းမရေးထားပေမယ့် .. ကျွန်တော် နဲ့ သူ့အတွက် အမှတ်ရမယ့် နေ့ရက်တိုင်း ကို သူ တစ်ရက်မကျန်ရေးထားခဲ့သည်… ကျွန်တော် စာအုပ်ကလေးကို စဖတ်မိလိုက်သည်.. အော်… သူနဲ့ ကျွန်တော် စတွေ့တဲ့ရက်ကလေး အကြောင်းပါလား… ကျွန်တော် မျက်ရည်တွေ ရစ်ဝိုင်းနေလို့.. သူလက်ရေးလေးတွေတောင် တွန့်သလို ဖြစ်နေတယ်.. ကျွန်တော် မျက်ရည်တွေ သုတ်ပြီး ဆက် ဖတ်မိသည်… သူ နဲ့ ကျွန်တော် ကျောင်းပြေးခဲ့တာလဲပါသည်.. ကျွန်တော် တို့ ခရီးသွားခဲ့တာလဲ ပါသည်.. သူ ရဲ့ မွေးနေ့ပွဲလေးလဲပါသည်… ကျွန်တော် ပေးခဲ့တဲ့အရုပ်ကလေးအကြောင်းလဲပါသည်… ကျွန်တော် ဖတ်ရင် နှမြောလာမိသည်.. ဒီစာအုပ်အကုန် ဖတ်ပြီးလျှင် … ကျွန်တော်ရိုးသွားမှာကြောက်သည်…. ကျွန်တော် မရိုးချင် … ဒီစာအုပ်ကလေးက သူချန်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရမလား… သူ့ကိုယ်ပွားတစ်ခုလို ကျွန်တော်မြတ်နိုးချင်သည်.. ကျွန်တော် မရိုးချင်… နေ့ရက်တိုင်း မငြီးမငွေ့ ဖတ်ချင်သည်.. ထိုကြောင့် တစ်နေ့ တည်းအကုန်ဖတ်လို့ မဖြစ် ကျွန်တော် စာအုပ်ပိတ်ဖို့ ကြိုစားခဲ့သည်..



သို့သော်.. ကျွန်တော် မြင်လိုက်သော စာတကြောင်းကြောင့် ကျွန်တော် စာအုပ်ကို မပိတ်မိတော့ မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျလာခဲ့သည်.. ကျွန်တော် သည်းထန်စွာ အော်ငို လိုက်မိသည်… သူကျွန်တော့် ကို ချစ်သည်တဲ့…. ကျွန်တော် တစ်အုပ်လုံးကို အကုန်ဖတ်မိလိုက်သည်.. ဟုတ်သည်.. သူ ကျွန်တော့်ကို ချစ်သည်.. သူကျွန်တော်ကို စောင့်စားနေခဲ့သည်… ဒီနှစ်ပေါင်း များစွာ သူလဲကျွန်တော့်ကို မျော်နေခဲ့သည်… နေနိုင်လွန်းတဲ့ ကျွန်တော်ကို သူတစ်ခါမှ အပြစ်မမြင်.. တစ်ရက်မှ မမေ့… ကျွန်တော်သူ့ကို ချစ်သလို… သူလဲ ကျွန်တော့်ကို ချစ်သည်… အခုတော့ ကျွန်တော့် ကို သူမစောင့်နိုင်တော့ သူကျွန်တော်ကို စွန့်ခွာသွားခဲ့ပြီ… ပြန်နောက်ဆုတ်မရနိုင်တော့တဲ့ လမ်းကို သူသွားပြီ… ကျွန်တော် ကျန်ခဲ့ပြီ….



သို့သော် သူသာ ကျွန်တော့် အချစ်ကို လက်ခံခဲ့လျှင် အခုလို သူငြိမ်းချမ်းစွာ ကမ္ဘာကြီးကို စွန့်ခွာ နိင်ပါ့မလား.. ရိုးမြန်လွန်းတဲ့ ကျွန်တော် ကြောင့် သူနေ့တိုင်းစိတ်ဆင်းရဲနေမည်လား…. နောက်ဆုံးတော့ သူ့အချစ်ကို မပိုင်လိုက်ရပေမယ့်.. ကျွန်တော် ကျေနပ်သည်… ကျွန်တော် ဆုံးဖြတ်ချက်ကို ကျွန်တော် မှန်တယ်ဟုထင်သည်… သူ့အချစ်ကို ကျွန်တော် သိခွင့်ရခဲ့သည်… သူ့ အချစ်ကို ကျွန်တော် တန်ဖိုးထားလိုက်နိုင်သည်….



(ဇာတ်သိမ်းပိုင်း )



အခုဆို ကျွန်တော့် နေ၀င်ချိန်ရောက်တော့မည်ထင်သည်… ကျန်းမာရေးကလဲ သိပ်မကောင်းချင်တော့ … ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစား ပမ်းစား ရှာခဲ့သော အရာတွေကို ကျွန်တော် စွန့်လွတ်ရတော့မည်… မည်သည့်အရာကမျှ ကျွန်တော့်အာရုံကို မဖမ်းစားနိုင်တော့.. သက်မတ်မှုမရှိတော့.. အရာအားလုံး ရိုးသွားခဲ့ပြီ… ကျွန်တော် သေတမ်းစာကို ကျွန်တော် အတည်ပြုဖို့ဖတ်လိုက်မိသည်.. အော် အခုမှသတိထားမိလိုက်သည်… သက္ကရာဇ်တစ်ခု… ကျွန်တော် နေ့တိုင်းမြင်နေပေမယ့် အခုမှ သတိထားမိတဲ့ သက္ကရာဇ်တစ်ခု.. အခုဆို သူနဲ့ကျွန်တော် တွေ့ခဲ့တာ…. နှစ်ပေါင်း ၅၀ ကျော်ပြီ… ဒါဆို သူကျွန်တော် ကို ကျောခိုင်းသွားခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်တော့မည်… ဒါဆို ကျွန်တော် ဒီစာအုပ်ကလေး ပိုင်ဆိုင်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်တောင်ရှိတော့မည်… ကျွန်တော် အခုတိုင်မရိုးသေးပါလား…. စကားလုံးတိုင်း စကားလုံးတိုင်း.. စာကြောင်းတိုင်း စာကြောင်းတိုင်း..စာမျက်နှာတိုင်း စာမျက်နှာတိုင်း အားလုံးမှတ်မိနေပေမယ့် .. မရိုးနိုင်သေးပါလား…. အသိတစ်ချက်ကြောင့် ကျွန်တော် ရူးမတတ်ခံစားလိုက်ရသည်.. သူ့ကို ကျွန်တော် ပိုင်ဆိုင်ခဲ့လျင်လဲ ဒီစာအုပ်ကလေးကို ကျွန်တော် ရိုးမည်မထင်… သူ့အချစ်ကို ကျွန်တော် နေ့တိုင်း စက္ကန့်မပြတ်ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တောင် ရိုးမည်မထင်… အမှားကြီးတစ်ခု ကျူးလွန်မိသလို ခံစားလိုက်ရသည်.. ကြိုက်နှစ်သက်ခြင်း နဲ့ ချစ်ခင်မြတ်နိုးခြင်းကို မှန်ကန်စွာ မခွဲခြားနိုင်ပဲ ရိုးမယ်လို့ ထင်ခဲ့တဲ့ ကျွန်တော် အမှားကြီးမှားခဲ့ပြီ…. သူကို ကျွန်တော်ချစ်သည်… သူလဲကျွန်တော်ကို ချစ်သည်.. သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့သည်… သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ….



ကျွန်တော် စာအုပ်ကလေးကို တုန်ရင်စွာ ကိုင်လိုက်သည်.. အခုဆို ဖြူဖွေးနေတဲ့ စာအုပ်ဖုံးကလေးတောင့် ကျွန်တော့် လက်ရာတွေကြောင့် အရင်လို မဖြူနိုင်တော့.. ကျွန်တော် စာအုပ်ကလေးကို ထပ်ခါထပ်ခါဖတ်နေမိသည်…. အခု အချိန်မှာ ကျွန်တော့် နောက်ဆုံးထွက်သက် ဖြစ်မယ်ဆိုရင် .. နောက်ဆုံး စာမျက်နှာလေးအထိ အပြုံးမပျက်ဖတ်နေချင်သည်… စာအုပ်ကလေးကိုကျွန်တော် ဖတ်ရတိုင်း ကျွန်တော် သူ့ကိုသတိရမြဲ.. မျက်ရည် ရစ်ဝိုင်းရမြဲ… ငိုရမြဲဖြစ်သည်…



ကျွန်တော် သူ့ကို ချစ်သည်.. သူလဲ ကျွန်တော်ကိုချစ်ခဲ့သည်… သို့သော့် ကျွန်တော့် အချစ်ကိုလဲ ကျွန်တော် တန်ဖိုးမထားခဲ့ သူ့အချစ်ကို လဲ ကျွန်တော် တန်ဖိုးမထား ခဲ့.. ကျွန်တော့် အမြင်တွေ နှစ်ပေါင်းများစွာ မိုက်မဲနေခဲ့သည်…..



ရင်ဘက်ထဲက နာကျင်လာသည်…. စာအုပ်ကလေးတောင် ကျွန်တော့် လက်ထဲက လွတ်ကျသွားသည်… နာကျင်မှုတွေ မရပ်နိုင်တော့ .. ကျွန်တော် ဆေးပုလင်းလေးလဲ တုန်ရီနေတဲ့ကျွန်တော်လက်ကြောင့်.. မှောက်ကျကုန်ပြီ.. ကျွန်တော် ဂရုမစိုက်နိုင်တော့ ကျွန်တော့်လက်ကို လှမ်းလိုက်သည်… ပြန်ကျဲနေတဲ့ ဆေးလုံးလေးတွေကြားထဲက ကျွန်တော်မရိုးနိုင်သော စာအုပ်ကလေးတစ်အုပ်…. သို့သော် လက်လှမ်းလို့ မမှီ .. လေအတိုက် လွင့်သွားတဲ့ စာမျက်နှာလေးတွေကို ကျွန်တော် လှမ်းဖတ်နေမိသည်.. ရင်ထဲက နာကျင်မှုတွေ တိုးမြဲတိုးလာသည်… မခံမရပ်နိုင်အောင် နာကျင်လာသည်… ကျွန်တော် မျက်လုံးစုံးမှိတ်ပြီး.. စာကြောင်းလေးတွေကို တီးတိုး ရေရွတ်နေမိတော့သည်… ကျွန်တော်.. … စာအုပ်အဆုံးထိ … ပြီးအောင် ဖတ်ချင်သေးသည်.. ရွတ်နေချင်သေးသည်… ကျွန်တော့်မှာ အခွင့်ရှိပါဦးမလား… မိုက်မဲလွန်းတဲ့ နောက်ကျတတ်တဲ့ ကျွန်တော့်ကို ဒီတကြိမ်ရော နောက်ကျခွင့်ပြုပါ့မလား…



ဒီတကြိမ်တော့ ခဏနောက်ကျခွင့်ပြုပါ… နောက်ဆုံး စာကြောင်းလေးအထိ ကျွန်တော့်ကို ရွတ်ဖတ်ခွင့်ပြုပါ…. ကျွန်တော့် မိုက်မဲ မှုတွေကို ဒီစာအုပ်ကလေးနဲ့အတူ အဆုံးသတ်ခွင့်ပြုပါ… …… …….. ……… ……..

No comments: