Tuesday, September 2, 2008

အချိန်


glitter-graphics.com
ဆွေမျိုးတစ်ဦးရဲ့ရှင်ပြုအလှူမို့ မသွားလို့မဖြစ်ပါ။ အဖေကအလုပ်နဲ့ အမေကဈေးထွက်မှာဆိုတော့ ကျွန်တော့်တာဝန် ၊ သူငယ်ချင်းကလည်း လာခေါ်နေပြီမဟုတ်လား ဒါပေမယ့် ထမင်းကြမ်းနဲ့ပဲပြုတ်ကို သံယောဇဉ်မဖြတ်နိုင် ၊ လည်းတပြန်ပြန်။
"ထမင်းကြမ်းနဲ့ပဲပြုတ်ကို ကလေးတွေကိုကြွေးလိုက်မယ်တဲ့ "
အမေ့အသံကိုကြားလိုက်မိပါရဲ့။
အိပ်ရာထ မျက်နှာသစ်ပြီးပြီဆိုရင် ထမင်းကြမ်းနဲ့ပဲပြုတ်က အဓိကအဟာရ။ ဆီရွှဲတာ ၊ မရွဲတာအကြောင်းမဟုတ် ၊ ထမင်းမကျန်တဲ့ မနက်ခင်းတွေဟာ အမင်္ဂလာဆန်ဆန် ကလေးငိုသံများနဲ့ ပွက်ဆူစည်ဝေနေတတ်စမြဲပါ။
အလှူခင်းကျင်းရာ ဘုန်းတော်ကြီးကျောင်းသို့ နှစ်ယောက်သားခြေလှမ်းကျဲကျဲနဲ့။
" အလှူက တိတ်ဆိတ်လှချည်လား "
" ဟိုတုန်းကတော့ အသံချဲ့စက်တွေဗြောစည်တွေနဲ့ ခြိမ့်ညံမစဲဘူးပေါ့ကွာ ၊ အခုတော့ ဘယ်လိုဖြစ်ကြတယ်မသိပါဘူး... "
" အေးကွ ၊ ငါလည်းသတိထားမိတယ်။ အကြောင်းရှိချင်လည်းရှိမှာပေါ့။ ဆူဆူညံညံ ထက် တိတ်တိတ်ဆိတ်ဆိတ် က အဓိပ္ပာယ်ရှိတယ်လို့ ပြောရမလားပဲ... "
" ဗြောသံနဲ့အသံချက်စက်သံ နားစွင့်နေတဲ့သူတွေက အများကြီးရယ်။ ဘာသံမှမကြားရရင် အလှူရှိတယ်ဆိုတာဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ၀င်ပြီး မသွားဖြစ်တာတွေရှိတယ် မဟုတ်လား။ တချို့ဆိုရင် ၀တ်စားဆင်ပြင်ပြီးမှ ဘာသံမှမကြားတော့ နူတ်ခမ်းစူကုန်တာရှိတယ်။ တချို့ကတော့ ၀ီရိယသိပ်ကောင်း ၊ နေမြင့်အောင်အိပ်နေကြပေမယ့် အလှူရှိတဲ့နေ့မှာ ဝေလီဝေလင်းကတည်းက ဘုန်းကြီးကျောင်းရောက်သွားတတ်ကြတယ်... "
" ငါသိသလောက်ပြောရရင် လူတွေကလည်းလူတွေပဲကွ။ ဖိတ်ထားတာတစ်ယောက်ထဲရယ် ၊ အလှူသွားတော့ မိသားစုလိုက် ၊ မြေးကိုပွေ့ သားသမီးလက်တွဲအိမ်ဆူးဖို့ ခွေးအို့ခေါ်ပေါ့ ၊ တော်တော့်ကိုသရုပ်ပျက်တဲ့ကိစ္စ ၊ တချို့က ရင်းနှီးတဲ့ အလှူဆိုပြီးလမ်းမှာတွေ့တဲ့ အပေါင်းအသင်းတွေခေါ် ၊ အုပ်လိုက်သင်းလိုက်ကြီး ပျော်ပွဲစားထွက်သလိုပဲ ၊ အံ့သြဖို့သိပ်ကောင်းတာ... "
" ဆွေမျိုးသားချင်းမို့ ၊ မိတ်ရင်းဆွေရင်းမို့ ချီးမြှင့်အားပေးတဲ့သဘောဟာ အစဉ်အလာတစ်ခုပါ။ ဒါပေမယ့် လိုတာထက်ပိုကုန်ရင် မကောင်းဘူးပေါ့ကွာ ၊ အခြေအနေနားလည်ဖို့ ၊ ပြီးတော့ အားနာမှုဆိုတာရှိသေးတယ် မဟုတ်လား။ သင့်ပါ့မလား ၊ ကောင်းပါ့မလားလို့ တွေးကြည့်ကြဦးမျာပေါ့... "
" မင်းပြောတာမှန်တယ် ။ သံချွန်နဲ့မတာမျိုး ၊ ဒါကိုက ခေတ်မီသလိုဖြစ်နေတာကွ ၊ ကောက်ခက်ချရင် ဟီရိသြတ္တပ္ပနဲ့များဆိုင်သလားပဲ... "
ဘုန်းတော်ကြီး ကျောင်းဝိုင်းအတွင်းသို့ တစ်လှမ်းချင်းဝင်ရောက်ကာ တစ်စေ့တစ်စောင်း အကဲခတ်ကြည့်မိတယ်...။
အလှူရှင်က ကျောင်းထိုင်ဆရာတော်ရဲ့ ရှေ့မှောက်မှာ ၊ လူတစ်စုက စားပွဲခုံသိမ်းလို့ ၊ လူတစ်စုကပန်ကန်အိုးခွက်ဆေးကြောလို့ ၊ ကျွန်တော်တို့ကိုမြင်တော့ ပြုံးယောင်ယောင်။
ဒီမြင်ကွင်းကြောင့် ကျွန်တော်တို့နှစ်ယောက် တပ်ပြန်ခေါက်ရပြီ ဘာမှမစားရတော့။ မကျေမနပ်မှုတွေဟာ ဒေါသနဲ့ယှဉ်တွဲကာ ရင်ထဲမှာ စီးမျောနေပြီထင်ရဲ့။ ဆာလောင်ခြင်းအုံကြွပြီး ပူရှိတဲံဒဏ်ခံရပြီပေါ့။
ထမင်းကြမ်းနဲ့ ပဲပြုတ်ကို မြင်ယောင်ပေမယ့် မျှော်လင့်ချက်မရှိတော့။ အားကိုးပြုမိတဲ့အလှူကို အပြစ်တင်လို့မရစကောင်း။
ဒါပေမယ့် အလှူဖိတ်စာက ဘာကြောင့်အချိန်ကန်ကသတ်ထားသလဲ။
ကြည့်လေ။ နံနက် ၆ နာရီမှ ၁၀နာရီထိတဲ့။
ကျွန်တော်တို့ ဘုန်းကြီးကျောင်းက ပြန်ထွက်လာတော့ ၈ နာရီပင်မထိုးသေးပါ။
မုန့်ဟင်းခါးမို့ လူကြိုက်များရော့သလားမသိ။
ဒါကြောင့်" အချိန်နှင့်ဒီရေ "သည်လူကိုမစောင့်ဆိုတာမှန်ပါ့ကွာလို့ပြောရင်း ဗိုက်အဟောင်သားနှင့်ပြန်ခဲ့ရပေါ့။

No comments: