Saturday, June 28, 2008

ကြာပြီပဲအမေ

မနေ့ကဆိုလည်း
ဒီလမ်းနဲ့ ဒီထီးကို ထမ်းခဲ့ရ။

ဒီမနက်ကျတော့လည်း
ပုံပြင်ဟောင်းနဲ့
ကော်ဖီကျကျတစ်ခွက်၊

ညနေမှာ တစ်ဆင့်ချိုင့်နဲ့ကောင်မလေးတစ်ယောက်ရယ်
အကြွေမရှိတော့တဲ့ ဘ၀တစ်ခုစာရယ်
မိုးရေစိုနေတဲ့ အိပ်မက်တစ်လုံးရယ်
ည ည
ထ ထ နာကျင်နေတဲ့ လွယ်အိပ်ကလေးရယ်
အကြောင်းမဲ့ပိတ်ခံထားရတဲ့ လမ်းကလေးတစ်စင်းရယ်
ရှင်းမည့်သူမရှိတဲ့ အိမ်ကလေးတစ်လုံးရယ်
ငါ့တွေ့ရှိချက်တွေဟာ
ငါ့ပတ်ဝန်းကျင်တစ်စုံလား
ခွဲခြားသိရခက်တဲ့ အဆိပ်သင့်ကောင်းကင်တစ်အုံစာရယ်

နာကျင်နေတဲ့မြို့ပြဟာ
ကျားနာခဲခဲမှာပဲ စိုးတယ်။
အထိနာခဲ့တဲ့ ဘ၀တွေက
အကျမနာတွေမှာတော့မှာ သေချာတယ်
မနက်ဖန်
အမေရယ်
ငါရယ်
ငါ့ညီမလေးရယ်
ဂလိုဘယ်ပုလဲတစ်ကုံးရယ်
အစီစဉ်မရှိဘဲ စီစဉ်တကျ ဆွဲထားတဲ့ မြေပုံတစ်ချပ်ရယ်

အမေ့ကို မတွေ့ရတာ ကြာပြီ
ညီမလေးရဲ့ချွဲသံနွဲ့နွဲ့ကို နားမထောင်ရတာလည်း ကြာပြီ
ငါတို့အိမ်တွင်းရေးကို လွတ်လွတ်လပ်လပ် မဆွေးနွေးရတာလည်းကြာပြီ
အမေ့အိမ်လေး ပြန်ပြင်ဖို့အချိန်တွေလည်း နောက်ကျခဲ့တာ ကြာပြီ
ကြာပြီ အမေ
အားလုံး ကြာခဲ့ပါပြီမေမေရယ်။
ကေတီဦး

No comments: